အခန်း (၃၁) - နှိုင်းယှဉ်လို့ မရသော အလှ
ညနေစောင်းချိန်တွင် သူတို့နှစ်ယောက် ပြန်သွားခဲ့ကြသည်။
လင်းကျင်းကတော့ စနစ်နေရာလွတ်ထဲသို့ ထပ်မံဝင်ရောက်ကာ တစ်ညနေလုံး အလုပ်များနေခဲ့ပြီး နောက်ဆုံးတွင် ဝိညာဉ်လယ်မြေ အားလုံးကို ဝိညာဉ်ဆေးပင်များဖြင့် ပြည့်စုံအောင် စိုက်ပျိုးနိုင်ခဲ့သည်။
ဒီဝိညာဉ်ဆေးပင်များသည် ဝိညာဉ်စပါးကဲ့သို့ မဟုတ်ဘဲ ရင့်မှည့်ရန် နှစ်ဝက်ခန့် ကြာမြင့်မည် ဖြစ်သော်လည်း ကြီးထွားနှုန်းမှာ အတော်လေး မြန်ဆန်ပေသည်။
ဝိညာဉ်ဆေးပင်များ၏ သက်တမ်း ပိုကြာလေ၊ ၎င်းတို့ဖြင့် ဖော်စပ်သည့် ဆေးလုံးများ၏ အာနိသင် ပိုကောင်းလေ ဖြစ်သည်။
အထူးသဖြင့် စွမ်းအင်စုဆောင်းဆေးလုံး၏ အဓိကကုန်ကြမ်းဖြစ်သော သုံးရွက်ဝိညာဉ်မြက်သည် သက်တမ်းပိုရင့်လေ၊ အရည်အသွေးမြင့် စွမ်းအင်စုဆောင်းဆေးလုံးများကို ဖော်စပ်ရန် ပိုမိုလွယ်ကူလေ ဖြစ်ပေသည်။
ဝိညာဉ်စွမ်းအင်သာ လုံလောက်စွာ ရရှိပါက သုံးရွက်ဝိညာဉ်မြက်သည် နောက်တစ်ဆင့် ထပ်မံ ဆင့်ကဲပြောင်းလဲနိုင်ပြီး ငါးရွက်ဝိညာဉ်မြက်အဖြစ် ပြောင်းလဲသွားနိုင်ပေသေးသည်။
ငါးရွက်ဝိညာဉ်မြက်မှာ ထူးကဲလှသော ဝိညာဉ်ဆေးပင်တစ်မျိုး ဖြစ်သလို ဒုတိယအဆင့် ဆေးလုံး ဖြစ်သော ယွမ်ချီစုဆောင်းဆေးလုံးကို ဖော်စပ်ရာတွင် အဓိက ကုန်ကြမ်းလဲ ဖြစ်၏။
ယခုကတည်းက ကြိုတင်စိုက်ပျိုးထားခြင်းဖြင့် နောင်တစ်ချိန် စနစ်နေရာလွတ် အဆင့်တက်သည့်အခါ ဝိညာဉ်စွမ်းအင် သိပ်သည်းဆ ထပ်မံ မြင့်တက်လာတာနဲ့အမျှ၊ ဒီသုံးရွက်ဝိညာဉ်မြက်များသည် ငါးရွက်ဝိညာဉ်မြက်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်ခြေမှာ အလွန်မြင့်မားနေပေသည်။
ထိုအချိန်ရောက်လျှင် လင်းကျင်း၏ ဆေးဖော်စပ်ပညာ သည်လည်း ဒုတိယအဆင့်သို့ ရောက်ရှိနေလောက်ပြီးဖြစ်သည်။
ထိုငါးရွက်ဝိညာဉ်မြက်များသာ ရှိနေပါက သူသည် ယွမ်ချီစုဆောင်းဆေးလုံးများကို တိုက်ရိုက်စတင်ဖော်စပ်နိုင်ပေမည်။
ဒါပေါ့၊ ထိုအချိန်ထိ ငါးရွက်ဝိညာဉ်မြက်အဖြစ် မပြောင်းလဲသေးလျှင်တောင် ပြဿနာမရှိပေ။
ဒီသုံးရွက်ဝိညာဉ်မြက်များ အသုံးပြုကာ စွမ်းအင်စုဆောင်းဆေးလုံးများကို ဆက်လက်ဖော်စပ်ပြီး ရောင်းချခြင်းဖြင့် ဝိညာဉ်ကျောက်တုံးများ အမြောက်အမြား ရရှိနိုင်သေးပေသည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မကြာမီ နှစ်သစ်ကူးအကြိုညသို့ ရောက်ရှိလာခဲ့တော့သည်။
