အပိုင်း (၃၈) - ကျန်းညီအကို နှစ်ယောက် သေဆုံးခြင်း
အိမ်မှ ထွက်လာပြီးနောက် လင်းကျင်းသည် တစ်ခုခု မသက်မသာ ခံစားနေရပြီး တစ်စုံတစ်ယောက်က သူ့ကို အမှောင်ထဲမှ စောင့်ကြည့်နေသလို ခံစားချက်မျိုး ဖြစ်နေသည်။
သို့သော် လင်းကျင်းက ထိုအကြောင်းကို အလွန်အကျွံ မစဉ်းစားတော့ဘဲ လမ်းကြားထဲမှ ထွက်ကာ လမ်းမကြီးဘက်သို့ ဦးတည်သွားခဲ့သည်။
အမှန်တော့ ဒီအရာမှာ ကျန်းစန်တို့ညီအစ်ကိုနှစ်ယောက် ဖြစ်နိုင်တယ်ဆိုတာကို သူ တွေးမိပြီးသား ဖြစ်သည်။
သို့သော် လင်းကျင်း ဒီလောက် တည်ငြိမ်နေရသည့် အကြောင်းရင်းမှာ အမှောင်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သောကြောင့်ပင်။
ထိုညီအစ်ကိုနှစ်ယောက်သာ ပေါ်လာရဲလျှင် အဆောင်များကို အသုံးပြုကာ အမြစ်ဖြတ်သုတ်သင်ပစ်ရန် အသင့်ပြင်ထားခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ဝေ့ကျန့်ချင်း ပေးခဲ့သည့် လျင်မြန်ခြင်းအဆောင်နှင့် ကိုယ်ဖျောက်အဆောင်တို့ကိုပင် အသုံးမပြုခဲ့ပေ။
သူကိုယ်တိုင်ကိုပင် ငါးစာအဖြစ် အသုံးချကာ သူတို့ကို ထောင်ချောက်ထဲသို့ ဆွဲသွင်းရန် စီစဉ်ထားခဲ့ပေသည်။
တစ်ဖက်တွင် ကျန်းစန်နှင့် ကျန်းလင် ညီအစ်ကိုနှစ်ယောက်မှာ လင်းကျင်းနောက်မှ လျှို့ဝှက်စွာ လိုက်နေကြသည်။
သူတို့သည် အလွန် နီးကပ်ရန် မရဲဘဲ အကွာအဝေးတစ်ခု ထား၍သာ လိုက်နေကြသည်။
“အစ်ကိုကြီး... ဘယ်အချိန်မှာ စလုပ်ကြမလဲ?”
ကျန်းလင်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
ကျန်းစန်ကလည်း အသံနှိမ့်ကာ ပြန်ဖြေသည်။
“အခု မဟုတ်သေးဘူး။ ဒီလမ်းပေါ်မှာ လူတွေ အချိန်မရွေး ဖြတ်သွားနိုင်တယ်။ တိတ်တိတ်လေး နောက်က လိုက်နေကြဦးမယ်။ လူမရှိတဲ့ နေရာရောက်မှ လှုပ်ရှားမယ်...”
ထို့ကြောင့် ညီအစ်ကိုနှစ်ယောက်လည်း လင်းကျင်းနောက်မှ ဆက်လက် လိုက်နေကြသည်။
သို့သော် အနောက်က လိုက်လေလေ တစ်ခုခု မှားနေသည်ဟု ပို၍ ခံစားလာရသည်။
အဘယ်ကြောင့်ဆိုသော် လင်းကျင်း ဦးတည်သွားနေသည့် လမ်းကြောင်းမှာ ကျင့်ကြံသူစျေးအပြင်ဘက်ဆီသို့ ဖြစ်နေသောကြောင့်ပင်။
“အစ်ကိုကြီး... တစ်ခုခု မဟုတ်သလိုပဲ။ ကြည့်ရတာ သူ ကျင့်ကြံသူဈေးကနေ ထွက်တော့မယ့် ပုံပဲ...” ဟု ကျန်းလင်က ပြောလိုက်သည်။
“မြို့အပြင်က ဒီလောက် အန္တရာယ်များနေတာကို... သူ သေချင်နေတာများလား...”
