အခန်း (၃) - နေရာလွတ်စနစ်
“နေရာလွတ်စနစ်ထဲ ဝင်မယ်…”
လင်းကျင်းက စိတ်ထဲမှာ တိတ်တဆိတ် ရေရွတ်လိုက်ပြီး မကြာမီ သူ့မျက်စိရှေ့ မြင်ကွင်းများ တဖြည်းဖြည်း ဝေဝါးသွားကာ တစုံတရာက ခန္ဓာကိုယ်တခုလုံးကို ဖုံးလွှမ်းသွားသလို ခံစားလိုက်ရပေသည်။
ခဏအကြာ… လင်းကျင်း မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ စနစ်ရဲ့ နေရာလွတ်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
“သခင်၊ ပြန်လည်ကြိုဆိုပါတယ်..” ခံစားချက် မပါသော စက်ရုပ်ဆန်သည့် အသံတသံက သူ့နားဘေးကနေ ထွက်ပေါ်လာသည်။
“စနစ်၊ အချက်အလက်မျက်နှာပြင်ကို ဖွင့်”
“ဟုတ်ကဲ့၊ သခင်”
လင်းကျင်း စကားဆုံးသည်နှင့် သူရဲ့ ရှေ့မှာ အလင်းမျက်နှာပြင် တခု ပေါ်လာ၏။
နေရာလွတ်စနစ် ( အဆင့် - ၁ )
ကျန်ရှိသော အချိန် - ၁ နာရီ ၅၉ မိနစ်
ပိုင်ရှင် - လင်းကျင်း
ဝိညာဉ်စိုက်ခင်း အကျယ် - ၁၀ မူ
(1 မူ ≈ 666.7 စတုရန်းမီတာ ≈ 0.165 ဧက ≈ 7,200 စတုရန်း ပေခန့်)
ဝိညာဉ်စွမ်းအင် သိပ်သည်းဆ - ၁
အချိန်စီးဆင်းနှုန်း - ၁
နေ့စဉ် ဝင်ရောက်နိုင်သော အချိန် - ၂ နာရီ
အဆင့်မြှင့်တင်ရန် လိုအပ်ချက် - (0/100 ရိတ်သိမ်းမှတ်)
အထူးလုပ်ဆောင်ချက် -
စောင့်ကြည့်သတိပေးခြင်း -(ပိုင်ရှင်သည် နေရာလွတ်စနစ်ထဲ ဝင်ရောက်ပြီးချိန်မှာ အပြင်လောကရှိ ပိုင်ရှင်၏ အနီးပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးမည်ဖြစ်ပြီး အရေးပေါ်အခြေအနေ ပေါ်ပေါက်ပါက ချက်ချင်း သတိပေးမည်။)
ကြည့်ရှု ရှာဖွေခြင်း - (ပိုင်ရှင်သည် နေရာလွတ်စနစ်အတွင်းမှ အပြင်လောကကို ကြည့်ရှု ရှာဖွေနိုင်သည်။)
(မှတ်ချက်။ ကြည့်ရှု ရှာဖွေနေစဉ် အမြင်သည် အပြင်လောက၏ အချိန်စီးဆင်းမှုနှင့် တပြိုင်တည်း ဖြစ်နေမည်။)
လင်းကျင်းသည် သူ၏ နာမည်ရေးထားသော နေရာကို လက်ဆန့်ထုတ်ပြီး ထိလိုက်သည်နှင့် ချက်ချင်းပင် သူ၏ ကိုယ်ရေးအချက်အလက်များက ရှေ့တွင် ပေါ်လာတော့သည်။
လင်းကျင်း - (23/90)
ဝိညာဉ်အမြစ် - ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ် (အဆင့်နိမ့်)
ကျင့်ကြံမှု - ချီစုဆောင်းခြင်း ပထမ အလွှာ (99%)
ကျင့်ကြံရေးနည်းစနစ် - ချင်းယွမ်တာအိုကျင့်စဉ် (ပထမအလွှာ)၊ ချင်းယွမ်ဓားထိန်းချုပ်နည်းစနစ် (အစအဆင့်)
ဒုတိယ အလုပ်အကိုင် - မရှိ
“တကယ်ဘဲ 99% ထိ ရောက်နေပြီဘဲ….”