နေ့လယ်ကျော်ခါစတွင် လင်းကျင်းလည်း အိမ်မှ ထွက်လာခဲ့သည်။ နတ်ဆိုးသားရဲများ၏ အန္တရာယ်များ ရှိနေသေးသော်လည်း ကျင့်ကြံသူစျေး အတွင်းတွင် နှစ်သစ်ကူး အငွေ့အသက်များ ပြည့်နှက်နေဆဲ ဖြစ်သည်။
လမ်းမများပေါ်တွင် လူများဖြင့် စည်ကားလျက်ရှိပြီး ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများက တစ်သံပြီးတစ်သံ ပေါ်ထွက်နေသည်။ လူတိုင်းလိုလိုလည်း သပ်ရပ်စွာ ဝတ်စားထားကြပြီး မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေကြ၏။
နတ်ဆိုးသားရဲ အုံကြွမှု တစ်ခါမှ မဖြစ်ခဲ့သကဲ့သို့ပင်။
ဒီအရာကား ကျင့်ကြံသူဈေး အတွင်းပိုင်းနှင့် အပြင်စွန်အဖျားဒေသများကြားရှိ ကွာခြားချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
လင်းကျင်းသည် လက်ဆောင်အချို့ ဝယ်ယူပြီးနောက် ယွဲ့ပေါင်လောသို့ ဦးတည်သွားခဲ့သည်။
နှစ်သစ်ကူးတော့မည်ဖြစ်သဖြင့် သူ့အပေါ်ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည့်အပြင် အတိတ်ကာလများတွင်လည်း ကူညီပေးခဲ့ဖူးသော အကြီးအကဲယွီထံ သွားရောက်ဂါရဝပြုရန်ပင်။
ထို့အပြင် မှောင်ခိုဈေးကွက် ဝင်ခွင့်တံဆိပ်နှင့် ပတ်သက်၍လည်း အကြီးအကဲ ယွီကို မေးမြန်းလိုသေးသည်။
လင်းကျင်း၏ အမြင်အရ အကြီးအကဲ ယွီသည် ထိုဝင်ခွင့်တံဆိပ်၏ အသုံးပြုပုံကို သိရှိထားမည်မှာ အသေအချာပင်။
ယွဲ့ပေါင်လောသို့ ရောက်သောအခါ အကြီးအကဲ ယွီကို မတွေ့ရပေ။
စုံစမ်းမေးမြန်းကြည့်ရာ အကြီးအကဲ ယွီသည် နန်ရှန်ဈေးမြို့မှ အချိန်အကြာကြီးကတည်းက ထွက်ခွာသွားခဲ့ပြီး နှစ်သစ်ကူးပြီးမှသာ ပြန်လာမည်ဟု သိလိုက်ရသည်။
လင်းကျင်းလည်း ရွေးချယ်စရာ မရှိသဖြင့် ပြန်လှည့်လာခဲ့ရကာ လမ်းတစ်လျှောက် လှည့်လည်သွားလာပြီးနောက် လော့လော့အတွက် သီးသန့်လက်ဆောင်တစ်ခု ပြင်ဆင်ဝယ်ယူခဲ့သည်။
ထို့နောက် ဟင်းချက်စရာ ပစ္စည်းအချို့ ဝယ်ပြီး အိမ်သို့ ပြန်လာခဲ့ရာ အိမ်နှင့် မလှမ်းမကမ်းအရောက်တွင် ကျန်းစန်နှင့် ကျန်းလင် ညီအစ်ကိုနှစ်ယောက်ကို တွေ့လိုက်ရသည်။
ယခင်ဖြစ်ရပ်ကြောင့်လား မသိ၊ ယခုတစ်ကြိမ်တွင် ကျန်းစန်က ပုံမှန်လို ရှေ့တိုးလာပြီး နှုတ်ဆက်ခြင်းပင် မပြုတော့ချေ။
သူတို့နှစ်ယောက်၏ ဝတ်စားဆင်ယင်ပုံမှာ အတော်လေး ဖရိုဖရဲ ဖြစ်နေပြီး ခေါင်းငုံ့လျက် အလျင်အမြန် လျှောက်သွားကြသည်။
ပိုနီးလာသောအခါ သူတို့၏ မျက်နှာအရောင်မှာ အနည်းငယ် ဖြူဖျော့နေကြောင်း လင်းကျင်း သတိထားမိလိုက်သည်။
