အခန်း (၂၇) - ဝိညာဉ်ကျောက်တုံးများ ကျန်းစန် ထပ်ချေးခြင်း
အခုအချိန်မှာ ညအမှောင်က စတင်ကျရောက်ခါစသာ ရှိသေးပြီး လမ်းမများပေါ်တွင် လူသွားလူလာ များစွာ ရှိနေသေးသည်။ ထို့ကြောင့် အနက်ရောင်ဝတ် လူက မိမိကို အန္တရာယ်ပြုမည်ကို လင်းကျင်း မစိုးရိမ်ခဲ့ပေ။
အကြောင်းမှာ ကျင့်ကြံသူစျေးအတွင်းတွင် မည်သူမဆို စိတ်ကြိုက် တိုက်ခိုက်ခွင့် မရှိဟူသော စည်းကမ်းများ ရှိသောကြောင့်ပေ။
စည်းကမ်း ချိုးဖောက်သူများအတွက် ပေါ့ပါးသည့် အပြစ်ဒဏ်ဆိုလျှင် ကျင့်ကြံမှုကို ဖျက်သိမ်းခံရပြီး ကျင့်ကြံသူစျေးမှ နှင်ထုတ်ခံရမည်။ အမှု ပြင်းထန်ပါက နေရာတွင်ပင် သတ်ဖြတ်ခံရနိုင်သည်။
သို့သော် ထိုစည်းကမ်းရှိသော်လည်း သန်းခေါင်ယံအချိန်၌ ပြဿနာရှာသူများ ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် ကျင့်ကြံသူစျေးအပြင်ဘက် အစွန်အဖျားဒေသများတွင် ဖြစ်သည်။
ထိုနေရာများ၌ စောင့်ကြည့်မှု သိပ်မတင်းကျပ်သဖြင့် လူများ မကြာခဏဆိုသလို ပျောက်ဆုံးသွားတတ်သည်။
ကျင့်ကြံသူစျေးဘက်ကလည်း ထိုကိစ္စများကို မျက်ကွယ်ပြုထားလေ့ ရှိသည်။ ဈေးကွက်အတွင်း၌သာ ပြဿနာ မဖြစ်လျှင် ကျန်အရာကို သိပ်အရေးမစိုက်ပေ။
အပြင်ဘက် ဒေသများတွင် နေထိုင်သူများသည် ကျင့်ကြံသူစျေးကိုသာ မှီခိုနေသော လေလွင့်ကျင့်ကြံသူများသာ ဖြစ်ပြီး အရေးပါသော အင်အားစုများ မဟုတ်ကြပေ။
ထိုနေရာမှ ထွက်လာပြီးနောက် လင်းကျင်းသည် အနည်းငယ် လှည့်လည်သွားလာခဲ့သည်။
ထို့နောက် အခြားဆိုင်အချို့တွင် ဆေးလုံးများကို အနည်းငယ်စီ ခွဲရောင်းပြီးမှ အိမ်သို့ ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်ပြီးနောက် လင်းကျင်းသည် မိမိ၏ ဝိညာဉ်ကျောက်တုံးများအားလုံးကို ထုတ်ယူကာ ရေတွက်လိုက်သည်။
ယနေ့ ရောင်းချမှုမှ ရရှိခဲ့သည့် ဝင်ငွေကိုပါ ပေါင်းလိုက်သည့်အခါ လင်းကျင်းတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁,၈၀၀ နီးပါး ရှိနေပြီ ဖြစ်သည်။
ဒီဝိညာဉ်ကျောက်တုံးပမာဏဖြင့် အတော်အသင့် ကောင်းမွန်သည့် မှော်ပစ္စည်းတစ်ခု ဝယ်ယူနိုင်လောက်သည်။
သို့သော် ဈေးသက်သာသော မှော်ရတနာ တစ်ခုကို ဝယ်နိုင်မနိုင်တော့ မသေချာပေ။
“အင်း...”
