အခန်း (၃၀) - မှောင်ခိုစျေးကွက် ဝင်ခွင့်တံဆိပ်
အိမ်ပြန်ရောက်ပြီးနောက် လင်းကျင်းလည်း အနက်ရောင်ဝတ်လူ၏ သိုလှောင်အိတ်ကို ထုတ်ယူကာ နတ်အသိစိတ်ဖြင့် အတွင်းသို့ စူးစမ်းကြည့်လိုက်သည်။
အိတ်အတွင်းရှိ ပစ္စည်းများမှာ မများလှပေ။ ဝိညာဉ်ကျောက်တုံး ဒါဇင်အနည်းငယ်၊ သာမန်ကျင့်ကြံရေးကျမ်း နှစ်အုပ်၊ အဆင့်နိမ့် အဆောင်အချို့နှင့် မှောင်ခိုဈေးကွက် ဝင်ခွင့်တံဆိပ်တခုသာ ရှိသည်။
ကျင့်ကြံရေးကျမ်းနှစ်အုပ်မှာ နေရာတိုင်းတွင် တွေ့ရလေ့ရှိသည့် အမျိုးအစားများဖြစ်ပြီး၊ တစ်အုပ်မှာ ချင်းမုကျင့်စဉ် ဖြစ်ကာ၊ နောက်တစ်အုပ်မှာ ဓားထိန်းချုပ်နည်း ဖြစ်သည်။ ထိုကျမ်းများကို ယွဲ့ပေါင်လော၏ ပထမထပ်တွင် ဝိညာဉ်ကျောက် ဒါဇင်အနည်းငယ်ဖြင့် ဝယ်ယူနိုင်သဖြင့် တန်ဖိုးကြီးသည့် ပစ္စည်းများဟု မသတ်မှတ်နိုင်ပေ။
လင်းကျင်းကလည်း ထိုကျမ်းများကို ဖတ်ရှုရန် စိတ်မဝင်စားခဲ့ပေ။ သို့သော် မှောင်ခိုဈေးကွက် ဝင်ခွင့်ကတ်ပြားကတော့ သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။
လင်းကျင်းလည်း ထိုဝင်ခွင့်တံဆိပ်ကို သိုလှောင်အိတ်ထဲမှ ထုတ်ယူကာ သေချာစွာ စစ်ဆေးကြည့်ရှုလေသည်။
ဝင်ခွင့်တံဆိပ်တစ်ခုလုံးသည် အနက်ရောင်ဖြစ်ပြီး မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရပေ။ သတ္တုနှင့် ဆင်တူသော်လည်း ထိတွေ့လိုက်လျှင် အေးစက်မှုကို ခံစားရပြီး အလေးချိန်ကတော့ အလွန်ပေါ့ပါးလှသည်။
အစောပိုင်းက အနက်ရောင်ဝတ်လူ၏ အပြုအမူများကို တွေးကြည့်ပါက၊ သည်ဝင်ခွင့်တံဆိပ်မှာ အစစ်အမှန်ဖြစ်နိုင်ခြေ များလှသည်။
လင်းကျင်း လက်ထဲရှိ ဝင်ခွင့်တံဆိပ်ကို ကြည့်ရင်း မေးခွန်းများစွာဖြင့် ပြည့်နှက်နေခဲ့သည်။
‘ဒီဝင်ခွင့်တံဆိပ်ဖြင့် မှောင်ခိုဈေးကွက်ထဲ ဝင်နိုင်တယ်ဆိုပေမဲ့၊ မှောင်ခိုဈေးကွက်ရဲ့ ဝင်ပေါက်က ဘယ်မှာလဲ...?’
ဝင်ခွင့်တံဆိပ် တစ်ခုတည်းကို ကိုင်ထားရုံဖြင့် မည်မျှစစ်ဆေးကာမူ အဖြေမရနိုင်သဖြင့် မကြာမီမှာပင် လင်းကျင်း ပြန်သိမ်းလိုက်သည်။
ထို့နောက် ထိုနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကို ပြန်လည် သတိရမိသည်။
အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မိုးကြိုးငါးသွယ်အဆောင်သည် အမှန်တကယ် အားကောင်းလှသည်ဟု ဆိုရမည်။ မိုးကြိုးများ လွှမ်းခြုံကျဆင်းလာချိန်တွင် အနက်ရောင်ဝတ်လူသည် မသေဆုံးခင် ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးပင် မရခဲ့ချေ။
“နောင်အခါအတွက် အသင့်ဆောင်ထားနိုင်အောင် နည်းနည်း ထပ်ဝယ်ထားသင့်တယ်...”