ဒဏ်ရာရထားကြသည့်ပုံပင်။
‘ကြည့်ရတာ ချန်ကျင်းဖန်က အကြွေးလိုက်တောင်းနေတာနဲ့ တူတယ်...’ လင်းကျင်းက စိတ်ထဲတွင် တွေးလိုက်သည်။
(ချန်ကျင်းဖန် = လောင်းကစားရုံ နာမည်ပါ)
ထိုသို့ သံသယဝင်ရခြင်းမှာ သူတို့သည် ချန်ကျင်းဖန်တွင် လောင်းကစားအကြွေး အတော်များများ တင်နေခဲ့ပြီး ယခုအခါ အကြွေးဆပ်ရန် ဖိအားပေးခံနေရကြောင်း နင်ယွဲ့က ရက်အနည်းငယ်ခန့်က ပြောခဲ့ဖူးသောကြောင့်ပင်ဖြစ်သည်။
သူတို့၏ လက်ရှိအခြေအနေမှာ သနားစရာကောင်းနေသော်လည်း ဒီလို အခြေအနေဆိုးထဲ ရောက်နေသည့်တိုင် လောင်းကစားကို မဖြတ်နိုင်ကြသေးသောကြောင့် လင်းကျင်းကတော့ စာနာစိတ် အနည်းငယ်မျှပင် မဖြစ်မိပေ။
ဒါတွေဟာ သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းကြောင်း၏ အကျိုးဆက်များသာ ဖြစ်ပေသည်။
လင်းကျင်းလည်း မိမိ၏ ခြံဝင်းထဲသို့ မပြန်သေးဘဲ နင်ယွဲ့၏ အိမ်ရှေ့သို့ တိုက်ရိုက် သွားလိုက်သည်။
“ခေါက်... ခေါက်... ခေါက်...” လင်းကျင်းက ခြံတံခါးကို ခေါက်လိုက်သည်။
ထို့နောက် ခြံဝင်းအတွင်းမှ လော့လော့၏ အသံ ထွက်ပေါ်လာသည်။
“ဦးလေး လင်း လား...”
“ဟုတ်တယ် လော့လော့၊ တံခါးဖွင့်ပေးဦး...” လင်းကျင်းက အော်ပြောလိုက်သည်။
မကြာမီ တံခါးပွင့်လာပြီး ဖွင့်ပေးသူမှာ လော့လော့ ဖြစ်ပြီး သူမ၏ နောက်တွင်တော့ ဝေကျန့်ချင်း ရပ်နေသည်။
“အစ်ကို ဝေ...” လင်းကျင်းက လက်ဟန်ပြုကာ ရိုသေစွာနှုတ်ဆက်လိုက်သည်။
ဝေကျန့်ချင်းက ခေါင်းညိတ်ကာ လက်ဟန်ပြန်ပြုပြီး ရိုသေစွာ ပြန်နှုတ်ဆက်လေသည်။
“ညီလေး လင်း...”
လော့လော့ကတော့ ချက်ချင်း ပြေးလာပြီး လင်းကျင်း၏ လက်ကို ဆွဲကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
“ဦးလေး လင်း၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့...”
“အင်း...” လင်းကျင်းက ပြုံး၍ လော့လော့ရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
ထို့နောက် ကျန်လက်တစ်ဖက်ထဲတွင် ကိုင်ထားသော အရုပ်ကို သူမထံ ပေးလိုက်သည်။
“လော့လော့၊ ရော့... ဒါ သမီးအတွက် လက်ဆောင်…”
“ကျေးဇူးတင်ပါတယ်၊ ဦးလေး လင်း…”
လော့လော့က အရုပ်ကို လှမ်းယူလိုက်ပြီး မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများ တောက်ပသွား၏။
“ဦးလေး လင်း၊ ဝင်ခဲ့ပါဦး... ဒါ သမီးတို့အိမ်ကို ပထမဆုံး လာတာ ဟုတ်တယ်မလား...”
