အခန်း (၂၃) - ဆေးလုံးရောင်းချခြင်း
လင်းကျင်းသည် ခဏတာ မှင်သက်သွားပြီးနောက် အလေးအနက် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပြီ၊ ကျွန်တော် နားလည်ပါပြီ။”
ထို့နောက် နင်ယွဲ့သည် ဆေးလုံးများကို လင်းကျင်းထံ ပြန်ပေးလိုက်ပြီး လော့လော့ကို ခေါ်ကာ ထွက်သွားခဲ့သည်။
လင်းကျင်းတစ်ယောက်တည်းသာ ထိုနေရာတွင် ငေးမောရပ်နေခဲ့သည်။
‘နင်ယွဲ့က ဒီကိစ္စကို ဒီလောက်တောင် အလေးထားနေတာ ဒါမှမဟုတ် ငါက ငါ့ရဲ့ပါရမီကို ပြမိတာ များသွားတာများလား...’
နင်ယွဲ့က ဆေးဖော်စပ်ကျမ်းကို ပြုပြင်ပေးခဲ့တာ ဘယ်လောက်ကြာပြီလဲ ဆိုတာကို လင်းကျင်း သေချာပြန်စဉ်းစားကြည့်လိုက်သည်။
‘ပြီးတော့ အဆင့်မြင့်ဆေးလုံး တစ်လုံးကို ထုတ်ပြလိုက်မိတာပါ။ အဲ့ဒါက သူမကို တကယ်ပဲ ထိတ်လန့်သွားအောင် လုပ်မိခဲ့တာလား?။’
ထပ်မံ စဉ်းစားကြည့်တော့ လင်းကျင်းကို သင်ကြားပေးနေခဲ့သော နင်ယွဲ့သည် သူရဲ့ အဆင့်ကို သိထားသူ ဖြစ်တာမို့ ထိပ်လန့်သွားတာ ဖြစ်နိုင်ချေ များပေသည်။
လင်းကျင်း မှတ်မိသလောက် နင်ယွဲ့က ဆေးဖော်စပ်ကျမ်းကို ပြုပြင်ပြီး သူ့လက်ထဲ ထည့်ပေးခဲ့တာ လဝက်ကျော်ကျော်သာ ရှိနေသေးသည်။
လဝက်ကျော်အတွင်း အဆင့်မြင့်ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့တာ။
“ဟင်း...”
‘ငါ ဆေးဖော်စပ်တာနဲ့ပဲ အလုပ်များနေခဲ့မိတာ။ အဲဒီ အဆင့်မြင့် စွမ်းအင်စုဆောင်းဆေးလုံးကို မထုတ်ပြသင့်ဘူးဆိုတာ ငါ သိထားခဲ့သင့်တယ်။’
‘ဒါပေမဲ့ အနည်းဆုံးတော့ နင်ယွဲ့က လူကောင်းတစ်ယောက် ဖြစ်တယ်လေ။’
ညနေပိုင်း လင်းကျင်းလည်း ပုံမှန်အတိုင်း ဆေးဖော်စပ်ခန်းသို့ သွားကာ ဆေးဖော်စပ်နေခဲ့သည်။
သူ့လက်ထဲရှိ ကုန်ကြမ်းများအားလုံးကို ဆေးလုံးအဖြစ် ပြောင်းလဲပစ်ရန် စီစဉ်ထားပြီး ထို့နောက်တွင် အဆာခံဆေးလုံးအတွက် ကုန်ကြမ်းများကို ထပ်မဝယ်တော့ရန် ဆုံးဖြတ်ထားသည်။
အဲ့ဒီ့အစား စွမ်းအင်စုဆောင်းဆေးလုံးအတွက် ကုန်ကြမ်းများကိုသာ တိုက်ရိုက် ဝယ်ယူတော့မည်။
သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရမည်။ ထို့အပြင် သန့်စင်ကျောက်စိမ်းသေတ္တာ အချို့ကိုလည်း ထပ်ဝယ်ရမည်။
နောက်ထပ် သန့်စင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ကောင်း ဖော်စပ်နိုင်မည်ဆိုတာ ဘယ်သူက သိနိုင်ပါ့မလဲ။
နောက်ထပ် တစ်ညတာ ဆေးဖော်စပ်မှု ပြီးဆုံးသွားခဲ့ကာ သန့်စင်ဆေးလုံး မထွက်ပေါ်လာခဲ့ဘဲ အဆင့်မြင့်အဆင့် ဆေးလုံး တစ်လုံးသာ ထွက်လာခဲ့သည်။