ကျင့်ကြံမှုအချက်အလက်ကို မြင်လိုက်ရချိန်မှာ လင်းကျင်း သိရှိနားလည်စွာဖြင့် တချက်ပြုံးလိုက်ကာ သူ ဒီလောက်ကြာအောင် ကျင့်ကြံခဲ့ပြီးနောက် နောက်ဆုံးတွင် ဒုတိယအလွှာကို ထိုးဖောက်နိုင်တော့ပေမည်။
ချီစုဆောင်းခြင်း ပထမအလွှာက တခြားသူများအတွက်တော့ သာမာန်အဆင့်သာ ဖြစ်ပေမယ့် လင်းကျင်းကဲ့သို့ ဓာတ်ကြီး ငါးပါး ရောနှော အဆင့်နိမ့် ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားသူအတွက်ကတော့ ထိုပထမအဆင့်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကြီးမားလှသော အကွာအဝေးတခုပင်။
သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်က ဖခင်၏ လမ်းညွှန်အောက်မှာ ကလေးဘဝကစပြီး ကျင့်ကြံခဲ့သော်လည်း အခုချိန်ထိ ချီစုဆောင်းခြင်း ပထမအလွှာမှာသာ ရှိနေခဲ့သောကြောင့် ထိုကဲ့သို့ ပါရမီမျိုးကိုတော့ မည်သည့်ဂိုဏ်းကမဆို လက်မခံ မလိုချင်ပေ။
သို့သော် ကံကောင်းသည့်အချက်မှာ လင်းကျင်း၏ မူလခန္ဓာကိုယ် ပိုင်ရှင်ရဲ့ ဖခင်မှာ ချင်းယွမ်ဓားဂိုဏ်းအတွက် တချိန်က အကျိုးပြုခဲ့ဖူးတာမို့ကြောင့်သာ လင်းကျင်းကို အထူးအခြေအနေတရပ်ဖြင့် လက်ခံထားပေးခြင်းသာ ဖြစ်ပေသည်။
ယခုတွင်မူ ထိုအတားအဆီးများကို နောက်ဆုံး ဖြတ်သန်းရတော့မည် ဖြစ်၍ စိတ်မလှုပ်ရှားဘူးဟု ပြောတာက လိမ်ညာခြင်းသာ ဖြစ်နေပေလိမ့်မည်။ မည်သူမဆို ကိုယ့်အောင်မြင်မှုအနား ရောက်နေချိန်မှာ စိတ်လှုပ်ရှားနေပေလိမ့်မည်။
အထူးသဖြင့် လင်းကျင်းသည် မူလခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်တွေကို ဆက်ခံထားပြီး ဒီအချက်အပေါ်မှာ မကျေနပ်မှုကို ပြင်းပြင်းထန်ထန် ခံစားထားခဲ့ရသည်။
လင်းကျင်း အသက်ပြင်းပြင်း တချက်ရှုလိုက်ချိန် ချက်ချင်းပင် ထူထပ်သိပ်သည်းသည့် ဝိညာဉ်စွမ်းအင် လှိုင်းတခုက သူ၏ မျက်နှာကို လာရောက် တိုက်ခတ်တော့သည်။
နေရာလွတ်စနစ် အတွင်းရှိ ဝိညာဉ်စွမ်းအား သိပ်သည်းဆမှာ စီမံခန့်ခွဲသူ လီ နေထိုင်ရာ ခြံဝန်းအတွင်းရှိ သိပ်သည်းဆနှင့် မယှဉ်နိုင်သော်ငြားလဲ ကွာခြားချက် မများလှပေ။ ဒီစနစ်ရဲ့ နေရာလွတ်မှာ ကျင့်ကြံခြင်းက အပြင်ဘက်ထက် များစွာ ပို၍ လျှင်မြန်နေပေသည်။
ကံမကောင်းစွာနဲ့ တခုတည်းသော အားနည်းချက်မှာ စနစ်ရဲ့ နေရာလွတ်အတွင်း ဝင်ရောက်နိုင်သော အချိန်က ၂ နာရီ တည်းသာ ရှိနေတာမို့ လင်းကျင်းသည် စနစ်ရဲ့ နေရာလွတ်ထဲ ဝင်ရောက်တိုင်း ဝိညာဉ်စပါး စိုက်ပျိုးခြင်း မဟုတ်ပါက တစက္ကန့်ကိုပင် အချိန်မဖြုန်းတီးဝံ့ဘဲ တရားထိုင် ကျင့်ကြံခြင်းကိုသာ ပြုလုပ်နေပေသည်။
