အခန်း (၃၄) - အဆင့်ချိုးဖျက်ခြင်းကျရှုံး
ထို့နောက် လင်းကျင်းလည်း သိုလှောင်အိတ်ထဲမှ သန့်စင်ကျောက်စိမ်းသေတ္တာ တစ်လုံးကို ထုတ်ယူလိုက်သည်။
သေတ္တာအတွင်းတွင် စွမ်းအင်စုဆောင်းဆေးလုံး တစ်လုံး ရှိနေပြီး ထိုဆေးလုံးကို ရက်အနည်းငယ်ခန့်ကမှ ဖော်စပ်ထားခဲ့ခြင်းဖြစ်ကာ ယခုထိ မသောက်ရသေးပေ။
မိမိ၏ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းပြီးနောက် လင်းကျင်းလည်း အဆင့်တက်ချိုးဖြတ်ရန် စတင် ပြင်ဆင်လိုက်သည်။
သန့်စင်ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်ပြီး စွမ်းအင်စုဆောင်းဆေးလုံးကို ယူကာ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။
ထို့နောက် မျက်လုံးမှိတ်ကာ ကျင့်စဉ်ကို စတင် လှည့်ပတ်လိုက်ကာ မကြာမီ စွမ်းအင်စုဆောင်းဆေးလုံးအတွင်း ပါဝင်သော ဝိညာဉ်စွမ်းအားသည် ပေါက်ကွဲထွက်လာခဲ့၏။
လင်းကျင်း တစ်ကိုယ်လုံး သက်သောင့်သက်သာ ဖြစ်သွားကြောင်း ခံစားလိုက်ရပြီး ချက်ချင်းပင် နှောင့်နှေးခြင်းမရှိဘဲ ကျင့်စဉ်ကို အစွမ်းကုန် လှည့်ပတ်ကာ ဆေးစွမ်းအားကို စတင် စုပ်ယူလိုက်သည်။
အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားသည်။
အဆင့်ချိုးဖြတ်ရန် ကြိုးစားရင်း ဆေးစွမ်းအားကို စုပ်ယူနေသော လင်းကျင်းလည်း မျက်ခုံးကြုတ်ကာ အာရုံစူးစိုက်နေခဲ့သည်။
သို့သော် အရေးကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိလာချိန်တွင် ရုတ်တရက် စနစ်၏ သတိပေးသံတစ်ခု ထွက်ပေါ်လာပြီး လင်းကျင်းကို တန်း၍ နိုးထစေလိုက်သည်။
“ဒင်!”
“သတိပေးချက်!”
“ပိုင်ရှင်၏ အခြေခံအုတ်မြစ် မတည်ငြိမ်သေးဘဲ အဆင့်တစ်ဆင့်တက်ရန် အတင်းအကျပ် ချိုးဖြတ်ရန် ကြိုးစားနေကြောင်း စနစ်မှ တွေ့ရှိပါသည်။”
“ပိုင်ရှင်အား ချက်ချင်း ရပ်တန့်ရန် အကြံပြုပါသည်။”
ရုတ်တရက် နိုးထလာသော လင်းကျင်း၏ မျက်နှာတွင် နားမလည်မှုများ ပြည့်နှက်နေကာ လက်ရှိ အခြေအနေကို သူ မသိပေ။
စနစ်က သူ၏ အဆင့်ဖောက်ထွက်မှုကို ကိုယ်တိုင် ဝင်ရောက်တားဆီးလိုက်ခြင်း ဖြစ်သည်။
“စနစ်...”
