အခန်း (၂၆) - အနက်ဝတ်နဲ့လူ
လင်းကျင်းအိပ်ရာမှ နိုးလာသော်လည်း အနည်းငယ် အိပ်ချင်စိတ် ကျန်နေသေးသည်။ ဒါပေမယ့် ယခု သားရဲကိစ္စကြောင့် ထိုအိပ်ချင်စိတ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။
မျက်နှာသစ်ပြီးနောက် လင်းကျင်းသည် အိမ်မှ ထွက်လာခဲ့သည်။
ဒီကာလအတွင်း သူသည် ဆေးလုံးများ အတော်များများ ဖော်စပ်ထားပြီး ဖြစ်သဖြင့် ယခုအချိန် ရောင်းချရန် အချိန်တန်ပြီလေ။
ယွဲ့ပေါင်လော သို့ ရောက်သွားသောအခါ အကြီးအကဲ ယွီကို မတွေ့ရဘဲ ခပ်ဝဝ လူလတ်အရွယ် လူတစ်ယောက်က ကောင်တာနောက်တွင် ရပ်နေသည်။
လင်းကျင်းသည် စိတ်ထဲတွင် စိတ်ပျက်သွားမိပြီး အစက အကြီးအကဲ ယွီကို မေးစရာ မေးခွန်းအချို့ ရှိခဲ့သော်လည်း ယခုတော့ ထိုအကြံကို လက်လျှော့လိုက်ရတော့ပေမည်။
ကောင်တာသို့ လျှောက်သွားပြီး ရောင်းချဖို့ ရွေးထားတဲ့ အဆင့်နိမ့် ဆေးလုံးများအားလုံးကို လူလတ်အရွယ် လူထံ ပေးလိုက်သည်။
ထိုသူက ပေသီးကို လျင်မြန်စွာ တွက်ချက်လိုက်ပြီး နောက်ဆုံးတွင် ဝယ်ဈေးအဖြစ် ဝိညာဉ်ကျောက်တုံး ၆၀ လုံး ပေးမည်ဟု ပြောလာသည်။
ဆေးလုံးများ ရောင်းချပြီးနောက် လင်းကျင်းသည် စွမ်းအင်စုဆောင်းဆေးလုံးအတွက် ကုန်ကြမ်း အစုံ ၁၀၀ ကို ဝယ်ယူလိုက်သည်။
နတ်ဆိုးသားရဲလှိုင်း အရေးအခင်း ပြင်းထန်လာသောကြောင့် ဆေးလုံးဈေးနှုန်းများနှင့် ကုန်ကြမ်းဈေးနှုန်းများ နှစ်မျိုးစလုံး မြင့်တက်လာခဲ့ရသည်။
ဆေးလုံးများ ရောင်းချ၍ ရရှိခဲ့သော ဝိညာဉ်ကျောက်တုံးများအပြင် လင်းကျင်း နောက်ထပ် ဝိညာဉ်ကျောက် ၆၀ ကို ထပ်မံ စိုက်ထုတ်မှသာ စွမ်းအင်စုဆောင်းဆေးလုံး အစုံ ၁၀၀ ဖော်စပ်ရန် လိုအပ်သော ကုန်ကြမ်းများကို ဝယ်ယူနိုင်ခဲ့သည်။
ထို့နောက် လင်းကျင်းသည် ယွဲ့ပေါင်လောမှ တိုက်ရိုက် ထွက်လာခဲ့သည်။
ထိုစွမ်းအင်စုဆောင်းဆေးလုံး ၁၀၀ ကို ဖော်စပ်ပြီးသွားလျှင် သူ ချီစုဆောင်းခြင်း အလယ်အဆင့်သို့ ရောက်နိုင်လောက်ပြီ ဖြစ်သည်။
ထို့နောက် လင်းကျင်းသည် အိမ်သို့ ပြန်မသွားဘဲ ကျင့်ကြံသူစျေးအတွင်း လှည့်လည်သွားလာနေခဲ့သည်။
ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားသည်အထိ သူ ဆက်လက် လှည့်လည်နေခဲ့သည်။
ထို့နောက် ရုပ်ဖျက်ပြီးမှသာ ယခင်က သန့်စင်အဆင့် ဆေးလုံး ရောင်းခဲ့သော ဆိုင်သို့ ဦးတည်သွားခဲ့သည်။
လင်းကျင်း၏ ရုပ်ဖျက်ပညာမှာ မကျွမ်းကျင်သေးပေ။ နေ့ဘက်တွင်ဆိုလျှင် အခြားသူများက သူ၏ ရုပ်ဖျက်မှုကို အလွယ်တကူ မြင်တွေ့နိုင်သည်။
ထို့ကြောင့် လင်းကျင်းလည်း ဆေးလုံးများကို ညဘက်တွင်သာ ရောင်းချရန် ရွေးချယ်ထားခြင်း ဖြစ်ပေသည်။
ဆိုင်သို့ ရောက်သွားသောအခါ ဆိုင်ရှင်နှင့် အနက်ရောင်ဝတ် လူတစ်ယောက်တို့ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။
အနက်ရောင်ဝတ် လူက မျက်မှောင်ကြုတ်ကာ ဆိုင်ရှင်ကို မကျေမနပ် ပြောနေသည်။
“ဆိုင်ရှင်...”