ထိုသို့ ပြောရင်း လော့လော့က လင်းကျင်းကို ခြံဝင်းအတွင်းသို့ ဆွဲခေါ်သွားသည်။
ထိုအချိန်တွင် နင်ယွဲ့လည်း မီးဖိုချောင်ထဲမှ ထွက်လာပြီး လင်းကျင်းကို နှုတ်ဆက်ကာ မီးဖိုချောင်ဆီသို့ ပြန်လှည့်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်ပြီးနောက် လင်းကျင်းလည်း မီးဖိုချောင်ထဲသို့ ဝင်ကာ ကူညီပေးလိုက်သည်။ ဟင်းမချက်တတ်သော ဝေကျန့်ချင်းကတော့ လော့လော့နှင့်သာ ဆော့ကစားနေရပေသည်။
အလုပ်များနေကြသည်မှာ နေ့တစ်ဝက်နီးပါး ကြာမြင့်သွားခဲ့ကာ အပြင်ဘက်တွင်လည်း အမှောင်ကျလာပြီး အိမ်တိုင်း၌ မီးအိမ်များ ထွန်းညှိထားကြလေပြီ။
အခုအခါ လူအားလုံး စားပွဲဝိုင်းတွင် ထိုင်နေကြပြီး စားပွဲပေါ်၌ အရသာရှိသော ဟင်းပွဲများ အပြည့်အဝ ပြင်ဆင်ထားလေသည်။ ထိုဟင်းပွဲများကို ကြည့်ရင်း လော့လော့၏ ပါးစပ်ထဲမှ သွားရည်ပင် ကျလုနီးပါး ဖြစ်နေ၏။
ထိုအချိန်၌ နင်ယွဲ့က ပြောလိုက်သည်။
“အစ်ကို ကျန့်ချင်း၊ တာအိုရောင်းရင်း လင်း...”
“ခဏလောက် စောင့်ပေးပါဦး။ ကျွန်မ အဝတ်အစားသွားလဲလိုက်ဦးမယ်။...”
ဝေ့ကျန့်ချင်းက ခေါင်းညိတ်လိုက်ပေမယ့် လင်းကျင်းကတော့ အနည်းငယ် နားမလည်သလို ဖြစ်သွားသည်။
ယခုအတိုင်းလည်း ကြည့်ကောင်းနေပြီ ဖြစ်ရာ အဘယ်ကြောင့် အဝတ်အစား ထပ်လဲရမည်နည်း။ သိချင်စိတ် ဖြစ်ပေါ်လာသော်လည်း မေးခွန်းထုတ်မနေဘဲ ခေါင်းညိတ်၍သာ တုံ့ပြန်လိုက်သည်။
ဘယ်လိုဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်နေသဖြင့် မေးမြန်းခြင်းသည် ယဉ်ကျေးမှုမရှိရာ ရောက်ပေလိမ့်မည်။
ထိုအချိန်တွင် လော့လော့က လင်းကျင်းအနားသို့ ကပ်လာပြီး သူ၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။
လင်းကျင်းက ငုံ့ကြည့်လိုက်တော့
“ခဏနေ အရမ်းမအံ့ဩနဲ့နော်...”
လော့လော့က လျှို့ဝှက်ချက်တစ်ခု ပြောသလို တိုးတိုးလေး ပြောလိုက်သည်။
လင်းကျင်း စဉ်းစားနေစဉ်မှာပင် လော့လော့က မျက်စိတစ်ဖက် မှိတ်ပြကာ ဆော့ကစားသလို ပြုံးလိုက်သည်။
ထိုအခါ သူ ရုတ်တရက် သတိရသွားသည်။ လော့လော့သည် အရင်က သူ့အမေမှာ အလွန်လှပကြောင်း ပြောဖူးသည်။
“ဖြစ်နိုင်တာက ...”
ခဏအကြာတွင် အဝတ်အစားလဲပြီး အလှပြင်ထားသော နင်ယွဲ့သည် အခန်းအတွင်းမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
နင်ယွဲ့ကို မြင်လိုက်ရသောအခါ လင်းကျင်းတယောက် နေရာတွင်ပင် မှင်သက်သွားခဲ့ရသည်။
သူမ၏ မျက်ဝန်းများသည် လပြည့်ဝန်းနှစ်စင်းကဲ့သို့ တောက်ပနေပြီး မျက်နှာလေးမှာ ကြည်လင်လှပကာ ဆွဲဆောင်မှုအပြည့်ဖြင့် ပြည့်နှက်နေသည်။
ဖြူစင်သန့်ရှင်းသော အဖြူရောင်ဝတ်စုံရှည်ကလည်း သူမ၏ ကိုယ်ခန္ဓာအချိုးအစားကို အပြည့်အဝ ပေါ်လွင်စေသည်။
အမှန်တကယ်ကို တုနှိုင်းမဲ့ အလှပဂေးတစ်ဦးပင်။
သူ့ဘဝတလျှောက်လုံး နင်ယွဲ့နှင့် ယှဉ်နိုင်မယ့်သူကို လင်းကျင်း မမြင်ဖူးသေးပေ။
“တာအိုရောင်းရင်း.... နင်.….”
