အခန်း (၃၅) - ညအချိန် အိမ်ထဲသို့ ဝင်စီးနင်းခြင်း
“ထားလိုက်တော့...”
“သူတို့ ဘာလုပ်ချင်နေတာလဲဆိုတာ အရင်ကြည့်ရသေးတာပေါ့...”
လင်းကျင်း၏ အိမ်ထဲတွင် တန်ဖိုးရှိသည့် ပစ္စည်းများ မရှိသလောက်ပင်။
တန်ဖိုးရှိသည့် တစ်ခုတည်းသော ပစ္စည်းဖြစ်သည့် ဆေးအိုးသည်ပင် စနစ်နေရာလွတ်ထဲတွင် သိမ်းထားဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့အား စိတ်ကြိုက်ရှာဖွေခွင့်ပေးခဲ့လိုက်သည်။
အရေးကြီးဆုံးမှာ သူတို့၏ ရည်ရွယ်ချက်အမှန်ကို သိရန်သာ ဖြစ်သည်။
အကယ်၍ သူတို့က လင်းကျင်းအတွက် အန္တရာယ် ဖြစ်လာမည့်သူများ ဖြစ်ပါက နောက်ပိုင်းတွင် သူတို့နှစ်ယောက်လုံးကို ဖယ်ရှားရန် နည်းလမ်း ရှာရတော့မည်။
ထိုသို့ တွေးရင်း လင်းကျင်းလည်း လူနှစ်ယောက် အိမ်ထဲသို့ အတင်းဝင်လာသည်ကို စောင့်ကြည့်နေခဲ့သည်။
“အစ်ကိုကြီး၊ ဒီမှာ ဘယ်သူမှ မရှိဘူး...”
အိမ်ထဲ ဝင်လာသော ကျန်းလင်က အခန်းကို အမြန် ကြည့်ရှုပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ကျန်းစန်ကလည်း အလျင်အမြန် ပြောလိုက်သည်။
“အဲဒါကို အခု စိတ်မပူနဲ့... ဝိညာဉ်ကျောက်တုံးတွေကို အရင်ရှာ...”
ထို့နောက် သူတို့နှစ်ယောက်သည် အိမ်အနှံ့ စတင် ရှာဖွေတော့သည်။
ညအချိန် ဖြစ်သော်လည်း သူတို့နှစ်ဦးစလုံးသည် ချီစုဆောင်းခြင်းအလယ်အဆင့် ကျင့်ကြံသူများ ဖြစ်သဖြင့် အမှောင်က သူတို့အပေါ် သက်ရောက်မှု သိပ်မရှိပေ။
မကြာမီ အိမ်တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားတော့သည်။ အဝတ်အစားများ၊ အထွေထွေပစ္စည်းများ အနှံ့အပြား ပြန့်ကျဲနေပြီး အခန်းတစ်ခုလုံး ရှုပ်ပွနေသည်။
“ဘာမှ မရှိဘူး...”
“ဆေးအိုးတောင် မရှိဘူး...”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ကျန်းလင်က ရှုပ်ပွနေသော အခန်းကို ကြည့်ရင်း မယုံကြည်နိုင်သလို ဖြစ်နေသည်။
ကျန်းစန်လည်း ခေါင်းငုံ့ကာ ခဏ စဉ်းစားပြီးနောက် ခေါင်းမော့ကာ ပြောလိုက်သည်။
“သွားကြမယ်...”
သို့သော် ကျန်းလင်က မကျေနပ်သေးပေ။
“မဖြစ်နိုင်ဘူး... ဘာမှ မရှိဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ...”
ကျန်းစန်လည်း ခေါင်းခါလိုက်သည်။
“ဘာမှ မရှိတာ မဟုတ်ဘူး... သူ့ပစ္စည်းအားလုံးကို သူ့ခန္ဓာကိုယ်ပေါ်မှာ သယ်ထားတာ... သူ့မှာ သိုလှောင်အိတ် ရှိတယ်...”
“သိုလှောင်အိတ်.......”
ကျန်းလင်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
“ဟုတ်တယ်...”
“သူ ဖုံးကွယ်ထားတာ တကယ်ကို အရမ်းတော်တယ်... ငါတောင် မထင်ထားမိဘူး...”