“ဘာဖြစ်တာလဲ...” လင်းကျင်းက စနစ်ကို ခေါ်၍ မေးလိုက်သည်။
မကြာမီ စနစ်၏ အသံ ထွက်ပေါ်လာသည်။
“ပိုင်ရှင်၊ စနစ်မှ စစ်ဆေးတွေ့ရှိသည်မှာ ပိုင်ရှင်၏ ယခင်အဆင့်တက်မှုနှင့် ယခုအကြား အချိန်ကာလ အလွန်တိုတောင်းလွန်းသည်။”
“ပိုင်ရှင်၏ နတ်အသိစိတ်နယ်ပယ်သည် မတည်ငြိမ်သေးဘဲ နောက်တစ်ဆင့်သို့ တက်ရောက်ရန် မလုံလောက်သေးပါ။”
“အတင်းအကျပ် ဖောက်ထွက်ပါက အကောင်းဆုံး အခြေအနေတွင် ပြင်းထန်စွာ ဒဏ်ရာရနိုင်ပြီး အဆိုးဆုံး အခြေအနေတွင် သေဆုံးနိုင်သည်။”
“ပိုင်ရှင်အနေဖြင့် ကြိုးစားကျင့်ကြံပြီး နတ်အသိစိတ်နယ်ပယ် တည်ငြိမ်လာသည့်အထိ စောင့်ဆိုင်းပြီးမှ ထပ်မံ ချိုးဖြတ်ရန် အကြံပြုပါသည်။”
“သြော်…ဒီလိုကိုး...”
လင်းကျင်း ချက်ချင်း သဘောပေါက်သွားသည်။ ယခင်က သူအကြိမ်ကြိမ် အဆင့်ချိုးဖြတ်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။
မူလကတော့ မိမိ၏ ပါရမီနိမ့်ကျခြင်းကြောင့် အဆင့်တက်ရန် ခက်ခဲနေသည်ဟု ထင်ခဲ့ပြီး အစွမ်းကုန် ကြိုးစားနေခဲ့သည်။
သို့သော် ယခုမှသာ အကြောင်းရင်းအမှန်ကို သိလိုက်ရသည်။
ထိုအချိန်တွင် လင်းကျင်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
အဆင့်ချိုးဖြတ်မှု ရပ်တန့်သွားသော်လည်း သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ ငြိမ်သက်မသွားပေ။
ဆန့်ကျင်ဘက်အနေဖြင့် ပို၍ တိုးများလာနေသည်။
အလွန်များပြားသော ဝိညာဉ်စွမ်းအားများသည် သူ၏ သွေးကြောများအတွင်း အဆက်မပြတ် တိုးဝင်တိုက်ခိုက်နေသည်။
လင်းကျင်းက မိမိခန္ဓာကိုယ် တစ်ခုလုံး ဖောင်းကားလာပြီး ပေါက်ကွဲထွက်တော့မည့် ခံစားချက်ကို ရရှိနေကာ ထိုဝေဒနာမှာ မခံမရပ်နိုင်လောက်အောင် အလွန်ပြင်းထန်လှသည်။
“စနစ်...” လင်းကျင်းက အလျင်အမြန် ခေါ်လိုက်သည်။
“ငါ့ သွေးကြောလမ်းကြောင်းထဲမှာ ဝိညာဉ်စွမ်းအားတွေ အများကြီး စုဝေးနေတယ်... ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိလား...”
စနစ်က ချက်ချင်း ပြန်ဖြေသည်။
“ကျေးဇူးပြု၍ ခေတ္တစောင့်ပါ၊ ပိုင်ရှင်။”
“စနစ်သည် ပိုင်ရှင်အတွက် ဖြေရှင်းနည်းကို လုပ်ဆောင်နေပါသည်...”
စနစ်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက်…..
လင်းကျင်းက မိမိ၏ သွေးကြောလမ်းကြောင်းများအတွင်းရှိ ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
မကြာမီ သူ၏ ခန္ဓာကိုယ်သည် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။
ထိုအခါမှသာ လင်းကျင်းလည်း သက်ပြင်းရှည်ကြီး ချလိုက်နိုင်တော့သည်။
“စနစ် ရှိနေလို့ တော်သေးတာပဲ...”