ကျန်းလင်က သံသယဖြင့် ပြောလိုက်သည်။
ကျန်းစန်ကတော့ လင်းကျင်းကို အနီးကပ် စောင့်ကြည့်နေပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လွင်နေသည်။
နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက် ချလိုက်သည်။
“မစောင့်တော့ဘူး။ ဆက်စောင့်နေလို့ မရတော့ဘူး။ ဒီမှာ လူလည်း မရှိဘူး။ အခု လုပ်လိုက်ရအောင်...”
ထိုသို့ ပြောနေစဉ် လင်းကျင်းက လမ်းကြားတစ်ခုထဲသို့ ချိုးဝင်သွားသည်ကို မြင်လိုက်ရသည်။
“အခွင့်အရေးကောင်းပဲ... သွားစို့... မြန်မြန်လုပ်ပြီး မြန်မြန်ပြန်ဆုတ်မယ်....”
ကျန်းစန် ပြောပြီးသည်နှင့် မိမိကိုယ်ကို ဖုံးကွယ်ထားခြင်း မပြုတော့ဘဲ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားသည်။
သို့သော် ညီအစ်ကိုနှစ်ယောက် လမ်းကြားထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်း ခြေလှမ်းများ ရပ်တန့်သွားကြသည်။
အကြောင်းမှာ လမ်းကြားထဲတွင် မည်သူမျှ မရှိပေ။ လင်းကျင်းလည်း ပျောက်နေခဲ့သည်။
“သူ ဘယ်သွားတာလဲ... သူ ဒီလမ်းကြားထဲ ဝင်လာတာကို ကျွန်တော်တို့ မျက်စိနဲ့ မြင်ခဲ့တာပဲ...”
ကျန်းလင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ဘာမှ မတွေ့ရပေ။
“ဘယ်လိုလုပ် ပျောက်သွားရတာလဲ....” သူ အလောတကြီး ပြောလိုက်သည်။
ကျန်းစန်ကလည်း မျက်မှောင်ကြုတ်သွားသည်။
အပြည့်အဝ သတိထားကာ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေတော့သည်။
ထိုအချိန်မှာပင် သူတို့၏ နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ငါ့ကို ရှာနေတာလား......”
ညီအစ်ကိုနှစ်ယောက် အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ ပျောက်ကွယ်နေသော လင်းကျင်းက သူတို့နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
“မင်း...” ကျန်းစန်သည် အရင်ဆုံး ထိတ်လန့်သွားပြီးနောက် သတ်ဖြတ်လိုစိတ်များ ချက်ချင်း ပေါက်ကွဲထွက်လာသည်။
သို့သော် ထိုအခိုက်အတန့်တွင် လင်းကျင်းက စကားတစ်လုံးသာ ပြောလိုက်သည်။
“ပေါက်ကွဲစမ်း.....”
ချက်ချင်းပင် လျှပ်စီးများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ကျန်းစန်နှင့် ကျန်းလင်တို့ နှစ်ယောက်လုံးကို လွှမ်းခြုံသွားသည်။
ကျန်းစန်သည် အလွန်အမင်း ထိတ်လန့်သွားပြီး ယခုမှ ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားတော့သည်။
“မိုးကြိုးငါးသွယ်အဆောာင်.....”
“မ... မဖြစ်ဘူး........”