“သူ့မှာ သိုလှောင်အိတ် ရှိတာကို ငါတို့ မသိအောင် အစကတည်းက သတိထားနေခဲ့တာ...”
ကျန်းစန်၏ အသံထဲတွင် စိတ်ပျက်အားလျော့မှု အနည်းငယ် ပါဝင်နေသည်။
“ဒါဆို ဒီအတိုင်း လက်လျှော့လိုက်တော့မှာလား...”ဟု ကျန်းလင်က မေးလိုက်သည်။
“မဟုတ်ရင် ဘာတတ်နိုင်ဦးမှာလဲ... ငါတို့ကို အစကတည်းက သူ သတိထားနေခဲ့တာ...”
“အထူးသဖြင့် ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စက အရမ်း ထူးဆန်းတယ်... ငါတို့ မျက်စိရှေ့မှာ သူ အိမ်က မထွက်သွားတာ သေချာတယ်...”
“ဒါပေမဲ့ အိမ်ထဲမှာလည်း မရှိဘူး... ငါထင်တာတော့... သူ တခြားနည်းလမ်းတစ်ခု သုံးပြီး ငါတို့ကို လှည့်စားထားတာ ဖြစ်နိုင်တယ်...”
“ငါတို့ အိမ်ထဲ စဝင်တုန်းကလိုပဲ...ခုနတုန်းကထိ သူ့ရဲ့ ရှိနေမှုကို ခံစားမိသေးတယ်... ဒါပေမဲ့ ရုတ်တရက် ပျောက်သွားတယ်...”
ကျန်းစန်က ထိုသို့ ပြောပြီး အခန်းတစ်ခုလုံးကို ထပ်မံ ကြည့်ရှုလိုက်သည်။
သို့သော် ထူးခြားသည့် အရာတစ်ခုမျှ မတွေ့ပေ။
“သွားကြစို့... ဒီနေရာက အရင် ထွက်သွားရအောင်...”
“အိမ်ပြန်ပြီး စောင့်ကြည့်နေကြမယ်... အဲဒီ့ မုဆိုးမ နင်ယွဲ့က အချိန်မရွေး ပြန်လာနိုင်တယ်...”
“ဒီမှာ ဆက်နေတာ မလုံခြုံဘူး... ပြန်ရောက်ရင် ဒီနေရာကို ဆက်စောင့်ကြည့်ထား...”
“နင်ယွဲ့ အရင် ပြန်လာရင် ငါတို့ ဘာမှ မသိတဲ့ ပုံစံနဲ့ ဒီနေ့ ဘာမှ မဖြစ်ခဲ့သလို နေကြမယ်...”
“ဒါပေမဲ့...”
ကျန်းစန်၏ မျက်လုံးများ အေးစက်သွားကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။
“လင်းကျင်း အရင် ပြန်လာရင်တော့...ငါတို့ ထိန်းထားစရာ မလိုတော့ဘူး...”
“တန်းသတ်လိုက်.....”
“ဒီကောင်က လျှို့ဝှက်ချက်တွေ အရမ်းများတယ်... ငါ့မှာ သူ့အပေါ် မကောင်းတဲ့ ခံစားချက်တစ်ခု ရှိနေတယ်... အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး...”
“မှန်တယ် အစ်ကိုကြီး...”
ကျန်းလင်က ချက်ချင်း သဘောတူလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက် ခြံစည်းရိုးကို ကျော်တက်ကာ အမြန် ထွက်ခွာသွားကြသည်။
မထွက်ခွာမီ သူတို့ ရောက်ရှိခဲ့ကြောင်း သက်သေအထောက်အထားများ ကျန်မနေစေရန် မန္တန်တစ်ခု အသုံးပြု၍ သန့်ရှင်းရေး လုပ်သွားကြသေးသည်။
သူတို့နှစ်ဦး ထွက်သွားပြီးနောက် လင်းကျင်းလည်း စောင့်ကြည့်ရေးမုဒ်ကို ပိတ်လိုက်တော့သည်။
စနစ်နေရာလွတ်အတွင်း၌ လင်းကျင်းသည် မျက်ခုံးများ တင်းတင်းကြုတ်ထားကာ နောက်တစ်ဆင့် ဘာလုပ်ရမည်ကို စဉ်းစားနေတော့သည်။
အန္တရာယ်ကား မပြီးသေးပေ။
ယခုအချိန်တွင် သူ စနစ်နေရာလွတ်ထဲမှ ထွက်၍ မရသေးပါ။
‘ဒီနှစ်ယောက်က ငါ့အပေါ် သတ်ဖြတ်လိုစိတ် ရှိနေပြီ... သေချာပေါက် ချမ်းသာပေးလို့ မဖြစ်တော့ဘူး...’