ထို့နောက် သူ အချိန်ကာလတခုအကြာ သေချာ ပြန်လည် စဉ်းစားသုံးသပ်နေပြီး ဆေးဖော်စပ်ကျမ်းနှင့် ဆေးဖော်စပ်ခြင်းများကို လေ့လာခြင်းအပြင် တစ်ခါတစ်ရံ လော့လော့ကို ကျင့်ကြံသူစျေးထဲသို့ ခေါ်သွားလည်ပတ်ပေးခဲ့သည်။
တရားထိုင်ကျင့်ကြံခြင်းကိုတော့ သိပ်အလေးမထားဘဲ ခဏတာသာ ကျင့်ခဲ့ပြီး သူ့အတွေးထဲတွင် ဆေးလုံးများကိုသာ အားကိုး၍ အဆင့်တက်နိုင်မည်ဟု ထင်ခဲ့သည်။
သို့သော် ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရလိမ့်မည်ဟုတော့ မထင်ခဲ့ပေ။ အံ့ဩစရာတော့ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် လင်းကျင်း၏ ဝိညာဥ်အမြစ်မှာ ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ်ဖြစ်ပြီး ကျင့်ကြံရေးပါရမီမှာလည်း အလွန်နိမ့်ကျနေသောကြောင့်ပင်။
ထိုကဲ့သို့သော ပါရမီဖြင့် အဆင့်များကို ဤမျှ လျင်မြန်စွာ ဖောက်ထွက်နိုင်ခြင်းမှာ မဖြစ်နိုင်သလောက်ပေ။ ထို့ကြောင့်လည်း နတ်အသိစိတ်နယ်ပယ် မတည်ငြိမ်သည့် ပြဿနာမျိုးကို သူ တစ်ခါမှ မကြုံဖူးခဲ့ပေ။
သူ၏ မူလကိုယ်ခန္ဓာပိုင်ရှင်ရဲ့ ဖခင်သည်ပင် တစ်နေ့တွင် အဆင့်များကို သူ ဤမျှ လျင်မြန်စွာ တက်နိုင်မည်ဟု မထင်ထားခဲ့လောက်ပေ။
ထို့ကြောင့်လည်း ထိုကဲ့သို့သော အကြောင်းအရာများကို အသေးစိတ် ရှင်းပြမထားခဲ့ခြင်း ဖြစ်နိုင်သည်။
ဒီမျှ ကြီးမားသော အမှားတစ်ခုကို ကျူးလွန်မိခဲ့သဖြင့် လင်းကျင်းလည်း ခါးသီးစွာသာ ပြုံးနိုင်တော့သည်။
‘ကျင့်ကြံခြင်းကတော့ ကျင့်ကြံခြင်းပဲ...နောက်ဆုံးတော့ သေသေချာချာ အာရုံစိုက်ရတော့မယ် ထင်တယ်...’
ထို့နောက် လင်းကျင်းလည်း အချိန်ထပ်မဖြုန်းတော့ရန် ဆုံးဖြတ်လိုက်ပြီး ချက်ချင်းပင် တရားထိုင်ကာ ကျင့်ကြံမှုကို စတင်လိုက်သည်။
နောက်ရက်များတွင် လင်းကျင်း ဟိုသွားဒီသွား လုပ်နေခြင်းများကို ရပ်တန့်လိုက်ကာ အိမ်ထဲတွင်သာ နေပြီး အလေးအနက်ထား၍ ကျင့်ကြံနေခဲ့သည်။
ဒီနေ့ မနက်စောစောတွင် နင်ယွဲ့နှင့် ဝေကျန့်ချင်းတို့သည် လော့လော့ကို ခေါ်ကာ အိမ်မှ ထွက်သွားခဲ့ကြသည်။
ယနေ့သည် လော့လော့ရဲ့ ဖခင်အတွက် အောက်မေ့ဖွယ်နေ့ နှစ်ပတ်လည်နေ့ ဖြစ်ကြောင်း လင်းကျင်း သိထားသည်။
ထို့ကြောင့် သူတို့အားလုံး ကျင့်ကြံသူစျေး အပြင်ဘက်ရှိ တောင်ပေါ်သို့ သွားကာ ပူဇော်ကန်တော့ကြမည် ဖြစ်သည်။