ဒီလိုနှင့် ရက်အနည်းငယ် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး လင်းကျင်းလည်း သူ့လက်ထဲရှိ ကုန်ကြမ်းအားလုံးကို ဆေးလုံးများအဖြစ် ဖော်စပ်ပြီးသွားခဲ့ပြီ ဖြစ်သည်။
ဒီရက်ပိုင်းအတွင်း သူ သန့်စင်အဆင့် ဆေးလုံး နှစ်လုံးကို ဖော်စပ်နိုင်ခဲ့သည်။ တစ်လုံးမှာ စွမ်းအင်စုဆောင်းဆေးလုံး ဖြစ်ပြီး သူ သောက်သုံးပြီး ဖြစ်သည်။
နောက်တစ်လုံးမှာ စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး ဖြစ်ပေသည်။ တိုက်ပွဲအတွင်းမှာ ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်သော်လည်း ယခုအချိန်တွင် သူ မလိုအပ်သေးပေ။
သန့်စင်အဆင့် ဆေးလုံး နှစ်လုံး ဖော်စပ်နိုင်ခဲ့သည့်အတွက် ရိတ်သိမ်းမှတ် ၁၀ မှတ် ထပ်မံ ရရှိခဲ့သည့်အပြင် သူ၏ ကျင့်ကြံမှုလည်း နောက်ထပ် ၂၀% တိုးတက်လာခဲ့ပေသည်။
ပြောရမည်ဆိုလျှင် စနစ်က တကယ်ကို တွန့်တိုလွန်းလှသည်။ သန့်စင်အဆင့် ဆေးလုံး ဖော်စပ်နိုင်မှသာ ရိတ်သိမ်းမှတ် ၅ မှတ် ပေးပြီး အခြားဆေးလုံးများကို ဖော်စပ်လျှင် တစ်မှတ်တောင် မရပေ။ အဆင့်မြင့်အဆင့် ဆေးလုံး ဖြစ်နေလျှင်တောင် မရပေ။
လင်ကျင်းလည်း ထိုဆေးလုံးများကို ရောင်းချပြီး ဝိညာဉ်ကျောက်တုံးအချို့ ရယူရန် ဆုံးဖြတ်လိုက်သည်။
ဒီအချိန်တစ်လျှောက်လုံး ဝိညာဉ်ဆန် ရောင်းရငွေမှအပ ကျန်ငွေများအား သူ့ငွေချည်းသာ သုံးစွဲနေခဲ့သည်။ ယခုအခါ သူ့လက်ထဲတွင် ဝိညာဉ်ကျောက်တုံး အများကြီး မကျန်တော့ပေ။
နောက်တစ်နေ့ နင်ယွဲ့ ထွက်သွားပြီးနောက် လင်းကျင်းသည် လော့လော့ကို ခေါ်ကာ ယွဲ့ပေါင်လောသို့ သွားခဲ့သည်။
“အကြီးအကဲယွီ”
“ဘိုးဘိုးယွီ၊ မင်္ဂလာပါ”
လော့လော့ကလည်း နှုတ်ဆက်လိုက်သည်။
လော့လော့သည် ယခင်က လင်းကျင်းနှင့်အတူ ယွဲ့ပေါင်လောသို့ တစ်ခေါက် ရောက်ဖူးခဲ့တာမို့ အကြီးအကဲယွီကို သိနေခဲ့သည်။
အကြီးအကဲယွီသည် လော့လော့ကို မြင်လိုက်သည်နှင့် အလွန်ချစ်ခင်သဘောကျစွာဖြင့် ပြုံးကာ ပြောလိုက်သည်။
“အိုး... လော့လော့လေးပဲလား။ ဒီနေ့ အိမ်မှာ မနေတာ ဘာဖြစ်လို့လဲ။ ဘိုးဘိုးယွီကို သပ်သပ်လာတွေ့တာလား။...”
“ဒီနေ့ ဦးလေးလင်းနဲ့အတူ ဆေးလုံးလာရောင်းတာပါ။”
လော့လော့က အလွန်ရိုးသားစွာ ဖြေလိုက်သည်။
ထိုစကားကို ကြားပြီးနောက် အကြီးအကဲယွီသည် လင်းကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
“ကောင်လေး လင်း၊ မင်းရဲ့ တိုးတက်မှုက မဆိုးဘူးပဲ။ ဒီလောက်မြန်မြန် ဆေးလုံးတွေ ဖော်စပ်နိုင်လာပြီပေါ့။”
“လာ...”
