အခန်း (၂၈) - နင်ယွဲ့၏ ဟင်းချက်လက်ရာ
နှစ်ယောက်သားကို ကြည့်ရင်း လင်းကျင်းသည် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
“ကဲပါ၊ ကဲပါ...” လင်းကျင်းက အမြန် ဝင်ဖျန်ဖြေလိုက်သည်။ ဒီအတိုင်းသာ ဆက်သွားရင် လော့လော့ရဲ့ တင်ပါးလေး မကြာခင် အရိုက်ခံရတော့မယ်ဆိုတာ သူ စိုးရိမ်နေလေသည်။
“မနေ့က ကျွန်တော် ဆေးလုံး တချို့ ရောင်းပြီး အဆင့်မြင့် ဝိညာဉ်ဆန် တချို့ ဝယ်လာခဲ့တယ်။ ဒီနေ့ အတူတူ မြည်းကြည့်ကြတာပေါ့။”
“ယေး...! ကျေးဇူးတင်ပါတယ် ဦးလေး လင်း!”
ပြောပြီးသည်နှင့် လော့လော့က ချက်ချင်း ခြံထဲသို့ ပြေးဝင်သွားသည်။
“တာအိုရောင်းရင်း လင်း...”
“အခုချိန် အဆင့်မြင့် ဝိညာဉ်ဆန်ရဲ့ ဈေးနှုန်းက အရမ်းမြင့်နေတယ်။ ဒီလို သုံးဖြုန်းတာ နည်းနည်း မဖြစ်သင့်ဘူး မဟုတ်လား...” နင်ယွဲ့က စိုးရိမ်စွာ ပြောလိုက်သည်။
သူမက လင်းကျင်း အလွန်အကျွံ သုံးစွဲနေမည်ကို စိတ်ပူနေခြင်း ဖြစ်သည်။
အထူးသဖြင့် ဆေးဖော်စပ်ပညာရှင်တွေဟာ အစပိုင်းမှာ ဝိညာဉ်ကျောက်တုံး အများကြီး သုံးစွဲရတတ်ကြသည်။
ထိုသို့သော စိုးရိမ်မှုမျိုးအတွက် လင်းကျင်းက ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
“တာအိုရောင်းရင်း နင်... ဒီထဲကဟာကို အရင်ကြည့်လိုက်ပါဦး။”
ထိုသို့ ပြောပြီး လင်းကျင်းသည် ကြွေပုလင်းတစ်လုံး ထုတ်ကာ နင်ယွဲ့ထံ ပေးလိုက်သည်။
နင်ယွဲ့ ပုလင်းကို လက်ခံပြီး အဖုံးဖွင့်လိုက်သည်နှင့် ဆေးလုံးများ၏ ထူးခြားသော မွှေးရနံ့က သူမနှာခေါင်းထဲသို့ ဝင်ရောက်လာသည်။
“အမြင့်ဆုံး အဆင့် ဆေးလုံး……”
နင်ယွဲ့၏ မျက်လုံးအိမ်များ ကျယ်ဝန်းသွားပြီး အံ့အားသင့်စွာ အော်လိုက်မိသည်။
လင်းကျင်းက သည်မျှ မြန်မြန်ဆန်ဆန် အမြင့်ဆုံး အဆင့် ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ထို့နောက် နင်ယွဲ့က ဆေးလုံးများကို လက်ထဲသို့ လောင်းချပြီး အသေးစိတ် စစ်ဆေးကြည့်လိုက်သည်။
ဆေးလုံး၏ မျက်နှာပြင်မှာ ချောမွေ့ပြောင်လက်နေပြီး အညစ်အကြေး တစ်စက်တစ်လေမျှ မရှိပေ။ ထို့အပြင် အဆက်မပြတ် မွှေးရနံ့များ ထွက်ပေါ်နေသည်။
သံသယမရှိစွာဖြင့် သည်ဆေးလုံးမှာ အမှန်တကယ် အမြင့်ဆုံး အဆင့် ဆေးလုံး ဖြစ်သည်။
လင်းကျင်းက ခေါင်းကို ကုတ်လိုက်သည်။
