အခန်း (၂၄) - ချီစုဆောင်းခြင်း တတိယအလွှာ
“ဒီဟာ အကုန်ပဲ ဆိုင်ရှင်၊ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး။”
လင်းကျင်း ပြောပြီးသည်နှင့် သိုလှောင်အိတ်ထဲမှ ကြွေပုလင်း အနည်းငယ်ကို ထုတ်ကာ ကောင်တာပေါ်တွင် တင်ပေးလိုက်သည်။
ဆိုင်ရှင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး ကြီးမားသော အရောင်းအဝယ်တစ်ခု ရောက်လာပြီဟု ခံစားလိုက်ရသည်။
သူက ကောင်တာပေါ်မှ ကြွေပုလင်းတစ်လုံးကို ယူလိုက်ပြီး အတွင်းရှိ ဆေးလုံးများကို လက်ပေါ် လောင်းချကာ သေချာ စစ်ဆေးကြည့်ရှုလိုက်သည်။
ခဏအကြာတွင် သူက ခေါင်းညိတ်ကာ ပြုံးပြီး ပြောလိုက်သည်။
“ဧည့်သည်တော်၊ ဒီဆေးလုံးတွေရဲ့ အရည်အသွေးက တော်တော်ကောင်းပါတယ်။ ခင်ဗျားက ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်နေပြီ ထင်တယ်။”
ဆိုင်ရှင်က စကားပြောနေသော်လည်း လက်များကတော့ မရပ်မနား အလုပ်လုပ်နေသည်။ နောက်ထပ် ကြွေပုလင်းတစ်လုံးကို ဖွင့်ကာ ဆက်လက် စစ်ဆေးနေခဲ့သည်။
“ဆိုင်ရှင်က ချီးကျူးလွန်းနေပါပြီ။ ဆေးဖော်စပ်ပညာရှင် တစ်ယောက်ရဲ့ လမ်းခရီးက အခက်အခဲများစွာ ရှိတယ်။ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်ဖို့ဆိုတာ ဒီလောက် မလွယ်ကူပါဘူးဗျာ။” ဟုလင်းကျင်းက ပြောလိုက်သည်။
“ဧည့်သည်တော် ပြောတာ မှန်ပါတယ်။ ဆေးဖော်စပ်ပညာရှင်ရဲ့ လမ်းကြောင်းက တက်ရခက်ပါတယ်။ လက်ရှိ နန်ရှန်ဈေးကွက် တစ်ခုလုံးမှာတောင် ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် အနည်းငယ်ပဲ ရှိနေတယ်။”
“ဒါပေမဲ့...”
ပြောရင်း ဆိုင်ရှင်က ခေါင်းမော့ကာ လင်ကျင်းကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
“ဒီနေ့ ယူလာတဲ့ ဆေးလုံးတွေရဲ့ အရည်အသွေးကို ကြည့်ရတာ ခင်ဗျားက ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်ဖို့ မဝေးတော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။”
“ဒါဆို ဆိုင်ရှင်ရဲ့ ကောင်းမွန်တဲ့စကားကို လက်ခံလိုက်ပါ့မယ်။” ဟု လင်းကျင်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
မကြာခင်မှာပဲ ဆေးလုံးအားလုံးကို စစ်ဆေးပြီးသွားခဲ့သည်။
“ဧည့်သည်တော်...”
ဆိုင်ရှင်သည် ပေတီးကို တချက်ချက် ခေါက်ကာ တွက်ချက်နေပြီး ပြောလိုက်သည်။
“ဒီဆေးလုံးတွေထဲမှာ အလယ်အလတ်အဆင့် ဆေးလုံး ၁၄၅ လုံး၊ အဆင့်မြင့် ဆေးလုံး ၆၁ လုံးနဲ့ အမြင့်ဆုံးအဆင့် ဆေးလုံး ၄ လုံး ရှိနေတယ်။”
“အဲဒီထဲမှာ အဆာခံဆေးလုံး၊ စွမ်းအင်စုဆောင်းဆေးလုံး၊ စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံးနဲ့ သွေးခဲဆေးလုံးတွေ ပါပြီး ဆေးလုံးအမျိုးအစားအလိုက် ဈေးနှုန်းတွေကလည်း မတူညီဘူး။”
ထိုအချိန်တွင် ပေတီးခေါက်သံ ရုတ်တရက် ရပ်သွားပြီး ကျသင့်ငွေရလဒ်ကို တွက်ချက်ပြီး ဖြစ်သည်။
“ဧည့်သည်တော်အတွက် အားလုံးကို တွက်ချက်ပြီးပါပြီ။”
“ဒီဆေးလုံးတွေ စုစုပေါင်း တန်ဖိုးက ဝိညာဉ်ကျောက်တုံး ၃၂၀ လုံး ရှိတယ်။ ဒီဈေးနှုန်းကို ဧည့်သည်တော် စိတ်ကျေနပ်ပါသလား။...”