လင်းကျင်းက စိတ်ထဲတွင် တွေးလိုက်သည်။
“စနစ်နေရာလွတ်ထဲ ဝင်မယ်...”
အနက်ရောင်ဝတ်လူ၏ သိုလှောင်အိတ်ကို သိမ်းဆည်းပြီးနောက် လင်းကျင်း စနစ်နေရာလွတ်ထဲသို့ ထပ်မံဝင်ရောက်လိုက်သည်။
ရက်အနည်းငယ်ခန့်က ဝိညာဉ်ဆန်နှင့် ကြယ်ခုနစ်ပွင့်မြက်တို့ကို ရိတ်သိမ်းပြီးခဲ့သော်လည်း စိုက်ပျိုးမှုအသစ်ကို မစတင်ရသေးပေ။
ယနေ့တွင်တော့ မျိုးစေ့အချို့ကို သူ ဝယ်ယူလာခဲ့သည်။ ထိုမျိုးစေ့များမှာ စွမ်းအင်စုဆောင်းဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဝိညာဉ်ဆေးပင်များပင် ဖြစ်သည်။
နတ်ဆိုးသားရဲများကြောင့် မငြိမ်မသက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် ကျင့်ကြံသူစျေး အတွင်းရှိ ဆေးဖက်ဝင်အပင်များ၏ ဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်မားလာနေသည်။
ဒီအခြေအနေအောက်တွင် လင်းကျင်းသည် မိမိကိုယ်တိုင် လိုအပ်သမျှ စိုက်ပျိုးနိုင်အောင် ဆုံးဖြတ်လိုက်တော့သည်။
ကိုယ့်အပိုင် လယ်ကွင်းများ ရှိနေသောကြောင့် သူ့အတွက် ပိုမို စိတ်ချလုံခြုံမှု ရှိစေသည်။
ဝိညာဉ်ဆေးပင်များ စိုက်ပျိုးရန် လိုအပ်သည့် ဝိညာဉ်စွမ်းအင်နှင့် ပတ်သက်၍တော့ ပို၍ပင် စိုးရိမ်စရာ မရှိချေ။ စနစ်နေရာလွတ်အတွင်းရှိ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်က ၎င်းတို့ကို အပြည့်အဝ ထောက်ပံ့ပေးနိုင်သည်။
တစ်ညလုံး အလုပ်များနေပြီးနောက် လင်းကျင်းသည် အလွန်ပင် ပင်ပန်းနွမ်းနယ်သွားခဲ့သည့်တိုင်အောင် စနစ်နေရာလွတ်အတွင်းရှိ ဝိညာဉ်လယ်မြေ၏ တစ်ဝက်ခန့်မှာ မစိုက်ပျိုးရသေးပေ။ နောက်တစ်ရက်လောက်ဆိုရင်တော့ အားလုံးပြီးစီးနိုင်လောက်ပြီ။
နေ့ခင်းပိုင်းတွင် နင်ယွဲ့သည် လော့လော့ကို ခေါ်ကာ ထပ်မံ ရောက်လာပြန်သည်။ နှစ်ယောက်သား ဝင်လာသည်နှင့် လင်းကျင်းက ချက်ချင်းပင် ပါလာသော ဟင်းချက်စရာပစ္စည်းများကို ယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
နင်ယွဲ့ကလည်း လင်းကျင်းနောက်မှ မီးဖိုချောင်ထဲသို့ လိုက်ဝင်လာသည်။
“တာအိုရောင်းရင်း လင်း၊ မနေ့ညက မီးခိုးစိမ်းလမ်းကြားမှာ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ကြားပြီးပြီလား။”ဟု နင်ယွဲ့က မေးလိုက်သည်။
‘မီးခိုးစိမ်းလမ်းကြားဆိုတာ ဘယ်နေရာလဲ။’ လင်းကျင်းလည်း ခဏမျှ စဉ်းစားလိုက်ကာ ထိုလမ်းကြားအကြောင်းကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
“တာအိုရောင်းရင်း နင်ကို ဖုံးကွယ်ထားလိုတဲ့ သဘော မဟုတ်ပါဘူး။ ကျွန်တော် ခုနကမှ အိပ်ရာနိုးလာတာဆိုတော့ ဘာသတင်းမှ မကြားရသေးတာ။”
