အခန်း (၃၂) - နှစ်သစ်ကူး ပွဲတော်
လူအားလုံး စားပွဲဝိုင်းတွင် ထိုင်ကာ စားရင်းသောက်ရင်း စကားစမြည် ပြောဆိုနေကြသည်။
နင်ယွဲ့၏ ဟင်းချက်လက်ရာမှာ ယခင်နှင့် နှိုင်းယှဉ်လျှင် အတော်တိုးတက်လာခဲ့ပေသည်။
ယနေ့ ဟင်းပွဲများကို မြည်းစမ်းပြီးနောက် လော့လော့က အဆက်မပြတ် ချီးကျူးနေခဲ့ပြီး ဝေကျန့်ချင်းပင် ခေါင်းညိတ်ကာ လော့လော့ရဲ့ အမြင်ကို ထောက်ခံခဲ့သည်။
ဒီ့အတွက် နင်ယွဲ့မှာ အနည်းငယ် ရှက်ရွံ့သွားပြီး အားလုံးကို လင်းကျင်း၏ ကျေးဇူးကြောင့်ဟုသာ အမြဲ ပြောနေခဲ့သည်။
စားပွဲဝိုင်းပေါ်တွင် နင်ယွဲ့က ဝေကျန့်ချင်းရဲ့ လတ်တလော အခြေအနေများကို မေးမြန်းလိုက်ပြီး ဝေကျန့်ချင်းကလည်း အချိန်အတော်ကြာအောင် ပြောပြနေခဲ့သည်။
ထိုအခါမှသာ လင်းကျင်းလည်း ဝေကျန့်ချင်းက မှောင်ခိုဈေးကွက်သို့ မကြာခဏ သွားလေ့ရှိကြောင်းကို သိလိုက်ရသည်။ လင်းကျင်း၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားတော့ပေသည်။
“အစ်ကိုဝေ၊ ကျွန်တော် မတော်တဆ မှောင်ခိုဈေးကွက် ဝင်ခွင့်တံဆိပ် တစ်ခု ရလာခဲ့တယ်။ ဒါပေမဲ့ အစစ်လား အတုလား မသေချာဘူး။ အစ်ကို တချက်လောက် ကြည့်ပေးနိုင်မလား...”
ထိုသို့ ပြောရင်း လင်းကျင်းက သိုလှောင်အိတ်ထဲမှ မှောင်ခိုဈေးကွက် ဝင်ခွင့်တံဆိပ်ကို ထုတ်ယူကာ ဝေကျန့်ချင်းထံ ပေးလိုက်သည်။
ဝေကျန့်ချင်းက ဝင်ခွင့်တံဆိပ်ကို လက်ခံယူပြီး သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။ ခဏအကြာ စစ်ဆေးပြီးသွားသောအခါ သူက ဝင်ခွင့်တံဆိပ်ကို လင်းကျင်းထံ ပြန်ပေးလိုက်သည်။
ထိုဝင်ခွင့်တံဆိပ်ကို မည်သည့်နေရာမှ ရရှိခဲ့သည်ကိုလည်း မမေးခဲ့ပေ။ ထို့နောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒီဝင်ခွင့်တံဆိပ်က အစစ်ပဲ...”
ထို့နောက် ဝေကျန့်ချင်းက ထပ်မံ မေးလိုက်သည်။
“ညီလေး လင်း၊ မင်း မှောင်ခိုဈေးကွက်ကို တစ်ခါမှ မသွားဖူးဘူးလား...”
လင်းကျင်းက ခေါင်းညိတ်၍ ပြန်ဖြေသည်။
“ဟုတ်တယ်။ ဒီဝင်ခွင့်တံဆိပ်ကို မတော်တဆ ရလာတာ။ မှောင်ခိုဈေးကွက်က ဘယ်လိုပုံစံမျိုးလဲဆိုတာတောင် မသိဘူး...”
“မှောင်ခိုဈေးကွက်က... ကျင့်ကြံသူစျေးနဲ့ မတူဘူး။ အဲဒီမှာ လူမျိုးပေါင်းစုံ ရှိတယ်။ ကောင်းတဲ့ပစ္စည်းရော မကောင်းတဲ့ပစ္စည်းရော အကုန် ရောင်းဝယ်ကြတယ်...”
“ဒါပေမဲ့ အဓိကအားဖြင့်တော့ အလင်းရောင်အောက်ကို ထုတ်မပြနိုင်တဲ့ ပစ္စည်းတွေကို ရောင်းဝယ်ကြတာ များတယ်...”