“အင်း… လက်ခံနိုင်ပါတယ်။...”
ဒီဈေးနှုန်းသည် လင်းကျင်း ကိုယ်တိုင် တွက်ချက်ထားသည့် ပမာဏနှင့်နီးပါး တူညီနေသည်။
“ဆိုင်ရှင်...”
လင်းကျင်းက ရုတ်တရက် ပြောလိုက်သည်။
ဆိုင်ရှင်က ခေါင်းမော့ကာ ကြည့်လိုက်သည်။
“ဧည့်သည်တော်မှာ အခြားကိစ္စ ရှိသေးလို့လား။”
“ဒီဆိုင်မှာ သန့်စင်အဆင့် ဆေးလုံးတွေကို လက်ခံဝယ်ယူပါသလား။...”
“သန့်စင်အဆင့် ဆေးလုံး!!!…”
ဆိုင်ရှင်သည် အလွန်အမင်း အံ့အားသင့်သွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
“လက်ခံတာပေါ့…။ သေချာပေါက် လက်ခံတာပေါ့…။”
“ဧည့်သည်တော်မှာ ရောင်းချင်တဲ့ သန့်စင်အဆင့် ဆေးလုံးများ ရှိလို့လား။”
“ရှိတာပေါ့…။” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် ကြည့်ခွင့် ရနိုင်မလားခင်ဗျာ။...” ဆိုင်ရှင်သည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မျက်လုံးများ တောက်ပစွာဖြင့် လင်းကျင်းကို စိုက်ကြည့်နေသည်။
သန့်စင်အဆင့် ဆေးလုံးများကို ဈေးကွက်တွင် မြင်ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်လေသည်။ ဆေးဖော်စပ်နိုင်သော ဆေးဖော်စပ်ပညာရှင်များပင် ၎င်းတို့ကို တော်ရုံ ရောင်းချလေ့ မရှိကြပေ။
သန့်စင်ဆေးလုံးသည် မိမိ၏ ဆေးဖော်စပ်ပညာ အရည်အချင်းကို သက်သေပြသည့် အကောင်းဆုံး အထောက်အထား ဖြစ်ပေသည်။
မိမိဖော်စပ်ထားသော သန့်စင်ဆေးလုံးကို ကိုင်ဆောင်ပြီး မျိုးနွယ်ငယ်များတွင် ဧည့်ဆေးဖော်စပ်ဆရာအဖြစ် သွားရောက်လုပ်ကိုင်ပါက ထိုမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ပင် လေးလေးစားစား ဆက်ဆံရလိမ့်ပေမည်။
တချို့ အခက်အခဲကြုံပြီး ရောင်းချရန် လိုအပ်လာပါကလည်း ယွဲ့ပေါင်လောကဲ့သို့သော ကုန်သွယ်ရေးအဖွဲ့ကြီးများထံသာ ရောင်းချလေ့ ရှိကြသည်။
သူတို့လို ဆိုင်ငယ်လေးများအတွက် သန့်စင်အဆင့် ဆေးလုံးကို ရရှိဖို့ဆိုတာ အလွန်ပင်ခက်ခဲလှသည်။ တစ်ခါတစ်ရံ နှစ်ပေါင်းများစွာ ကြာမှသာ တစ်လုံးတလေသာ တွေ့ရတတ်၏။
“ဒါပေါ့။”
လင်းကျင်း ပြောပြီးနောက် သိုလှောင်အိတ်ထဲမှ သန့်စင်ကျောက်စိမ်းသေတ္တာ တစ်လုံးကို ထုတ်ကာ ဆိုင်ရှင်ထံသို့ ပေးလိုက်သည်။
သန့်စင်ကျောက်စိမ်းသေတ္တာမှာ ကြည်လင်ဖောက်ထွင်းမြင်ရသောကြောင့် အထဲရှိ ဆေးလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
ဆိုင်ရှင်သည် သေတ္တာကို လက်ခံယူလိုက်သော်လည်း ချက်ချင်း မဖွင့်သေးပေ။ သေတ္တာကို ဖွင့်လိုက်သည်နှင့် အတွင်းရှိ သန့်စင်ဆေးလုံးသည် ပြင်ပလေထု၏ ညစ်ညမ်းမှုကို စတင်ခံရမည်ကို သူ သိသည်။
အချိန်ကြာကြာ ညစ်ညမ်းခံရပါက သန့်စင်ဆေးလုံးသည် အမြင့်ဆုံးအဆင့်ဆေးလုံး အဖြစ် ကျဆင်းသွားလိမ့်ပေမည်။
ဆေးလုံးအပေါ်တွင် တောက်ပစွာ စီးဆင်းနေသည့် အလင်းရောင်ကို ကြည့်ရင်း ဆိုင်ရှင်၏ စိတ်လှုပ်ရှားမှုကား အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
“ဒါက အသစ်စက်စက် ဖော်စပ်ထားတဲ့ သန့်စင်ဆေးလုံးလား။... တကယ်ပဲ ရောင်းချဖို့ စီစဉ်ထားတာလား။...”