နင်ယွဲ့က အလျင်အမြန် ရှင်းပြလိုက်သည်။
“မီးခိုးစိမ်းလမ်းကြားက ဒီနေရာနဲ့ နည်းနည်းလှမ်းပြီး ကျင့်ကြံသူစျေးရဲ့ အတွင်းပိုင်းနားနဲ့ နီးတယ်။”
“မနေ့ညက အဲဒီလမ်းကြားထဲမှာ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်။ ချီစုဆောင်းခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်က မိုးကြိုးနည်းစနစ်နဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားတယ်တဲ့။ ကြည့်ရတာတော့ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ချက်ဖြစ်ပုံရတယ်။”
နင်ယွဲ့၏ စကားကို ကြားလိုက်ရသည်နှင့် လင်းကျင်းက ချက်ချင်းပင် သဘောပေါက်သွားသည်။
ယင်းမှာ မနေ့ညက သူ သတ်ခဲ့သော အနက်ရောင်ဝတ်လူ၏ အလောင်းကို တွေ့ရှိသွားခြင်း ဖြစ်ရပေမည်။ မနေ့ညက သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည့် နေရာမှာ မီးခိုးစိမ်းလမ်းကြား ဖြစ်နေခဲ့ပေမည်။
ထိုညက လင်းကျင်းသည် နေရာကို အမှတ်တမဲ့သာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အထူးတလည် စဉ်းစားခဲ့ခြင်း မရှိပေ။
“ကျင့်ကြံသူစျေးက ဒီကိစ္စမှာ ပါဝင်စွက်ဖက်ခဲ့သေးလား။ သူတို့ ဘာပြောသေးလဲ...”
လင်းကျင်းက ကျင့်ကြံသူစျေး၏ သဘောထားကို သိလိုသဖြင့် နင်ယွဲ့အား အလျင်အမြန် မေးလိုက်သည်။
နင်ယွဲ့က ပြန်ဖြေလေသည်။
“ကျင့်ကြံသူစျေးက နတ်ဆိုးသားရဲတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကိုင်တွယ်ရတာတောင် မနိုင်မနင်း ဖြစ်နေပြီ။ ဒီလိုကိစ္စမျိုးတွေကို စီမံဖို့ အင်အားမရှိတော့ဘူး။”
“တိုက်ခိုက်မှုတွေက ကျင့်ကြံသူစျေးအတွင်းမှာ မဖြစ်သရွေ့၊ အပြင်ဘက်က ပဋိပက္ခတွေကို သူတို့ အမြဲတမ်း မမြင်ချင်ယောင်ဆောင်တတ်ကြတယ်။”
“ကျင့်ကြံသူဈေးဘက်ကတော့ ဒါဟာ လူသတ်ပြီး လုယက်မှု ဖြစ်စဉ်တစ်ခုလို့ပဲ ပြောခဲ့တယ်။ အဲဒီနောက် ထပ်ပြီး စုံစမ်းစစ်ဆေးတာမျိုး မရှိတော့ဘူး။ နောင်မှာ ပိုသတိထားကြဖို့ပဲ ပိုမှာကြားခဲ့တယ်။”
လင်းကျင်းက စိတ်ထဲတွင် တွေးလိုက်သည်။
“ထင်ထားတဲ့အတိုင်းပဲ... ကျင့်ကြံသူဈေးက ဒီကိစ္စကို ဆက်မစုံစမ်းတော့ဘူး။”
ဒီကိစ္စထဲ မပါဝင်ခင်ကတည်းက လင်းကျင်းသည် ယခုလို အခြေအနေမျိုးကို ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်သည်။
ကျင့်ကြံသူဈေးအပြင်ဘက် အစွန်အဖျားတွင် နေထိုင်ကြသော ကျင့်ကြံသူများသည် ကျင့်ကြံသူဈေးအတွက် အရေးပါသူများ မဟုတ်ကြပေ။