ကျင့်ကြံသူစျေး အပြင်ဘက်တွင် နတ်ဆိုးသားရဲများ ရှိနေသော်လည်း ဝေ့ကျန့်ချင်းနှင့် နင်ယွဲ့ နှစ်ဦးစလုံးသည် ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ပြဿနာကြီးမားမည် မဟုတ်ပေ။
နတ်ဆိုးသားရဲကို အနိုင်မယူနိုင်လျှင်ပင် ထွက်ပြေးနိုင်ရန်တော့ မခက်ခဲပေ။
နင်ယွဲ့ကတော့ ယခင်ကဲ့သို့ပင် သူမ၏ မျက်နှာအစစ်ကို ဖုံးကွယ်ထားဆဲ ဖြစ်သည်။ သူမ၏ အစစ်အမှန် ရုပ်ရည်ကို မြင်ဖူးထားသော လင်းကျင်းအတွက်တော့ အနည်းငယ် မနေတတ်ဖြစ်မိသည်။
ဤမျှ အံ့မခန်း လှပသော အမျိုးသမီးတစ်ဦးက နေ့စဉ် မိမိကိုယ်ကို ဖုံးကွယ်ထားရပြီး လူများရှေ့တွင် အစစ်အမှန် ရုပ်ရည်ကို မပြရဲရခြင်းက ယင်းကား ကျင့်ကြံရေးလောက၏ ရှုပ်ထွေးကြမ်းတမ်းမှုကို ကောင်းစွာ ဖော်ပြနေသည်။
ဒီအဖြစ်က လင်းကျင်းကိုလည်း သတိပေးသွားခဲ့သည်။
သန့်စင်ဆေးလုံးများကို မိမိ ဖော်စပ်နိုင်ကြောင်း အခြားသူများ မသိစေရန် လုံးဝ လျှို့ဝှက်ထားရပေမည်။
အကယ်၍ မတော်တဆ သူ၏ သန့်စင်ဆေးလုံး ဖော်စပ်အောင်မြင်နှုန်း မြင့်မားကြောင်းသာ လူအများ သိသွားပါက သူ့ကို စောင့်ကြိုနေမည့် အရာမှာ လေးစားမှု မဟုတ်ဘဲ ဖမ်းဆီးချုပ်နှောင်ခြင်းသာ ဖြစ်လိမ့်မည်။
ထိုအခါ သူသည် အခြားသူများ၏ ဆေးဖော်စပ်ရေး ကိရိယာတစ်ခုအဖြစ်သာ အသုံးချခံရပေလိမ့်မည်။
အကယ်၍ ထပ်မံ မဆင်မခြင် လုပ်မိပြီး စနစ်၏ တည်ရှိမှုကိုပင် လူသိသွားခဲ့လျှင် ရလဒ်ကား မည်သို့ဖြစ်မည်ကို တွေးကြည့်ရန်ပင် မလိုတော့ပေ။
သေချာပေါက် ပျက်စီးဆုံးရှုံးခြင်းသာ ဖြစ်ပေမည်။
အခန်းထဲတွင် လင်းကျင်း တရားထိုင်ကျင့်ကြံနေပြီး နတ်အသိစိတ်ကို စုစည်းသိပ်သည်းနေသည်။
ဒီနေရာ၏ ဝိညာဉ်စွမ်းအင်သည် နည်းပါးသော်လည်း နတ်အသိစိတ် ကျင့်ကြံခြင်းအပေါ် သက်ရောက်မှု မရှိပေ။
ထို့ကြောင့် လင်းကျင်း စနစ်နေရာလွတ်ထဲသို့ ဝင်ရောက်ရန် မလိုအပ်ဘဲ အိမ်ထဲတွင်ပင် ကျင့်ကြံနိုင်သည်။
ထိုသို့ဖြင့် ညအမှောင် ကျရောက်လာသည်အထိ လင်းကျင်းလည်း ကျင့်ကြံမှုထဲတွင် နစ်မြုပ်နေခဲ့သည်။
သူသည် ပြင်ပအခြေအနေကို လုံးဝ သတိမပြုမိသည့်အလား ကျင့်ကြံခြင်း၌သာ အာရုံစူးစိုက်ထားခဲ့သည်။
သို့သော် ထိုအချိန်တွင် ရုတ်တရက် စနစ်၏ သတိပေးသံ ထွက်ပေါ်လာသည်။
“သတိပေးချက်…. သတိပေးချက်….”
