အခန်း (၃၇) - အဆောင်စာရွက်များ ဝယ်ယူခြင်း၊ မှောင်ခိုဈေးကွက်သို့ သွားခြင်း
“ဆိုင်ရှင်... အဆောင်စာရွက်တွေနဲ့ ပတ်သက်ပြီး မိတ်ဆက်စာအုပ်မျိုး ရှိလား... ကျွန်တော် ကြည့်ချင်လို့...” လင်းကျင်းက ပြောလိုက်သည်။
“ရှိပါတယ်... တာအိုရောင်းရင်း ခဏစောင့်ပါ...” ဆိုင်ရှင်က ပြန်ဖြေလိုက်သည်။
ထို့နောက် ကောင်တာအောက်မှ စာအုပ်ငယ်တစ်အုပ် ထုတ်ယူကာ လင်းကျင်းထံ ပေးလိုက်သည်။ လင်းကျင်းက စာအုပ်ကို လက်ခံယူပြီး ဖတ်ရှုစတင်လိုက်သည်။
ထိုစာအုပ်ထဲတွင် အဆောင်စာရွက် အမျိုးမျိုး၏ အသုံးဝင်ပုံ၊ စွမ်းအားအတိုင်းအတာနှင့် အသုံးပြုရာတွင် သတိထားရမည့် အချက်များကို အသေးစိတ် မှတ်တမ်းတင်ထားသည်။
လင်းကျင်းက ပထမအဆင့် အဆောင်စာရွက်များကို ကျော်သွားပြီး နောက်ပိုင်း စာမျက်နှာများရှိ ဒုတိယအဆင့် အဆောင်စာရွက်များကို တိုက်ရိုက် ကြည့်ရှုလိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် လင်းကျင်းက စာအုပ်ကို ပိတ်ကာ ဆိုင်ရှင်ထံ ပြန်ပေးလိုက်သည်။
ဆိုင်ရှင်က ပြုံး၍ မေးလိုက်သည်။
“တာအိုရောင်းရင်း... ရွေးပြီးပြီလား...ဘယ်အဆောင်စာရွက်တွေ လိုချင်ပါသလဲ…”
“အင်း...” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
“ဆိုင်ရှင်...”
“မိုးကြိုးငါးသွယ်အဆောင် သုံးခု၊ ရွှေကိုယ်ထည် အဆောင် နှစ်ခု၊ ပြီးတော့ ကိုယ်ဖျောက်အဆောင် တစ်ခု ယူမယ်...”
ထိုအဆောင်စာရွက်များအားလုံးကို လင်းကျင်းက သေချာ စဉ်းစားရွေးချယ်ထားခြင်း ဖြစ်သည်။
ရွှေကိုယ်ထည်အဆောင်၏ အကျိုးသက်ရောက်မှုမှာ နာရီဝက်အတွင်း မိမိကိုယ်ကို ကာကွယ်ပေးနိုင်ပြီး အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်၏ အပြည့်အဝ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်။
ထို့ကြောင့် မမျှော်လင့်ထားသော အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရန် လင်းကျင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကိုယ်ဖျောက်အဆောင်၏ အကျိုးသက်ရောက်မှုမှာ နာရီဝက်ကြာ ကိုယ်ပျောက်နိုင်ပြီး အုတ်မြစ်တည်ဆောက်ခြင်းအဆင့်အောက် ကျင့်ကြံသူများ၏ နတ်အာရုံ စစ်ဆေးမှုကို ရှောင်ရှားနိုင်သည်။
ထိုသို့ဆိုလျှင် ချောင်းမြောင်းတိုက်ခိုက်ရန် အလွန်သင့်တော်သည်မှာ ပြောစရာပင် မလိုပေ။
သို့သော် ကိုယ်ဖျောက်အဆောင်တွင် အားနည်းချက်တစ်ခု ရှိသည်။ ကိုယ်ဖျောက်ထားစဉ် လှုပ်ရှား၍ မရပေ။
အဘယ်ကြောင့်ဆိုသော် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော လေစီးကြောင်းကို တဖက်လူက သတိထားမိနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် လင်းကျင်းက တစ်ခုသာ ဝယ်ယူခဲ့သည်။
