အခန်း (၂၁) - မီးဖိုထဲမှ ပေါ်ထွက်လာသော သန့်စင်မှုများ
ခဏနားပြီးနောက် လင်းကျင်းသည် ဆေးလုံးဖော်စပ်ခြင်းကို ဆက်လက်လေ့ကျင့်နေခဲ့သည်။
ဒီတစ်ကြိမ်တွင် ယခင်ကထက် ပိုမိုကောင်းလာခဲ့ပေပြီး ဆေးအိုးတစ်ဖိုအတွင်း အဆင့်မြင့် ဆေးလုံးတစ်လုံးနှင့် အဆင့်နိမ့် ဆေးလုံးသုံးလုံးကို ဖော်စပ်နိုင်ခဲ့၏။
ထို့အပြင် သူ၏ ဆေးလုံးဖော်စပ်ခြင်း ကျွမ်းကျင်မှုအမှတ်လည်း ၉ မှတ် ထပ်တိုးလာခဲ့သည်။
ဆေးလုံး၏ အရည်အသွေး ပိုမြင့်လေလေ ကျွမ်းကျင်မှုအမှတ် ပိုရလေလေ ဖြစ်ကြောင်း လင်းကျင်း သဘောပေါက်သွားခဲ့ပေသည်။
ထို့နောက် တတိယဆေးအိုး…
စတုတ္ထဆေးအိုး…
ပဉ္စမဆေးအိုး…
တစ်ညလုံး လင်းကျင်း ဆေးအိုး ငါးဖို ဖော်စပ်ခဲ့ပြီး နှစ်ဖို အောင်မြင်ခဲ့ပေသည်။ အောင်မြင်မှုနှုန်းမှာလည်း အမှန်တကယ်ပင် များစွာ တိုးတက်လာခဲ့သည်။
အရေးအကြီးဆုံးမှာ ဆေးလုံးများ၏ အရည်အသွေး သိသိသာသာ မြင့်တက်လာခြင်းပင်။
အောင်မြင်ခဲ့သော နှစ်ဖိုမှ စုစုပေါင်း အဆာခံဆေးလုံး ရှစ်လုံး ရရှိခဲ့ပြီး ထိုထဲတွင် အဆင့်မြင့်ဆေးလုံး နှစ်လုံး၊ အလယ်အလတ်အဆင့် ဆေးလုံး လေးလုံးနှင့် အဆင့်နိမ့် ဆေးလုံး နှစ်လုံး ပါဝင်သည်။
လင်းကျင်းသည် ဖော်စပ်ပြီးသော ဆေးလုံးများကို အမျိုးအစားအလိုက် ခွဲထည့်ကာ ကြွေပုလင်းများအတွင်း သိမ်းဆည်းထားလိုက်ပြီး အရေအတွက် တစ်ခုအထိ စုဆောင်းမိပါက ရောင်းချရန် ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။
ဒါဟာ ကောင်းမွန်သော အစ ဖြစ်ပေသည်။
နောက်တစ်နေ့တွင် အရာအားလုံးက ပုံမှန်အတိုင်းပင် ဖြစ်နေသည်။ လော့လော့ကို ပို့ဆောင်ပြီးနောက် နင်ယွဲ့သည် ဆေးလုံးဖော်စပ်ရန် ထပ်မံသွားခဲ့သည်။
ထိုအချိန်တွင် လင်းကျင်း၏ ယခင်ဘဝမှ စကားလုံးတစ်ခုကို သတိရမိသွားသည်။
“ကုမ္ပဏီကျွန်”
ဒီစကားလုံးနှစ်လုံးက လက်ရှိအခြေအနေကို ဖော်ပြရန် အထူးသင့်လျော်နေသည်ဟု သူခံစားမိနေသည်။
ထို့နောက် သူတွေးမိသည်။ နင်ယွဲ့က “ကုမ္ပဏီကျွန်” ဆိုလျှင် မိမိကိုယ်တိုင်က ဘာဖြစ်မလဲ?
