အခန်း (၃၆) - ကြိုတင်ပြင်ဆင်ခြင်း
စကားအနည်းငယ် ထပ်မံ ပြောဆိုပြီးနောက် အိမ်အတွင်း သန့်ရှင်းရေးလည်း အတော်လေး ပြီးစီးသွားပြီမို့ သူတို့သုံးယောက် ထွက်ခွာသွားကြသည်။
မထွက်ခွာမီ ဝေကျန့်ချင်းကလည်း လင်းကျင်းအား ပြောသွားသေးသည်။
‘အကယ်၍ အခက်အခဲတစ်ခုခု ကြုံလာပါက သူ့ကို အချိန်မရွေး လာရှာနိုင်ကြောင်း နောက်ရက်အနည်းငယ်အတွင်း သူ အိမ်မှာပဲ ရှိနေမည်ဖြစ်ကြောင်း ပြောသွားလေသည်။’
သူတို့သုံးယောက်ကို လိုက်ပို့ပြီးနောက် လင်းကျင်းလည်း အိမ်တံခါးဝ၌ ရပ်ကာ လမ်းတစ်ဖက်သို့ တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် အိမ်ရှေ့တံခါးကို ပိတ်ပြီး အိမ်ထဲ ပြန်ဝင်သွားသည်။ လမ်းတစ်ဖက်မှာ မှောင်မည်းနေသော်လည်း လင်းကျင်း သိနေသည်။
ကျန်းစန်နှင့် ကျန်းလင် ညီအစ်ကိုနှစ်ယောက် အမှောင်ထဲမှ အခြေအနေကို စောင့်ကြည့်နေကြမှာ အသေအချာပင်။
သို့သော် ယခု နင်ယွဲ့နှင့် ဝေကျန့်ချင်းတို့ ရှိနေသောကြောင့် သူတို့ မလှုပ်ရှားရဲပေ။
“ကြည့်ရတာ မနက်ဖြန်ကစပြီး ပြင်ဆင်မှုတွေ ကြိုလုပ်ရတော့မယ်...”
နောက်တစ်နေ့ မနက်စောစောတွင် လင်းကျင်း အိမ်မှ ထွက်လာခဲ့သည်။
တံခါးအပြင် ခြေချလိုက်သည်နှင့် ကျန်းစန်နှင့် ကျန်းလင် ညီအစ်ကိုနှစ်ယောက်လည်း သူတို့၏ ခြံဝင်းထဲမှ ထွက်လာကြသည်ကို မြင်လိုက်ရသည်။
ကျန်းစန်က လင်းကျင်းကို မြင်သည်နှင့် ပုံမှန်အတိုင်း အပြုံးဖြင့် လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။
“ညီလေး လင်း... တိုက်ဆိုင်လိုက်တာ... အပြင်သွားမလို့လား...
“ဟုတ်တယ်...” လင်းကျင်းက အတိုချုံး ပြန်ဖြေလိုက်သည်။
သူတို့နှင့် အပိုစကား မပြောချင်သဖြင့် ဖြေပြီးသည်နှင့် ထွက်သွားရန် ပြင်လိုက်သည်။
လင်းကျင်း ထွက်သွားတော့မည်ကို မြင်သောအခါ ကျန်းစန်က အလျင်အမြန် ရှေ့တက်ကာ လမ်းပိတ်လိုက်ပြီး စိုးရိမ်ဟန်ဆောင်ကာ မေးလိုက်သည်။
“ညီလေး လင်း... ကြည့်ရတာ စိတ်မကောင်းဖြစ်နေသလိုပဲ... တစ်ခုခု ဖြစ်ထားလို့လား... ငါတို့ ဘာကူညီပေးရမလဲ...”