မိုးကြိုးငါးသွယ်အဆောင်နှင့် ပတ်သက်ပြီး ရှင်းပြရန် မလိုပေ။ လင်းကျင်း ကိုယ်တိုင် အသုံးပြုဖူးပြီး သူ့ရဲ့စွမ်းအားမှာ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းကြောင်း သိထားပေသည်။
ဆိုင်ရှင်က ပြောလိုက်သည်။
“တာအိုရောင်းရင်း... မကြာသေးခင်က နတ်ဆိုးသားရဲတွေ သောင်းကျန်းနေတာကြောင့်... အဆောင်စာရွက် ဈေးနှုန်းတွေ မြင့်တက်သွားပါတယ်... တာအိုရောင်းရင်းလိုချင်တဲ့ အဆောင်တွေက ဈေးမပေါဘူးဆိုတာ သိတယ်မဟုတ်လား…”
“သိပါတယ်...” လင်းကျင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
ဆိုင်ရှင်ကလည်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် အဆောင်စာရွက်အချို့ ထုတ်ယူကာ နောက်ဘက် စင်ပေါ်မှ သစ်သားသေတ္တာတစ်လုံး ယူလာပြီး အဆောင်စာရွက်များကို အတွင်းသို့ သေချာစွာ ထည့်သွင်းလိုက်သည်။
ထို့နောက် လင်းကျင်းဘက် လှည့်ကာ ပြောလိုက်သည်။
“တာအိုရောင်းရင်း.. မိုးကြိုးငါးသွယ်အဆောင် တစ်ခုနဲ့ ရွှေကိုယ်ထည်အဆောင် တစ်ခုစီက... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၅၀ စီ ကျပါတယ်...စုစုပေါင်း ငါးခုဆိုတော့ ၇၅၀ တုံး… ကိုယ်ဖျောက်အဆောင်ကတော့ နည်းနည်း ပိုဈေးသက်သာတယ်... တစ်ခုကို ဝိညာဉ်ကျောက်တုံး ၁၀၀”
“အားလုံးပေါင်းရင်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈၅၀ တုံး ကျပါမယ်...”
ထိုသို့ ပြောရင်း သစ်သားသေတ္တာကို လင်းကျင်းထံ ပေးလိုက်သည်။
“ကောင်းပြီ...” လင်းကျင်းက သေတ္တာကို လက်ခံယူလိုက်သည်။
ထို့နောက် သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများ ထုတ်ယူကာ ၈၅၀ တိတိ ရေတွက်ပြီး ဆိုင်ရှင်ထံ ပေးလိုက်သည်။
မူလက လင်းကျင်းတွင် ဝိညာဉ်ကျောက်တုံး ၂၀၀၀ စုဆောင်းထားခဲ့သည်။ ယခု အဆောင်စာရွက် အနည်းငယ် ဝယ်လိုက်ရုံဖြင့် သူ့တွင်ရှိသော ဝိညာဉ်ကျောက်တုံးများ၏ တစ်ဝက်နီးပါး ကုန်သွားခဲ့သည်။
လင်းကျင်း မနေနိုင်ဘဲ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
“ဝိညာဉ်ကျောက်တုံးဆိုတာ... သုံးလိုက်ရင် တကယ် မခံဘူးပဲ...”
သို့သော် အဆောင်စာရွက်များ၏ ဈေးနှုန်းမှာ အမှန်တကယ် သင့်တင့်သည်ဟု ဆိုနိုင်သည်။
အကြောင်းမှာ ၎င်းတို့သည် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်နိုင်ရန် အသုံးပြုသည့် ဒုတိယအဆင့် အဆောင်စာရွက်များ ဖြစ်သောကြောင့် ဖြစ်သည်။
သာမန် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများဆိုလျှင် ထိုကဲ့သို့သော အဆောင်စာရွက်များကို ဝယ်ယူနိုင်မည် မထင်ပေ။
အဆောင်စာရွက်များ ဝယ်ယူပြီးနောက် လင်းကျင်းက ဈေးအတွင်းရှိ မှော်ရတနာများ ရောင်းချရာ နေရာသို့ သွားရောက် ကြည့်ရှုလိုက်သည်။
