အခန်း (၂၅) - စီမံခန့်ခွဲသူ ဂျန်း ရောက်ရှိလာခြင်း
သူတို့နှစ်ယောက် အိမ်ထဲသို့ ဝင်လာကြပြီးနောက် လော့လော့သည် နင်ယွဲ့ကို မြင်သည်နှင့် ချက်ချင်း ပြေးသွားလိုက်သည်။
“မေမေ...”
ထိုအချိန်တွင် အိမ်အတွင်းရှိ မီးခုံအိုးသည် တောက်လောင်စွာ လောင်ကျွမ်းနေသဖြင့် တစ်ခန်းလုံး နွေးထွေးနေလေသည်။ လော့လော့၏ မျက်နှာလေးမှာလည်း ပန်းနုရောင် သမ်းနေ၏။
“လိမ္မာတဲ့ ကလေးလေးပဲ၊ လော့လော့။ မနက်ဖြန်ကစပြီး မေမေ လော့လော့နဲ့ အိမ်မှာ အတူနေနိုင်တော့မယ်။”
နင်ယွဲ့သည် လော့လော့၏ နဖူးပေါ်ကျနေသော ဆံချည်မျှင်များကို ဖယ်ရှားပေးရင်း ညင်သာစွာ ပြောလိုက်သည်။
“မေမေ အပြင် မသွားရတော့ဘူးလား။ ကောင်းလိုက်တာ....”
လော့လော့က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“ဦးလေး လင်းက ပြောတယ်။ အပြင်မှာ နတ်ဆိုးမိစ္ဆာသားရဲတွေ ပိုပိုများလာတယ်တဲ့။ မေမေ အပြင်ထွက်တိုင်း လော့လော့ အရမ်းစိုးရိမ်ရတာ။”
“မေမေ အဆင်ပြေပါတယ်။ မနက်ဖြန်ကစပြီး မေမေက နေ့တိုင်း လော့လော့နဲ့ အိမ်မှာ အတူရှိနေမယ်နော်။”
နင်ယွဲ့က ပြောရင်း လော့လော့၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
“ရေးးး…” လော့လော့က ပျော်ရွှင်စွာ အော်လိုက်သည်။
ကလေးတစ်ယောက်၏ အပြစ်ကင်းစင်သော စိတ်ထားမှာ ဒီလိုပင် အမြဲတမ်း ရိုးရှင်း၏။
လွန်ခဲ့သော တစ်လခန့်ကစပြီး သားရဲလှိုင်း ပိုမိုပြင်းထန်လာခဲ့ကာ နတ်ဆိုးသားရဲများက လူသားများ၏ နေထိုင်ရာဒေသများကို ဆက်တိုက် တိုက်ခိုက်နေခဲ့ပြီး မိသားစုများစွာ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ကြသည်။
အချို့ မိသားစုများ၏ ဝိညာဉ်စိုက်ခင်းများသည်ပင် နတ်ဆိုးသားရဲများကြောင့် ဖျက်ဆီးခံခဲ့ရသည်။ မိသားစုအများစုကလည်း အပြင်ဘက် စီးပွားရေးလုပ်ငန်းများကို လျှော့ချကာ သားရဲလှိုင်းကို အင်အားအပြည့်ဖြင့် ခုခံနေကြရသည်။ အင်အားနည်းသော မိသားစုငယ်များကတော့ စုပေါင်း၍ ခုခံကြရသည်။
ထို့အပြင် ကျင့်ကြံသူစျေး၏ အစွန်အဖျားဒေသများပင် နတ်ဆိုးသားရဲများရဲ့ တိုက်ခိုက်မှုကို ဆိုးဆိုးရွားရွား ခံခဲ့ရသည်။
နောက်ဆုံးတွင်တော့ ကျင့်ကြံသူစျေးရဲ့ ကင်းလှည့်စောင့်ရှောက်ရေးအဖွဲ့က ထိုသားရဲများကို သတ်ဖြတ်နိုင်ခဲ့ပေသည်။