လင်းကျင်းက စိတ်ထဲတွင် တွေးလိုက်သည်။
သို့သော် သူတို့ကို မည်သို့ ဖယ်ရှားရမည် ဆိုသည်ကိုတော့ သေချာ စဉ်းစားရန် လိုသေးသည်။
အမှန်တကယ်ဆိုလျှင် လင်းကျင်းသည် နင်ယွဲ့ သို့မဟုတ် ဝေကျန့်ချင်းကို အကူအညီတောင်းပြီး သူတို့ကို ရှင်းပစ်နိုင်သည်။
သို့သော် ထိုသို့ လုပ်လိုက်ပါက ရှင်းပြ၍ မရသော ကိစ္စများစွာ ကျန်သွားလိမ့်မည်။
ဥပမာ ‘သူတို့၏ ကြံစည်မှုကို လင်းကျင်း ဘယ်လို သိသွားသနည်း။ အိမ်ထဲ ဝင်လာသူများသည် ကျန်းစန်နှင့် ကျန်းလင် ဖြစ်ကြောင်း သူ ဘယ်လို သိသနည်း။’
သူတို့နှစ်ယောက်သည် အလွန် ဂရုစိုက်ထားခဲ့ကြသည်။ ထွက်သွားချိန်တွင် သဲလွန်စ တစ်စုံတစ်ရာပင် မချန်ခဲ့ပေ။
လင်းကျင်း သက်ပြင်းချလိုက်သည်။
‘နောက်ဆုံးတော့ ငါကိုယ်တိုင်ပဲ လုပ်ရတော့မှာပေါ့...’
ထို့နောက် လင်းကျင်းလည်း အပြင်သို့ မထွက်တော့ဘဲ စနစ်နေရာလွတ်အတွင်း၌ တိုက်ရိုက် ကျင့်ကြံမှုကို စတင်လိုက်သည်။
ကံကောင်းသည်မှာ အချိန်စုဆောင်းခြင်း စနစ်ရှိနေပြီး ယခင် အတွေ့အကြုံများကြောင့် လင်းကျင်းက စနစ်နေရာထဲ ဝင်နိုင်မည့် အချိန်အချို့ကို အမြဲ ချန်ထားတတ်သည်။
မများလှပေ။ နာရီနှစ်ဆယ်သာ ရှိသည်။
သို့သော် လက်ရှိ သူ ရင်ဆိုင်နေရသော အကျပ်အတည်းကို ဖြေရှင်းရန်တော့ လုံလောက်နေပြီ ဖြစ်သည်။
ထို့အပြင် နင်ယွဲ့နှင့် ဝေကျန့်ချင်းတို့လည်း မကြာမီ ပြန်ရောက်လာတော့မည် ဖြစ်သည်။
သူတို့နှစ်ဦး ရှိနေသရွေ့ ကျန်းစန်နှင့် ကျန်းလင်တို့ ညီအစ်ကိုသည် ပြဿနာ လာရှာရဲမည် မဟုတ်ပေ။
မကြာမီ စနစ်နေရာထဲတွင် ကျင့်ကြံနေသော လင်းကျင်းမှာ စနစ်၏ သတိပေးသံကြောင့် နိုးထလာသည်။
“သတိပေးချက်…. သတိပေးချက်….”