“ဒီဆေးလုံးတစ်လုံးရဲ့ ဈေးနှုန်းက နည်းနည်း များလွန်းနေတယ် မဟုတ်ဘူးလား။ ပုံမှန်ဈေးထက် တစ်ဝက်ကျော်တောင် ပိုမြင့်နေပြီ။”
ဆိုင်ရှင်က ဖျောင်းဖျသည့် အပြုံးဖြင့် ပြောလိုက်သည်။ “ဧည့်သည်တော်၊ လက်ရှိ အခြေအနေကို သိထားရမှာပါ။”
“နတ်ဆိုးသားရဲလှိုင်း အရေးအခင်း ပြင်းထန်နေတာကြောင့် ဆေးလုံးတွေ ရှားပါးနေတယ်။ အခု ဈေးနှုန်းက တကယ်တမ်းတော့ သင့်တင့်ပါတယ်။”
“သင့်တင့်တယ် ဟုတ်လား?” အနက်ရောင်ဝတ် လူက ပြန်မေးလိုက်သည်။
“မှောင်ခိုဈေးကွက်မှာတောင် အခုဈေးနဲ့ သိပ်မကွာတော့ဘူး မဟုတ်လား။”
ဆိုင်ရှင်က အဓိပ္ပါယ်ပါသော အကြည့်ဖြင့် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောသည်။
“ဧည့်သည်တော်... ကြည့်ရတာ မှောင်ခိုဈေးကွက်ကို တော်တော်ကြာ မသွားဖြစ်တော့ဘူး ထင်တယ်။”
“အခုတော့ ဆေးလုံးတင် မဟုတ်ဘူး။ ပစ္စည်းတော်တော်များများရဲ့ ဈေးနှုန်းတွေက အဲဒီမှာ နှစ်ဆနီးပါး တက်သွားပြီ။”
အနက်ဝတ် လူက အံ့အားသင့်သွားသည့် အမူအရာ ပြသလိုက်ပြီး ထို့နောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
“ဟုတ်တယ်... မကြာသေးခင်က အလုပ်တွေ အရမ်းရှုပ်နေလို့ မသွားဖြစ်တာ ကြာပြီ။”
ထိုသို့ ပြောပြီးနောက် သူသည် ပိုမပြောတော့ဘဲ ရပ်လိုက်သည်။ မတော်တဆ မိမိကိုယ်ကို ဖော်ထုတ်မိမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေမည်။
အမှန်တကယ်တော့ သူသည် မှောင်ခိုဈေးကွက်သို့ တစ်ခါမျှ မရောက်ဖူးပေ။ အကြောင်းမှာ မှောင်ခိုဈေးကွက်သို့ ဝင်ရန်အတွက် သက်သေခံတံဆိပ် (တိုကင်) တစ်ခုတည်းနှင့် မလုံလောက်ဘဲ လမ်းပြပေးမည့်သူလည်း လိုအပ်ပေသည်။
လမ်းပြ မရှိလျှင် မှောင်ခိုဈေးကွက်၏ ဝင်ပေါက်ကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။ သူသည် မှောင်ခိုဈေးကွက် တံဆိပ် တစ်ခုကို ကံကောင်း၍ ရခဲ့ဖူးရုံသာ ဖြစ်သည်။
ထို့ကြောင့်ပင် ၎င်းကို မကြာခဏ ထုတ်ပြကာ ကြွားဝါတတ်သည်။
ဘာပဲဖြစ်ဖြစ် မှောင်ခိုဈေးကွက်သို့ ဝင်ရောက်နိုင်ခြင်းဆိုသည်မှာ သာမန်လူများ လုပ်နိုင်သော အရာ မဟုတ်ပေ။
သို့သော် ဆိုင်ရှင်ကတော့ မတူပေ။ သူသည် မှောင်ခိုဈေးကွက်သို့ မကြာခဏ သွားလာတတ်သူ ဖြစ်ကြောင်း သိသာထင်ရှားနေသည်။
ထိုအချိန်တွင် လင်းကျင်းက အထဲသို့ ဝင်လာခဲ့သည်။
ဆိုင်ရှင်သည် လင်းကျင်းကို ယခင်တစ်ခေါက်က သန့်စင်ဆေးလုံး ကို လာရောင်းခဲ့သော သူဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားခဲ့သည်။