ဒီနေရာလွတ်စနစ်အတွင်းမှာ ၁၀ မူ ရှိသော ဝိညာဉ်စိုက်ခင်း တခု ရှိနေသည်။ ထိုနေရာလွတ်ကို အဆင့်မြှင့်တင်ရန် လိုအပ်သော ရိတ်သိမ်းမှတ်များကို သီးနှံများ စိုက်ပျိုးပြီး ရင့်မှည့်ချိန်မှာ ရိတ်သိမ်းခြင်းမှ ရရှိနိုင်သည်။
လင်းကျင်း ရှေ့မှောက်တွင် ရွှေရောင် တဝင်းဝင်း တောက်ပနေသော ဝိညာဉ်စပါးခင်းကြီးမှာ ယခင်က သူ စိုက်ပျိုးထားခြင်း ဖြစ်ပေပြီး သူ အစောဆုံး စိုက်ပျိုးထားသော အသုတ်မှာ ယခုအခါ ရင့်မှည့်ရန် နီးကပ်လာနေပြီ။
လင်းကျင်း အချက်အလက်မျက်နှာပြင်ကို ဖွင့်လိုက်ကာ ချက်ချင်းပင် သူရှေ့ရှိ ဝိညာဉ်စိုက်ခင်း တမူစာသည် ရင့်မှည့်ရန် သုံးရက်သာ လိုတော့ကြောင်း ရှင်းလင်းစွာ ပေါ်လာခဲ့ပေသည်။
ချင်းယွမ်ဓားဂိုဏ်းမှ ထုတ်ပယ်ခံရသည့်တိုင် ဒီဝိညာဉ်ဆန်များ ရှိနေသရွေ့ လင်းကျင်းအနေဖြင့် စိုးရိမ်စရာ မရှိချေ။ သို့သော် တောင်အောက်စျေးတန်းမှာတော့ ဆန်များက အသက်ရှင်နေထိုင်ရုံသာ အကူအညီပေးနိုင်ပေသည်။
အမှန်တကယ် ရှင်သန်နိုင်ရန်အတွက်ကတော့ စွမ်းအားသည် မရှိမဖြစ် လိုအပ်နေပေသည်။ ဘယ်လိုပင်ဖြစ်စေကာမူ ဒီလောကသည်ကား ကျင့်ကြံခြင်းလောက ဖြစ်ပေသည်။ အင်အားကြီးသူကသာ ရှင်သန်နိုင်ပြီး အန္တရာယ်များကလဲ နေရာတိုင်းမှာ ပုန်းကွယ်နေသည့် လောက တခုသာ ဖြစ်နေပေသည်။
လင်းကျင်းသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ကျင့်ကြံရေး နည်းစနစ်ကို စတင် လည်ပတ်လိုက်စေကာ တချိန်တည်းမှာဘဲ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များက သူ့ထံကို တဖြည်းဖြည်း စုဝေးလာကြတော့သည်။
…..
“သတိပေးချက်…. သတိပေးချက်….”
“စောင့်ကြည့်နယ်ပယ်အတွင်းသို့ တစုံတယောက် ဝင်ရောက်လာပါပြီ။”
“ကျေးဇူးပြု၍ ပိုင်ရှင် အမြန်တုံ့ပြန်ပါ။”
အဆင့်တက်ရန် ကြိုးပမ်းနေသော အရေးကြီးသည့် အချိန်မှာမှ စနစ်ရဲ့ သတိပေးအသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့အတွက် လင်းကျင်းရဲ့ မျက်ခုံး တင်းကြပ်စွာ တွန့်ချိုးသွားခဲ့ရသည်။ သူသည် ကျင့်ကြံချင်းကို ရပ်ဆိုင်းလိုက်ရန်မှတပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
“ဒီအချိန်ကျမှ ဘယ်သူ ငါ့ဆီ လာတာတုန်း….”