ထိုအကြောင်းကြောင့်ပင် အနက်ရောင်ဝတ်လူသည် ကျင့်ကြံသူဈေး၏ အတွင်းပိုင်းမှ ထွက်ခွာပြီးနောက်မှသာ သတ်ဖြတ်လိုသော စိတ်ကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်.. ကျင့်ကြံသူဈေးအတွင်း၌ဆိုလျှင် သူသည် မည်သို့မျှ လှုပ်ရှားရဲမည် မဟုတ်ပေ။
နင်ယွဲ့က ပြောပြီးနောက် ဆက်လက် သတိပေးလိုက်သည်။
“ရှင်က တစ်ခါတလေ ညဘက်တွေ အပြင်ထွက်တတ်တယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ အပြင်ထွက်တာ နည်းနိုင်သမျှ နည်းတာ ပိုကောင်းမယ်။”
“ကျင့်ကြံသူဈေးရဲ့ အခြေအနေက ပိုပိုပြီး အန္တရာယ်များလာနေပြီ။”
“ဘယ်အချိန်မှာ ချီစုဆောင်းခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံသူလိုမျိုး ချောင်းမြောင်းတိုက်ခိုက်ခံရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”
ထိုသို့ ပြောပြီးနောက် နင်ယွဲ့က သက်ပြင်းရှည်ကြီး ချလိုက်သည်။
“ဒီနေရာတင် မလုံခြုံတာ မဟုတ်ပါဘူး။ နယ်စပ်အနီးက အပြင်ဘက်ဒေသတွေဆို ပိုဆိုးသေးတယ်။ ကြားရတာတော့ ရက်အနည်းငယ်ခြားတိုင်း လူတွေက နတ်ဆိုးသားရဲတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်တဲ့။”
“ဒီနတ်ဆိုးသားရဲလှိုင်း ဘယ်လောက်ကြာကြာ ဆက်ဖြစ်နေဦးမလဲ မသိဘူး။ ဒီနေရာအထိ မပျံ့နှံ့လာဖို့ပဲ မျှော်လင့်ရတော့တာပေါ့...”
ထိုစကားကို ကြားပြီးနောက် လင်းကျင်းလည်း ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ ကြည့်ရတာ သူလည်း ကြိုတင်ပြင်ဆင်မှုအချို့ လုပ်ထားရတော့မည် ထင်သည်။
နောက်ရက်များတွင်လည်း နင်ယွဲ့သည် လင်းကျင်းထံမှ ဟင်းချက်ပညာကို ဆက်လက် သင်ယူနေခဲ့သည်။
ရက်အနည်းငယ်အတွင်း သူမ၏ ဟင်းချက်လက်ရာမှာ များစွာ တိုးတက်လာခဲ့ပြီး လော့လော့ပင် အံ့အားသင့်ရသည့် အထိ ဖြစ်လာသည်။
စားသောက်ပြီးနောက် အထူးလုပ်စရာ မရှိသဖြင့် လင်းကျင်းသည် အခန်းထဲတွင် ဆော့ကစားနေသော လော့လော့ကို ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။
“တာအိုရောင်းရင်း နင်… လော့လော့ကလည်း ငယ်တော့ မငယ်တော့ဘူး။ ဘာလို့ သူ့ကို ကျင့်ကြံရေး မစခိုင်းသေးတာလဲ။...”
ဤမေးခွန်းသည် လင်းကျင်း၏ စိတ်ထဲတွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီးသား ဖြစ်သည်။ လော့လော့နှင့် အသက်တူ ကလေးများသည် ကျင့်ကြံရေးကို စတင်နေကြပြီ ဖြစ်သည်။
နင်ယွဲ့က လော့လော့ကို တစ်ချက်ကြည့်လိုက်ပြီးမှ လေးနက်သော လေသံဖြင့် ပြောလာသည်။
“လော့လော့ မွေးလာတုန်းက သူ့အဖေနဲ့ ကျွန်မ စစ်ဆေးခဲ့ဖူးတယ်။ လော့လော့မှာ... ဝိညာဉ်အမြစ် မရှိဘူး။ သူက တစ်သက်လုံး သာမန်လူသားတစ်ယောက်အဖြစ်ပဲ နေသွားရမှာ...”