ကလေးထိန်းလား။ သို့မဟုတ် အိမ်ထောင်ဖက်အမျိုးသားလား။
သေချာစဉ်းစားကြည့်တော့ “ကုမ္ပဏီကျွန်” ဆိုသည့် အခေါ်အဝေါ်ကပင် ပိုကောင်းနေပုံရပေသည်။
နေ့ခင်းဘက်တွင် လော့လော့ ရှိနေသဖြင့် စနစ်နေရာလွတ်ထဲသို့ ဝင်ရန် မသင့်တော်ပေ။ ထို့ကြောင့် လင်းကျင်းလည်း မိမိအခန်းထဲတွင်သာ ဆေးလုံးဖော်စပ်လေ့ကျင့်နေခဲ့ပေသည်။
မွန်းလွဲပိုင်းရောက်သော် ဆေးအိုး သုံးဖို ဖော်စပ်ပြီးဖြစ်သော်လည်း ရလဒ်များမှာ သိပ်မကျေနပ်စရာ ကောင်းလှပေ။
ဆေးအိုး နှစ်ဖိုမှာ ကျရှုံးခဲ့ပြီး နောက်ဆုံးတစ်ဖိုသာ အောင်မြင်ခဲ့ကာ အလယ်အလတ်အဆင့် အဆာခံဆေးလုံး တစ်လုံးနှင့် အဆင့်နိမ့် အဆာခံဆေးလုံး နှစ်လုံးသာ ထွက်ပေါ်လာခဲ့၏။
ဆေးလုံးဖော်စပ်ခန်း၏ အောင်မြင်မှုနှုန်း မြှင့်တင်ခြင်းသည် အလကားပြောထားခြင်း မဟုတ်ကြောင်း ထင်ရှားသွားပေသည်။
ဆေးဖော်စပ်ကျမ်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ ဒီတစ်ကြိမ် ဆေးလုံးဖော်စပ်ရာတွင်သာ စိတ်ဝိညာဉ်အာရုံအား ၁၀% တိုးမြှင့်ပေးခြင်း၏ အံ့ဖွယ်အသုံးဝင်ပုံကို လင်းကျင်း တွေ့ရှိခဲ့သည်။
စိတ်ဝိညာဉ်အာရုံအား ၁၀% တိုးလာပြီးနောက် ဆေးဖော်စပ်နေစဉ်အတွင်း ဆေးရည်များအပေါ် ထိန်းချုပ်နိုင်စွမ်း သိသိသာသာ ပိုမိုကောင်းမွန်လာသည်ကို လင်းကျင်း ခံစားလိုက်ရပေသည်။
ညနေပိုင်းတွင် နင်ယွဲ့ ပြန်ရောက်လာပြီးနောက် သူတို့သုံးယောက်သည် စားပွဲဝိုင်းတွင် ထိုင်ကာ ပုံမှန်အတိုင်း ညစာ စားသောက်နေခဲ့ကြသည်။
“တာအိုရောင်းရင်း နင်၊ ယွဲ့ပေါင်လောက အကြီးအကဲယွီဆီက ကြားခဲ့ရတာက လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ စိတ်ဝိညာဉ်အားက ဆေးလုံးဖော်စပ်မှုရလဒ်အပေါ် အလွန်အရေးကြီးတဲ့ သက်ရောက်မှု ရှိတယ်ဆိုတာ။ အဲဒါ အမှန်ပဲလား။” လင်းကျင်းက မေးလိုက်သည်။
“ဟုတ်တယ်” နင်ယွဲ့က ပြန်ဖြေသည်။
“ဥပမာပြောရရင် ရှင့်ရဲ့အခု ကျင့်ကြံမှုအဆင့်က ချီစုဆောင်းခြင်း ဒုတိယအဆင့်ပဲ ရှိသေးတယ်။ စိတ်ဝိညာဉ်အာရုံကလည်း အားနည်းလွန်းတော့ ဆေးရည်တွေကို ထိန်းချုပ်နိုင်စွမ်း မလုံလောက်နေသေးဘူး။”
“တစ်ချိန်တည်းမှာပဲ ရှင့်ရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်နေသေးတော့ မီးတောက်တွေကို ထိန်းချုပ်ရာမှာလည်း သိပ်အဆင်မပြေနိုင်ဘူး။”