“စောင့်ကြည့်နယ်ပယ်အတွင်းသို့ တစုံတယောက် ဝင်ရောက်လာပါပြီ။”
“ကျေးဇူးပြု၍ ပိုင်ရှင် အမြန်တုံ့ပြန်ပါ။”
လင်ကျင်းက ချက်ချင်း စောင့်ကြည့်ရေးမုဒ်ကို ဖွင့်လိုက်ကာ ခြံထဲ ဝင်လာသူများကို မြင်လိုက်ရသောအခါ သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ဝင်လာသူများမှာ ဝေကျန့်ချင်း၊ နင်ယွဲ့နှင့် လော့လော့တို့ပေ။
ဝေကျန့်ချင်းသည် အိမ်ထဲသို့ ဝင်သွားပြီး အခန်းအတွင်းရှိ ရှုပ်ပွနေသော မြင်ကွင်းကို ကြည့်လိုက်ရာ ချက်ချင်း မျက်နှာမည်းမှောင်သွားသည်။
နင်ယွဲ့လည်း သူ့နောက်မှ လိုက်ဝင်လာပြီး အိမ်အခြေအနေကို မြင်သောအခါ မျက်ခုံးကြုတ်သွားသည်။
လော့လော့ကလည်း နင်ယွဲ့၏ လက်ကို ကိုင်ထားရင်း စိုးရိမ်တကြီး အသံဖြင့် ပြောလိုက်သည်။
“မေမေ... ဦးလေးလင်းရဲ့ အိမ်မှာ ဘာဖြစ်သွားတာလဲ... ဦးလေးလင်း အဆင်ပြေရဲ့လား...”
ဝေကျန့်ချင်းက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်သည်။
“သွေးနံ့ မရှိဘူး...”
“ဒါက ဖောက်ထွင်းခိုးဝင်တာမျိုး ဖြစ်နိုင်တယ်... ဒါမှမဟုတ် တစ်ခုခုကို လာရှာတာ ဖြစ်နိုင်တယ်... ဖြစ်နိုင်တာ အများဆုံးကတော့ ညီလေး လင်း အိမ်မှာ မရှိတုန်း ခိုးဝင်လာတာပဲ... မဟုတ်ရင် အိမ်ကို ဒီလောက်ထိ ရှုပ်ပွသွားအောင် ထားခဲ့မှာ မဟုတ်ဘူး...”
အခြေအနေကို သေချာ လေ့လာပြီးနောက် ဝေကျန့်ချင်းက ထိုသို့ ကောက်ချက်ချလိုက်သည်။
“တာအိုရောင်းရင်း လင်းက ပုံမှန်အားဖြင့် အလွန် သိုသိုသိပ်သိပ် နေတတ်သူပဲ... ဘယ်သူ့ကိုမှလည်း ရန်မပြုလောက်ဘူး... ဒီပုံစံကြည့်ရတာတော့... တကယ်ပဲ ဖောက်ထွင်းခိုးယူဖို့ လာတာများလား…”
နင်ယွဲ့က ပြောပြီးနောက် လော့လော့ ကို နှစ်သိမ့်လိုက်သည်။
“စိတ်မပူနဲ့... မင်းရဲ့ ဦးလေးလင်းက အခုတော့ အဆင်ပြေမှာပါ...”
“ဟုတ်...” လော့လော့က ခေါင်းညိတ်လိုက်သည်။
ထိုအခြေအနေကို မြင်ပြီးနောက် လင်းကျင်းလည်း စောင့်ကြည့်ရေးမုဒ်မှ ထွက်လိုက်တော့သည်။
“ကဲ… အပြင်ထွက်ဖို့ အချိန်ရောက်ပြီ...”
ယခု နင်ယွဲ့နှင့် ဝေကျန့်ချင်းတို့ ပြန်ရောက်လာပြီ ဖြစ်သဖြင့် သူ၏ လုံခြုံရေးလည်း အာမခံချက် ရှိသွားပြီ ဖြစ်သည်။
ထို့ကြောင့် ပြန်ထွက်သွားရန် အချိန်တန်ပြီ ဖြစ်သည်။
“စနစ်...”
“သတ်မှတ်နေရာ ရွှေ့ပြောင်းခြင်းကို ဖွင့်လိုက်...”