“မနေ့က ကံကောင်းလို့... အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံး ဖော်စပ်နိုင်ခဲ့တယ်။”
“ဒါနဲ့ ကိုယ့်ကိုယ်ကို ဆုချတဲ့အနေနဲ့... ဒီ အဆင့်မြင့် ဝိညာဉ်ဆန်ကို ဝယ်ခဲ့တာပါ။ ပြီးတော့... တာအိုမိတ်ဆွေ နင်ကိုလည်း ကျေးဇူးတင်ရဦးမယ်။”
“ခင်ဗျားရဲ့ အကူအညီသာ မရှိရင် ကျွန်တော် ဆေးဖော်စပ်တာကို အရင်ကတည်းက စွန့်လွှတ်လိုက်ရလောက်ပြီ။”
“ရှင်က ကိုယ့်ကိုကိုယ် အရမ်း နှိမ့်ချလွန်းနေပါပြီ။”
နင်ယွဲ့က ဆေးလုံးများကို ပုလင်းထဲ ပြန်ထည့်ပြီး လင်းကျင်းထံ ပြန်ပေးလိုက်သည်။
သူမသည် နှစ်ပေါင်းများစွာ ဆေးဖော်စပ်ပညာကို လေ့လာခဲ့သော်လည်း လင်းကျင်းလို လပိုင်းအတွင်း ရရှိခဲ့သည့် အောင်မြင်မှုမျိုးကို မရခဲ့သည်ကို တွေးမိလိုက်ရာ ခါးသီးစွာ ပြုံးမိသွားပေသည်။
“ရှင့်ရဲ့ ဆေးဖော်စပ်ပညာ ပါရမီက တကယ် ထူးခြားလွန်းတယ်။ ကျွန်မက သိပ်မကူညီပေးနိုင်ခဲ့ပါဘူး။ အားလုံးက ရှင့်ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကြောင့်ပါပဲ။”
“ပြီးတော့... ရှင်က လော့လော့ကို ဒီလောက်ကြာအောင် စောင့်ရှောက်ပေးခဲ့တယ်။ ကျွန်မ ဒီလောက်လေး ကူညီပေးတာကလည်း လုပ်သင့်တဲ့အရာပါပဲ။”
လင်းကျင်းက ခေါင်းခါလိုက်သည်။
“ခင်ဗျား အရမ်း နှိမ့်ချလွန်းတယ်။ တာအိုရောင်းရင်း နင်ရဲ့ အကူအညီသာ မရှိရင် ကျွန်တော် နေ့တိုင်း ဆေးအိုးပေါက်ကွဲနေပြီး ခုလို ကိုယ့်ကိုယ်ကို ဆုချဖို့ဆိုတာ ဝေးတဲ့အပြင် ရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေတောင် ကုန်သွားလောက်ပြီ။ ဒီအရာအားလုံးမှာ ခင်ဗျားရဲ့ ကျေးဇူး ပါပါတယ်။”
“မေမေ... ဦးလေး လင်း...”
နင်ယွဲ့က ဆက်ပြောမည် အလုပ် ရုတ်တရက် အသံတစ်သံက သူမကို ဖြတ်တောက်လိုက်သည်။
နှစ်ယောက်သား တံခါးဝမှာပဲ ရပ်နေပြီး အထဲ မဝင်လာသည်ကို မြင်လိုက်ရသော လော့လော့က အမြန် မေးလိုက်သည်။
“မေမေတို့ နှစ်ယောက် ဘာလုပ်နေတာလဲ။ သမီး ဗိုက်ဆာနေပြီ! မေမေ... ဦးလေး လင်းဆီက ဟင်းချက်နည်း သင်မယ်လို့ မေမေ ပြောထားတာ မဟုတ်ဘူးလား။”
လော့လော့၏ စကားကြောင့် နင်ယွဲ့၏ မျက်နှာ အနည်းငယ် နီရဲသွားပြီးနောက် လော့လော့ကို မျက်စောင်းထိုးကြည့်လိုက်သည်။ ဒီကလေးမလေးက တစ်နေ့ထက်တစ်နေ့ ပိုပြီး စနောက်တတ်လာပြီ ဖြစ်သည်။
“တာအိုရောင်းရင်း လင်း... ကြည့်ပါဦး...”