သို့သော် လင်းကျင်းက နေရာလွတ်စနစ်ထဲမှ ချက်ချင်း မထွက်သေးဘဲ ညဉ့်နက်သန်းခေါင်အချိန်မှာ သူ့ကို လာရှာတဲ့သူ ဘယ်သူမဆိုကို သတိထားရမယ်ဆိုတာကို သူ သိနေသည်။
“အရင်ဆုံး ဘယ်သူလဲ ဆိုတာ ကြည့်ရအောင်….” လင်းကျင်း တိုးတိုးလေး ရေရွတ်လိုက်ပြီး…
“စနစ်၊ ကြည့်ရှုရှာဖွေခြင်း စနစ်ကို ဖွင့်လိုက်…”
“နားလည်ပါပြီ။ သခင်။”
ထို့နောက် လင်းကျင်းသည် နတ်ဘုရားတပါး၏ အမြင်အာရုံကို ပိုင်ဆိုင်ထားသကဲ့သို့ ခံစားလိုက်ရပြီး သူသည် အပေါ်စီးမှ နေ၍ မိမိနေထိုင်ရာဆီ ငုံ့ကြည့်လိုက်၏။
ထိုနေရာမှာ လူ နှစ်ယောက်က သူတို့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားပြီး တဲငယ်လေးဘက်ကို လျှောက်လာကြသည်ကို လင်းကျင်း တွေ့လိုက်ရ၏။ သို့သော် ညအမှောင်ကြောင့် သူတို့၏ မျက်နှာများကို ရှင်းလင်းစွာ မမြင်ရပေ။
ကြည့်ရှုရှာဖွေခြင်းစနစ်အောက်မှာ သတိပေးချက် နယ်ပယ်အတွင်းမှာသာ ရှိနေသရွေ့ လင်းကျင်းသည် စနစ်ရဲ့ အပြင်ဘက် အခြေအနေကို ရှုထောင့်အမျိုးမျိုးကို လိုအပ်သလို မြင်ကွင်းကို ချဲ့နိုင်၊ ချုံ့နိုင်စွာ သေချာကြည့်ရှုနိုင်ပေသည်။
လင်းကျင်း မြင်ကွင်းကို ချဲ့လိုက်သောအခါ ထိုအခါမှတော့ လူနှစ်ယောက်ရဲ့ မျက်နှာကို သေချာရှင်းလင်းစွာ မြင်လိုက်ရတော့သည်။
“ ဪ… သူတို့ဘဲ….” လင်းကျင်း အံ့ဩသွားပြီး “သူတို့ နှစ်ယောက်က ဘာလို့ အတူတူ ရှိနေရတာလဲ။….”
လင်းကျင်း နှစ်ယောက်လုံးကို သိသည်။ တယောက်က စီမံခန့်ခွဲသူ လီ ဖြစ်ပြီး နောက်တဦးက သူ့ရဲ့ အိမ်နီးနားချင်း ယွမ်ပို ဖြစ်နေသည်။ သူတို့ နှစ်ယောက် ညသန်းခေါင်အချိန်မှာ ရောက်လာတာက ကောင်းတဲ့ ရည်ရွယ်ချက်တော့ မရှိနေနိုင်ပေ။ ဒါ့ကြောင့် လင်းကျင်း ချက်ချင်း မလှုပ်ရှားသေးဘဲ သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို စောင့်ကြည့်ဖို့ အရင် ဆုံးဖြတ်လိုက်တော့သည်။
တဲငယ်ရှေ့သို့ ရောက်လာတဲ့အခါမှာတော့ သူတို့ နှစ်ယောက်က တစုံတရာကို သတိထားမိသလို ဖြစ်သွားကြပြီး ထို့နောက် တံခါးအနားသို့ ကပ်ကာ အတွင်းရှိ အသံများကို နားစွင့်နေကြ၏။
“ဟမ်… အထဲမှာ လူ မရှိနေဘူး…”
စီမံခန့်ခွဲသူ လီ တံခါးကို လက်ဖြင့် အားအနည်းငယ်စိုက်ကာ တွန်းဖွင့်လိုက်သည်။
“ကျီ….” တံခါး အသံတချက် ထွက်လာပြီး ပွင့်သွားတဲ့အခါ ထိုနှစ်ယောက် အတွင်းကို လှမ်းကြည့်လိုက်ရာ ကုတင်တလုံးသာ ရှိပြီး လူတယောက်မှ မရှိနေပေ၊ ထို့အပြင် အခန်းတခုလုံး လူသူ ကင်းမဲ့လျက် ရှိနေပေသည်။
“မင်းပြောတော့ သူ အခန်းထဲ ဝင်သွားပြီး တချိန်လုံး အပြင်ထွက်မလာဘူးဆို…” စီမံခန့်ခွဲသူ လီက ယွမ်ပိုကို ကြည့်ကာ မေးလိုက်တဲ့အခါ ယွမ်ပို၏ မျက်နှာအမူအရာ အလွန်ကောင်းမနေပေ။
“ကျွန်တော် သူအခန်းထဲ ဝင်သွားတာကို သေချာမြင်ခဲ့တယ်။… ဒါပေမယ့် သူအပြင်ထွက်သွားတာကိုတော့ မမြင်ခဲ့မိဘူး။….”