“အဲဒါတွေက နောက်ဆုံး ဆေးလုံးဖော်စပ်မှု ရလဒ်ကို ထိခိုက်သွားစေလိမ့်မယ်။”
“ရှင် ချီစုဆောင်းခြင်း တတိယအဆင့်ကို ချိုးဖြတ်နိုင်သွားရင်၊ ဒါမှမဟုတ် ချီစုဆောင်းခြင်း အလယ်အဆင့်ကို ရောက်သွားရင်တော့ သဘောသဘာဝအတိုင်း ကွာခြားသွားလိမ့်မယ်။”
“ဆေးလုံးဖော်စပ်နေတုန်း အရမ်းပင်ပန်းလာပြီး အာရုံမစိုက်နိုင်တော့တဲ့ ခံစားချက်မျိုး ကြုံဖူးလား။” နင်ယွဲ့က လင်းကျင်းကို မေးလိုက်သည်။
“တစ်ခါတလေတော့ အဲဒီလို ခံစားရတယ်။ ဒါပေမဲ့ ဆေးဖော်စပ်တာ ပြီးဆုံးတဲ့အထိ အာရုံစိုက်နေဖို့ ကိုယ့်ကိုယ်ကို အတင်းအကျပ် ထိန်းထားလေ့ရှိတယ်။”
“အဲဒီလိုလုပ်တာ မမှန်ဘူးလား။” လင်းကျင်းက သံသယဖြင့် မေးလိုက်သည်။
“အဲဒီလိုလုပ်တာက မမှန်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့... အဲဒီအချိန်မှာ ရှင့်ရဲ့ ဆေးလုံးအရည်အသွေးက စတင်ကျဆင်းလာပြီး အစက အဆင့်မြင့်ဆေးလုံး တစ်ဖိုလုံး ထုတ်နိုင်ခဲ့ရမှာ။”
“ဒါပေမဲ့ ရှင့်ရဲ့ အာရုံစူးစိုက်မှု လျော့သွားတဲ့ အခိုက်အတန့်လေးမှာပဲ ဆေးလုံးအရည်အသွေးက ချက်ချင်းကျသွားတတ်တယ်။ တစ်ခါတလေ ရှင်ကိုယ်တိုင်တောင် သတိမထားမိနိုင်ဘူး။”
“ရှင်က တစ်နေရာရာမှာ အမှားလုပ်မိတယ်လို့ ထင်ပြီး အချိန်အတော်ကြာ စဉ်းစားနေမိနိုင်တယ်။ ဒါပေမဲ့ တကယ်တော့ အကြောင်းရင်းက မင်းရဲ့ ကျင့်ကြံမှုအဆင့် နိမ့်လွန်းတာနဲ့ စိတ်ဝိညာဉ်အား မလုံလောက်တာကြောင့်ပဲ။”
“ရှင် ချီစုဆောင်းခြင်း အလယ်အဆင့်ကို ရောက်သွားတာနဲ့ ပထမအဆင့် ဆေးလုံးတွေကို ဖော်စပ်တဲ့အခါ ဒီလိုအခြေအနေမျိုး ထပ်ဖြစ်မှာ မဟုတ်တော့ဘူး။”
“ဒါပေမဲ့ ချီစုဆောင်းခြင်း အလယ်အဆင့်ကို ရောက်နေရင်တောင် နားချိန်မယူဘဲ ဆက်တိုက်ဖော်စပ်နေလို့လဲ မရနေပြန်ဘူး။ အဲဒါကလည်း ပင်ပန်းနွမ်းနယ်မှု ဖြစ်စေပြီး ဆေးလုံးအရည်အသွေးကို ထိခိုက်စေတယ်။”
“ဆေးဖော်စပ်မှု နှစ်ကြိမ်ပြီးတိုင်း ခဏနားဖို့ လိုတယ်။ အဲဒီလိုလုပ်မှသာ အဆင်ပြေသွားလိမ့်မယ်။”
“ဒါကိုတော့ သိပါတယ်။ အကြီးအကဲယွီလည်း တစ်ခါက ပြောဖူးပါတယ်”
လင်းကျင်းက ပြောလိုက်သည်။
“အင်း...”