နင်ယွဲ့က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း
“ကိစ္စမရှိပါဘူး။ ရတာပေါ့။” လင်းကျင်းက သူမ စကားမဆုံးခင် သဘောတူလိုက်သည်။
“အခုလည်း နေ့လယ်စာ ချိန်နီးနေပြီပဲ။ တာအိုမိတ်ဆွေ နင်၊ အတူတူ သွားရအောင်။” ထိုသို့ ပြောပြီး လင်းကျင်းက နင်ယွဲ့ကို ခေါ်ကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားခဲ့သည်။
ဟင်းချက်ခြင်းနှင့် ဆေးဖော်စပ်ခြင်းကို နှိုင်းယှဉ်ရလျှင် လင်းကျင်း၏ အမြင်တွင် ကြီးမားသော ကွာခြားချက် မရှိပေ။
နှစ်ခုစလုံးသည် မီးအပူချိန်ကို ထိန်းချုပ်နိုင်စွမ်းနှင့် ပါဝင်ပစ္စည်း အချိုးအစားကို ကျွမ်းကျင်စွာ ထိန်းညှိနိုင်မှုအပေါ် မူတည်သည်။
တကယ်တော့ ဆေးဖော်စပ်ခြင်းနှင့် ယှဉ်လျှင် ဟင်းချက်ခြင်းက ပို၍ပင် လွယ်ကူသည်ဟု ဆိုနိုင်ပေသည်။
နင်ယွဲ့ ဟင်းမချက်တတ်ခြင်းမှာ သူမ အာရုံစိုက်ပြီး သင်ယူဖူးခြင်း မရှိသောကြောင့်သာ ဖြစ်သည်။
လင်းကျင်းသည် နင်ယွဲ့၏ နောက်ခံအကြောင်းကို အနည်းငယ် နားလည်ထားပြီး ဖြစ်သည်။
နင်ယွဲ့ ကိုယ်တိုင်က ဆေးဖော်စပ်လမ်းစဉ် မိသားစုတစ်ခု၏ အဖိုးတန် သမီးလေး ဖြစ်နိုင်ပေသည်။
ငယ်စဉ်ကတည်းက အဝတ်အစား၊ အစားအသောက် စသည့် အခြေခံလိုအပ်ချက်များအတွက် စိတ်ပူစရာ မလိုခဲ့ပေ။
သို့သော် လော့လော့၏ ဖခင်နှင့် တွေ့ဆုံပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ သူတို့နှစ်ယောက်သည် ပထမဆုံး တွေ့ဆုံသည့်အချိန်မှာပင် ချစ်မိသွားခဲ့ကြသည်။ သို့သော် နင်ယွဲ့၏ မိသားစုက ထိုဆက်ဆံရေးကို သဘောမတူခဲ့ပေ။
ထိုအချိန်တွင် နင်ယွဲ့မှာ ကိုယ်ဝန်ရနေပြီ ဖြစ်သဖြင့် သူတို့နှစ်ယောက်သည် နန်ရှန်ဈေးသို့ အတူတကွ ထွက်ပြေးလာခဲ့ကြသည်။
အရင်တုန်းကတော့ လော့လော့၏ ဖခင် ရှိနေသေးသဖြင့် အိမ်တွင်းကိစ္စ အများစုကို သူက တာဝန်ယူပေးခဲ့သည်။ သဘာဝကျစွာပင် ဟင်းချက်တာကိုလည်း သူပဲ လုပ်ခဲ့သည်။
သို့သော် လော့လော့၏ ဖခင် မတော်တဆမှုတစ်ခု ကြုံတွေ့ပြီးနောက် အိမ်ထောင်စု တာဝန်အားလုံးသည် နင်ယွဲ့၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့သည်။
သူမသည် လော့လော့ကို ပြုစုစောင့်ရှောက်ရုံသာမက ဝိညာဉ်ကျောက်တုံးများ ရှာဖွေရန်လည်း နည်းလမ်းပေါင်းစုံ စဉ်းစားရသည်။
ထို့ကြောင့် ဟင်းချက်ပညာကို သီးသန့် အချိန်ယူ သင်ယူဖို့ အခွင့်အရေး မရှိခဲ့ပေ။ အကြောင်းမှာ ကျင့်ကြံသူစျေးထဲတွင် ဝိညာဉ်ကျောက်တုံး မရှိလျှင် တစ်လှမ်းတောင် လှမ်းရန် ခက်ခဲသောကြောင့် ဖြစ်သည်။
သို့သော် ယခုတော့ အခြေအနေ အဆင်ပြေနေပြီ ဖြစ်သည်။ အချိန်အနည်းငယ်ကြာက ဆေးဖော်စပ်ခြင်းမှ ဝိညာဉ်ကျောက်တုံးများစွာ ရရှိထားသောကြောင့် လက်ရှိအချိန်တွင် ဝိညာဉ်ကျောက်တုံးအတွက် စိတ်ပူစရာ မလိုတော့ပေ။
ထို့အပြင် လင်းကျင်း ချက်ထားသော ဟင်းများကို မြည်းစမ်းပြီးနောက် ကိုယ့်ဟင်းကိုယ် ပြန်စားရသည်မှာ ကောင်းကင်နှင့် မြေကြီး ကွာခြားသလို ဖြစ်နေသည်။
တကယ်ကို မျိုချရ ခက်ခဲလွန်းလှသည်။ လော့လော့ကပင် လာပြီး တိုင်တန်းရသည်မှာ မဆန်းတော့ပေ။
နှစ်ယောက်သား အတူတကွ ဟင်းချက်ကြရာ လင်းကျင်း တစ်ယောက်တည်း လုပ်သည်ထက်ပင် ပိုမြန်သွားသည်။
နာရီဝက်တောင် မကြာလိုက်ဘဲ ဟင်းပွဲများ အားလုံး စားပွဲပေါ်သို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် လော့လော့က စားပွဲမှာ ထိုင်နေသည်မှာ ကြာပြီ ဖြစ်ပြီး စိတ်မရှည်တော့ချေ။
သုံးယောက်လုံး ထိုင်လိုက်သည်နှင့် လော့လော့က အသားတစ်တုံးကို အမြန် ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
“စားလို့ အရမ်းကောင်းတာပဲ...”