သို့သော် ကျင့်ကြံသူစျေး အစွန်အဖျားတွင် နေထိုင်သော ကျင့်ကြံသူ အချို့သည် သားရဲများ၏ ပါးစပ်အောက်တွင် အသက်ဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ဒီကာလအတွင်း ကျင့်ကြံသူစျေးအတွင်းရှိ လူများသည် အလွန်စိုးရိမ်ထိတ်လန့်နေကြပြီး နတ်ဆိုးသားရဲများ လာရောက်တိုက်ခိုက်မည်ကို ကြောက်ရွံ့နေကြသည်။
အထူးသဖြင့် ကျင့်ကြံသူစျေး အပြင်ဘက်အဖျားနားတွင် နေထိုင်သော လင်းကျင်းကဲ့သို့ လူများအတွက် ပို၍ပင် စိုးရိမ်စရာပေ။
ကံကောင်းစွာဖြင့် လင်းကျင်း ယခင်က အပြင်ဘက်ဧရိယာ စီမံခန့်ခွဲသူ၏ အကြံဉာဏ်ကို နားထောင်ခဲ့မိပြီး ကျင့်ကြံသူစျေးအတွင်းပိုင်းနှင့် နီးတဲ့ ဒီခြံဝင်းကို ငှါးရမ်းထားခဲ့ခြင်းပင်။
အဆိုပါ အကြောင်းကြောင့် ဒီကာလအတွင်း သူတို့ဘက်မှာ အတော်လေး လုံခြုံနေခဲ့ပြီး နတ်ဆိုးသားရဲ တိုက်ခိုက်မှု တစ်ကြိမ်မှ မကြုံတွေ့ခဲ့ရပေ။
သူတို့ သုံးယောက် ညစာစားပြီးနောက် ကျန်နှစ်ယောက်က ပြန်သွားခဲ့၏။
ဒီညတွင် လင်းကျင်း လုပ်စရာအလုပ် ပိုများနေပေမည်။
အကြောင်းမှာ နေရာလွတ်အတွင်းရှိ ဝိညာဉ်စိုက်ခင်းများမှာ ဝိညာဉ်စပါးနှင့် ကြယ်ခုနစ်ပွင့်မြက်များ ရင့်မှည့်လာပြီး ရိတ်သိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
စနစ်နေရာလွတ်အတွင်း ဝင်ရောက်ပြီးနောက် လင်းကျင်းက ဆေးဖော်စပ်ခန်း၏ ထိန်းချုပ်မျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်သည်။
ဆေးဖော်ခန်း - ပထမ အဆင့်
စိတ်ဝိညာဉ်အာရုံ တိုးမြှင့်မှု - 10%
ဆေးဖော်စပ်အောင်မြင်နှုန်း တိုးမြှင့်မှု - (အဆင့် ၁ ဆေးလုံး 10%)
ဆေးလုံးအရည်အသွေး တိုးတက်မှု - (အဆင့် ၁ 10%)
သန့်စင်ဆေးလုံး ဖြစ်ပေါ်နိုင်ခြေ - (အဆင့် ၁ 10%)
အဆင့်မြှင့်ရန် လိုအပ်ချက် - (94/100 ရိတ်သိမ်းမှတ်)
စနစ်မျက်နှာပြင်ကို ကြည့်ရင်း လင်lကျင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
‘ဒီတစ်ခေါက် ဝိညာဉ်အပင်တွေ ရိတ်သိမ်းပြီးရင် ဆေးဖော်စပ်ခန်းကို အဆင့်မြှင့်နိုင်တော့မယ်။’
ထို့နောက် လင်းကျင်း တံစဉ်ကို ကောက်ယူလိုက်ပြီး အလုပ်စလုပ်တော့သည်။
ကျင့်ကြံမှုအဆင့် မြင့်တက်လာခြင်းနှင့်အတူ လင်းကျင်း၏ ဝိညာဉ်အပင်များ ရိတ်သိမ်းသည့် မြန်နှုန်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
မကြာခင်မှာပဲ တစ်မူ ရှိသော ဝိညာဉ်ဆန်များကို လင်းကျင်းက ရိတ်သိမ်းပြီးစီးသွားခဲ့သည်။