“နောက်တစ်ခုက ဆေးလုံးဖော်စပ်တာအပြင် ရှင့်ရဲ့ ကျင့်ကြံမှုကိုလည်း လျစ်လျူမရှုဘဲ တိုးတက်အောင် လုပ်ရမယ်။”
“ကျွန်မ ကြည့်ရသလောက် ရှင်က နေ့တိုင်း အလယ်အလတ်အဆင့် ဝိညာဉ်ဆန် စားနေတာဆိုတော့ အရင်တုန်းက စုဆောင်းထားတာ တစ်ချို့ရှိခဲ့ပုံရတယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် အရမ်းမဖြုန်းတီးသင့်ဘူးလေ။”
“ဆေးလုံးဖော်စပ်ကျမ်းကို မြန်မြန်တတ်ကျွမ်းအောင် သင်ယူတာက အကောင်းဆုံးပဲ။ ဆေးဖော်စပ်ကျွမ်းကျင်သွားတာနဲ့ ဝင်ငွေက အရမ်းကောင်းလာမယ်။”
“အဲဒီအချိန်ကျရင် အလယ်အလတ်အဆင့် ဝိညာဉ်ဆန် နေ့တိုင်းစားဖို့ စိတ်ပူစရာ မလိုတော့ဘူး။ နေ့တိုင်း အဆင့်မြင့် ဝိညာဉ်ဆန် စားမယ်ဆိုရင်တောင် ပြဿနာမရှိတော့ဘူး။”
နင်ယွဲ့က စီနီယာတစ်ယောက်လို အမူအရာဖြင့် လင်ကျင်းကို ဆုံးမသင်ကြားနေလေသည်။
လင်းကျင်းကတော့ အနည်းငယ် ရှက်ရွံ့သွားသည်။
‘အလယ်အလတ်အဆင့် ဝိညာဉ်ဆန် ဟုတ်လား…'
‘သိပ်မကြာခင် စနစ်နေရာလွတ်ထဲက အဆင့်မြင့် ဝိညာဉ်စပါးတွေ မှည့်လာရင် ငါက နေ့တိုင်း အဆင့်မြင့် ဝိညာဉ်ဆန်ပဲ စားတော့မှာ။’
‘အဲဒီအခါကျရင် ငါ ဘယ်လိုပြောပြရမလဲ...’
‘အိမ်း… အဲဒီအချိန်ရောက်ရင် အကြောင်းပြချက်တစ်ခုတော့ ရှာထားရမယ် ထင်ပါတယ်။’
စားသောက်ပြီးနောက် သူတို့နှစ်ယောက် ပြန်သွားကြပြီး လင်းကျင်းက သူ၏ ကြီးမြတ်သော ဆေးလုံးဖော်စပ်ရေး လမ်းခရီးကို စတင်လိုက်တော့သည်။
ဒီလိုနှင့် လဝက်ခန့် ကုန်လွန်သွားခဲ့ပေသည်။
လင်းကျင်းလည်း နေ့စဉ် ဆေးအိုးအများအပြား ဖော်စပ်ခဲ့ပြီး ဆေးလုံးဖော်စပ်ရာတွင် အောင်မြင်နှုန်းလည်း အဆများစွာ တဖြည်းဖြည်း မြင့်တက်လာခဲ့တော့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လင်းကျင်းသည် အမြင့်ဆုံးအဆင့် ဆေးလုံး သုံးလုံးကို ဖော်စပ်နိုင်ခဲ့ပြီး ဖြစ်သည်။
သို့သော် သန့်စင်ဆေးလုံး ကိုတော့ မဖော်စပ်နိုင်သေးပေ။
ဒါပေါ့၊ အကြောင်းရင်းက ဆေးအိုး တစ်ဖိုတည်းမှာ အမြင့်ဆုံးအဆင့် ဆေးလုံး နှစ်လုံးကို မထုတ်လုပ်နိုင်သေးတာကြောင့်လည်း ဖြစ်နိုင်သည်။