လင်းကျင်း၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်သွားသည်။
‘ဒီနှစ်ယောက်ကို အကူအညီတောင်းမယ်ဆိုတာက အိမ်သာထဲ မီးအိမ်ကိုင်ပြီး သေဖို့ လိုက်ရှာတာနဲ့ ဘာကွာလို့လဲ...’ လင်းကျင်းက စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။
သူတို့၏ ရည်ရွယ်ချက်ကို သူ အစကတည်းက သိပြီးသား ဖြစ်သည်။ သူတို့က သတင်းစုံစမ်းရန် လာနေခြင်းသာ ဖြစ်သည်။
ထိုအချက်ကို နားလည်ထားပြီး ဖြစ်သောကြောင့် လင်းကျင်းလည်း ချက်ချင်း တန်ပြန်နည်းလမ်းတစ်ခု စဉ်းစားလိုက်ပြီး စိတ်မကောင်းဟန်ဖြင့် ပြောလိုက်တော့သည်။
“အစ်ကို ကျန်းကို ဖုံးကွယ်မထားတော့ပါဘူး... မနေ့ညက ကျွန်တော့်အိမ် ဖောက်ထွင်းခံရတယ်... ဒါကြောင့် စိတ်သိပ်နေလို့မကောင်းဘူး...”
ကျန်းစန်က အံ့ဩဟန်ဆောင်ကာ ပြောလိုက်သည်။
“ဘာ... ညီလေး လင်း အဆင်ပြေရဲ့လား... အရေးကြီးတာတွေ ပျောက်သွားသေးလား...”
လင်းကျင်းက ပြန်ဖြေသည်။
“အစ်ကိုကျန်း စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ...ကံကောင်းတာက ကျွန်တော့် သိုလှောင်အိတ်ကို ကိုယ်နဲ့အတူ ယူထားခဲ့တာ... တန်ဖိုးရှိတဲ့ ပစ္စည်းတွေလည်း အထဲမှာပဲ ရှိနေတော့ ဘာမှ မပျောက်သွားဘူး...”
“ညီလေး လင်းမှာ သိုလှောင်အိတ်တောင် ရှိတာကိုး... ဒါဆို တကယ် ကံကောင်းသွားတာပဲ...”
ကျန်းစန်က ပြောပြီးနောက် ဆက်၍ သတိပေးလိုက်သည်။
“ညီလေး လင်း... မကြာသေးခင်က ကျင့်ကြံသူစျေးအပြင်ဘက် နေရာတွေမှာ နတ်ဆိုးသားရဲတွေရဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်နေတယ်... ဆုံးရှုံးမှုတွေလည်း ကြီးမားတယ်...”
“ဒီအခွင့်အရေးကို အချို့လူတွေက အသုံးချပြီး မကောင်းတာတွေ လုပ်နိုင်တယ်... ပိုပြီး သတိထားတာ ကောင်းမယ်... ဒါပေမဲ့... နောက်တစ်ခါ ဒီလိုကိစ္စမျိုး ထပ်ဖြစ်ရင်... ငါတို့ဆီ တိုက်ရိုက် လာလိုက်...”
“အိမ်နီးချင်းတွေပဲ... ကူညီပေးနိုင်တာ သေချာပေါက် ကူညီပေးမှာပေါ့...”
ထိုသို့ ပြောနေရင်း ကျန်းစန်က ကျန်းလင်ဘက် လှည့်ကာ ပြောလိုက်သည်။
“ဟုတ်တယ် မလား ညီလေး...”
“ဟုတ်တယ်... ဟုတ်တယ်...”
ကျန်းလင်က အမြန် ခေါင်းညိတ်လိုက်သည်။
“ဒါဆို ကျေးဇူးတင်ပါတယ်... အစ်ကိုကျန်းတို့.. ကျွန်တော့်မှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ အရင် သွားလိုက်ဦးမယ်... နောက်မှ တွေ့ကြတာပေါ့...”
“ကောင်းကောင်းသွားပါ ညီလေး လင်း...”
ကျန်းစန်က အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
လင်းကျင်းလည်း လှည့်ထွက်သွားခဲ့သည်။
သူ လှည့်သွားသော အခိုက်အတန့်တွင်..... နှုတ်ခမ်းထောင့်၌ အေးစက်သော လှောင်ပြုံးတစ်ခု တိတ်တဆိတ် ပေါ်လာသည်။
“ငါးစာတော့ ပစ်ထားလိုက်ပြီ...အခု မင်းတို့ ငါးစာကို မိမိမမိပဲ စောင့်ကြည့်ရတော့မယ်...”