“စနစ်အသိပေးချက် - ပိုင်ရှင်သည် အဆင့်မြင့် ဝိညာဉ်ဆန် တစ်မူကို ရိတ်သိမ်းအောင်မြင်ခဲ့သည်။ ဆုလာဘ် - ရိတ်သိမ်းမှတ် ၂ မှတ် ရရှိသည်။”
“တကယ်ပဲ... ဝိညာဉ်အပင် အဆင့် မြင့်လေလေ ရိတ်သိမ်းမှတ် ပိုရလေလေပဲ။”
လင်းကျင်းသည် မနားဘဲ ဆက်လက် ရိတ်သိမ်းခဲ့သည်။
ဒီတစ်ခေါက်တွင် သူသည် ကြယ်ခုနစ်ပွင့်မြက် တစ်မူကို ရွေးချယ်လိုက်သည်။
မကြာခင်မှာပင် ကြယ်ခုနစ်ပွင့်မြက်များလည်း ရိတ်သိမ်းပြီးစီးသွားခဲ့ပြီး ရိတ်သိမ်းမှတ် ၃ မှတ် ရရှိခဲ့သည်။
'ကြည့်ရတာ ကြယ်ခုနစ်ပွင့်မြက်၏ အရည်အသွေးသည် အဆင့်မြင့် ဝိညာဉ်ဆန်ထက် အနည်းငယ် ပိုမြင့်နေပုံဘဲ။’
လင်းကျင်းသည် မူ ၂၀ ရှိသော ဝိညာဉ်စိုက်ခင်းအားလုံးကို ရိတ်သိမ်းပြီးစီးရန် နာရီ ၂၀ နီးပါး အချိန်ယူခဲ့ရသည်။
ရိတ်သိမ်းမှု ပြီးဆုံးသွားသည့်အခါ အဆင့်မြင့် ဝိညာဉ်ဆန် ၁၀ မူနှင့် ကြယ်ခုနစ်ပွင့်မြက် ၁၀ မူမှ စုစုပေါင်း ရိတ်သိမ်းမှတ် ၅၀ ကို ရရှိခဲ့သည်။
လင်းကျင်းလည်း လယ်ကွင်းဘေးတွင် ထိုင်ချလိုက်ပြီး စနစ်မျက်နှာပြင်ကို ထပ်မံ ဖွင့်လိုက်သည်။
အဆင့်မြှင့်ရန် လိုအပ်ချက် : (144/100 ရိတ်သိမ်းမှတ်) (အဆင့်မြှင့်နိုင်သည်)
ရိတ်သိမ်းမှတ်များ လုံလောက်နေပြီဖြစ်ပြီး အဆင့်မြှင့်ရန် ရွေးချယ်ခွင့်လည်း ပေါ်လာပြီ ဖြစ်သည်။
လင်းကျင်းသည် တွန့်ဆုတ်မနေဘဲ ချက်ချင်း အဆင့်မြှင့်ရန် ရွေးချယ်လိုက်သည်။
မကြာခင်မှာပင် စနစ်မျက်နှာပြင် ပြောင်းလဲသွားတော့သည်။
---
ဆေးဖော်ခန်း - ဒုတိယ အဆင့်
စိတ်ဝိညာဉ်အာရုံ တိုးမြှင့်မှု - 20%
ဆေးဖော်စပ်အောင်မြင်နှုန်း တိုးမြှင့်မှု - (အဆင့် ၁ ဆေးလုံး - 20%) (အဆင့် ၂ ဆေးလုံး - 10%)
ဆေးလုံးအရည်အသွေး တိုးတက်မှု - (အဆင့် ၁ ဆေးလုံး - 20%) (အဆင့် ၂ ဆေးလုံး - 10%)
သန့်စင်ဆေးလုံး ဖြစ်ပေါ်နိုင်ခြေ - (အဆင့် ၁ ဆေးလုံး - 20%) (အဆင့် ၂ ဆေးလုံး - 10%)
အဆင့်မြှင့်ရန် လိုအပ်ချက် - (44/100 ရိတ်သိမ်းမှတ်)
---
မျက်နှာပြင်ကို ကြည့်ရင်း လင်းကျင်းတယောက် ကျေနပ်စွာ ပြုံးလိုက်သည်။
‘ဆေးဖော်စပ်အောင်မြင်နှုန်း ထပ်တိုးလာပြန်ပြီ။’
စနစ်နေရာလွတ်ထဲမှ ထွက်လာသည့်အချိန်တွင် နောက်တစ်နေ့၏ အရုဏ်တက်ချိန်ပင် ရောက်နေပြီ ဖြစ်သည်။
တစ်နေ့လုံး အလုပ်ရှုပ်ထားခဲ့သောကြောင့် သူသည် အခြားဘာမှ မစဉ်းစားတော့ဘဲ ခေါင်းအုံးပေါ် ခေါင်းချသည်နှင့် အိပ်ပျော်သွားခဲ့သည်။
“တောက်! တောက်! တောက်!”