‘မနက်ဖြန် ယွဲ့ပေါင်လောကို သွားပြီး ဈေးသက်သာတဲ့ မှော်ရတနာတွေ ရှိမရှိ ကြည့်ရဦးမယ်။’ လင်းကျင်းက တွေးလိုက်သည်။
ညရောက်သောအခါ လင်းကျင်းလည်း စနစ်နေရာလွတ်ထဲသို့ ဝင်ရောက်လိုက်ကာ ရိတ်သိမ်းထားသော ဝိညာဉ်ဆန်နှင့် ကြယ်ခုနစ်ပွင့်မြက်များကို သေချာစွာ သိမ်းဆည်းလိုက်ပေသည်။
နောက်ထပ် ရက်အနည်းငယ် ကြာလျှင် ထိုဝိညာဉ်ဆန်နှင့် ကြယ်ခုနစ်ပွင့်မြက်များကို ရောင်းချနိုင်တော့မည်ပင် ဖြစ်သည်။
အရာအားလုံး စီစဉ်ပြီးသွားပြီးနောက် လင်းကျင်းသည် ဆေးဖော်စပ်ခြင်းကို စတင်လိုက်သည်။
ကံမကောင်းသည်လား မသိပေ။ ထိုညတွင် သန့်စင်ဆေးလုံး တစ်လုံးတောင် မပေါ်ထွက်ခဲ့ပေ။
နောက်တစ်နေ့ - ယွဲ့ပေါင်လောတွင်။
“တာအိုရောင်းရင်း လင်း... ဒီကိုယ်ယောင်ဖျောက် ဖုံးကွယ်မှော်ပစ္စည်းက အုတ်မြစ်တည်ဆောက်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေရဲ့ နတ်အာရုံ စူးစမ်းမှုကို တားဆီးနိုင်တယ်။”
“အကျိုးသက်ရောက်မှုက အတော်လေး ကောင်းတယ်လို့ ပြောနိုင်တယ်။ ဈေးနှုန်းကလည်း ဝိညာဉ်ကျောက်တုံး ၁,၂၀၀ ပဲ ရှိတယ်။”
လင်းကျင်းသည် အနက်ရောင် ခေါင်းစွပ်အင်္ကျီနှင့် တူသော မှော်ပစ္စည်းကို ကြည့်လိုက်ရာ ထိုပစ္စည်းကို ခေါင်းပေါ် တင်ဝတ်ရမည် ဖြစ်သည်။
‘ဒီလောက် ထင်ရှားနေရင် နတ်အာရုံ စူးစမ်းမှုကို တားဆီးနိုင်တာက ဘာအကျိုးရှိဦးမလဲ။’ ထို့ကြောင့် သူ ခေါင်းခါလိုက်မိသည်။
ဤမှော်ပစ္စည်းသည် အလွန် ထင်ရှားလွန်းသည်။
ထို့အပြင် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ နတ်အာရုံကိုသာ တားဆီးနိုင်တာမလို့ သူ လိုချင်သော စံနှုန်းနှင့် မကိုက်ညီပေ။
သို့သော် သူ၏ လက်ရှိငွေကြေးအခြေအနေအရ ဝယ်ယူရန် အကောင်းဆုံး ကိုယ်ယောင်ဖျောက်ဖုံးကွယ်မှော်ပစ္စည်း ဖြစ်လောက်သည်။
ရွှေအမြုတေအဆင့် မရောက်သေးသော ကျင့်ကြံသူများ ဖန်တီးသည့် ပစ္စည်းများကို “မှော်ပစ္စည်း” ဟု ခေါ်ကြပြီး ရွှေအမြုတေ အဆင့်နှင့် အထက် ကျင့်ကြံသူများ ဖန်တီးသည့် ပစ္စည်းများကိုသာ “မှော်ရတနာ” ဟု ခေါ်ဆိုကြပေသည်။
လင်းကျင်း လိုချင်နေသော ရွှေအမြုတေ အဆင့် ကိုယ်ယောင်ဖျောက် ဖုံးကွယ်မှော်ရတနာ၏ ဈေးနှုန်းမှာ အလွန်ပင် မြင့်မားလှသည်။ ဈေးအနည်းဆုံးပင် ဝိညာဉ်ကျောက်တုံး သောင်းချီ၍ တန်ကြေးရှိနေသည်။