လင်းကျင်း ထွက်သွားပြီးနောက် ကျန်းလင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီး... သူ့မှာ တကယ်ပဲ သိုလှောင်အိတ်ရှိတာပဲ... ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ...”
ကျန်းစန်က ကျန်းလင်ကို မျက်စောင်းထိုးကြည့်လိုက်ပြီး တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။
ထို့နောက် ပြောလိုက်သည်။
“သွားကြမယ်... အိမ်ပြန်ကြစို့...”
သူတို့နှစ်ယောက်သည် လင်းကျင်းကို စောင့်နေခဲ့ကြသလိုပင်။
လင်ကျင်း ထွက်သွားပြီး မကြာမီမှာပင် သူတို့လည်း အိမ်သို့ ပြန်လည် ဝင်ရောက်လာကြသည်။
အိမ်ထဲ ပြန်ရောက်သည်နှင့် ကျန်းစန်က အသံနှိမ့်၍ ဆူလိုက်သည်။
“ဝေ ဆိုတဲ့ကောင်နဲ့ နင်ယွဲ့က သူတို့အိမ်ထဲမှာ ရှိနေသေးတယ်.. မင်း အသက်မရှင်ချင်တော့ဘူးလား...”
“တောင်းပန်ပါတယ် အစ်ကိုကြီး...”
ကျန်းလင်က ခေါင်းငုံ့ကာ အလျင်အမြန် အမှားဝန်ခံလိုက်သည်။
ကျန်းလင် အမှားဝန်ခံသည်ကို မြင်သောအခါ ကျန်းစန်၏ အမူအရာလည်း အတော်လေး ပြေလျော့သွားသည်။
“ကောင်းပြီ... နောက်တစ်ခါ ပိုပြီး သတိထား...”
ထို့နောက် ကျန်းစန်က ဆက်ပြောသည်။
“အဲဒီကောင်မှာ သိုလှောင်အိတ် ရှိနေပြီဆိုတော့... ငါတို့ရဲ့ အစီအစဉ်ကို ပြောင်းရမယ်...”
“အစ်ကိုကြီး ဘာလုပ်ဖို့ စဉ်းစားထားတာလဲ...”
ကျန်းလင်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
“သူ့မှာ သိုလှောင်အိတ် ရှိတယ်ဆိုရင်... အဲဒီအိတ်ကို သေချာပေါက် ကိုယ်နဲ့အတူ သယ်ထားမှာပဲ... အဲဒါဆို ပိုတောင် လွယ်သွားတယ်...”
“ငါ စဉ်းစားထားတာက... သူ အပြင်ထွက်တဲ့အခါ နောက်ကနေ တိတ်တဆိတ် လိုက်မယ်... ပြီးရင် အခွင့်အရေးကောင်း တစ်ခုခု ရတဲ့အချိန်မှာ လှုပ်ရှားမယ်...”
ကျန်းလင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကာ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မျှော်လင့်တကြီး မေးလိုက်သည်။
“အစ်ကိုကြီး... ဒါဆို ဘယ်တော့ စလုပ်ကြမှာလဲ...”
ကျန်းစန်က ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“နေ့ဘက်မှာတော့ မလုပ်သင့်ဘူး... လူများလွန်းတယ်... ညဘက်မှပဲ လှုပ်ရှားနိုင်မယ်...”
“အရင်ကတည်းက ငါ သတိထားမိထားတယ်... လင်းကျင်း ညဘက် အပြင်ထွက်တဲ့ အကျင့်ရှိတယ်... သူ ညဘက် ထွက်သွားရင် ငါတို့ နောက်ကနေ လိုက်မယ်...”
“လူသူကင်းတဲ့ နေရာ ရောက်တာနဲ့... တိုက်ရိုက် သတ်ပစ်ပြီး သိုလှောင်အိတ်ကို လုယူမယ်... ပြီးရင် ချက်ချင်း ဆုတ်ခွာမယ်...”
“သတိထားပြီး လုပ်သရွေ့... ဘယ်သူမှ ငါတို့ လုပ်တာဆိုတာ သိမှာ မဟုတ်ဘူး...”