“မကြာသေးခင်က အခက်အခဲတချို့ ကြုံနေရတာမို့ ငွေနည်းနည်း ကျပ်တည်းနေလို့ပါ။ ဆိုင်ရှင် ဈေးဘယ်လောက်ပေးမလဲဗျ။...”
လင်းကျင်းသည် သံသယမဝင်စေရန် အကြောင်းပြချက်တစ်ခုကို ချက်ချင်း ဖန်တီးပြောလိုက်သည်။
ဆိုင်ရှင်သည် ခဏတာ စဉ်းစားပြီးနောက် ပြောသည်။
“ဒီစွမ်းအင်ပြန်လည်ဖြည့်တင်းဆေးက ပထမအဆင့် ဆေးလုံးတွေထဲမှာ အလယ်အလတ်အဆင့်လို့ သတ်မှတ်နိုင်တယ်။ အရည်အသွေးလည်း မဆိုးဘူး။”
“ယွဲ့ပေါင်လောမှာ ရောင်းမယ်ဆိုရင် ဝိညာဉ်ကျောက်တုံး ၅၀၀ လောက် ရနိုင်တယ်။ ဒီတော့ ဝိညာဉ်ကျောက်တုံး ၅၀၀ နဲ့ တွက်ပေးလိုက်မယ်။ ဘယ်လိုသဘောရလဲ။...”
“ရပါတယ်။”
လင်းကျင်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ဒီဈေးနှုန်းက နည်းသည်ဟု မဆိုနိုင်ပေ။
“ဒါဆို တာအိုမိတ်ဆွေ၊ အရောင်းအဝယ် သေချာတယ်ဆိုရင် နောက်ဆုံးအဆင့် စစ်ဆေးဖို့ သန့်စင်ကျောက်စိမ်းသေတ္တာကို ဖွင့်စစ်ရပါလိမ့်မယ်။”
“ကောင်းပြီ၊ ဖွင့်လိုက်ပါ။”
လင်းကျင်းက ထပ်မံ ခေါင်းညိတ်လိုက်သည်။
သန့်စင်ဆေးလုံး ဟုတ်မဟုတ် စစ်ဆေးရန် သေတ္တာကို ဖွင့်ရခြင်းမှာ ပုံမှန်ဖြစ်ပြီး ပြဿနာမရှိပေ။
ဆိုင်ရှင်သည် အလွန်ဂရုတစိုက်ဖြင့် သန့်စင်ကျောက်စိမ်းသေတ္တာကို အနည်းငယ် ဟလိုက်ကာ ချက်ချင်းပင် ဆေးရနံ့သင်းသင်းလေးက ထွက်ပေါ်လာသည်။
“ချက်”
ခဏလေးအတွင်း သေတ္တာကို ပြန်ပိတ်လိုက်သည်။
ဒီထူးခြားသော ဆေးရနံ့မျိုးကို အတုလုပ်ရန် လုံးဝ မဖြစ်နိုင်ပေ။
“စစ်ဆေးပြီးပါပြီ။ တကယ်ပဲ သန့်စင်အဆင့် စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး မှန်ပါတယ်။”
ဆိုင်ရှင်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ဖုံးကွယ်မရလောက်အောင် ထင်ရှားနေသည်။
ထို့နောက် သန့်စင်ကျောက်စိမ်းသေတ္တာကို သိမ်းဆည်းလိုက်သည်။
“ဧည့်သည်တော်၊ ခဏစောင့်ပေးပါဦး။ ဝိညာဉ်ကျောက်တုံးတွေ သွားယူလိုက်ဦးမယ်။”
ခဏအကြာတွင် ဆိုင်ရှင်က ဝိညာဉ်ကျောက်တုံးများကို ရေတွက်ပြီး လင်းကျင်းထံ ပေးလိုက်သည်။
“စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈၂၀ လုံး ရှိတယ်။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ။”
“အင်း…” လင်းကျင်းလည်း ဝိညာဉ်ကျောက်တုံးများကို လက်ခံယူလိုက်သည်။