“မင်းဖော်စပ်ထားတဲ့ ဆေးလုံးတွေ ငါ့ကို ပြကြည့်ပါဦး။”
လင်းကျင်းသည် ရင်ဘတ်အတွင်းမှ ကြွေပုလင်းအသေးလေးများကို ထုတ်ယူကာ အကြီးအကဲယွီထံ ပေးလိုက်ပြီး ပြောသည်။
“အကြီးအကဲယွီ၊ ကျွန်တော်က အခုမှ စသင်နေတာဆိုတော့ အောင်မြင်နှုန်းက တော်တော်နိမ့်ပါတယ်။ မရယ်ပါနဲ့နော်။”
“အထဲမှာ အဆင့်နိမ့် အဆာခံဆေးလုံး အလုံး ၅၀ နဲ့ အလယ်အလတ်အဆင့် ၈ လုံး ရှိပါတယ်။”
“စွမ်းအင်စုဆောင်းဆေးလုံး၊ စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးနဲ့ သွေးခဲဆေးလုံးတွေ စုစုပေါင်း ၁၃ လုံး ရှိပါတယ်။ ကံကောင်းလို့ အလယ်အလတ်အဆင့် စွမ်းအင်စုဆောင်းဆေးလုံး တစ်လုံးလည်း ပါလာပါတယ်။”
“အားလုံး ဒီမှာပါ။”
အကြီးအကဲယွီက ခေါင်းညိတ်လိုက်သည်။
“ဆေးဖော်စပ်ပညာကို စတင်သင်ယူတဲ့အချိန်မှာ ဒီလိုပဲ။ အောင်မြင်နှုန်း နိမ့်တာက ပုံမှန်ပဲ။ အလယ်အလတ်အဆင့် ဆေးလုံး အနည်းငယ်တောင် ဖော်စပ်နိုင်တာက တော်နေပါပြီ။”
အကြီးအကဲယွီသည် ကြွေပုလင်းကို ဖွင့်ကာ ဆေးလုံးများကို ထုတ်ယူစစ်ဆေးလိုက်သည်။ မကြာခင်မှာပဲ စစ်ဆေးမှု ပြီးဆုံးသွားခဲ့သည်။
အကြီးအကဲယွီက ခေါင်းမော့ကာ လင်ကျင်းကို ပြောလိုက်သည်။
“ဒါတွေ အားလုံးအတွက် ဝိညာဉ်ကျောက်တုံး ၁၀ လုံး ပေးမယ်။ နည်းတယ်လို့တော့ မထင်နဲ့နော်။”
လင်းကျင်း ပေးလိုက်သော ဆေးလုံးများသည် ဝိညာဉ်ကျောက် ၁၀ လုံးဖိုးတောင် တန်ဖိုး မရှိဘူးဆိုတာကို သူ သိလေသည်။
သိသိသာသာပင် အကြီးအကဲယွီက သူ့မျက်နှာကို ထောက်ထားပြီး ဈေးပိုပေးနေခြင်းပင်။
သို့သော် ဆေးဖော်စပ်ကုန်ကြမ်းများ ဝယ်ယူရာတွင် သုံးစွဲခဲ့သော ဝိညာဉ်ကျောက်တုံးများနှင့် နှိုင်းယှဉ်လျှင်တော့ အရှုံးကြီး ရှုံးနေဆဲပင်။
အကြီးအကဲယွီက ဆက်ပြောသည်။
“ဆေးဖော်စပ်ပညာရှင်တွေ အစပိုင်းမှာ အမြဲဒီလိုပဲ။ သုံးတဲ့ငွေက ဝင်တဲ့ငွေထက် ပိုများတတ်တယ်။ ဒါပေမဲ့ မင်းကတော့ မဆိုးဘူးလို့ ပြောလို့ရသေးတယ်။”
“လေ့ကျင့်မှု များလာတာနဲ့အမျှ ရလာဒ် ပိုကောင်းလာပါလိမ့်မယ်။”
“ဝိညာဉ်ကျောက်တုံး ၁၀ လုံး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲယွီ။ ကျွန်တော် ကျေနပ်နေပါပြီ။”
လင်းကျင်းက ပြန်ဖြေလိုက်သည်။
ထို့နောက် သူသည် အကြီးအကဲယွီနှင့် ခဏတာ ဆက်လက် စကားပြောခဲ့သည်။