သို့သော် နောက်ထပ် တုံ့ပြန်ရန် အချိန်ပင် မရတော့ချေ။
မိုးကြိုးလျှပ်စီးများ အပေါ်မှ သွန်ချလာသကဲ့သို့ ညီအစ်ကိုနှစ်ယောက်လုံးကို အပြည့်အဝ မျိုချလိုက်သည်။
ထိုအချိန်တွင် လင်းကျင်းက လျှပ်စီးများအတွင်း ရောက်နေသော ညီအစ်ကိုနှစ်ယောက်ကို စိတ်ခံစားချက် ကင်းမဲ့စွာ ကြည့်နေသည်။
သူတို့အပေါ် သနားစိတ် တစ်စက်မျှ မရှိပေ။ ယနေ့ရလာသော အကျိုးဆက်အားလုံးမှာ သူတို့ကိုယ်တိုင် ဖန်တီးခဲ့သော ရလဒ်သာ ဖြစ်သည်။
မိုးကြိုးငါးသွယ်အဆောင်၏ စွမ်းအားအောက်တွင် ချီစုဆောင်းခြင်း အလယ်အဆင့်ရှိ ညီအစ်ကိုနှစ်ယောက်မှာ တုံ့ပြန်ရန်ပင် အခွင့်အရေးမရလိုက်ဘဲ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
မန္တန်၏ စွမ်းအား ပျောက်ကွယ်သွားသည့်အခါ သူတို့နှစ်ယောက် ရပ်နေခဲ့သောနေရာတွင် အနက်ရောင်ပြာမှုန့်ပုံတစ်ပုံသာ ကျန်ရစ်ခဲ့သည်။
လင်းကျင်းက ထိုနေရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
အိမ်မှ ထွက်လာပြီး မကြာခင်ကတည်းက တစ်စုံတစ်ရာ မူမမှန်နေကြောင်း သူ သတိပြုမိခဲ့ပြီး၊ ထိုလူနှစ်ယောက်သည် သူ့ကို ခြေရာခံနေခြင်း ဖြစ်နိုင်ကြောင်း သိထားခဲ့သည်။
ထို့ကြောင့် လင်းကျင်းက သူတို့ကို ထိုနေရာသို့ ရောက်အောင် ပတ်ခေါ်လာခဲ့ခြင်း ဖြစ်ပြီး သူတို့၏ သတ်ဖြတ်လိုသောစိတ်ဆန္ဒ ပေါက်ကွဲထွက်လာသည့်အချိန် စနစ်၏ သတိပေးချက် ပေါ်လာသည့်အချိန်တွင် လင်းကျင်းက အချိန်ကျပြီဖြစ်ကြောင်း သိလိုက်ပြီး ထိုလမ်းကြားထဲသို့ ဝင်ရောက်လာခဲ့သည်။
လမ်းထောင့်နှင့် နီးသောနေရာတွင် သူသည် မိုးကြိုးငါးသွယ် အဆောင်တစ်ခုကို ကြိုတင်ထားရှိခဲ့ပြီးသား ဖြစ်သည်။
လင်းကျင်း သိထားသည်မှာ လမ်းကြားထဲတွင် လူမရှိသည်ကို မြင်လိုက်ရလျှင် သူတို့နှစ်ယောက် သေချာပေါက် တွေဝေသွားမည်ဖြစ်ပြီး၊ ထိုနေရာတွင်ပင် ရပ်တန့်သွားမည်ဆိုသည်ပင်။
တစ်ဖက်တွင်တော့ လင်းကျင်းက စနစ်နေရာလွတ်အတွင်းတွင် ပုန်းကွယ်နေခဲ့သည်။
အစက သူသည် ကိုယ်ပျောက်အဆောင်ကို အသုံးပြုရန် စဉ်းစားခဲ့သော်လည်း လုံခြုံမှု မရှိနိုင်မည်ကို စိုးရိမ်သဖြင့် နောက်ဆုံးတွင် စနစ်နေရာလွတ် ကိုသာ ရွေးချယ်ခဲ့သည်။
ထို့နောက် ဖြစ်ပျက်ခဲ့သည်မှာ နောက်ဆုံးမြင်ကွင်းပင် ဖြစ်သည်။