“စောင့်ကြည့်နယ်ပယ်အတွင်းသို့ တစုံတယောက် ဝင်ရောက်လာပါပြီ။”
“ကျေးဇူးပြု၍ ပိုင်ရှင် အမြန်တုံ့ပြန်ပါ။”
တရားထိုင်ကျင့်ကြံနေသော လင်းကျင်းက ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ သူ၏ အာရုံထဲတွင် လူနှစ်ယောက်က ခြံစည်းရိုးကို ကျော်တက်ကာ သူ့ခြံဝင်းအတွင်း ဝင်ရောက်လာသည်ကို ခံစားမိလိုက်သည်။
ခြံဝင်းတစ်ခုလုံးကို သူ့ရဲ့ စောင့်ကြည့်နယ်ပယ်အတွင်း လွှမ်းခြုံထားခြင်း ဖြစ်သောကြောင့် အပြင်လူတစ်ဦးဦး ခြံထဲ ဝင်ရောက်လာသည်နှင့် စနစ်က သတိပေးသံ ထုတ်ပေးပြီး လင်းကျင်းကို အသိပေးမည် ဖြစ်သည်။
“စနစ်နေရာလွတ်ထဲ ဝင်မယ်...”
လင်းကျင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ စနစ်နေရာထဲသို့ ဝင်ရောက်ကာ လုံခြုံရေး ရယူခြင်း ဖြစ်သည်။
ခြံထဲ ဝင်လာသူနှစ်ဦး၏ ရည်ရွယ်ချက် မည်သို့ပင် ဖြစ်စေ လင်းကျင်း၏ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် ဘယ်သူဖြစ်နေပါစေ သူ ယှဉ်နိုင်မည် မဟုတ်ဟု ထင်သည်။
ထို့ကြောင့် မိမိ၏ လုံခြုံရေးကို အရင်ဆုံး အာမခံရမည်သာ။
ထို့အပြင် ညဉ့်နက်သန်းခေါင်အချိန်၌ အခြားသူ၏ အိမ်ထဲသို့ ခြံစည်းရိုးကျော် ဝင်လာခြင်းက ကောင်းသော ကိစ္စတစ်ခုအတွက် ဖြစ်နိုင်ပါ့မလား။
“စနစ်…ကြည့်ရှု ရှာဖွေစောင့်ကြည့်ရေးကို ဖွင့်လိုက်...”
စနစ်နေရာလွတ်ထဲ ဝင်ရောက်ပြီးနောက် လင်းကျင်းသည် ချက်ချင်း စောင့်ကြည့်ရေးမုဒ်ကို ဖွင့်လိုက်သည်။
ထိုအချိန်၌ သူ့အိမ်ထဲသို့ ရုတ်တရက် ဝင်လာသူများမှာ မည်သူများ ဖြစ်သည်ကို သိချင်နေသည်။
လင်ကျင်း စနစ်နေရာထဲ ဝင်သွားသည့် အခိုက်အတန့်မှာပင် ခြံထဲရှိ လူနှစ်ဦးလည်း အံ့ဩသွားကာ နေရာတွင် ရပ်တန့်သွားကြသည်။
ကျန်းလင်က အရင်ဆုံး ပြောလိုက်သည်။
“အစ်ကိုကြီး၊ ဘာဖြစ်တာလဲ...”