လော့လော့က ပါးစပ်အပြည့်ဖြင့် မပီမသ ပြောလိုက်သည်။
“လော့လော့... ဒီဟင်းကိုလည်း မြည်းကြည့်ပါဦး။”
လင်းကျင်းက ဟင်းသီးဟင်းရွက် တစ်ပွဲကို ညွှန်ပြရင်း ပြောလိုက်သည်။
သူ့ဘေးမှ နင်ယွဲ့ကတော့ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ အဘယ်ကြောင့်ဆိုသော် သည်ဟင်းပွဲကို သူမကိုယ်တိုင် ချက်ထားခြင်း ဖြစ်သည်။
“ဟုတ်ကဲ့ ဦးလေး လင်း။ ဦးလေး ချက်တာဆို အမြဲ အရသာရှိတယ်။”
လော့လော့က ပြောရင်း ဟင်းသီးဟင်းရွက် တစ်ဖတ်ကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
နှစ်ချက်ခန့် ဝါးပြီးနောက် တစ်ခုခု မမှန်သလို ခံစားလိုက်ရသည်။
သူမ၏ မျက်နှာလေး ချက်ချင်း ရှုံ့မဲ့သွားပြီး
“ဝေါ့….” ဟင်းရွက်ကို ချက်ချင်း ထွေးထုတ်လိုက်သည်။
“ဦးလေး... ဒါ ဦးလေး ချက်ထားတာ မဟုတ်ဘူး ဟုတ်တယ်မလား။”
လော့လော့က နာကျင်ခံစားရသလို မျက်နှာထားဖြင့် လင်းကျင်းကို မေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ မျက်လုံးများက နင်ယွဲ့ဘက်သို့ ဘေးစောင်းကြည့်လိုက်သည်။ ထိုအကြည့်၏ အဓိပ္ပါယ်မှာ အလွန် သိသာလွန်းနေသည်။
ပထမတော့ လင်းကျင်းက နင်ယွဲ့ကို ဟင်းချက်ခိုင်းဖို့ မစဉ်းစားထားခဲ့ပေ။ သို့သော် သူမ ဘေးမှ ကြည့်နေသည်မှာ ကြာလာပြီးနောက် ကိုယ်တိုင် စမ်းချက်ကြည့်ချင်ကြောင်း ပြောလာခဲ့သည်။ ထို့ကြောင့် လင်းကျင်းကလည်း သဘောတူပေးခဲ့ခြင်း ဖြစ်သည်။
နင်ယွဲ့ကို လှည့်ကြည့်လိုက်တော့ ယခုအချိန်တွင် သူမ၏ မျက်နှာမှာ နားရွက်ဖျားအထိ နီရဲနေခဲ့သည်။
လင်းကျင်းလည်း စိတ်ဝင်စားသွားမိပြီး တကယ်ပဲ ဒီလောက်ဆိုးသလား ဟု တွေးရင်း တူဖြင့် ဟင်းရွက်တစ်စကို ညှပ်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
ဒီအရသာက... ငန်သလို ချဉ်သလို ဖြစ်နေပြီး၊ နှစ်ချက်လောက် ဝါးပြီးနောက် ခါးသက်သက်အရသာက ပါးစပ်တစ်လျှောက် ပျံ့နှံ့သွားသည်။ လော့လော့က တိုက်ရိုက် ထွေးထုတ်လိုက်တာ မဆန်းတော့ပေ။
လင်းကျင်းက နင်ယွဲ့ကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ နင်ယွဲ့က ရှက်ရွံ့သွားပြီး ခေါင်းငုံ့လိုက်သည်။
လင်းကျင်း ပါးစပ်ထဲရှိ ဟင်းရွက်ကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
“ဟဲဟဲ... မဆိုးပါဘူး၊ နောက်တစ်ခါ ဆက်ကြိုးစားကြည့်ပါဦး။ ဟင်းတွေ အေးမသွားခင် မြန်မြန်စားကြရအောင်။”