လင်းကျင်းလည်း စနစ်နေရာလွတ်ထဲမှ ထွက်လာပြီး ထိုလူနှစ်ယောက်ကို တုံ့ပြန်ချိန်ပင် မပေးဘဲ မိုးကြိုးငါးသွယ် အဆောင်ကို ချက်ချင်း ဖောက်ခွဲလိုက်ကာ သူတို့နှစ်ယောက်စလုံးကို သတ်ဖြတ်ပစ်လိုက်သည်။
လင်းကျင်း ရှီယုလမ်းကြားသို့ ရောက်ရှိသည့်အချိန်တွင် ကျစ်အချိန် ကျော်ပြီး ၁၅ မိနစ်ပင် ကျော်နေပြီ ဖြစ်သည်။
သို့သော် သူရောက်ရောက်ချင်းတွင် ဝေကျန့်ချင်းက ထိုနေရာ၌ စောင့်နေသည်ကို တွေ့လိုက်ရပြီး၊ သူ့ဘေးတွင် မျှော်စင်တစ်လုံးကဲ့သို့ ထွားကြိုင်းသန်မာသော လူကြီးတစ်ယောက် ရပ်နေသည်ကိုလည်း မြင်လိုက်ရသည်။
ထိုလူ၏ ကြွက်သားများမှာ ဖုထစ် ထင်ရှားနေပြီး လက်ဗလာဖြင့် ကျားနှင့် ကျားသစ်တို့ကိုပင် ဆုတ်ဖြဲနိုင်မည့်ပုံစံမျိုး ထင်မြင်ရစေသည်။
လင်းကျင်းက ဝေ့ကျန့်ချင်း၏ ရှေ့သို့ လျှောက်သွားကာ စိတ်ရင်းဖြင့် တောင်းပန်လိုက်သည်။
“အစ်ကိုဝေ၊ တောင်းပန်ပါတယ်။ လမ်းမှာ မမျှော်လင့်ထားတဲ့ ပြဿနာတချို့ ကြုံခဲ့ရလို့ အစ်ကို့ကို အတော်ကြာ စောင့်ခိုင်းမိသွားတယ်...”
ဝေ့ကျန့်ချင်းက လင်းကျင်းကို ခေါင်းမှခြေဖျားအထိ တစ်ချက်စီ အကဲခတ်ကြည့်လိုက်ပြီးနောက် တိုက်ရိုက် ပြောလိုက်သည်။
“မင်း လူသတ်လာခဲ့တာပဲ....”
လင်းကျင်း ခဏတာ တန့်သွားပြီးနောက် မိမိကိုယ်ကို ခေါင်းမှခြေဖျားအထိ စစ်ဆေးကြည့်လိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။
သို့သော် ဝေ့ကျန့်ချင်းဘေးတွင် ရပ်နေသော ထွားကြိုင်းသန်မာသည့်လူက လင်ကျင်း၏ အပြုအမူကို ကြည့်ကာ ရယ်မောလိုက်သည်။
“ဟားဟားဟား... ဆက်မကြည့်နဲ့တော့။ မင်းရဲ့ သတ်ဖြတ်ငွေ့က အခုထိ မပျောက်သေးဘူး။ အဲဒီအငွေ့ကို ကြည့်ပြီး အဖိုးကြီးဝေ့က မင်း လူသတ်လာခဲ့တာကို သိလိုက်တာပဲ...”
(ဘာသာပြန်မှတ်ချက်။ အဖိုးကြီးနေရာမှာ တရုတ်လို “လောင်” ဆိုတာဘဲ ရေးသွားပါ့မယ်။ နာမည်အခေါ်မှာ “လောင်”ဆိုတာက ပိုအဆင်ပြေလို့ပါ)
လင်းကျင်းက ရှက်ရွံ့စွာ ပြုံးလိုက်ပြီးနောက် အလေးအနက် ပြန်ပြောလိုက်သည်။
“အစ်ကိုဝေကို မလိမ်ချင်ပါဘူး။ ကျွန်တော် အခုလေးတင် လူနှစ်ယောက် သတ်ခဲ့ပါတယ်။ ကျန်းစန်နဲ့ ကျန်းလင်... ကျန်းညီအစ်ကိုနှစ်ယောက်ပါ။”
“ကျန်းညီအစ်ကိုတွေလား။ ငါ မှတ်မိသလောက်ဆို သူတို့နှစ်ယောက်စလုံး ချီစုဆောင်းခြင်း အလယ်အဆင့် ကျင့်ကြံသူတွေ မဟုတ်လား...”