(ဘာသာပြန်သူ မှတ်ချက်။ အလင်းရောင်အောက် ထုတ်မပြနိုင်တဲ့ ပစ္စည်း ဆိုတာက လူအများရှေ့မှာ ထုတ်မပြဘဲ သီးသန့်ရောင်းဝယ်လုပ်ကြတဲ့ ပစ္စည်းမျိုးပါ၊ တန်ဖိုးကြီးလွန်းခြင်း၊ လျို့ဝှက်ခြင်း၊ လူအများ လောဘတကြီး လုယက်ခြင်း ပစ်မှတ်ထား ခံရနိုင်သည့် ပစ္စည်းမျိုးပါ၊ နောက်ပိုင်းအခန်းတွေမှာ သီးသန့်လျို့ဝှက်အခန်းမှာ ရောင်းဝယ်တာမျိုး ပါပါလိမ့်မယ်။)
“ဒါကြောင့်လည်း ပိုပြီး လျှို့ဝှက်တယ်။ သာမန်လူတွေက ဝင်ခွင့်တံဆိပ် ရှိရုံနဲ့တင် ဝင်လို့ မရဘူး...”
“ဒါဆို ဘယ်လို ဝင်ရတာလဲ...” ဟု လင်းကျင်းက မေးလိုက်သည်။
ဝေကျန့်ချင်းက ရှင်းပြသည်။ “မှောင်ခိုဈေးကွက်ထဲ ဝင်ဖို့ဆို ဝင်ခွင့်တံဆိပ် တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ လမ်းပြပေးမယ့် လူတစ်ယောက်လည်း လိုတယ်။ မဟုတ်ရင် ဝင်ပေါက် ဘယ်မှာ ရှိတယ်ဆိုတာတောင် ရှာတွေ့မှာ မဟုတ်ဘူး...”
ထိုသို့ ပြောပြီးနောက် ဝေကျန့်ချင်းက လင်းကျင်းကို ကြည့်ကာ မေးလိုက်သည်။
“မင်း မှောင်ခိုဈေးကွက်ထဲ ဝင်ချင်နေတာလား...”
“ဟုတ်တယ်...” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
“မှော်ပစ္စည်းတွေနဲ့ ကျင့်ကြံရေးကျမ်းတွေ ဝယ်ချင်လို့ပါ။ နေရာတော်တော်များများ လိုက်ရှာကြည့်ပြီးပြီ။ ဒါပေမဲ့ စိတ်ကျေနပ်စရာ မတွေ့ဘူးသေးလို့။”
“အဲဒါကြောင့် မှောင်ခိုဈေးကွက်မှာ သွားကြည့်ဖို့ စဉ်းစားမိတာ...”
အမှန်တော့ ထိုအကြောင်းပြချက်မှာ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ လင်းကျင်းသည် သူကိုယ်တိုင်ဖော်စပ်ထားသော ဆေးလုံးများကို မှောင်ခိုဈေးကွက်မှတစ်ဆင့် ရောင်းချလိုခြင်းပင်။
ဝေကျန့်ချင်း ပြောခဲ့သည့်အတိုင်း မှောင်ခိုဈေးကွက်သည် အလင်းရောင်အောက်သို့ ထုတ်ဖော်မပြနိုင်သော ပစ္စည်းများကို အဓိက ရောင်းဝယ်သည့် နေရာဖြစ်ပြီး လျှို့ဝှက်ချက် ထိန်းသိမ်းမှုမှာလည်း အလွန်တင်းကျပ်သည်။
ယင်းသည် လက်ရှိ လင်းကျင်း၏ အခြေအနေနှင့် အလွန်ကိုက်ညီနေပေသည်။ အထူးသဖြင့် အနက်ရောင်ဝတ်လူ၏ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ပြီးနောက် လင်းကျင်း ပို၍ သတိကြီးလာခဲ့သည်။
ဆေးလုံးများ ပိုမိုရောင်းချလေ၊ ထိုကဲ့သို့သော အန္တရာယ်များ၏ ပစ်မှတ်ဖြစ်လာနိုင်ခြေ ပိုများလေ ဖြစ်သည်။ သို့သော် သူသည် ဆေးလုံးရောင်းချခြင်းကို ရပ်တန့်လိုက်၍လည်း မဖြစ်ပေ။
ထို့ကြောင့် ဆေးလုံးများကို လုံခြုံစွာ ရောင်းချနိုင်မည့် နည်းလမ်းတစ်ခု ရှာဖွေရန်မှာ အလွန်အရေးကြီးလှသည်။
ဝေကျန့်ချင်းက ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။
“တကယ်တော့ မှောင်ခိုစျေးကွက်ထဲမှာ မှော်ပစ္စည်းတွေရော ကျင့်ကြံရေးကျမ်းတွေရော အမျိုးမျိုး ရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် တချို့ပစ္စည်းတွေဆို အပြင်ဘက်ထက်တောင် စျေးသက်သာသေးတယ်။”
“ဒါပေမဲ့ အဲဒီကျင့်စဉ်တွေကို မကျင့်တာ ပိုကောင်းတယ်။ အင်အားကြီးအဖွဲ့အစည်းတချို့ကို မတော်တဆ ရန်စမိဖို့ အရမ်း လွယ်လွန်းတယ်...”