“ဒါဆို အခု အခြေအနေကို မင်း ဘယ်လို ရှင်းပြမှာလဲ။…..”
“ဒါက….”
အခန်းလွတ်ကို ကြည့်ရင်း ယွမ်ပို တယောက် ပြောစရာ စကားမဲ့သွားတော့သည်။ ရုတ်တရက် တစုံတရာကို သတိရသွားပြီး စီမံခန့်ခွဲသူ လီ ဘက် လှည့်ကာ ပြောလိုက်သည်။
“ဦးလေး… ကျွန်တော်တို့ သေချာကြိုးစားပြီး လင်းကျင်းကို ဂိုဏ်းကနေ နှင်ထုတ်နိုင်လိုက်တာကို အဲ့ဒီ့ ဟန်ကျင်းက ဝင်စွက်ဖက်လာတယ်။… ဒီတခါရော သူ လင်းကျင်းကို လူမသိအောင် တိတ်တဆိတ် ခေါ်သွားတာ ဖြစ်နိုင်မလား။….”
သူတို့နှစ်ယောက် ပြောစကားကို နားထောင်ရင်း လင်းကျင်း သိလိုက်ရသည်မှာ သူ့ရဲ့ ဝိညာဉ်စိုက်ခင်း ဖျက်ဆီးခံလိုက်ရတဲ့ ကိစ္စမှာ ယွမ်ပို ပါဝင်ပတ်သက်နေသည်မှာ အမှန်ပင်။ သို့သော် မမျှော်လင့်ထားသည်မှာ နောက်ကွယ်မှ ကြိုးကိုင်သူကား စီမံခန့်ခွဲသူ လီ ဖြစ်နေခြင်းပင်။
“သူတို့ ပြောနေတဲ့ ဟန်ကျင်းဆိုတာက စီနီယာအကို ဟန်ကို ပြောတာ ဖြစ်မယ်…” ဟု လင်းကျင်း စိတ်ထဲ တွေးလိုက်သည်။
“မဖြစ်နိုင်ဘူး…” “ဟန်ကျင်းက အမြဲတမ်း ဖြောင့်မတ်တဲ့သူ ဖြစ်ပြီး သူ ဘယ်တော့မှ လျှို့ဝှက်စွာ လုပ်ဆောင်မှာ မဟုတ်ဘူး။… သူသာ တကယ်လှုပ်ရှားမယ်ဆို ပွင့်ပွင့်လင်းလင်းဘဲ လုပ်ဆောင်လိမ့်မယ်။…”
စကားပြောရင်း စီမံခန့်ခွဲသူ လီသည် စားပွဲအနားသို့ လျှောက်သွားလိုက်သည်။ ထိို့နောက် စားပွဲခုံပေါ်ရှိ အထုပ်အပိုးများကို တွေ့လိုက်ရတယ်။
“ဟမ်…. ဒီမှာ သူ့ရဲ့ အထုပ်တွေ ရှိနေသေးတာဘဲ… သူ ထွက်မသွားသေးတာ ဖြစ်နိုင်တယ်….”
“ဦးလေး…. အခု ဘယ်လိုလုပ်ကြမလဲ?…. သူပြန်လာတာကို စောင့်မှာလား။….”