လင်းကျင်းက ကျန်းစန်နှင့် ကျန်းလင်ကို သတ်ဖြတ်ခဲ့ကြောင်း သိလိုက်ရသော်လည်း ဝေကျန့်ချင်း၏ မျက်နှာတွင် ထူးခြားသည့် တုံ့ပြန်မှုတစ်စုံတစ်ရာ မပေါ်လာခဲ့ပေ။ သူတို့၏ သေဆုံးမှုမှာ အရေးမကြီးသည့် ကိစ္စတစ်ခုလိုပင်။
“အမလေး...” သံမျှော်စင်ကြီးသဖွယ် ထွားကြိုင်းသောလူက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ငါက မင်းကို အတောင်မစုံသေးတဲ့ ကလေးတစ်ယောက်လို့ ထင်ထားတာ၊ မထင်မှတ်ဘဲ တော်တော် ရက်စက်ပြတ်သားတာပဲ။ ချီစုဆောင်းခြင်း အစောပိုင်းအဆင့်လေးပဲ ရှိသေးတာကို ချီစုဆောင်းခြင်း အလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကိုတောင် သတ်နိုင်ခဲ့တယ်...”
“မင်း ဘယ်လိုလုပ်ခဲ့တာလဲဆိုတာ ငါ တကယ်ကို သိချင်မိတယ်...”
ဝေ့ကျန့်ချင်းက ထိုထွားကြိုင်းသောလူကို တစ်ချက်ကြည့်လိုက်ပြီး လင်းကျင်းအား မိတ်ဆက်ပေးလိုက်သည်။
“ဒါက ယန်ရှုံ။ သူ့ကို ဝက်ဝံနက်ကြီးလို့ပဲဖြစ်ဖြစ်၊ ဝက်ဝံကြီးလို့ပဲဖြစ်ဖြစ် ခေါ်နိုင်တယ်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့် ဖြစ်ပြီး ငါနဲ့ အတူတူပဲ။ ငါ မရှိတဲ့အချိန် မင်းမှာ ကိစ္စတစ်ခုခု ရှိရင် သူ့ကို သွားရှာနိုင်တယ်...”
ယန်ရှုံက ခေါင်းကုတ်လိုက်ပြီး အားနာသလို ပြုံးကာ ပြောလိုက်သည်။
“လောင်ဝေ့ ပြောတာကို နားမထောင်နဲ့။ ငါ့ကို လောင်ယန်လို့ပဲ ခေါ်လိုက်...”
“အမှန်အတိုင်း ပြောရရင် ကျွန်တော် နည်းလမ်းလေးတစ်ခုဘဲ သုံးခဲ့တာပါ။ ဒီဟာ….”
ပြောရင်းနှင့် လင်းကျင်းက သိုလှောင်အိတ်ထဲမှ အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။
“မိုးကြိုးငါးသွယ် အဆောင်…”
ထိုအဆောင်ကို မြင်လိုက်သည်နှင့် သူတို့နှစ်ယောက်စလုံး ချက်ချင်း မှတ်မိသွားကြသည်။
“မင်း အဲဒီ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်နိုင်ခဲ့တာ ဒီလိုဆိုတော့လည်း အံ့ဩစရာတော့ မရှိဘူး....”