၎င်းတို့ကို ကြိုတင် စနစ်တကျ ခွဲထားပြီး ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး ၁၀၀ စီ ပါသော အိတ်အသေး ၈ အိတ်နှင့် နောက်ထပ် အလုံး ၂၀ ပါရှိသောကြောင့် စုစုပေါင်း ၈၂၀ လုံး အတိအကျ ဖြစ်သည်။
“ဧည့်သည်တော်၊ နောင်အခါ ဆေးလုံးတွေ ထပ်ရောင်းချင်ရင်လည်း ကျွန်တော်တို့ဆိုင်ကို လာနိုင်ပါတယ်။ ဈေးနှုန်းကတော့ သေချာပေါက် မျှတစေရပါမယ်။”
“စိတ်ချပါ ဆိုင်ရှင်။”
အရောင်းအဝယ် ပြီးဆုံးသွားပြီးနောက် လင်းကျင်းလည်း ဆိုင်ရှင်ကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။
ယခု သူ့လက်ထဲတွင် ဝိညာဉ်ကျောက်တုံး ၈၀၀ ကျော် ရှိနေပြီ ဖြစ်သောကြောင့် အနည်းဆုံးတော့ လောလောဆယ် ဝိညာဉ်ကျောက်တုံးအတွက် စိုးရိမ်စရာ မလိုတော့ပေ။
နောက်ကာလတခုအတွင်း သူသည် ဆေးဖော်စပ်မှုကို ဆက်လက် အာရုံစိုက်ကာ မိမိ၏ ကျင့်ကြံမှုအဆင့်ကို တတ်နိုင်သမျှ မြှင့်တင်သွားရန် ဆုံးဖြတ်ထားတော့သည်။
……
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း နှစ်လတာ ကုန်လွန်သွားခဲ့သည်။ ဤနှစ်လအတွင်း လင်းကျင်း အိမ်အပြင်သို့ ထွက်ခဲလှသည်။
နေ့ဘက်တွင် လော့လော့နှင့် အတူနေပြီး ညဘက်တွင် စနစ်နေရာလွတ်အတွင်း ဆေးဖော်စပ်လေ့ကျင့်နေခဲ့သည်။
ဒီကာလအတွင်း လင်းကျင်း၏ ဆေးဖော်စပ်ပညာသည်လည်း အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ယခုအခါ လင်းကျင်းအတွက် ဆေးလုံးဖော်စပ်ခြင်းမှာ ထမင်းစား ရေသောက်သကဲ့သို့ လွယ်ကူနေပြီဟု ပြောနိုင်ပေသည်။
ဖြစ်နိုင်သည်မှာ စနစ်နေရာလွတ်အတွင်း မကြာခဏ ဆေးဖော်စပ်လေ့ကျင့်ခြင်း၊ စိတ်ဝိညာဉ်အာရုံ အားကောင်းလာခြင်းနှင့် ဆေးဖော်စပ် အောင်မြင်မှုအတွေ့အကြုံများ စုဆောင်းမိခြင်းတို့ကြောင့်ပင်။
ပြင်ပလောကတွင် ဆေးဖော်စပ်သည့်အခါတွင်လည်း သူ၏ အောင်မြင်နှုန်းသည် သာမန်ဆေးဖော်စပ်ပညာရှင်များထက် ပိုမိုမြင့်မားနေ၏။
သို့သော် နင်ယွဲ့၏ အကူအညီကိုလည်း လျစ်လျူရှု၍ မရပေ။ နင်ယွဲ့ထံမှ သင်ယူခဲ့သော အသိပညာများကို ယခုအခါ လင်းကျင်းက အကုန်နီးပါး ကျွမ်းကျင်စွာ တတ်မြောက်နေပြီ ဖြစ်သည်။
ဤနှစ်လအတွင်း မနေ့ညအထိဆိုလျှင် သူ သန့်စင်အဆင့် စွမ်းအင်စုဆောင်းဆေးလုံး စုစုပေါင်း ၁၀ လုံးကို ဖော်စပ်နိုင်ခဲ့သည်။