သို့သော် ကံမကောင်းစွာဖြင့် သူ၏ ကျင့်ကြံမှုအဆင့်မှာ နိမ့်လွန်းနေသဖြင့် သူနှင့် သင့်တော်သော မှော်ရတနာတစ်ခုမျှ မတွေ့ရပေ။ ထို့နောက် လင်းကျင်းလည်း ကျင့်ကြံသူစျေးအတွင်း တစ်ပတ် ထပ်ပတ်ပြီးမှသာ အိမ်သို့ ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်ပြီးနောက် မနေ့က ကူညီပေးခဲ့သည့် ဝေကျန့်ချင်းနှင့် နင်ယွဲ့တို့ကို ကျေးဇူးတင်သည့်အနေဖြင့် လင်းကျင်းက သူတို့ကို ဖိတ်ခေါ်ကာ စားကောင်းသောက်ဖွယ် အပြည့်အစုံဖြင့် စားပွဲတစ်ဝိုင်း ပြင်ဆင်ပေးခဲ့သည်။
သေချာပေါက် လော့လော့လေးကိုလည်း ချန်ထား၍ မရပေ။
ထမင်းဝိုင်းအတွင်း ဝေကျန့်ချင်းက နောက်နှစ်ရက်အကြာတွင် သူ့ကို မှောင်ခိုစျေးကွက်သို့ ခေါ်သွားမည်ဟု လင်းကျင်းအား ပြောခဲ့သည်။
ညစာစားပြီးနောက် သုံးယောက်သား ပြန်သွားကြပြီး လင်းကျင်းကလည်း စားပြီးသားပန်းကန်များကို ရှင်းလင်းပြီးနောက် ကျင့်ကြံမှုကို စတင်ခဲ့သည်။
အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားပြီး နှစ်ရက်အကြာသို့ ရောက်လာခဲ့သည်။
ထိုနေ့ မနက်စောစောတွင် လင်းကျင်း၏ အိမ်တံခါးကို တစ်စုံတစ်ယောက်က လာခေါက်ခဲ့သည်။ တံခါးဖွင့်လိုက်သည့်အခါ အံ့အားသင့်စရာကောင်းစွာပင် တံခါးရှေ့တွင် ရပ်နေသူမှာ ဝေကျန့်ချင်း ဖြစ်နေသည်။
လင်းကျင်းက အလျင်အမြန် ဖိတ်ခေါ်ကာ အိမ်ထဲသို့ ဝင်စေလိုက်သည်။ ထို့နောက် မေးလိုက်သည်။
“အစ်ကိုဝေ၊ အခုထွက်တော့မလို့လားဗျ...”
ဝေကျန့်ချင်းက ခေါင်းခါပြီး ပြောသည်။
“ညီလေး လင်း၊ အစီအစဉ် နည်းနည်း ပြောင်းသွားတယ်။ ဒီနေ့ ငါ မိတ်ဆွေတစ်ယောက်နဲ့ အပြင်ထွက်ပြီး ကိစ္စတစ်ခု သွားဖြေရှင်းရမယ်။ နည်းနည်း အန္တရာယ်ရှိလို့ မင်းကို ခေါ်သွားဖို့ အဆင်မပြေဘူး။”
လင်းကျင်းက ပြန်ဖြေသည်။
“ရပါတယ် အစ်ကိုဝေ။ အစ်ကို အရင်သွားလိုက်ပါ။ မှောင်ခိုစျေးကွက် သွားဖို့ ကိစ္စကလည်း အလောတကြီး မဟုတ်ပါဘူး။ ဘယ်အချိန်သွားသွား ရပါတယ်။”
“မဟုတ်ဘူး၊ မင်း နားလည်မှုလွဲနေတယ်...”
ဝေကျန့်ချင်းက ခေါင်းခါလိုက်သည်။
“မှောင်ခိုဈေးကိုတော့ အရင် သွားရမယ်။ ဒီတစ်ခေါက်ပြီးရင် ငါ ထွက်သွားရနိုင်တယ်။ ပြီးတော့ ပြန်လာဖို့လည်း အချိန်အတော်ကြာနိုင်တယ်။ ဒါ့ကြောင့် ဒီည ကျစ်အချိန် ရောက်ရင် ရှီယုလမ်းကြားကို သွားပြီး ငါ့ကို စောင့်နေလိုက်...”
“ကျစ်အချိန် မတိုင်ခင် ငါ ရောက်လာမယ်။ အဲဒီကနေ မင်းကို မှောင်ခိုဈေးထဲ ခေါ်သွားမယ်။ မင်း ရှီယုလမ်းကြားကို မသိလောက်ဘူး။ ဒီမှာ... ဒီမြေပုံကို ကြည့်လိုက်...”
ထိုသို့ ပြောပြီး ဝေ့ကျန့်ချင်းက မြေပုံတစ်ခု ထုတ်ယူကာ လင်းကျင်းထံ ပေးလိုက်သည်။
“အာ... ဟုတ်ကဲ့...” လင်းကျင်း အနည်းငယ် အံ့အားသင့်သွားသည်။
ဝေ့ကျန့်ချင်းက ဘာမှ အချိန်ဆွဲမနေဘဲ အရာအားလုံးကို တိုက်ရိုက် စီစဉ်ပေးထားပြီး ဖြစ်နေသည်။
“ဟုတ်သားပဲ... ဒါတွေလည်း ရှိသေးတယ်...”