ချက်ချင်းပင် လင်းကျင်း သဘောပေါက်သွားသည်။ ထိုကျင့်စဉ်များမှာ မျိုးနွယ်စုကြီးများနှင့် ဂိုဏ်းအသီးသီးမှ ပျံ့နှံ့လာသော ကျင့်စဉ်များ ဖြစ်ရပေမည်။
“မင်း တကယ်ပဲ မှောင်ခိုဈေးကွက်ကို သွားချင်တာ သေချာရဲ့လား...” ဝေကျန့်ချင်းက ထပ်မံ အတည်ပြုသလို မေးလိုက်သည်။
“တကယ် သွားချင်တယ်ဆိုရင်တော့ ငါ မင်းကို ခေါ်သွားပေးနိုင်တယ်...”
လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
“ဒါဆို အဲဒီအချိန်ရောက်ရင် အစ်ကိုဝေကို အားကိုးရတော့မယ်...”
“ကောင်းပြီ... ဒီရက်ပိုင်းလေး ပြီးရင် ငါ မင်းကို ခေါ်သွားပြီး ကြည့်ခိုင်းမယ်...” ဟု ဝေကျန့်ချင်းက ကတိပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုဝေ...”
“မလိုပါဘူး...” ဝေကျန့်ချင်းက ပြန်ဖြေလိုက်သည်။
ထို့နောက် လူတိုင်း စကားဆက်ပြောနေကြသည်။ နင်ယွဲ့လည်း ဝိညာဉ်အရက် တစ်အိုးကိုပင် ထုတ်ယူလာကာ သူတို့နှစ်ယောက်အတွက် ငှဲ့ပေးလိုက်သည်။
အရက်ခွက်များ တစ်ခွက်ပြီးတစ်ခွက် သောက်လာကြရင်း ဝေကျန့်ချင်းသည် ယခင်ကလို တိတ်ဆိတ်မနေတော့ဘဲ နင်ယွဲ့နှင့် စကားများစွာ ပြောလာခဲ့သည်။
လင်းကျင်းကတော့ ဘေးတွင် တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေခဲ့သည်။
တစ်ဖက်တွင် လော့လော့ကတော့ စားကောင်းသောက်ဖွယ်များကို အားရပါးရ စားသောက်နေလေသည်။
ခဏကြာ နားထောင်ပြီးနောက် လင်းကျင်းလည်း အကြောင်းအချို့ကို သိလာခဲ့သည်။ မူလက နင်ယွဲ့၊ လော့လော့ရဲ့ ဖခင်၊ ဝေကျန့်ချင်းတို့ သုံးယောက် တစ်နေရာတည်းမှ အတူတူလာခဲ့ကြခြင်း ဖြစ်သည်။
အစကတည်းက သူတို့သည် နန်ရှန်ဈေးသို့ အတူတကွ ရောက်ရှိလာခဲ့ကြတာမို့ အလွန်ရင်းနှီးကြသည်မှာ အံ့ဩစရာ မရှိတော့ပေ။
“တကယ်ပဲ ပြန်မသွားဖို့ ဆုံးဖြတ်ထားတာလား...” ဝေ့ကျန့်ချင်းက နင်ယွဲ့ကို မေးလိုက်သည်။
“မသိဘူး... သူတို့ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာတောင် မသိဘူး...” ဟု နင်ယွဲ့က ပြန်ဖြေလိုက်သည်။
သူမ၏ မျက်ခုံးများ တင်းကြပ်တွန့်ချိုးနေပြီး မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။
လင်းကျင်းကတော့ ဘာမှ မပြောဘဲ သူတို့နှစ်ယောက်၏ စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ သူ သတိထားမိသည်မှာ နင်ယွဲ့သည် အခက်အခဲတစ်ခုကြားတွင် ပိတ်မိနေသည့်ပုံပင်။
ဝေကျန့်ချင်း၏ မျက်ခုံးများလည်း တွန့်သွားပြီး ပြောလိုက်သည်။
“ဒါပေမဲ့ ဒီလိုပဲ ဆက်သွားနေလို့တော့ မရဘူး... လော့လော့ကိုရော ဘယ်လိုလုပ်မလဲ... မင်းက သူ့ကို တစ်သက်လုံး စောင့်ရှောက်ပေးနိုင်မှာမှ မဟုတ်တာ...”