“ဒါပေမဲ့ ခင်ဗျားတို့ နှစ်ယောက်လုံးက ကျင့်ကြံသူတွေ မဟုတ်ဘူးလား...” လင်းကျင်း၏ မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။
ကျင့်ကြံသူများ၏ သားသမီးများမှာ အများအားဖြင့် ဝိညာဉ်အမြစ် ရှိတတ်ကြပြီး ဝိညာဉ်အမြစ်၏ အရည်အသွေး မြင့်မားချင်မှ မြင့်မားမည် ဖြစ်သော်လည်း လုံးဝ မရှိခြင်းကတော့ အလွန်ရှားပါးသည်။
ထို့အပြင် နင်ယွဲ့သည် ငယ်ရွယ်သည့် အသက်အရွယ်ဖြင့် ချီစုဆောင်းခြင်းအဆင့်နှောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူမ၏ ဝိညာဉ်အမြစ်မှာ အလွန်ကောင်းမွန်ကြောင်း ထင်ရှားပေသည်။
လင်းကျင်း၏ ခန့်မှန်းချက်အရ သူမတွင် အနည်းဆုံး ဓာတ်ကြီး သုံးပါး ဝိညာဉ်အမြစ် ရှိရမည်။ ကြားရသလောက် လော့လော့ရဲ့ ဖခင်၏ ကျင့်ကြံမှုအဆင့်မှာလည်း နင်ယွဲ့နှင့် သိပ်မကွာလှပေ။ ထို့ကြောင့် သူ၏ ဝိညာဉ်အမြစ်လည်း ညံ့ဖျင်းမည် မဟုတ်ချေ။
ထိုသို့သော မိဘနှစ်ဦး၏ သမီးဖြစ်သည့် လော့လော့တွင် ဝိညာဉ်အမြစ် မရှိခြင်းမှာ အမှန်ပင် ထူးခြားလွန်းသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
“ကျွန်မတို့လည်း အကြိမ်ကြိမ် ပြန်စစ်ဆေးခဲ့ပါတယ်...” ဟု နင်ယွဲ့က တိုးတိုးလေး ပြောလိုက်သည်။
“အဲဒီလိုကိုး...” လင်းကျင်းက ပြောပြီးနောက် ဆော့ကစားနေဆဲ လော့လော့ကိုသာ ငုံ့ကြည့်လိုက်ကာ နောက်ထပ် ဘာမှ မပြောတော့ပေ။
လော့လော့ ကျင့်ကြံလို့ မရနိုင်ခြင်းအတွက် အမှန်တကယ် နှမြောစရာ ကောင်းလှသည်။
“တာအိုရောင်းရင်း လင်း”
နင်ယွဲ့က ရုတ်တရက် ခေါ်လိုက်သဖြင့် တိတ်ဆိတ်နေမှု ပျက်ပြားသွားသည်။
လင်းကျင်းက ခေါင်းမော့ကာ နင်ယွဲ့ကို ကြည့်လိုက်သည်။
“တာအိုရောင်းရင်း နင်၊ ဘာကိစ္စ ရှိလို့လဲ...”
“နောက်နှစ်ရက်ဆို နှစ်သစ်ကူးအကြိုည ရောက်တော့မယ်။ အရင်နှစ်တွေတုန်းက အဲဒီနေ့မှာ တာအိုရောင်းရင်း ဝေနဲ့ စုဝေးနေကျပဲ။ ရှင်ရော ကျွန်မတို့နဲ့ လာပူးပေါင်းချင်လား...”
လင်းကျင်း ပြန်မဖြေရသေးခင်မှာပင် လော့လော့က ပြေးလာပြီး သူ့လက်ကို ဆွဲကာ ချွဲနွဲ့စွာ ပြောလိုက်သည်။
“ဦးလေး လင်း… သမီးတို့ဆီ လာပါနော်...”
လင်းကျင်းက ငုံ့ကြည့်လိုက်ရာ လော့လော့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ဒီကာလအတွင်း လင်းကျင်းနှင့် အတော်လေး ရင်းနှီးလာခဲ့သဖြင့် လော့လော့သည် ထိုသို့ အရေးကြီးသော နေ့တစ်နေ့တွင် သူနှင့် ခွဲခွာမနေချင်ပေ။
“ကောင်းပြီလေ...” လင်းကျင်းက သဘောတူလိုက်ပြီး လော့လော့ရဲ့ ဆံပင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
ထိုသို့ ပြောပြီးနောက် သူ၏ အတွေးများက အဝေးတစ်နေရာသို့ လွင့်မျောသွားသည်။
“နှစ်သစ်ကူးချိန်တောင် ရောက်တော့မှာပါလား... ကမ္ဘာမြေက ငါ့မိသားစုတွေ အခု ဘယ်လိုများ ရှိနေကြမလဲ...”