လင်းကျင်းသည် အဘယ်ကြောင့် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကိုယ်ယောင်ဖျောက်မှော်ပစ္စည်းကို တိုက်ရိုက် မဝယ်သနည်း ဆိုလျှင် အနာဂတ်တွင် သူသည် ဆေးလုံးများကို မကြာခဏ ရောင်းချရမည် ဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်သရုပ်မှန်ကို မဖော်ထုတ်မိစေရန် အထောက်အထားအမျိုးမျိုး ပြောင်းလဲအသုံးပြုရမည် ဖြစ်သည်။
ထို့အပြင် ဆိုင်ကြီးအများစု၏ နောက်ကွယ်တွင် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများက ကျောထောက်နောက်ခံပေးထားလေသည်။
အနာဂတ်တွင် လင်းကျင်းသည် သန့်စင်ဆေးလုံးများ အမြောက်အမြား ရောင်းချရမည် ဖြစ်ပြီး ထိုလူများနှင့် ဆက်ဆံရမည်မှာ မလွဲမသွေ ဖြစ်သည်။
ထိုအခါ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကိုယ်ယောင်ဖျောက်မှော်ပစ္စည်း၏ ဖုံးကွယ်နိုင်စွမ်းမှာ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ၏ ရှေ့တွင် သုံးစားမရတော့ပေ။
ဝယ်လိုက်သည်ဖြစ်စေ မဝယ်လိုက်သည်ဖြစ်စေ ဘာမှ မထူးပေ။
စိတ်မချမ်းသာစွာဖြင့် လင်းကျင်းလည်း ထိုအကြံကို ယာယီ လက်လျှော့လိုက်ရသည်။
လက်ရှိအချိန်တွင်တော့ သူ အမြဲ သတိကြီးကြီးထားပြီး လုပ်ဆောင်နေသဖြင့် တခြားလူရဲ့ အာရုံစိုက်မှုကိုမှ မခံရသေးပေ။
ထို့ကြောင့် ယာယီအားဖြင့်တော့ ပြဿနာ မရှိသေးပေ။ ထို့နောက် လင်းကျင်း အိမ်သို့ ပြန်လာခဲ့သည်။
အိမ်တံခါးဝသို့ ရောက်ပြီး ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ယောက်ယောက်က သူ့ကို လှမ်းခေါ်လိုက်သည်။
“ညီလေးလင်း…”
လင်းကျင်း လှည့်ကြည့်လိုက်ရာ ကျန်းစန်နှင့် ကျန်းလင် ညီအစ်ကိုနှစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုကျန်း၊ ဘာကိစ္စရှိလို့လဲ။”
လင်းကျင်းက မေးလိုက်သည်။
သူတို့နှစ်ယောက် လောင်းကစားစွဲနေကြောင်း သိပြီးနောက်ပိုင်း လင်းကျင်း၏ သူတို့အပေါ် အမြင်မှာ သိပ်မကောင်းတော့ပေ။
သို့သော် ဒီနေရာ စရောက်လာကတည်းက ကျန်းစန်က ကူညီပေးခဲ့ဖူးသည်ကို သတိရသဖြင့် မနှစ်သက်မှုကို ထင်ထင်ရှားရှား မပြခဲ့ပေ။
“ညီလေးလင်း…”
ကျန်းစန်၏ မျက်နှာပေါ်တွင် အနည်းငယ် မသက်မသာ ဖြစ်နေသည့် အရိပ်အယောင် ပေါ်နေသည်။
ထို့နောက် ဆက်ပြောသည်။
“ဒီတစ်ခါတော့ ညီလေးလင်းကို အကူအညီ တောင်းရတော့မယ်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ကယ်ပေးပါဦး။ ဝိညာဉ်ကျောက်တုံး ၁၀ လုံးလောက် ချေးပေးပါ။”
“ဒီတစ်ခေါက် ကျင့်ကြံသူစျေးရဲ့ စီမံခန့်ခွဲခ ပေးဖို့ လိုနေတာမို့ ကျေးဇူးပြုပြီး ကူညီပါဦး ညီလေးလင်း။”
“စီမံခန့်ခွဲခ ဟုတ်လား...”