ဝေကျန့်ချင်းက ထိုအထိ ပြောပြီးနောက် နင်ယွဲ့ကို စိုက်ကြည့်လိုက်ကာ ဆက်ပြောသည်။
“အစ်ကိုစုက ဆုံးပါးသွားပြီ။ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။ ဒီမှာပဲ ဆက်နေခြင်းကလည်း အဖြေတစ်ခု မဟုတ်သေးဘူး။ ကိုယ့်အတွက် မစဉ်းစားရင်တောင် လော့လော့အတွက်တော့ စဉ်းစားပေးသင့်တယ်...”
လော့လော့၏ နာမည်အပြည့်အစုံမှာ စုရှင်းလော့ဖြစ်ပြီး ဝေကျန့်ချင်း ပြောနေသော အစ်ကိုစု၏ သမီးအရင်း ဖြစ်ပေသည်။ နင်ယွဲ့ ဆက်လက် တိတ်ဆိတ်နေဆဲပင်။
မျိုးနွယ်စုထံ ပြန်သွားခြင်းက လော့လော့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း သူမကောင်းကောင်း သိသည်။ သို့သော် ထိုစဉ်က အိမ်မှ ခိုးထွက်လာခဲ့ချိန်တွင် သူမ၏ မိဘများကို များစွာ ဒုက္ခပေးခဲ့သည်။
ယခုအခါ မိသားစုကို မည်သို့မျက်နှာချင်းဆိုင် ရင်ဆိုင်ရမည်ကိုပင် သူမ မသိတော့ပေ။
“ဒီမှာပဲ ဆက်နေဖို့ဆိုတာ ရေရှည်အစီအစဉ် မဟုတ်ဘူး။ အထူးသဖြင့် အခု နတ်ဆိုးသားရဲတွေ အဆက်မပြတ် သောင်းကျန်းနေပြီး ကျင့်ကြံသူစျေးတောင် တဖြည်းဖြည်း ပိုပြီး မလုံခြုံလာတော့ဘူး…”
“ငါထင်တာတော့ အစ်ကိုစုသာ အသက်ရှင်နေသေးရင် မင်းတို့ ဒီလို ဖြစ်နေတာကို မြင်ချင်မှာ မဟုတ်ဘူး...”
ဝေကျန့်ချင်းက ပြောပြီးနောက် စားပွဲပေါ်ရှိ အရက်ခွက်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
လင်းကျင်းလည်း တိတ်ဆိတ်သွားသည်။ ယခုအချိန်သည် ဝင်ရောက်ပြောဆိုသင့်သော အချိန် မဟုတ်ကြောင်း သူသိသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လေးလံနေသော အငွေ့အသက်ကို ဖြိုခွဲလိုက်သူမှာ လော့လော့ဖြစ်သည်။
“မေမေ၊ ဦးလေး ဝေ၊ ဦးလေး လင်း...”
“မြန်မြန် စားကြည့်ပါဦး။ မေမေ့ ဟင်းချက်လက်ရာက အများကြီး တိုးတက်လာပြီ။ အခုဆို ဦးလေး လင်းရဲ့ တစ်ဝက်လောက်တောင် ကောင်းနေပြီ...”
“အစ်ကို ဝေ့၊ တာအိုရောင်းရင်း နင် ...”
လင်းကျင်းက သတိပေးသလို ပြောလိုက်သည်။
“ကောင်းပြီ... စားကြတာပေါ့...”
နင်ယွဲ့က စိတ်ကို ခေတ္တ ထိန်းချုပ်လိုက်သည်။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် ဝေကျန့်ချင်းက ပြောလာသည်။
“ဆက်နေမလား၊ ပြန်သွားမလား ဆိုတာ မင်းကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စပဲ... ဒါပေမဲ့ စိတ်မပူနဲ့။”
“မင်း ဒီမှာပဲ ဆက်နေဖို့ ရွေးချယ်ရင်တောင် ငါ အသက်ရှိနေသရွေ့ အစ်ကိုစုရဲ့ ယုံကြည်မှုကို သစ္စာဖောက်မှာ မဟုတ်ဘူး။”
“မင်းနဲ့ လော့လော့ကို သေချာပေါက် ကာကွယ်ပေးမယ်...”