ထိုစကားကို ကြားလိုက်ရတော့ လင်းကျင်း၏ နှလုံးသား တင်းကြပ်သွားပြီး ရင်ခုန်သံမြန်လာခဲ့ရသည်။
စနစ်ရဲ့ နေရာလွတ်အတွင်း လင်းကျင်း ဝင်နိုင်သည်မှာ အချိန် နှစ်နာရီသာ ရှိနေပြီး အချိန်ကုန်သွားသည်နှင့် လင်းကျင်းကိုယ်တိုင် မထွက်သည့်တိုင်အောင် စနစ်က သူ့ကို အတင်းအကြပ်ပြန်ထုတ်ပယ်သွားမှာ ဖြစ်တာမို့ ထိုအချိန်မှာသာ သည်လူနှစ်ယောက်နဲ့ ထိပ်တိုက်တွေ့ခဲ့လျှင် လွတ်မြောက်ရန် လမ်းစ ရှိမနေပေ။
စီမံခန့်ခွဲသူ လီ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ အရင်ဆုံး ပတ်ဝန်းကျင်ကို ရှာကြည့်ရအောင်။ တကယ်လို့ မတွေ့ရင်တော့ နောက်မှ ထပ်စဉ်းစားတာပေါ့။ ငါတို့ ဒီမှာ အချိန်အကြာကြီး နေလို့ မရဘူး။ မဟုတ်ရင် ဟန်ကျင်း သတိထားမိသွားနိုင်တယ်။…”
သူတို့ စကားဆုံးသည်နှင့် နှစ်ယောက်လုံး တဲအိမ်တခုလုံး အတူတကွ လှန်လှော ရှာဖွေတော့သည်။
“သူတို့ ဘာကို ရှာနေကြတာလဲ။….”
လင်းကျင်း မျက်ခုံးကြုတ်ကာ စဉ်းစားနေပြီး မူလခန္ဓာကိုယ် ပိုင်ရှင်၏ မှတ်ဉာဏ်ကို ပြန်လည် ရှာဖွေကြည့်သော်လည်း ဖခင်ဖြစ်သူ မသေဆုံးခင် အကြံပေးစကား အနည်းငယ်သာ ချန်ထားခဲ့ပြီး တခြားတစုံတရာကိုတော့ မချန်ထားခဲ့ပေ။
လင်းကျင်းရဲ့ လက်ရှိအခြေအနေမှာ ဆင်းရဲလွန်းလှသဖြင့် သူ့ထံမှ ထိုလူများ အသည်းအသန် လိုချင်ရလောက်တဲ့ တန်ဖိုးရှိသည့် အရာ တခုခု ရှိနေသည်ဟု လင်းကျင်း မယုံကြည်နိုင်ပေ။
“သတိပေးချက်…. သတိပေးချက်….”
“စောင့်ကြည့်နယ်ပယ်အတွင်းသို့ တစုံတယောက် ဝင်ရောက်လာပါပြီ။”
“ကျေးဇူးပြု၍ ပိုင်ရှင် အမြန်တုံ့ပြန်ပါ။”
“နောက်ထပ်တယောက် ထပ်ရောက်လာပြန်ပြီ…..”
လင်းကျင်းက ကြည့်ရှုရှာဖွေခြင်းစနစ်၏ မြင်ကွင်းကို ချက်ချင်းပြောင်းလိုက်သည်။ ထို့နောက် လူတယောက်သည် ဓားပျံ စီးကာ ကောင်းကင်ယံထက်မှ အလွန်လျန်မြန်စွာ ဆင်းသက်လာပြီး မြက်မိုးတဲငယ်လေး၏ အပေါ်ဘက် ရောက်လာသည်ကို တွေ့လိုက်ရပေသည်။
ထိုအချိန်မှာ အေးစက်ပြီး ဒေါသအပြည့်နဲ့ အသံတသံ ပဲ့တင်ထပ်သွားတော့သည်။
“လီယဲ့မင်…. “
“မင်းမှာ ဂိုဏ်းအကြီးအကဲတွေရဲ့ နောက်ခံရှိတယ်ဆိုပြီး ငါ မင်းကို မသတ်ရဲဘူးလို့ မင်း ထင်နေတာလား။….”