“ဧည့်သည်တော်၊ ကြိုဆိုပါတယ်။”
ဆိုင်ရှင်က အပြုံးမျက်နှာအပြည့်ဖြင့် နှုတ်ဆက်လိုက်ပြီး ရှေ့သို့ ချက်ချင်း လျှောက်လာသည်။ အနက်ရောင်ဝတ် လူကိုတော့ မူလနေရာတွင်သာ ထားခဲ့လိုက်တော့သည်။
“ဒီနေ့ရော ဆေးလုံးတွေ ရောင်းဖို့ ယူလာသေးလား ဧည့်သည်တော်။”
“အင်း...” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် သိုလှောင်အိတ်ထဲမှ ဆေးလုံးများ ထည့်ထားသော ကြွေပုလင်းငယ်များစွာကို ထုတ်ယူလိုက်သည်။
“ဆိုင်ရှင်၊ ဒီဟာတွေ ဘယ်လောက်တန်မလဲ တွက်ပေးပါဦး။”
“ရတာပေါ့၊ ခဏစောင့်ပေးပါ။” ဆိုင်ရှင်က ပြောလိုက်ပြီး—
ပုလင်းများကို တစ်လုံးချင်း ဖွင့်ကာ စစ်ဆေးကြည့်ရှုတော့သည်။
ဒီတစ်ခေါက်တွင် လင်းကျင်းသည် သူ ဖော်စပ်ထားသည့် ဆေးလုံးအားလုံးကို ထုတ်မပြခဲ့ဘဲ တစ်စိတ်တစ်ပိုင်းကိုသာ ယူလာခဲ့သည်။
မကြာသေးမီကမှ ဤနေရာတွင် ဆေးလုံးများ ရောင်းထားခဲ့သောကြောင့် ထပ်ပြီး အရေအတွက်များစွာ ထုတ်ပြမိလျှင် သံသယဝင်ခံရနိုင်သည်ဟု သူ တွေးထားမိသည်။
လင်းကျင်းက ဆေးလုံးအများအပြားကို တစ်ခါတည်း ထုတ်ယူလိုက်သည်ကို မြင်သောအခါ အနက်ရောင်ဝတ် လူသည်လည်း အံ့အားသင့်သွားသည်။
ထို့နောက် ဆိုင်ရှင် လက်ထဲရှိ ကြွေပုလင်းများကို စိတ်ဝင်တစား လှမ်းကြည့်လိုက်သည်။
မကြာခင်မှာပင် ဆိုင်ရှင်က ဆေးလုံးအားလုံးကို စစ်ဆေးပြီးစီးသွားခဲ့သည်။
“ဧည့်သည်တော်... ဒီတစ်ခေါက် ယူလာတဲ့ ဆေးလုံးတွေက အရည်အသွေး အလွန်ကောင်းတယ်။ ပြီးတော့ အရေအတွက်ကလည်း အရင်တစ်ခေါက်ထက် ပိုများလာတယ်။” ဆိုင်ရှင်က ပြောလိုက်သည်။
“ဖုံးကွယ်မထားတော့ပါဘူး။ မကြာသေးခင်က နတ်ဆိုးသားရဲလှိုင်း အရေးအခင်းကြောင့် ဆေးလုံးဈေးနှုန်းတွေ အရမ်း မြင့်တက်သွားတယ်။”
“ဒါကြောင့် ကျွန်တော်တို့ရဲ့ ဝယ်ယူဈေးလည်း တက်လာတယ်။ အရင်တစ်ခေါက်နဲ့ ယှဉ်ရင် နှစ်ဆယ်ရာခိုင်နှုန်းလောက် ပိုမြင့်လာတယ်။”
“ဧည့်သည်တော် ယူလာတဲ့ ဒီဆေးလုံးတွေကို ကျွန်တော် တွက်ချက်ပြီးပြီ။ စုစုပေါင်း တန်ဖိုးက ဝိညာဉ်ကျောက်တုံး ၅၃၀ လုံး ရှိတယ်။ ဒီဈေးနှုန်းကို ကျေနပ်ပါရဲ့လား။”
“အင်း၊ ကျေနပ်တယ်။” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ ဧည့်သည်တော်။ ခဏစောင့်ပေးပါ။ ကျွန်တော် ဝိညာဉ်ကျောက်တုံးတွေ သွားယူလိုက်ဦးမယ်။”
ထိုသို့ ပြောရင်း ဆိုင်ရှင်က ဆေးလုံးများကို သိမ်းဆည်းလိုက်သည်။