မပြန်ခင်တွင် လင်းကျင်းသည် စွမ်းအင်စုဆောင်းဆေးလုံးအတွက် ကုန်ကြမ်း အစုံ ၅၀ ကို ဝယ်ယူခဲ့သည်။
ဒီတစ်ခေါက် ခရီးစဉ်တွင် သူသည် ဝိညာဉ်ကျောက်တုံး တစ်လုံးတောင် မမြတ်ခဲ့ပေ။
သို့သော် မပြန်ခင်မှာတင် အကြီးအကဲယွီက လင်းကျင်းကို အထူးတလည် သတိပေးလိုက်သေးသည်။
မကြာသေးမီက နတ်ဆိုးမိစ္ဆာသားရဲများ သောင်းကျန်းနေခြင်းကြောင့် သွေးခဲဆေးလုံးများ၏ ဈေးနှုန်း မြင့်တက်လာခဲ့တာမို့ လင်းကျင်းအနေဖြင့် ထိုဆေးလုံးမျိုးကို စမ်းသပ် ဖော်စပ်ကြည့်နိုင်ကြောင်း ပြောပြလိုက်သည်။
သို့သော် လင်းကျင်းသည် အကြောင်းပြချက်တစ်ခုကို သုံးကာ ငြင်းပယ်လိုက်ရသည်။
အဆုံးစွန်ပြောရလျှင် ယခုအချိန်တွင် သူ၏ အင်အားကို မြှင့်တင်ခြင်းက ပိုအရေးကြီးနေသည်။
ညနေခင်း၊ ညစာစားပြီးနောက် နင်ယွဲ့လည်း လော့လော့ကို ခေါ်ကာ ပြန်သွားခဲ့သည်။
သူတို့ ထွက်သွားပြီး သိပ်မကြာခင် လင်းကျင်းလည်း အပြင်ထွက်ခဲ့သည်။
သူသည် ညဘက် အပြင်ထွက်လေ့မရှိပေ။
ကျင့်ကြံသူစျေးတွင် ညဘက်တွင် အပြင်ထွက်သည့် ကန့်သတ်ချက် မရှိသော်လည်း ဆိုရိုးစကားအရ “လမှောင်ည၊ လူသတ်ည” ဟု ဆိုကြသည်။
အမှောင်ထဲတွင် မီးလင်းသည့်အရာမရှိသောကြောင့် မကောင်းမှုကို ဖုံးကွယ်ရန် အကောင်းဆုံး အချိန်ဖြစ်ပေသည်။
သို့သော် ဒီတစ်ကြိမ်တော့ သူ အပြင်ထွက်ရမည်ဖြစ်ပြီး အကြောင်းမှာ သူ့ထံတွင် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် ဆေးလုံးများ မရောင်းရသေးဘဲ အများအပြားကျန်ရှိနေခြင်းကြောင့် ဖြစ်သည်။
အကြီးအကဲယွီနှင့် အတိုင်းအတာ တခုထိ သိကျွမ်းနေသောကြောင့် သူ့ဆိုင်တွင် သွားရောင်းခြင်းက မသင့်တော်တော့ပေ။
ထို့အပြင် လော့လော့ကိုပါ ခေါ်ဆောင်နေရသဖြင့် အဆင်မပြေနေပေ။
ကျင့်ကြံသူစျေးတွင် ညဘက်ဖွင့်သော ဆိုင်များ ရှိနေနိုင်ပါ့မလား။
ရှိတာပေါ့…. တကယ်လည်း ရှိပါသည်။
ဆိုင်အများစုသည် ကျစ်အချိန်ဝန်းကျင်တွင် ပိတ်ကြသော်လည်း တစ်ညလုံး ဖွင့်ထားသည့် ဆိုင်အနည်းငယ်တော့ ရှိပေသည်။
ပြောရလျှင် ဒီနေရာသည် ကျင့်ကြံသူများ စုဝေးရာ ဈေးကွက် ဖြစ်သောကြောင့် တညလုံးဖွင့်ခြင်းပင်။