သတ်မှတ်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်မှာ အမှန်တကယ် အသုံးဝင်လှသည်ဟု ဆိုရမည်။
မကြာမီ လင်းကျင်းမှာ ရွှေ့ပြောင်းမည့် နေရာကို သတ်မှတ်လိုက်ပြီး ရိတ်သိမ်းမှတ် အနည်းငယ် သုံးစွဲကာ စနစ်နေရာမှ ထွက်လာခဲ့သည်။
သူ ရွေးချယ်ထားသော နေရာမှာ အိမ်နှင့် မဝေးလှပေ။
ထို့နောက် အိမ်ဘက်သို့ အမြန် လျှောက်လာခဲ့သည်။
အိမ်ရှေ့သို့ ရောက်သောအခါ အိမ်တံခါးကြီး ပွင့်နေသည်ကို မြင်လိုက်ရသည်။
သူက ဘာမှ မသိသလို ဟန်ဆောင်ကာ အံ့ဩသည့် အသံဖြင့် အော်လိုက်ပြီး အိမ်ထဲသို့ အမြန် ပြေးဝင်သွားသည်။
အိမ်ထဲတွင် နင်ယွဲ့နှင့် ဝေကျန့်ချင်းတို့က သူ့အတွက် သန့်ရှင်းရေး လုပ်ပေးနေကြသည်။ လော့လော့လည်း ကူညီနေပေသည်။
“တာအိုရောင်းရင်း နင်... အစ်ကို ဝေ... ဒီမှာ ဘာဖြစ်သွားတာလဲ...”
လင်းကျင်းက အံ့ဩနေသည့် ပုံစံဖြင့် မေးလိုက်သည်။
“ဦးလေး လင်း... ဦးလေး ပြန်ရောက်လာပြီလား...”
လော့လော့က ပြေးလာပြီး ပြောလိုက်သည်။
“ဦးလေး လင်း... ဦးလေးအိမ်ထဲ သူခိုး ဝင်လာပြီး တအိမ်လုံး ရှုပ်ပွအောင် လုပ်သွားတယ်... သမီးတို့က သန့်ရှင်းရေး ကူလုပ်ပေးနေတာ...”
ဝေကျန့်ချင်းက လင်ကျင်းကို ကြည့်ကာ ပြောလိုက်သည်။
“ညီလေး လင်း... မကြာသေးခင်က ဘယ်သူ့ကိုများ ရန်စမိထားသေးလဲ...”
လင်းကျင်းက ခဏ အံ့ဩသွားသလို ဟန်ဆောင်ပြီး ပြန်ဖြေသည်။
“မရှိပါဘူး... အကိုတို့ သိတဲ့အတိုင်းပဲ... ကျွန်တော်က လူတွေနဲ့ ဆက်ဆံတာ နည်းတယ်... ရန်ဖြစ်ဖို့ ဆိုတာ ပိုတောင် မဖြစ်နိုင်ဘူး...”
ဝေကျန့်ချင်းက ကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်တော့... ဖောက်ထွင်းခိုးယူမှု ဖြစ်နိုင်တယ်... မင်း အိမ်ထဲမှာ မရှိတာ ကံကောင်းသွားတယ်... မဟုတ်ရင် အန္တရာယ်ကြီး ကြုံရနိုင်တယ်...”
“ကျင့်ကြံသူစျေး အပြင်ဘက် နေရာတွေမှာ... ဒီလို ကိစ္စတွေက မကြာခဏတော့ မဖြစ်ပေမဲ့... လုံးဝ မရှိတာတော့ မဟုတ်ဘူး...”
ထိုအချိန်တွင် နင်ယွဲ့ကလည်း ဝင်ပြောသည်။
“တာအိုရောင်းရင်း လင်း...အရေးကြီးတဲ့ ပစ္စည်းတစ်ခုခု ပျောက်မပျောက် စစ်ကြည့်လိုက်ပါ...”
လင်းကျင်းက အပြုံးဖြင့် ပြန်ပြောသည်။
“တာအိုရောင်းရင်း နင် စိတ်မပူပါနဲ့... ကျွန်တော့် ပစ္စည်းအားလုံးကို သိုလှောင်အိတ်ထဲ ထည့်ထားတာပါ... အိမ်ထဲမှာ တန်ဖိုးရှိတာ ဘာမှ မကျန်ခဲ့ဘူး...”
“ဒါဆို တော်သေးတာပေါ့...”
နင်ယွဲ့က သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည်။
“မင်း အိမ်မှာ မရှိတာလည်း တကယ် ကံကောင်းတယ်...မဟုတ်ရင် ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး...”