အပြင်ဘက်မှ အလောတကြီး တံခါးခေါက်သံ ထွက်ပေါ်လာသည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လင်းကျင်းလည်း ထိုရုတ်တရက် ထွက်ပေါ်လာသည့် တံခါးခေါက်သံကြောင့် နိုးထလာခဲ့သည်။
လင်းကျင်း အိပ်ရာမှ ထကာ အိမ်အပြင်သို့ လျှောက်လာသည်။
‘ဒီအချိန်မှာ ဘယ်သူ ဖြစ်နိုင်မလဲ။...’
‘အသံက နင်ယွဲ့နဲ့ မတူဘူး။ သူမ တံခါးခေါက်ရင် အမြဲ ညင်ညင်သာသာ ခေါက်တတ်တယ်။ အခု ဒီအသံကတော့ အလောတကြီး ဖြစ်နေတယ်။’
လင်းကျင်းသည် စဉ်းစားရင်း တံခါးကို ဖွင့်လိုက်သည့်အခါ ရင်းနှီးသော မျက်နှာတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။
ထိုသူမှာ ယခင်က လင်းကျင်း အိမ်ငှားခဲ့စဉ် ဒီနေရာသို့ လိုက်ပို့ပေးခဲ့သော စီမံခန့်ခွဲသူပင် ဖြစ်သည်။
“စီမံခန့်ခွဲသူ ဂျန်း...”
ကျန်းစန်ထံမှ သိခဲ့ရသည့်အတိုင်း ဒီလူ၏ မျိုးရိုးအမည်မှာ ဂျန်း ဖြစ်သည်။
“တာအိုရောင်းရင်း လင်...”
စီမံခန့်ခွဲသူ ဂျန်းသည် လင်းကျင်းကို မြင်သည်နှင့် မျက်လုံးများ တောက်ပသွားသည်။
“ခုနက တံခါးကို တော်တော်ကြာအောင် ခေါက်နေတာ။ တာအိုရောင်းရင်း အိမ်မှာ မရှိဘူးလို့တောင် ထင်မိသွားသေးတယ်။”
“မနေ့က ကိစ္စတွေကြောင့် နည်းနည်း ပင်ပန်းသွားလို့ နှစ်နှစ်ခြိုက်ခြိုက် အိမ်ပျော်သွားတာပါ။ တောင်းပန်ပါတယ်။”
“ရပါတယ်၊ ရပါတယ်။” စီမံခန့်ခွဲသူ ဂျန်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“စီမံခန့်ခွဲသူ ဂျန်း၊ ဒီအချိန်ကြီး ဘာကိစ္စနဲ့ ရောက်လာတာလဲဗျ။” ဟု လင်းကျင်းက မေးလိုက်သည်။
ဒီနေရာသို့ ပြောင်းရွှေ့လာပြီးနောက် စီမံခန့်ခွဲသူ ဂျန်းကို မြင်ရသည်မှာ ယခု ဒုတိယအကြိမ်သာ ဖြစ်သည်။ အရေးကြီးကိစ္စ မဟုတ်လျှင် သူ လာမည် မဟုတ်ကြောင်း သေချာသည်။
“တာအိုရောင်းရင်း လင်၊ မကြာသေးခင်က ဖြစ်ပျက်နေတဲ့ ကိစ္စတချို့ကို ကြားထားပြီးသား ဖြစ်မယ် ထင်ပါတယ်။” စီမံခန့်ခွဲသူ ဂျန်းက စတင်ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ကြားထားပါတယ်။ မကြာသေးခင်က ကျင့်ကြံသူစျေး အစွန်အဖျားဒေသတွေမှာ နတ်ဆိုးသားရဲတွေ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် လူတော်များများ အရမ်း စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိထားပါတယ်။”
“အဲဒီကိစ္စပဲ။” စီမံခန့်ခွဲသူ ဂျန်းက သက်ပြင်းချလိုက်သည်။
“ဟူး... ဒီနတ်ဆိုးသားရဲလှိုင်း အရေးအခင်းက သက်ရောက်မှု အရမ်းကြီးတယ်။”
“ကျင့်ကြံသူစျေးအတွင်းမှာတောင် လူတွေ ထိတ်လန့်နေကြပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးပဲ ငါ ဒီကို ရောက်လာတာ။”
လင်းကျင်းက ဆက်မေးလိုက်သည်။