“ခုနကထိ သူ့ရဲ့ ရှိနေမှုကို ခံစားမိသေးတယ်… ဘယ်လိုလုပ်ပြီး ရုတ်တရက် ပျောက်သွားတာလဲ... ငါ အာရုံမှားသွားတာ များလား...”
“ငါတို့ တစ်နေ့လုံး စောင့်ကြည့်ထားတာပဲ... သူ အိမ်က လုံးဝ မထွက်သွားဘူး...”
ကျန်းစန်က အိမ်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
အိမ်ထဲတွင် မီးရောင် မရှိဘဲ မှောင်မည်းနေသည်။
ခုနလေးတင် ကျန်းလင်ကဲ့သို့ သူလည်း လင်းကျင်း၏ ရှိနေမှု ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားခဲ့ရသည်။
ထို့နောက် ရှေ့တက်ရန် ပြင်နေသော ကျန်းလင်ကို လက်ဖြင့် တားလိုက်ပြီး အသံတိုးတိုးဖြင့် ပြောသည်။
“သတိထား… တစ်ခုခု မှားနေတယ်...”
စောင့်ကြည့်ရေးမုဒ်အောက်တွင်....
(ဘာသာပြန်သူမှတ်ချက်။ လွယ်ကူအောင် ရှာဖွေစောင့်ကြည့်ရေး အား စောင့်ကြည့်ရေးမုဒ် လို့ ပြောင်းရေးသွားပါ့မယ်။)
ထိုနှစ်ဦးက ကိုယ်ဖျောက်ရန် အခြေခံနည်းလမ်းအချို့ သုံးထားသော်လည်း လင်းကျင်းက သူတို့၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဆဲပင်။
“လက်စသတ်တော့ ဒီနှစ်ယောက် ဖြစ်နေတာကိုး...သူတို့ ဘာလုပ်ဖို့ ရောက်လာတာလဲ…”
လင်းကျင်း၏ မျက်ခုံးများ ချက်ချင်း ကြုတ်သွားကာ သူ၏ ရင်ထဲ ဒေါသထွက်လာခဲ့သည်။ သူတို့ကို ဘယ်တုန်းကမှ ရန်မရှာခဲ့ဖူးပေ။ ထို့အပြင် ယခင်ကလည်း သူတို့၏ အကြွေးကိစ္စကို ကူညီပေးခဲ့သေးသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က သူ့အိမ်ထဲသို့ ခိုးဝင်လာကြသည်။
လူတယောက်ကို အလွန်အကျွံ ယုံကြည်လို့ မရဘူးဆိုတာ အမှန်ပင် ဖြစ်သည်။
လင်းကျင်းသည် ထိုနှစ်ဦးကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း စဉ်းစားနေသည်။
သူ့လက်ထဲတွင် မိုးကြိုးငါးသွယ်အဆောင်တစ်ခု ကျန်သေးသည်။ သို့သော် တစ်ပြိုင်နက် လူနှစ်ယောက်ကို ရင်ဆိုင်ရမည်ဆိုလျှင် အောင်မြင်မည်ဟု အာမမခံနိုင်ပေ။
လင်းကျင်း ရုတ်တရက် ပျောက်ကွယ်သွားမှုကြောင့် ထိုနှစ်ဦးသည် ယခုအခါ အလွန် သတိထားနေကြသည်။
အချိန်မရွေး တုံ့ပြန်နိုင်ရန် အာရုံစူးစိုက်ထားခဲ့ကြသည်။
ယခုအချိန်၌ သူတို့က ပို၍ သတိကြီးစွာ ထားထားသဖြင့် လင်ကျင်းသာ ရုတ်တရက် ပေါ်လာခဲ့လျှင် မိုးကြိုးငါးသွယ်အဆောင်ကို ပစ်လွှတ်လိုက်လျှင်လည်း အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိမည် မဟုတ်ပေ။
‘ထပ်ပြီး သတ်မှတ်နေရာ ရွှေ့ပြောင်းခြင်းကို သုံးရတော့မှာလား…’