အဆုံးစွန်ပြောရလျှင် သန့်စင်ဆေးလုံး တစ်လုံး ဖြစ်ပေါ်လာရန် အခြေခံအကျဆုံး လိုအပ်ချက်မှာ ဆေးအိုး တစ်ဖိုတည်းအတွင်း အမြင့်ဆုံးအဆင့် ဆေးလုံး နှစ်လုံး ရှိရမည် ဖြစ်ပေသည်။
မဟုတ်ရင် ဆေးဖော်စပ်ခန်းမှာ သန့်စင်ဆေးလုံး ထွက်ပေါ်နိုင်ချေ ၁၀% ဆိုတဲ့ ဂုဏ်သတ္တိရှိနေရင်တောင် အခြေခံအကျဆုံး လိုအပ်ချက်ကို မပြည့်မီဘဲ သန့်စင်ဆေးလုံးကို ဘယ်လိုထုတ်လုပ်နိုင်မှာလဲ။
ရက်အနည်းငယ်ကြာပြီးနောက် အဆာခံဆေးလုံးအတွက် သူဝယ်ထားခဲ့သော ကုန်ကြမ်းများ ကုန်သွားခဲ့သည့်အပြင် သူ၏ ဆေးလုံးဖော်စပ်ခြင်းမှာ အတော်အသင့်ကျွမ်းကျင်လာခဲ့၏။
နောက်တစ်ဆင့်အနေဖြင့် အခြားဆေးလုံးအမျိုးအစားများကို စတင်ဖော်စပ်ရန် စီစဉ်ထားတော့သည်။
ပထမဆုံး ဆေးအိုးကို ဝယ်ခဲ့စဉ်က လင်းကျင်းသည် အခြားဆေးလုံးအမျိုးအစားများအတွက် ကုန်ကြမ်းများစွာကိုလည်း ဝယ်ယူထားခဲ့သေးသည်။ ယခင်က သူ၏ ဆေးဖော်စပ်သည့် ကျွမ်းကျင်မှု မလုံလောက်သေးသောကြောင့် အသုံးမပြုခဲ့ပေ။
ဒီတစ်ကြိမ်တွင်တော့ လင်းကျင်း အဆင်သင့်ဖြစ်နေပြီ ဖြစ်ပြီး ဆေးလုံးဖော်စပ်မှုကို စတင်ရမည့်အချိန် ရောက်လာခဲ့ပြီ။
အထူးသဖြင့် ကျင့်ကြံမှုတိုးတက်စေရန် အသုံးပြုသည့် စွမ်းအင်စုဆောင်းဆေးလုံးများကို ဖော်စပ်ရမည် ဖြစ်သည်။
သူ၏ ကျင့်ကြံမှုတိုးတက်နှုန်းက ထိုဆေးလုံးများအပေါ် တွင် များစွာ မှီခိုရနေပေမည်။
သူသည် စနစ်နေရာလွတ်ထဲသို့ ဝင်ကာ ဆေးဖော်စပ်ခန်းသို့ ရောက်လာခဲ့သည်။
ဒီတစ်ကြိမ်လည်း ယခင်အတိုင်း မီးမွှေးလိုက်ပြီး ဆေးအိုးကို ဖွင့်လိုက်သည်...
ပထမဆုံး ဖော်စပ်မှုအတွက် စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး၏ ကုန်ကြမ်းများကို ထည့်သွင်းလိုက်ပြီးနောက် ဆေးလုံးဖော်စပ်မှုကို စတင်ခဲ့သည်။
“ဆေးလုံးဖော်စပ်မှု အောင်မြင်သည်။ ဆေးလုံးဖော်စပ်ခြင်း ကျွမ်းကျင်မှု +15”
စနစ်အသိပေးချက် ပေါ်လာသည်နှင့် လင်းကျင်း၏ မျက်လုံးများ တောက်ပသွားတော့သည်။
“ဆေးလုံးဖော်စပ်ခြင်း ကျွမ်းကျင်မှု ၁၅ မှတ်...”
“စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးကို ပထမဆုံး ဖော်စပ်တာနဲ့ အမြင့်ဆုံးအဆင့် ဆေးလုံး ထွက်လာတာလား...”
စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးသည် ဝိညာဉ်စွမ်းအား ကုန်ခန်းသွားသည့်အခါ လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်သော ဆေးလုံးဖြစ်သည်။
ဈေးနှုန်းအရ စွမ်းအင်စုဆောင်းဆေးလုံးနှင့် မကွာလှသော်လည်း အဆာခံဆေးလုံးထက်တော့ များစွာ ပိုဈေးကြီးသည်။
ဒီအမြင့်ဆုံးအဆင့် စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး တစ်လုံးကို ဈေးကွက်တွင် ပုံမှန်အားဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက် အလုံး ၂၀ ခန့်ဖြင့် ရောင်းချနိုင်တာမို့ ဒီဆေးလုံးသည် စျေးမပေါသည်မှာ သေချာသလောက်ပင်။
လင်းကျင်းသည် ဆေးအိုးကို ဖွင့်ကာ အထဲရှိ ဆေးလုံးများကို ထုတ်ယူလိုက်သည်။
ဒီဆေးအိုးအတွင်း အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံး၊ အဆင့်မြင့် ဆေးလုံးနှစ်လုံးနှင့် အလယ်အလတ်အဆင့် ဆေးလုံးနှစ်လုံးကို ဖော်စပ်နိုင်ခဲ့သည်။
အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံးက ဆေးဖော်စပ်မှု ကျွမ်းကျင်မှု ၅ မှတ် ပေးသည်။
အဆင့်မြင့် ဆေးလုံးတစ်လုံးက ၃ မှတ်။
အလယ်အလတ်အဆင့် ဆေးလုံးတစ်လုံးက ၂ မှတ်။
အဆင့်နိမ့် ဆေးလုံးတစ်လုံးကတော့ ၁ မှတ်သာ ပေးသည်။
သန့်စင်အဆင့် ဆေးလုံး အတွက်တော့ လင်းကျင်း မဖော်စပ်ဖူးသေးသောကြောင့် မသိသေးပေ။
(ဘာသာပြန်သူ မှတ်ချက်။ ဆေးလုံး အဆင့်များ-
သန့်စင် အဆင့် (အဆိပ်အတောက် မပါဝင်) Pure/Flawless Grade Elixir
အမြင့်ဆုံး အဆင့် Supreme Grade Elixir
အဆင့်မြင့် အဆင့် Superior Grade Elixir
အလယ်အလတ် အဆင့် Medium Grade Elixir
အဆင့်နိမ့် အဆင့် Lower Grade Elixir)
ဒီဆေးအိုးမှ ရရှိသော ဆေးလုံးများ၏ ကျွမ်းကျင်မှုအမှတ် စုစုပေါင်းက ၁၅ မှတ် အတိအကျပင် ဖြစ်နေသည်။
‘နောက်တစ်ကြိမ်က စွမ်းအင်စုဆောင်းဆေးလုံးတွေ ဖော်စပ်ဖို့ အချိန်ရောက်ပြီ’
လင်းကျင်းက ကိုယ့်ကိုယ်ကို တိုးတိုးလေး ပြောလိုက်သည်။
ခဏနားပြီးနောက် လင်းကျင်း ထပ်မံပြင်ဆင်မှုများ စတင်ခဲ့ကာ ဒီတစ်ကြိမ်တွင် သူ အလွန်တည်ငြိမ်နေခဲ့သည်။
ယခုလေးတင် အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံး ဖော်စပ်နိုင်ခဲ့သော်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်ပင် မရှိခဲ့ပေ။
ဒီလို စိတ်အခြေအနေသည် ဆေးဖော်စပ်ခြင်းအတွက် အကောင်းဆုံး ဖြစ်ပေသည်။
နာရီဝက်ခန့် ကြာပြီးနောက်.....
ဆေးဖော်စပ်ခန်းတစ်ခုလုံး မီးခိုးများ လှည့်ပတ်ဝေ့ဝိုက်နေပြီး ဆေးရနံ့များလည်း ပျံ့နှံ့နေသည်။
ယခင်နှင့် မတူသည်မှာ ထိုဆေးရနံ့များသည် အချိန်အတော်ကြာသည်အထိ မပျောက်ကွယ်ဘဲ ဆေးဖော်စပ်ခန်းအတွင်း ဆက်လက်စုဝေးနေဆဲ ဖြစ်ပေသည်။
လင်းကျင်းကတော့ ထိုအရာများကို သတိမထားမိသကဲ့သို့ ဆေးဖိုကိုသာ အာရုံစိုက်ကြည့်နေပြီး မီးအပူချိန်ကို ဂရုတစိုက် ထိန်းချုပ်နေခဲ့သည်။
“ဒင်...”
“စနစ်အသိပေးချက် - ဂုဏ်ယူပါတယ်။ ပိုင်ရှင်သည် သန့်စင်အဆင့် ဆေးလုံး တစ်လုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ရိတ်သိမ်းမှတ် ၅ မှတ် ဆုချီးမြှင့်ခံရသည်။”
“စနစ်အသိပေးချက် - ပိုင်ရှင်သည် ပထမဆုံးအကြိမ် သန့်စင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သောကြောင့် ရိတ်သိမ်းမှတ် ၁၀ မှတ် ထပ်မံ ဆုချီးမြှင့်ခံရသည်။”
“ဆေးလုံးဖော်စပ်မှု အောင်မြင်သည်။ ဆေးဖော်စပ်မှု ကျွမ်းကျင်မှု +27”