“ဒါဆို စျေးဘက်က ဘယ်လို ဖြေရှင်းဖို့ စီစဉ်ထားလဲ၊ စီမံခန့်ခွဲသူ ဂျန်း။”
“ကျင့်ကြံသူစျေးဘက်က ကြေညာချက် ထုတ်ပြန်ထားတယ်။”
“ဈေးကွက်အတွင်း လုံခြုံရေးကို ထိန်းသိမ်းဖို့ စောင့်ရှောက်ရေးအဖွဲ့ အတွက် လူအင်အား ထပ်မံ ခေါ်ယူနေတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေက ခက်ခဲနေပြီး လူခေါ်ယူဖို့ ဝိညာဉ်ကျောက်တုံးအများကြီး လိုအပ်တယ်။”
“ဒါကြောင့်... ကျင့်ကြံသူစျေးက အိမ်ထောင်စုတိုင်းကို ဝိညာဉ်ကျောက် ၁၀ လုံးစီ ထည့်ဝင်စေဖို့ ဆုံးဖြတ်ထားကြတယ်။ အဲဒီငွေနဲ့ စောင့်ရှောက်ရေးအဖွဲ့ ခေါ်ယူဖို့ အသုံးပြုမှာပါ။”
“နားလည်ပါပြီ။” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
“ခဏစောင့်ပါဦး စီမံခန့်ခွဲသူ ဂျန်း။ ကျွန်တော် သွားယူလိုက်ပါဦးမယ်။”
အလျင်စလို ထွက်လာခဲ့သောကြောင့် လင်းကျင်းသည် ဝိညာဉ်ကျောက်တုံးများကို ကိုယ်နှင့် မပါလာခဲ့ပေ။
ထို့ကြောင့် ပြောပြီးသည်နှင့် အိမ်ထဲသို့ ပြန်ဝင်သွားခဲ့ကာ မကြာခင် အိမ်ထဲမှ ပြန်ထွက်လာပြီး ဝိညာဉ်ကျောက် ၁၀ လုံးကို စီမံခန့်ခွဲသူ ဂျန်းထံ ပေးလိုက်သည်။
စီမံခန့်ခွဲသူ ဂျန်းသည် ဝိညာဉ်ကျောက်တုံးများကို လက်ခံယူပြီးနောက် ထပ်မံ ပြောလိုက်သည်။
“တာအိုရောင်းရင်း လင်း၊ လက်ရှိ အခြေအနေကိုလည်း မင်းလဲ မြင်နေရတာပဲ။ လာမယ့်နှစ် အိမ်ငှားခကတော့ … အခုဈေးနဲ့ မတူတော့ဘူး။ ဒါကိုတော့ မင်းလည်း နားလည်နိုင်မယ် ထင်ပါတယ်။”
“ကြိုတင် ပြောပြထားတာပါ။ ပြင်ဆင်ထားနိုင်အောင်လို့။”
“ဒါပေါ့ဗျာ။”ဟု လင်းကျင်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ၊ ဒါဆို နောက်အိမ်ကို သွားလိုက်ဦးမယ်။”
စီမံခန့်ခွဲသူ ဂျန်းက ခဏရပ်ပြီးနောက် သတိပေးလိုက်သည်။
“တာအိုရောင်းရင်း လင်း၊ အကြံတစ်ခုလောက် ပေးချင်ပါတယ်။”
“ဖြစ်နိုင်ရင် လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုပြီး စုဆောင်းထားလိုက်ပါ။ ဒီနတ်ဆိုးသားရဲလှိုင်း အရေးအခင်းက ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ မသိဘူး။”
“တာအိုရောင်းရင်း လင်း၊ နှုတ်ဆက်ပါတယ်။”
လင်းကျင်းကို သတိပေးပြီးနောက် စီမံခန့်ခွဲသူ ဂျန်းသည် ထွက်ခွာသွားခဲ့သည်။
စီမံခန့်ခွဲသူ ဂျန်း ထွက်သွားပြီးနောက် လင်းကျင်းသည် တံခါးကို ပိတ်ကာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။
သူသည် အနားယူရန် ဆက်မကြိုးစားတော့ဘဲ စီမံခန့်ခွဲသူ ဂျန်း ပြောခဲ့သော စကားများကို စဉ်းစားနေမိသည်။
“လိုအပ်တဲ့ ပစ္စည်းတွေ ကြိုစုထားဖို့ ဟုတ်လား... ကြည့်ရတာ... သူ တစ်ခုခု သိထားတဲ့ပုံပဲ...”