ထို့အပြင် သံသယရှိစရာမလိုဘဲ ထိုသန့်စင်စွမ်းအင်စုဆောင်းဆေးလုံး အားလုံးကို သူကိုယ်တိုင် သောက်သုံးခဲ့သည်။
ယခုအခါ သူ၏ ကျင့်ကြံမှုအဆင့်မှာ ချီစုဆောင်းခြင်း တတိယအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ အချက်အလက်မျက်နှာပြင်ကို ဖွင့်လိုက်သောအခါ သူ့ရဲ့ ကျင့်ကြံမှုအခြေအနေကို ထင်ရှားစွာ မြင်ရသည်။
လင်းကျင်း - (23/90)
ဝိညာဉ်အမြစ် - ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ် (အဆင့်နိမ့်)
ကျင့်ကြံမှု - ချီစုဆောင်းခြင်း တတိယ အလွှာ (82%)
ကျင့်ကြံရေးနည်းစနစ် -
ချင်းယွင်တာအိုကျင့်စဉ် (ပထမအလွှာ)၊
ချင်းယွင်ဓားထိန်းချုပ်နည်းစနစ် (အစအဆင့်)၊
မီးထိန်းချုပ်နည်း (ကျွမ်းကျင်အဆင့်)
ဒုတိယ အလုပ်အကိုင် - ပထမအဆင့် ဆေးဖော်စပ်ပညာရှင် (1806/3000)
ချီစုဆောင်းခြင်း စတုတ္ထအလွှာသို့ ရောက်ရှိရန် သိပ်မဝေးတော့ပေ။
ဆေးဖော်စပ်ပညာရှင်အဖြစ် ကျွမ်းကျင်မှုမှာလည်း တစ်ဝက်ကျော်လွန်နေပြီ ဖြစ်သည်။ မကြာမီတွင် လင်းကျင်း ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်အဖြစ် တိုးတက်သွားမည် ဖြစ်သည်။
……
“တောက်... တောက်... တောက်...”
တံခါးခေါက်သံ ထွက်ပေါ်လာသည်။
လင်းကျင်းသည် ဂွမ်းအင်္ကျီကို ဝတ်လိုက်ပြီး အိမ်အပြင်သို့ ထွက်လာခဲ့သည်။ ယခုအချိန်မှာ ဇန်နဝါရီလ ဖြစ်ပြီး အပြင်ဘက်တစ်ခွင်လုံး နှင်းများ ဖြူဖွေးနေသည်မှာ အဖြူရောင် စောင်ကြီးတစ်ထည် ဖုံးအုပ်ထားသလိုပင်။
အိမ်အပြင်သို့ ထွက်ကာ ထူထဲသော နှင်းများပေါ် နင်းလိုက်သောအခါ ခြေထောက်အောက်မှ အသံထွက်လာသည်။
“ကြွတ်... ကြွတ်...” တံခါး ပွင့်သွားသည်။
အပြင်ဘက်တွင် အနီရောင် အင်္ကျီဝတ်ထားသော နင်ယွဲ့ ရပ်နေလေသည်။
“တာအိုရောင်းရင်း နင်၊ ခင်ဗျား ပြန်ရောက်လာပြီပဲ။”
“အင်း... လော့လော့ ဘယ်မှာလဲ။”နင်ယွဲ့က မေးလိုက်သည်။
“လော့လော့က သူ့အခန်းထဲမှာ။ ခင်ဗျား ဝယ်ပေးထားတဲ့ ပုံပြင်စာအုပ်ကို ဖတ်နေတယ်။”ဟု လင်းကျင်းက ပြန်ဖြေလိုက်သည်။
ပြီးနောက် ထပ်ပြောသည်။ “အရမ်းကို စိတ်ဝင်စားပြီး ဖတ်နေတာ။”
“တာအိုရောင်းရင်း လင်၊ ဒီကာလအတွင်း ကူညီပေးခဲ့တဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်။”
“ဟင်..... တာအိုရောင်းရင်း နင်၊ ခင်ဗျား ဆေးဖော်စပ်တာ ပြီးသွားပြီလား။.....”