လင်းကျင်းလည်း သေချာစွာ ဝတ်စားဆင်ယင်ခဲ့ပြီးနောက် သူ့ကိုယ်သူ အသက်ပိုကြီးသလို ထင်ရအောင် ပြောင်းလဲခဲ့သည်။ မျက်နှာဖုံးဝတ်ဆင်ခြင်းလောက် မထိရောက်သော်လည်း အနီးစပ်ဆုံးတူညီခဲ့သည်။
ထို့အပြင် ကျင့်ကြံသူများထံတွင် နတ်ဝိညာဉ်အာရုံ ဖြင့် သိရှိခံစားနိုင်သောကြောင့် မျက်နှာဖုံးများပင် အမြဲမထိရောက်နိုင်ပေ။
တခါတရံ အမှန်နှင့်အမှားကို ရောနှောခြင်းက အလိမ်သီးသန့်ထက် ပို၍ လှည့်စားနိုင်လေသည်။
အခြားသူများကို လုံးဝလှည့်စားနိုင်ရန်ဆိုလျှင် နတ်ဝိညာဉ်အာရုံကို ရှောင်ရှားနိုင်သော မှော်ရတနာပစ္စည်းတစ်ခု လိုအပ်ပေမည်။ ထို့အပြင် နတ်ဝိညာဉ်အာရုံကို လှည့်စားနိုင်သော ကျင့်စဉ်များလည်း ရှိနိုင်သည်။
ဒါကြောင့်ပဲ လင်းကျင်းလည်း နတ်ဝိညာဉ်အာရုံကို ဖုံးကွယ်နိုင်သည့် ပစ္စည်းတစ်ခုကို အမြန်ဆုံးရှာဖွေချင်နေခြင်း ဖြစ်ပေသည်။
ညအချိန်က အမှောင်ကျပြီး ဖြစ်ကာ လမ်းပေါ်၌ လူမများတော့ပေ။
အထူးသဖြင့် ချီစုဆောင်းခြင်း အစောပိုင်းအဆင့် ဖြစ်သည့် လင်းကျင်းလို လူမျိုးများမှာ ပိုမိုနည်းပါးသည်။
ယခုသည် နိုဝင်ဘာလဖြစ်ပြီး ညအချိန်မှာ အလွန်အေးစက်လာသည်။ လင်းကျင်းလည်း ကုတ်ထူထူကို ဝတ်ထားပြီး အအေးဒဏ်မှ ကာကွယ်နိုင်ရန် လက်ကို အိတ်အတွင်းထဲထို့ ထည့်ထားရလေသည်။
သို့သော် သူ၏ လက်ထဲတွင် မိုးကြိုးငါးသွယ်အဆောင်ကိုတော့ အမြဲတမ်း ကိုင်ထားသည်။ ကျင့်ကြံသူစျေးက လုံခြုံသလို ထင်ရသော်လည်း သတိလွတ်၍ မဖြစ်ပေ။
“ဆိုင်ရှင်…”
လင်းကျင်းသည် လော့လော့နှင့်အတူ ယခင်က လှည့်လည်ကြည့်ရှုစဉ်က သတိထားမိခဲ့သည့် အရောင်းဆိုင်တစ်ခုထဲသို့ ဝင်လိုက်သည်။
ဆိုင်ရှင်၏ ကျင့်ကြံမှုအဆင့်မှာလည်း သူနှင့်တူတူပင် ချီစုဆောင်းခြင်း ဒုတိယအလွှာသာ ဖြစ်ပြီး ထိုဆိုင်သည် ဆေးလုံးများနှင့် ဝိညာဉ်ပစ္စည်းများကို ဝယ်ယူရောင်းချခြင်းကို အဓိက လုပ်ကိုင်သည်။
“အော်… ဧည့်သည်တော်ကြီးပါလား။ ဒီလောက်ညနက်တဲ့အချိန် ထွက်လာတာဆိုတော့ ဆေးလုံးတွေ ဝယ်မလို့လား။…” ဆိုင်ရှင်က ပြုံးကာ ပြောလိုက်သည်။ အေးလွန်းသောကြောင့် လက်များကို ချက်ချင်း ပွတ်သပ်နေရလေသည်။
“ကျွန်တော် ဆေးလုံးတွေ ရောင်းချင်လို့ပါ။ ဒီမှာ လက်ခံလား။”
“ဟုတ်ကဲ့၊ လက်ခံပါတယ်။ ဧည့်သည်တော်မှာ ရောင်းဖို့ ဆေးလုံး ဘယ်လောက်ရှိပါသလဲ။”