လင်းကျင်း ခဏ စဉ်းစားလိုက်ပြီးမှ သတိရသွားသည်။ မနေ့က သူ ပေးခဲ့သည့် အခကြေးငွေ မဟုတ်လား။ ဒီနှစ်ယောက် ဘာဖြစ်နေကြတာလဲ။
သဘောတရားအရဆို ချီစုဆောင်းခြင်း အလယ်အဆင့် ကျင့်ကြံသူ နှစ်ယောက်အတွက် ဝိညာဉ်ကျောက်တုံး ၁၀ လုံး ရှာဖို့ မခက်ခဲသင့်ပေ။ သို့သော် ယခု ထိုပမာဏလေးကိုပင် မထုတ်နိုင်တော့ပေ။
‘ထပ်ပြီး လောင်းကစား လုပ်လိုက်ပြန်ပြီများလား...’
လင်းကျင်း စိတ်ထဲတွင် တွေးလိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်တော်လည်း မနေ့က စီမံခန့်ခွဲခ ပေးထားပြီးပြီ။ ဒီရက်ပိုင်း ကျွန်တော်လဲ အခြေအနေ သိပ်မကောင်းနေဘူး။” ဟု လင်းကျင်းက တိုက်ရိုက် ငြင်းလိုက်သည်။
“ညီလေး လင်း... ဒီတစ်ခေါက်တော့ ကျွန်တော်တို့ တကယ် အခက်အခဲ ကြုံနေရတာပါ။ အိမ်နီးချင်း ဖြစ်တာကို ထောက်ထားပြီး ဒီတစ်ခါလေးပဲ ကူညီပေးပါ။”
“မဟုတ်ရင် ကျွန်တော်တို့ ဒီနေရာကနေ နှင်ထုတ်ခံရတော့မယ်။ အပြင်မှာလည်း နတ်ဆိုးသားရဲတွေ နေရာအနှံ့ ရှိနေတယ်။ နှင်ထုတ်ခံရရင် ကျွန်တော်တို့ အသက်ရှင်ဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး။”
“စိတ်ချပါ။ ဒီတစ်ခါပြီးရင် ကျွန်တော် ချေးထားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို အမြန်ဆုံး ပြန်ဆပ်ပါ့မယ်။”
ထိုစကားမျိုးကို လင်းကျင်း ကြားဖူးသည်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်တော့ပေ။
ကျန်းစန်ကို သူ ယုံကြည်ဖို့ ခက်နေပြီ ဖြစ်သည်။
လင်ကျင်းက အေးစက်စွာ ပြောလိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်တော့်မှာ တကယ်ပဲ ချေးပေးဖို့ ဝိညာဉ်ကျောက်တုံး မရှိဘူး။”
ကျန်းလင်က ချက်ချင်း စိုးရိမ်သွားပြီး မစဉ်းစားဘဲ ပြောထွက်သွားသည်။
“မဖြစ်နိုင်ဘူး... မင်းမှာ ဝိညာဉ်ကျောက်တုံး မရှိဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ... မနေ့က မင်း ယွဲ့ပေါင်လောကနေ ထွက်လာတာ ငါ မြင်ခဲ့တယ်လေ...”