“ပြီးတော့ ကျင့်ကြံသူစျေးဘက်ကလည်း ဒီလိုကိစ္စမျိုးကို ဂရုစိုက်မှာ မဟုတ်ဘူး... မကြာသေးခင်ကလည်း ဒီလိုဖြစ်ရပ် တစ်ခု ဖြစ်ခဲ့သေးတယ် မဟုတ်လား...”
“နောက်ဆုံးမှာ ကျင့်ကြံသူစျေးက ဖြစ်စဉ်ကို အပေါ်ယံပဲ ကိုင်တွယ်လိုက်တယ်... လူသတ်သမားကို ရှာဖို့တောင် စိတ်မဝင်စားခဲ့ဘူး...”
“ဟုတ်တယ်...” ကျန်းလင်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
“အဲဒီကိစ္စကို ကျွန်တော်လည်း သိတယ်... ကြားရတာ ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက် သေသွားတာတဲ့... ပြီးတော့ အုတ်မြစ်တည်ဆောက်အဆင့် ကျင့်ကြံသူ လက်ချက်လို့ ပြောကြတယ်...”
ကျန်းစန်က ဆက်ပြောသည်။
“ဒီရက်ပိုင်း အဲဒီဘက်ကို သေချာ စောင့်ကြည့်ထား... မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေချင်ဘူး... ငါတော့ နောက်နှစ်ရက်လောက်အတွင်း လက်စသတ်ဖို့ စီစဉ်ထားတယ်...”
ကျန်းလင်က ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
“အစ်ကိုကြီး စိတ်ချထား... တစ်ဖက်အိမ်ကို သေချာ စောင့်ကြည့်ထားမယ်... အနည်းဆုံး လှုပ်ရှားမှုလေးတောင် လွတ်မသွားစေရဘူး...”
ကျန်းညီအစ်ကိုနှစ်ယောက် အစီအစဉ် ဆွေးနွေးနေစဉ် လင်းကျင်းကတော့ လာမည့်အရာများအတွက် ကြိုတင် ပြင်ဆင်မှုများ စတင်နေပြီး ဖြစ်သည်။
ကျင့်ကြံသူဈေးသို့ ရောက်သည့်နောက် လင်းကျင်းက ယွဲ့ပေါင်လော သို့ တိုက်ရိုက် သွားလိုက်သည်။
ယွဲ့ပေါင်လောထဲ ဝင်လိုက်သည်နှင့် အစေခံမိန်းကလေး တစ်ယောက်က ရှေ့တက်လာကာ ကြိုဆိုသည်။ ထိုမိန်းကလေးမှာ ဒီအတိုင်း ဧည့်ကြိုဖြစ်ပြီး ယွဲ့ပေါင်လောက သေချာရွေးချယ်ထားသောကြောင့် ရုပ်ရည်လည်း အတော်လေး လှပပေသည်။
သူတို့ကို သနားစရာဟု မထင်သင့်ပေ။ တကယ်တော့ လူအများစုက သူတို့ကို အားကျနေကြသည်။ အထူးသဖြင့် ယခုလို နတ်ဆိုးသားရဲများ သောင်းကျန်းနေသည့် အချိန်မျိုးတွင် အပြင်ဘက်ရှိ လူအများစုမှာ နေ့စဉ် ထိတ်လန့်စွာ နေထိုင်နေရသည်။
သို့သော် သူတို့မှာ ထိုကဲ့သို့သော စိုးရိမ်ပူပန်မှု မရှိပေ။ အကြောင်းမှာ သူတို့အားလုံး ကျင့်ကြံသူဈေးအတွင်း၌ နေထိုင်ကြသောကြောင့် ဖြစ်သည်။ ထိုသို့သော အခြေအနေက လူများစွာကို အလွန် အားကျစေသည်။
ထို့အပြင် လင်ကျင်း ကြားဖူးသည်မှာ ဒီအစေခံများအပြင် ယွဲ့ပေါင်လောက ငယ်စဉ်ကတည်းက မွေးမြူထားသော ဝိညာဉ်အမြစ် ရှိသည့် အလှမယ်များလည်း ရှိကြောင်း ဖြစ်သည်။
သူတို့ကို ယွဲ့ပေါင်လော၏ အရေးကြီးဧည့်သည်များကို အထူးဝန်ဆောင်မှုပေးရန် မွေးမြူထားခြင်း ဖြစ်သည်။ ကြားရသလောက် ထိုအမျိုးသမီးများ၏ အလှသည် ယခုဝန်ထမ်းများထက်ပင် ပို၍ ထူးခြားလှပကြောင်း ဆိုကြပေသည်။
“ဂုဏ်သရေရှိ အမတအရှင်... ဘာလိုအပ်တာများရှိလဲဆိုတာ မေးပါရစေ... ကျွန်မ လိုက်ပြပေးနိုင်ပါတယ်...”