လင်းကျင်းက မသေချာသလို ဖြစ်နေသဖြင့် သံသယအနည်းငယ်ဖြင့် ခေါ်လိုက်သည်။
နင်ယွဲ့၏ ပါးပြင်များ အနည်းငယ် နီမြန်းသွားပြီး ခေါင်းညိတ်လိုက်သည်။
“အခြေအနေအမျိုးမျိုးကြောင့် မျက်နှာအစစ်ကို မပြရဲခဲ့ဘဲ တာအိုရောင်းရင်း လင်းကို ဒီလောက်ကြာအောင် ဖုံးကွယ်ထားခဲ့ရတာကို တောင်းပန်ပါတယ်။...”
လင်းကျင်းက သူမကို ခေါင်းမှခြေဖျားအထိ တစ်ချက်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ရပါတယ်...”
“ဒီလိုအချိန်မျိုးမှာ ခင်ဗျားလို ရုပ်ရည်မျိုးနဲ့ဆို မျက်နှာအစစ်ကို မပြတာက ပိုမှန်တယ်။ ခင်ဗျား လုပ်ခဲ့တာ မှန်ပါတယ်...”
လင်းကျင်း၏ စကားများမှာ ရိုးသားစွာ ပြောခြင်းသာ ဖြစ်သည်။
နင်ယွဲ့သာ သူမ၏ ရုပ်ရည်အစစ်ကို မဖုံးကွယ်ထားခဲ့ပါက၊ ချီစုဆောင်းခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံမှု ရှိနေလျှင်ပင်၊ ကျင့်ကြံရေးမီးဖို (လူသားမီးဖို) အဖြစ် ဖမ်းဆီးခံခဲ့ရနိုင်ပေသည်။
ထို့ပြင် နင်ယွဲ့က သူမ၏ ရုပ်ရည်အစစ်ကို လင်းကျင်းရှေ့တွင် ထုတ်ဖော်ပြသခဲ့ခြင်းမှာ လင်းကျင်းက သူမ၏ လျှို့ဝှက်ချက်ကို မည်သည့်အခါမျှ ဖွင့်ဟမည် မဟုတ်ကြောင်း သူ့အပေါ် အပြည့်အဝ ယုံကြည်ကြောင်း ပြသနေသည်။
လင်းကျင်းကလည်း ထိုအချက်ကို သဘာဝကျကျ နားလည်သည်။
သူ့ကို ဒီလောက်ထိ ယုံကြည်နေမှတော့ သူလည်း ထိုလျှို့ဝှက်ချက်ကို သေချာပေါက် ထိန်းသိမ်းပေးမည် ဖြစ်သည်။
“ဦးလေး လင်း၊ ဘယ်လိုလဲ... သမီး ပြောသားပဲ၊ သမီးအမေက အရမ်းလှတယ်ဆိုတာ...
လော့လော့က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ဟင်... သမီး အရင်ကတည်းက ဦးလေး လင်းကို ဒီကိစ္စ ပြောထားပြီးသားလား...”
နင်ယွဲ့က စိတ်ဆိုးဟန်ဆောင်၍ မေးလိုက်သည်။
လော့လော့က ကြောက်သွားပြီး လည်ပင်းလေး ပုသွားကာ လင်းကျင်း၏ နောက်တွင် တိတ်တိတ်လေး ဝင်ပုန်းလိုက်သည်။
“ဟုတ်... ဟုတ်ပါတယ်...”
နင်ယွဲ့က ချက်ချင်း ဆုံးမလိုက်သည်။
“ကံကောင်းလို့ ဦးလေး လင်းက လူကောင်း ဖြစ်နေတာ... တခြားသူသာ ဒီကိစ္စ သိသွားရင် သမီးရော မေမေရော လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး။ နားလည်လား...”
“နောက်တစ်ခါ ဒီလိုမျိုး မလုပ်နဲ့တော့။ ကြားလား...”
မိမိ မှားယွင်းခဲ့ကြောင်း သိထားသော လော့လော့သည် လင်းကျင်း၏ နောက်မှ ဖြည်းဖြည်းချင်း ထွက်လာပြီး အလျင်အမြန် တောင်းပန်လိုက်သည်။
“မေမေ... သမီး မှားသွားပါတယ်... နောက်တစ်ခါ မလုပ်တော့ပါဘူး...”
လော့လော့က အမှားဝန်ခံလိုက်သည်ကို မြင်သောအခါ နင်ယွဲ့၏ အသံလည်း ပျော့ပြောင်းသွားသည်။
“ကောင်းပြီ... ဦးလေး လင်းရဲ့ နောက်မှာ ဆက်မပုန်းနေနဲ့တော့။ လာ ဒီကို...”
“နှစ်သစ်ကူး စားသောက်ပွဲ စလိုက်ကြရအောင်...”