ထိုသို့ ပြောပြီးနောက် ယန်ရှုံက နှမြောသလို ပြောလိုက်သည်။
“ဒီအဆောင်က အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကိုတောင် ခြိမ်းခြောက်နိုင်တာလေ။ ဒါကို ချီစုဆောင်းခြင်း အလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်အပေါ် သုံးလိုက်တာတော့...”
“တကယ် နှမြောစရာကောင်းလိုက်တာ...”
ဝေ့ကျန့်ချင်းက ပြန်လည် ချေပလိုက်သည်။
“နှမြောစရာ မရှိဘူး။ အသက်အန္တရာယ် ကြုံရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဘယ်နည်းလမ်းကို သုံးသုံး လွန်ကဲတယ်လို့ မဆိုနိုင်ဘူး...”
ယန်ရှုံက ပြန်မငြင်းရဲဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒါတော့ သိတယ်။ အဆောင်ကိုပဲ နှမြောမိတာ။ ငါ့ကိုသာ ကိုင်တွယ်ခိုင်းလိုက်ရင် သူတို့နှစ်ယောက်ကို ကြက်ပေါက်စလေးတွေလို အလွယ်တကူ ချေမှုန်းပစ်နိုင်တယ်။ အဲဒီ မိုးကြိုးငါးသွယ်အဆောင်ကိုလည်း ချန်ထားလို့ ရသေးတယ်လေ....”
“အဲဒီနှစ်ယောက်က မင်းကို အန္တရာယ်ပြုဖို့ လုပ်ခဲ့တာလား....”
ဝေ့ကျန့်ချင်းက ယန်ရှုံကို ဆက်ဂရုမစိုက်တော့ဘဲ လင်းကျင်းကို လှည့်မေးလိုက်သည်။
“ဟုတ်ပါတယ်။” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် အိမ်က ထွက်လာကတည်းက သူတို့ အနောက်က တိတ်တဆိတ် လိုက်နေတာ။ နောက်ပိုင်းမှာတော့ ကျွန်တော့်ကို သတ်ချင်တဲ့စိတ်ကိုတောင် ဖော်ထုတ်လာခဲ့တယ်။”
“ဒါကြောင့် သူတို့ရဲ့ အစီအစဉ်ကို ပြန်အသုံးချဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့ကို လူသူကင်းမဲ့တဲ့ လမ်းကြားတစ်ခုဆီ ခေါ်သွားပြီး မိုးကြိုးငါးသွယ်အဆောင်နဲ့ ရှင်းပစ်လိုက်တာ....”
ရှင်းပြပြီးနောက် လင်းကျင်းက ထပ်ပြောလိုက်သည်။
“ဒါ့အပြင် ကျွန်တော့်အိမ်မှာ အရင်တစ်ခါ ဝင်ခိုးခဲ့တာလည်း သူတို့နှစ်ယောက် လုပ်ခဲ့တာဆိုတာ သိလိုက်ရတယ်။”
ခဏမျှ စဉ်းစားပြီးနောက် ဝေ့ကျန့်ချင်းက ပြောလိုက်သည်။
“အရင်တစ်လောက သူတို့က ချန်ကျင်းဖန်မှာ ဝိညာဉ်ကျောက်တုံး အမြောက်အများ အကြွေးတင်နေခဲ့တာ။ အကြွေးပြန်ဆပ်ဖို့ ဖိအားလည်း အတော်များနေခဲ့တာပေါ့...”
“အဲဒီကာလအတွင်း မင်းက အဆင့်မြင့် ဝိညာဉ်ဆန်ကို နေ့တိုင်း စားနေခဲ့တယ်။ ရှင်းရှင်းပြောရရင် မင်းက မသိမသာနဲ့ ကိုယ့်ရဲ့ ချမ်းသာမှုကို ထုတ်ဖော်ပြနေခဲ့တာပဲ...”
လင်းကျင်းက အနည်းငယ် ရှက်ရွံ့သွားသည်။ အမှန်တကယ်လည်း ထိုသို့ပင်။