ထိုစကားကို ကြားလိုက်သည်နှင့် လင်းကျင်း၏ မျက်နှာ ချက်ချင်း မဲမှောင်သွားသည်။
“ငါ ဘာလုပ်တယ်ဆိုတာကို ခင်ဗျားကို ရှင်းပြစရာ လိုလို့လား…”
“ညီလေး လင်း... တောင်းပန်ပါတယ်။ ကျွန်တော့်ညီ စကားလွန်သွားတာပါ။ ဒီတစ်ခါလေးပဲ ကူညီပေးပါ။”
ကျန်းစန်၏ မျက်နှာပေါ်တွင် တောင်းပန်အသနားခံသည့် အမူအရာ အပြည့် ဖြစ်နေသည်။
သူ့ဘေးမှ ကျန်းလင်ကတော့ ခေါင်းငုံ့ထားပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။
လင်းကျင်းသည် ကျန်းစန်နှင့် ကျန်းလင် ညီအစ်ကိုနှစ်ယောက်ကို အေးစက်စွာ ကြည့်လိုက်ပြီး ပြောသည်။
“နှစ်ယောက်လုံး... အိမ်နီးချင်း ဖြစ်တာကို ထောက်ထားပြီး အရင်တစ်ခေါက်က ကျွန်တော် ချေးပေးခဲ့တာက တာဝန်ကျေခဲ့ပြီးသားပဲ။”
“အခုတော့... အရင်တစ်ခေါက် ချေးထားတာတောင် မပြန်ဆပ်သေးဘဲ ထပ်လာချေးနေတာက ကျွန်တော့်ကို အလွယ်တကူ အနိုင်ကျင့်လို့ ရမယ့်သူလို့ ထင်နေတာလား။”
“ပြီးတော့... အရင်တစ်ခေါက် ချေးထားတဲ့ ဝိညာဉ်ကျောက်တွေကိုရော... ပြန်ဆပ်သင့်နေပြီ မဟုတ်ဘူးလား...”
ထိုအချိန်တွင် နင်ယွဲ့သည် လော့လော့ကို ခေါ်လာကာ လျှောက်လာခဲ့သည်။ လော့လော့က ပြေးလာပြီး လင်းကျင်း၏ လက်မောင်းကို ဖက်လိုက်ကာ မော့ကြည့်ပြီး ပြောလိုက်သည်။
“ဦးလေး လင်း...”
“အဲဒီလူနှစ်ယောက်က ဦးလေးဆီက ဝိညာဉ်ကျောက်တုံး ထပ်ချေးဖို့ လာတာလား။ လုံးဝ မချေးနဲ့နော်။ သူတို့က လူဆိုးတွေ။”
“ဦးလေးရဲ့ ဝိညာဉ်ကျောက်တွေကို လိမ်ယူဖို့ပဲ သိတာ။ မနေ့က မေမေနဲ့ သမီးတို့... အဲဒီနေရာကနေ သူတို့ ထွက်လာတာ တွေ့ခဲ့တယ်။”
“ဘာခေါ်တာပါလိမ့်...”
“ချန်းကျင်ဖန်”
“မေမေက ပြောတယ်။ သူတို့ ပိုက်ဆံတွေ အကုန် ရှုံးလာပြန်ပြီတဲ့။ ပြီးတော့ နောက်တစ်ဆင့်မှာ လူတွေကို လိုက်လိမ်တော့မယ်တဲ့။ ဦးလေး လင်း၊ သူတို့လှည့်ကွက်ထဲ မဝင်နဲ့နော်။”
ထိုအချိန်တွင် နင်ယွဲ့ကလည်း ဝင်ပြောလာသည်။
“တာအိုရောင်းရင်း လင်း... သူတို့ ပြောတာကို မယုံသင့်ဘူး။”
လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် မျက်နှာမည်းမှောင်သွားသော ကျန်းစန်ကို ထပ်မံ ကြည့်လိုက်သည်။
ယခုတစ်ခေါက်တော့ ချေးငွေ မရနိုင်တော့ကြောင်း ကျန်းစန်လည်း သိနေပြီ ဖြစ်သည်။
“အရင်တစ်ခေါက် ချေးထားတဲ့ ဝိညာဉ်ကျောက်တုံးကိစ္စ... ရက်နည်းနည်းလောက် ထပ်ပေးပါဦး၊ ညီလေး လင်း။”
“ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဆပ်ပါ့မယ်။ ညီလေး လင်း… ကျွန်တော် သွားလိုက်ဦးမယ်။”
ထိုသို့ ပြောပြီးနောက် ကျန်းစန်သည် လင်းကျင်းကို နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။
သို့သော် သူ လှည့်ထွက်သွားသည့် ကျောပြင်ကို ကြည့်ရသည်မှာ အနည်းငယ် အားငယ်ဝမ်းနည်းနေသလို ထင်ရသည်။
“ဟွန်း...!”