အစေခံမလေးက ယဉ်ကျေးစွာ ပြောလိုက်သည်။
“မလိုပါဘူး... ကျွန်တော် ကိုယ်တိုင်ပဲ ကြည့်လိုက်မယ်...”
လင်းကျင်းက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အမတအရှင်...”
မိန်းကလေးက ပြန်ဖြေပြီး နောက်သို့ ဆုတ်သွားသည်။
လင်းကျင်းသည် ယွဲ့ပေါင်လောသို့ အကြိမ်ပေါင်းများစွာ လာဖူးပြီးဖြစ်သဖြင့် ဒီနေရာနှင့် ရင်းနှီးနေပြီ ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ယောက် လိုက်ပြပေးရန် မလိုအပ်ပေ။
ပထမထပ်တွင် သူ လိုအပ်သော ပစ္စည်း မရှိသဖြင့် ဒုတိယထပ်သို့ တိုက်ရိုက် တက်သွားလိုက်သည်။
ဒုတိယထပ်ရှိ အဆောင် ကောင်တာသို့ ရောက်သည်နှင့် ဆိုင်ရှင်က ချက်ချင်း ကြိုဆိုလိုက်သည်။
“တာအိုရောင်းရင်း… ဘာများ လိုအပ်ပါသလဲ...”
“ကျွန်တော် ဒုတိယအဆင့် အဆောင် နည်းနည်း ဝယ်ချင်လို့ပါ...” ဟု လင်းကျင်းက ပြောလိုက်သည်။
ယခင်က လင်းကျင်း အသုံးပြုခဲ့သည့် မိုးကြိုးငါးသွယ်အဆောင်သည် ဒုတိယအဆင့် အဆောင်ဖြစ်သည်။
ထိုအဆောင်ကို အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖန်တီးနိုင်ပြီး ၎င်း၏ စွမ်းအားသည်လည်း အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုနှင့် တူညီသည်။
ယခုအချိန်တွင် ပထမအဆင့် အဆောင်စာရွက်များသည် လင်းကျင်းအတွက် မလုံလောက်တော့ပေ။ အကြောင်းမှာ ကျင့်ကြံသူဈေးတွင် သူ့ထက် ကျင့်ကြံမှုအဆင့် မြင့်မားသူများ များစွာ ရှိနေသောကြောင့်ပေ။
အကယ်၍ ပထမအဆင့် အဆောင်စာရွက်များသာ အသုံးပြုပါက တစ်ဖက်လူကို ခြိမ်းခြောက်နိုင်လောက်သည့် စွမ်းအားပင် မရှိနိုင်ပေ။
ထို့ကြောင့် မိမိကို ပစ်မှတ်ထားလာသူ ရှိလာလျှင် လင်းကျင်းသည် ပြတ်ပြတ်သားသား လှုပ်ရှားရန်သာ ဆုံးဖြတ်ထားသည်။
ဒုတိယအဆင့် အဆောင်စာရွက်ဖြင့် တိုက်ရိုက် သတ်ဖြတ်ပြီး နောင်တချိန် ပြဿနာများကို အမြစ်ဖြတ်ပစ်ပေမည်။
ဆိုင်ရှင်က ပြုံးကာ ပြန်မေးလိုက်သည်။
“တာအိုရောင်းရင်း... ဘယ်လို အဆောင်စာရွက် အမျိုးအစားကို လိုအပ်လဲဆိုတာ သိပါသလား... မသိရင် ကျွန်တော် ကူညီပြီး အကြံပေးနိုင်ပါတယ်...”