“ဒါက လျင်မြန်ခြင်းအဆောင်နဲ့ ဒါက ကိုယ်ဖျောက်အဆောင်။ ညဘက် အပြင်ထွက်ရင် လုံခြုံမှု မရှိနိုင်ဘူး။ အပြင်ထွက်တဲ့အချိန် ဒီအဆောင်တွေ သုံးပြီး တခြားသူတွေရဲ့ အာရုံစိုက်မှုကို တတ်နိုင်သမျှ ရှောင်ရှားပါ။”
ထိုသို့ ပြောပြီး အဆောင်နှစ်ခုကို ပေးလိုက်သည်။
ထို့နောက် ဝေ့ကျန့်ချင်းက ခရမ်းရောင်အဆောင် တစ်ခုကို ထပ်ထုတ်လိုက်သည်။
“တည်နေရာ ရွှေ့ပြောင်းခြင်းအဆောင်......” လင်းကျင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ဟုတ်တယ်.... တည်နေရာ ရွှေ့ပြောင်းခြင်းအဆောင်ဘဲ…” ဝေ့ကျန့်ချင်းက ခေါင်းညိတ်လိုက်သည်။
“ယူထားလိုက်။”
သူ၏ လေသံမှာ ခိုင်မာပြတ်သားနေပြီး ငြင်းဆန်ခွင့် မပေးချေ။
“အစ်ကိုဝေ့... ဒါက...” လင်းကျင်း အနည်းငယ် တုံ့ဆိုင်းသွားသည်။
တည်နေရာရွှေ့ပြောင်းခြင်းအဆောင်သည်လည်း ဒုတိယအဆင့် အဆောင်ဖြစ်ကာ ၎င်း၏ အဆောင်ရေးဆွဲပုံများမှာ အလွန်ပင်ရှုပ်ထွေးခက်ခဲလှသဖြင့် ပြုလုပ်ရန် မလွယ်ကူပေ။ ထို့ကြောင့် တန်ဖိုးမှာလည်း အလွန်မြင့်မားပေသည်။
ထို့အပြင် ယွဲ့ပေါင်လောတွင် တစ်ခုလျှင် ဝိညာဉ်ကျောက်တုံး ငါးရာဖြင့် ရောင်းချနေသည်။
လင်းကျင်းသည် တစ်ခါမှ ဝယ်ရန် မစဉ်းစားခဲ့ဖူးပေ။
သို့သော် ယခု ဝေ့ကျန့်ချင်းက သူ့အား တိုက်ရိုက် ပေးနေခဲ့သည်။
လင်းကျင်းလည်း သူတစ်ပါး၏ ကျေးဇူးကြွေးတင်နေသည်ကို မနှစ်သက်သူ ဖြစ်သည်။
လျင်မြန်ခြင်းအဆောင်နှင့် ကိုယ်ဖျောက်အဆောင်တို့ကတော့ တန်ဖိုးမမြင့်လှသဖြင့် နောင်တွင် ပြန်ဆပ်နိုင်ပေသေးသည်။ သို့သော် ဒီတည်နေရာရွှေ့ပြောင်းခြင်းအဆောင်ကိုတော့ လင်းကျင်း အနည်းငယ် တွန့်ဆုတ်နေမိသည်။
“ယူထားလိုက်။” ဝေ့ကျန့်ချင်းက ထပ်မံ ပြောလိုက်သည်။
“ဝေကျန့်ချင်း ဆိုတဲ့ငါ အသိအမှတ်ပြုထားတဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ မင်း ဒီလောက်ထိ တွန့်ဆုတ်နေစရာ မလိုဘူး...”
လင်းကျင်းက ခေါင်းမော့ကြည့်လိုက်သည်။ ဝေကျန့်ချင်း၏ မျက်လုံးများထဲတွင် ပြတ်သားခိုင်မာသည့် စိတ်ဆန္ဒကို မြင်လိုက်ရပြီးနောက် သူလည်း ဆက်၍ မတွန့်ဆုတ်တော့ပေ။
“ကောင်းပါပြီ အစ်ကိုဝေ။ အစ်ကို ဒီလိုပြောမှတော့ ကျွန်တော် လက်ခံလိုက်ပါ့မယ်။”
“အင်း...”