အနက်ရောင်ဝတ် လူသည် ဆိုင်ရှင် ပြောသည့် စကားများကို ကြားပြီးနောက် လုံးဝ မှင်သက်သွားခဲ့သည်။
‘ဝိညာဉ်ကျောက်တုံး ၅၃၀ လုံး... ထိုပမာဏသည် သူ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသည့် ရလဒ်ပင်။’
မကြာခင်မှာပင် ဆိုင်ရှင်က ဝိညာဉ်ကျောက်တုံးများကို ပြင်ဆင်ပြီး လင်းကျင်းထံ လွှဲပေးလိုက်သည်။
အရောင်းအဝယ် ပြီးဆုံးသွားပြီးနောက် လင်းကျင်းသည် ဆိုင်ရှင်ကို နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
“တာအိုရောင်းရင်း၊ ခဏစောင့်ပါဦး။”
သူ ထွက်လာပြီး မကြာခင်မှာပင် တစ်ယောက်ယောက်က လှမ်းခေါ်လိုက်သည်။ လင်ကျင်း လှည့်ကြည့်လိုက်ရာ ဆိုင်ထဲက အနက်ရောင်ဝတ် လူ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“တာအိုရောင်းရင်း၊ ဘာကိစ္စ ရှိလို့လဲ...” လင်းကျင်းက မေးလိုက်သည်။
အနက်ရောင်ဝတ် လူက လင်းကျင်းကို အကဲခတ်ကြည့်ပြီးနောက် ပြောလိုက်သည်။
“တာအိုရောင်းရင်းက တစ်ခါတည်း ဆေးလုံး အများကြီး ထုတ်ရောင်းနိုင်တာ မြင်တော့... ဆေးဖော်စပ်ပညာရှင်တစ်ယောက် ဖြစ်မယ်လို့ ထင်တယ်။ ဟုတ်တယ်မလား။”
“ဟုတ်တယ်။” လင်းကျင်းက တိုတိုတုတ်တုတ်သာ ဖြေလိုက်သည်။ ဖုံးကွယ်ရန်လည်း မကြိုးစားခဲ့ပေ။
“ဒါဆို တာအိုရောင်းရင်းနဲ့ အရောင်းအဝယ်တစ်ခု လုပ်ချင်တယ်။ ဘယ်လို သဘောရလဲ။”
“အရောင်းအဝယ် ဟုတ်လား…” လင်းကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဟုတ်တယ်။”
အနက်ရောင်ဝတ် လူက ပြောရင်း အနက်ရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
“ဒီမှာ မှောင်ခိုဈေးကွက်တံဆိပ် တစ်ခု ရှိတယ်။ ဒီတံဆိပ်ကို ကိုင်ထားတဲ့သူတိုင်း မှောင်ခိုဈေးကွက်ထဲ ဝင်နိုင်တယ်။”
“တာအိုရောင်းရင်းက ဆေးဖော်စပ်ပညာရှင် ဖြစ်တဲ့အတွက်... ဒီတံဆိပ်နဲ့ မှောင်ခိုဈေးကွက်ထဲ ဝင်ပြီး ဆေးလုံးတွေ ရောင်းမယ်ဆိုရင် အနည်းဆုံး ဈေးနှုန်း ငါးဆယ်ရာခိုင်နှုန်းကျော် ပိုရနိုင်တယ်။”
“ပြီးတော့ ဒီတံဆိပ်အတွက် ငါ အများကြီးမတောင်းပါဘူး။ ဝိညာဉ်ကျောက် ၅၀၀ လုံးပဲ ပေးရင် ရပြီ။”
“တကယ်တော့ ဒါ အရမ်းတန်တဲ့ အရောင်းအဝယ်ပဲ။ စဉ်းစားကြည့်ပါဦး။”
“ဒီနေ့ တာအိုရောင်းရင်း ရောင်းလိုက်တဲ့ ဆေးလုံးပမာဏနဲ့ဆို... အရောင်းအဝယ် နှစ်ကြိမ်၊ သုံးကြိမ်လောက် လုပ်လိုက်ရုံနဲ့ ရင်းနှီးငွေ ပြန်ရနိုင်တဲ့အပြင် အမြတ်တောင် အများကြီး ရနိုင်တယ်။”
“သေချာ စဉ်းစားကြည့်ပါ... အမြတ် ငါးဆယ်ရာခိုင်နှုန်းကျော် ဆိုတာ နည်းတာမှ မဟုတ်တာ...”