လော့လော့က နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက် ကြီးမားသော တိုက်ပွဲတစ်ခု အနိုင်ရလာသည့် စစ်သူရဲကောင်းတယောက်လို ဂုဏ်ယူဝံ့ကြွားသည့် မျက်နှာထား ဖြစ်နေသည်။
ကျန်းစန်နှင့် ကျန်းလင် တို့ အဝေးသို့ ရောက်သွားပြီးနောက် လော့လော့က ပြန်လှည့်လာပြီး ချက်ချင်း မျက်နှာငယ်လေး လုပ်လိုက်ပြီး
“ဦးလေးလင်... သမီးကို ကယ်ပါဦး...” လော့လော့က ငိုချင်ဟန်ဖြင့် ပြောလိုက်သည်။
‘ဒီကလေးမလေးကတော့...’
လင်းကျင်းသည် ရယ်ရမလို မရယ်ရမလို ဖြစ်သွားသည်။
“လော့လော့ ဘာဖြစ်ပြန်တာလဲ။ ဘယ်သူက အနိုင်ကျင့်လိုက်လို့လဲ။ ဦးလေးကို ပြောစမ်းပါဦး။”
“မေမေက သမီးကို အနိုင်ကျင့်တာ....” လော့လော့က ချက်ချင်း တိုင်လိုက်သည်။
“မနေ့က ဦးလေး လင်းဆီ လာပြီး ညစာ စားခွင့် မပေးဘူး။ ပြီးတော့ မေမေက ဦးလေး လင်းလို ချက်ဖို့ ကြိုးစားသေးတယ်။”
“ဒါပေမဲ့ မေမေက အရမ်းတုံးတာပဲ။ ဦးလေး လင်း ဟင်းချက်ချိန် လိုက်ကြည့်တာ ဒီလောက်ကြာနေတာတောင် မချက်တတ်သေးဘူး။”
“ချက်တဲ့ဟင်းတွေကလည်း မစားကောင်းဘူး။ ဒါတောင် သမီးကို အတင်း စားခိုင်းသေးတယ်။ သမီး ဘဝက တကယ် သနားစရာပဲ...”
ထိုသို့ ပြောရင်း လော့လော့က မရှိသည့် မျက်ရည်များကို သုတ်သည့်ပုံစံ လုပ်ကာ အလွန် ဝမ်းနည်းနေဟန် ဆောင်လိုက်သည်။
“လော့လော့... ထပ်ပြီး အရိုက်ခံချင်နေတာလား....”
လော့လော့၏ အသံက မတိုးပေ။ နင်ယွဲ့သည် ပြောသမျှ စကားအားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ယခုအချိန်တွင် သူမ၏ ပါးပြင်များ နီမြန်းလာပြီး ရှက်လည်းရှက်၊ စိတ်လည်းတိုနေသည်။ ထို့နောက် ခြင်္သေ့မကြီးတစ်ကောင် ဟိန်းသလို အော်လိုက်သည်။
ထိုအသံကြောင့် လော့လော့က ကြောက်လန့်တကြားဖြင့် လင်းကျင်း၏ နောက်သို့ ချက်ချင်း ပြေးဝင်ပုန်းလိုက်သည်။
အရိုက်ခံရမှာကို စိုးသောကြောင့်ပင်။