ထိုသို့ ပြောပြီးနောက် ဝေ့ကျန့်ချင်းသည် အရက်အရှိန် တက်လာသလို ဖြစ်နေသည်။
သူက အရက်ခွက်ကို မြှောက်ကာ လင်းကျင်းဘက်သို့ လှမ်းပြလိုက်သည်။
“ညီလေး လင်း၊ ဒီနေ့တော့ မူးတဲ့အထိ သောက်ကြမယ်။ ဘယ်လိုလဲ...”
“ကောင်းတာပေါ့...”
လင်းကျင်းက အရက်ခွက်ကို မြှောက်လိုက်ပြီး ဝေကျန့်ချင်း၏ ခွက်နှင့် တိုက်ကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။
လင်းကျင်းနှင့် ဝေကျန့်ချင်းတို့ အရက်သောက်ကာ ပျော်ရွှင်နေကြစဉ် သူတို့နှင့် ထောင့်ဖြတ် တစ်ဖက်ရှိ ခြံဝင်းထဲတွင် ကျန်းစန် နှင့် ကျန်းလင် ညီအစ်ကိုနှစ်ယောက်က အမှောင်ထု ဖုံးလွှမ်းနေသော အခန်းတစ်ခန်းထဲတွင် ရှိနေကြသည်။
အခန်းထဲတွင် ဆီမီးအိမ်၏ အလင်းရောင်ပင် မရှိပေ။
တစ်ခန်းလုံး မှောင်မိုက်နေပြီး တစ်ဖက်ခြံရှိ တောက်ပသော မီးရောင်များနှင့် ပြတ်သားစွာ ဆန့်ကျင်နေသည်။
“အဟွပ်… အဟွပ်… အဟွပ်...”
ကျန်းစန်သည် အခန်းထဲတွင် ချောင်းမရပ်မနား ဆိုးနေ၏။
“အစ်ကိုကြီး၊ အဆင်ပြေရဲ့လား...”
ကျန်းလင်က အလျင်အမြန် ကျန်းစန်အနားသို့ ရောက်လာပြီး သူ့ကျောကို အသာအယာ ပွတ်ပေးကာ သက်သာစေရန် ကြိုးစားလိုက်သည်။
“ငါ အဆင်ပြေတယ်...”
ကျန်းစန်က လက်မြှောက်ကာ ပွတ်ပေးခြင်းကို ရပ်ရန် အချက်ပြလိုက်သည်။
“ချန်ကျင်းဖန်က လူတွေက အရမ်း ရက်စက်လွန်းတယ်။ အစ်ကို့ကို ဒီလောက်ထိ ဒဏ်ရာရအောင်ကို ရိုက်နှက်ခဲ့တယ်...”
ကျန်းလင်က မကျေနပ်မှုဖြင့် ပြောလိုက်သည်။
“မတတ်နိုင်ဘူးလေ။ သူတို့က ချန်ကျင်းဖန်က လူတွေ။ သူတို့နောက်ကွယ်မှာက အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ရှိနေတာ။ ငါတို့ ရန်မစနိုင်ဘူး...”
ထို့နောက် ကျန်းစန်က ဆက်ပြောသည်။
“ဒီရက်ပိုင်း ငါ စဉ်းစားနေခဲ့တာ... ငါတို့ လှည့်စားခံခဲ့ရတာ ဖြစ်နိုင်တယ်... ဒီကိစ္စတစ်ခုလုံးက ချန်ကျင်းဖန် ချထားတဲ့ ထောင်ချောက် ဖြစ်နိုင်တယ်။”
“အစမှာ ငါတို့ကို လောင်းကစားဝိုင်းထဲ ဝင်လာအောင် ဆွဲဆောင်တယ်... အနိုင်ပေးတယ်... ပြီးတော့ တဖြည်းဖြည်း ပိုနက်တဲ့အထိ ရောက်သွားအောင် လုပ်တယ်...”
“နောက်ဆုံးမှာတော့ အကုန်လုံး ဆုံးရှုံးပြီး မွဲသွားတဲ့အထိပေါ့...”
ဒဏ်ရာများကို ထိခိုက်သွားသလို ဖြစ်၍ ကျန်းစန်သည် သွားကြိတ်ကာ မျက်ခုံးတွန့်လိုက်ပြီး ပြောသည်။
“ဒါပေမဲ့ အခု သိသွားတော့ရော ဘာထူးမှာလဲ... ငါတို့က ချန်ကျင်းဖန်ကို ဝိညာဉ်ကျောက်တုံး ရာနဲ့ချီပြီး အကြွေးတင်နေသေးတယ်... အဲဒီအကြွေးကို မဆပ်မချင်း သူတို့က ငါတို့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး...”