ဤနေရာသို့ ရောက်လာသောအခါ အနက်ရောင်ဝတ် လူ၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားလာသည်။ စိတ်လှုပ်ရှားမှု ပြေသွားပြီးနောက် သူသည် လင်ကျင်းကို တိုက်ရိုက် စိုက်ကြည့်ကာ အဖြေကိုသာ စောင့်နေခဲ့သည်။
သူ့အမြင်အရ ဒီလို အကျိုးအမြတ်များသော အရောင်းအဝယ်ကို လင်ကျင်း ငြင်းပယ်စရာ အကြောင်းမရှိပေ။
သို့သော် လင်းကျင်း၏ နောက်စကားတစ်ခွန်းက သူ၏ မျှော်လင့်ချက်များကို ချက်ချင်း ချိုးဖျက်ပစ်လိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်တော် စိတ်မဝင်စားဘူး။” ထိုသို့ ပြောပြီးနောက် လင်းကျင်းသည် ထွက်ခွာရန် ပြင်လိုက်သည်။
အနက်ရောင်ဝတ် လူက လင်းကျင်း ဝိညာဉ်ကျောက် ရထားသည်ကို မြင်ခဲ့သောကြောင့်သာ ဤအရောင်းအဝယ်ကို ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း သိသာသည်။
ထိုတံဆိပ်က အစစ်လား အတုလား ဆိုတာပင် မသိနိုင်သေးပေ။
ထို့အပြင် တကယ် အစစ်ဖြစ်နေသည် ဆိုလျှင်တောင် မှောင်ခိုဈေးကွက်သည် သူ ပြောသလို အလွယ်တကူ ဝင်ချင်ဝင်၊ ထွက်ချင်ထွက် နိုင်သည့် နေရာမျိုး မဟုတ်လောက်ပေ။
“တာအိုရောင်းရင်း၊ ခဏစောင့်ပါဦး။”
အနက်ရောင်ဝတ် လူက ထပ်မံ လမ်းပိတ်လိုက်သည်။
“တာအိုရောင်းရင်းက ငါ့တံဆိပ်ကို အတုလို့ထင်နေတာ မဟုတ်လား။ ငါ့ကို မယုံရင် အခုလေးတင် စကားပြောခဲ့တဲ့ ဆိုင်ရှင်ဆီ ပြန်သွားမေးလို့ ရတယ်။ သူက ဒီတံဆိပ် အစစ်အမှန် ဖြစ်ကြောင်း သက်သေပြပေးနိုင်တယ်။”
“လမ်းဖယ်ပေးပါ။ ကျွန်တော် ပြန်တော့မယ်။”
လင်းကျင်းက လုံးဝ မတွန့်ဆုတ်ဘဲ ပြောလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။
အနက်ရောင်ဝတ် လူတစ်ယောက်တည်းသာ ထိုနေရာတွင် ကျန်ရစ်ခဲ့တော့သည်။
“ထွီ...!”
အနက်ရောင်ဝတ် လူက တံတွေးထွေးလိုက်ပြီး
“ကျေးဇူးမသိတဲ့ကောင်... မင်းကို ငါ မှတ်ထားလိုက်ပြီ။ မင်း စောင့်ကြည့်နေလိုက်...” သူက လင်းကျင်း၏ ကျောပြင်ကို စိုက်ကြည့်ရင်း ဒေါသအပြည့်နှင့် ပြောလိုက်လေသည်။