နင်ယွဲ့ကို ဟင်းချက်သင်ပေးရတာက တကယ်ကို ခက်ခဲရှည်လျားတဲ့ ခရီးစဉ်တစ်ခု ဖြစ်မည်ဟု ထင်သည်။
စားသောက်ပြီးနောက် လုပ်စရာမရှိသဖြင့် လင်းကျင်းက နင်ယွဲ့နှင့် ဆေးဖော်စပ်ပညာ အကြောင်း ဆွေးနွေးပြောဆိုနေခဲ့သည်။
အချိန်သည် ရေစီးသကဲ့သို့ တိတ်တဆိတ် ကုန်လွန်သွားခဲ့သည်။
နှစ်ယောက်သား သတိပြန်ဝင်လာချိန်တွင် ညစာစားချိန်ပင် ရောက်နေပြီဖြစ်သည်။ ဒီတစ်ကြိမ်တွင် လင်းကျင်း၏ လမ်းညွှန်မှုအောက်၌ နင်ယွဲ့က ဟင်းတစ်ပွဲ ထပ်ကြော်ခဲ့သည်။
ထိုဟင်းကို သူတို့၏ အရသာစမ်းသပ်သူလေး လော့လော့က မြည်းစမ်းပြီးနောက်... “စားလို့ရတယ်” ဟူသော အကဲဖြတ်ချက်ကို ရရှိခဲ့သည်။
နင်ယွဲ့က မျက်လုံးလှန်လိုက်သော်လည်း သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုက ထင်ရှားနေခဲ့ပေသည်။ နောက်ပိုင်းရက်များလည်း သူတို့သားအမိနှစ်ယောက် မကြာခဏ ရောက်လာတတ်ကြသည်။
ရောက်လာတိုင်း ကြက်သား၊ ငါး၊ အသားနှင့် ဟင်းသီးဟင်းရွက်များ ယူလာကြပြီး၊ နင်ယွဲ့က ဟင်းချက်တတ်အောင် သေချာသင်ယူမည်ဟူသော ဆုံးဖြတ်ချက်ကို ထင်ရှားစွာ ပြသနေသကဲ့သို့ ဖြစ်သည်။
ထိုညများအတွင်း လင်းကျင်းသည် ဆေးဖော်စပ်ခြင်းအပြင် တစ်ခါနှစ်ခါ အပြင်ထွက်ကာ ဆေးလုံးများကို ရောင်းချခဲ့သည်။
ထိုသို့ဖြင့်... သည်တနေ့ကို ရောက်ရှိလာတော့သည်။
လင်းကျင်းသည် ဆေးလုံးအချို့ကို ရောင်းချပြီး စျေးဆိုင်ရှင်ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ လမ်းပေါ် လျှောက်သွားနေစဉ် တစ်လျှောက်လုံး သူ့စိတ်ထဲတွင် တစ်ခုခု မမှန်သည့် ခံစားချက် ရှိနေခဲ့သည်။
တစ်ယောက်ယောက်က သူ့ကို နောက်ယောင်ခံလိုက်နေသလို ခံစားနေရသည်။ သူက မသိမသာ နောက်သို့ လှည့်ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။
လင်းကျင်း၏ မျက်ခုံးများ တင်းကျပ်စွာ တွန့်သွားခဲ့ရ၏။ ဒီကာလအတွင်း သူ အလွန်သတိထားခဲ့ပြီး ဆေးလုံးများကို ရောင်းချတိုင်း မတူညီသော ဆိုင်များတွင် ရောင်းခဲ့ပြီး၊ ရောင်းသည့် ပမာဏလည်း မများပေ။
ထို့ကြောင့် မည်သူ့၏ အာရုံစိုက်မှုကိုမျှ မရသင့်ပေ။
ထိုသို့ မျက်ခုံးကြုတ်ကာ စဉ်းစားနေစဉ် ရုတ်တရက် အကြံတစ်ခု သူ့စိတ်ထဲ ပေါ်လာသည်။
လင်းကျင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဒါက ငါ့စိတ်ဘဲ ထင်နေတာပဲလား၊ ဒါမှမဟုတ် တကယ်ပဲ တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေတာလား ကြည့်ကြတာပေါ့...”