ဝေ့ကျန့်ချင်းက ခေါင်းညိတ်လိုက်သည်။
“ဒီတည်နေရာရွှေ့ပြောင်းခြင်းအဆောင်က အန္တရာယ်ကြုံတဲ့အချိန်မှာ မင်းကို တစ်ကီလိုမီတာအတွင်း ဘယ်နေရာကိုမဆို ချက်ချင်း ပို့ဆောင်ပေးနိုင်တယ်။ အန္တရာယ်ကနေ လွတ်မြောက်ဖို့တော့ လုံလောက်မှာပါ။”
“ကျေးဇူးတင်ပါတယ် အစ်ကိုဝေ၊ ကျွန်တော် နားလည်ပါပြီ။” လင်းကျင်းက ပြောလိုက်သည်။
“ဒါဆို ငါ သွားတော့မယ်။ ဒီည သတိထားဖို့ မမေ့ပါနဲ့။”
“နားလည်ပါတယ်။”
ထို့နောက် ဝေ့ကျန့်ချင်းက နှုတ်ဆက်ပြီး ထွက်သွားခဲ့သည်။
ဝေ့ကျန့်ချင်း ထွက်သွားပြီးနောက် လင်းကျင်းက မြေပုံကို ဖွင့်ကြည့်ကာ ရှီယုလမ်းကြား၏ တည်နေရာကို မှတ်သားလိုက်သည်။
ထို့နောက် တရားထိုင်ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။ သူသည် ညနေစောင်းချိန်အထိ ဆက်တိုက် ကျင့်ကြံနေခဲ့ပြီးမှ ရပ်နားလိုက်သည်။
တရားထိုင်နေစဉ် လင်းကျင်း သူ၏ နတ်အသိစိတ်အာရုံ ပိုမို သိပ်သည်းတည်ငြိမ်လာသည်ကို ခံစားရသည်။
မီးထိန်းချုပ်နည်းအပေါ် ထိန်းချုပ်နိုင်စွမ်းမှာလည်း ယခင်ထက် ပိုမိုကောင်းမွန်လာခဲ့သည်။
မကြာမီ အချိန်အတွင်း နောက်တစ်ဆင့် ထပ်မံ တက်လှမ်းနိုင်မည်ဟု သူ ယုံကြည်နေပေသည်။
ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်ရာ သစ်ပင်ထိပ်ဖျားပေါ်တွင် လမင်းကြီး တွဲလောင်းချိတ်ဆွဲထားသကဲ့သို့ ထွန်းလင်းနေသည်ကို မြင်လိုက်ရသည်။
အချိန်ကျရောက်လာပြီမို့ ရိုးရှင်းသော ပြင်ဆင်မှုအချို့ ပြုလုပ်ပြီးနောက် လင်းကျင်းသည် အိမ်မှ ထွက်လာခဲ့သည်။
သို့သော် လင်းကျင်း ထွက်သွားပြီး မကြာမီမှာပင် မျက်နှာချင်းဆိုင် ခြံဝင်းအတွင်းမှ ကျန်းလင်က အိမ်ထဲသို့ အလောတကြီး ပြေးဝင်သွားတော့သည်။
“အစ်ကိုကြီး... အစ်ကိုကြီး... သူ ထွက်သွားပြီ... အပြင်ထွက်သွားပြီ...”
ကျန်းလင်၏ အသံမှာ အလွန် စိတ်လှုပ်ရှားနေပြီး အသံကို နှိမ့်ထားသော်လည်း မဖုံးကွယ်နိုင်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
တရားထိုင်နေသော ကျန်းစန်က မျက်လုံးဖွင့်လိုက်ပြီး ကျန်းလင်ကို ကြည့်လိုက်သည်။
“သူ တစ်ယောက်တည်း ထွက်သွားတာလား...”
“စိတ်ချပါ အစ်ကိုကြီး။ သူ တစ်ယောက်တည်းပဲ ထွက်သွားတာကို ကျွန်တော် သေချာမြင်ခဲ့တယ်...”
“အစ်ကိုကြီး... ကျွန်တော်တို့ စလုပ်တော့မလား....” ကျန်းလင်က မေးလိုက်သည်။
ကျန်းစန်က မျက်လုံးကို ကျဉ်းမြောင်းစွာ မှိတ်လိုက်ပြီး ပြောသည်။
“အခွင့်အရေးဆိုတာ တစ်ခါပဲ ရောက်လာတတ်တယ်။ သွားစို့... နောက်က လိုက်ကြမယ်...”