အခန်း (၂) - စီနီယာအကို ဟန်
“ဒီဆုံးဖြတ်ချက်အပေါ် မင်းမှာ ကန့်ကွက်စရာ ရှိလား။…”
လင်းကျင်းဟာ ဒီရလဒ်ကို အစကတည်းက ခန့်မှန်းပြီး ဖြစ်လို့ ကိုယ့်ကိုကိုယ် ကာကွယ်ပြောဆိုဖို့တောင် မကြိုးစားတော့ချေ။
လင်းကျင်းက လက်နှစ်ဖက် ယှက်ကာ အရိုအသေပေးရင်း “မရှိပါဘူး။ ဂိုဏ်းရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပါတယ်။..” ပြောလိုက်သည်။
စီမံခန့်ခွဲသူ လီက ခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းကာ “မင်း ပြန်သွားပြီး ပစ္စည်းတွေ သိမ်းလိုက်တော့။ မနက်ဖြန် တောင်ပေါ်က ဆင်းရမယ်။” ပြောလိုက်သည်။
လင်းကျင်းက အရိုအသေပေးကာ “စီမံခန့်ခွဲသူ လီ၊ ကျွန်တော့်ကို ခွင့်ပြုပါဦး။” ပြောပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်စဉ်
“ခဏနေဦး။” ထိုအချိန်မှာ အသံတသံ ထွက်လာ၏။
လင်းကျင်း ခေါင်းမော့ကြည့်လိုက်တော့ စကားပြောတဲ့သူဟာ ဝိညာဉ်ဆန် လွှဲပြောင်းအပ်နှံမှုကို ကြီးကြပ်နေတဲ့ အတွင်းစည်းတပည့် ဖြစ်နေတာကို တွေ့လိုက်ရသည်။
စီမံခန့်ခွဲသူ လီက အံ့အားသင့်သွားပြီး ဒီလူ ဘာလို့ ဒီအချိန်မှ စကားဝင်ပြောသည်ကို နားမလည်ဖြစ်ကာ
“စီနီယာအကို ဟန်… သူ့ကို ဂိုဏ်းကနေ နှင်ထုတ်ပြီးသားပါ။ ဒါက ဂိုဏ်းအကြီးအကဲရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဒီကိစ္စ သတ်မှတ်ပြီးသားပါ။ စီနီယာအကို နားလည်မှု မလွဲပါနဲ့။”
အတွင်းစည်း တပည့်ရဲ့ မျက်နှာက အေးဆေးတည်ငြိမ်နေပြီး စီမံခန့်ခွဲသူ လီကို ကြည့်ကာ “ဂျူနီယာ ညီလေး လီ၊ မင်း စိုးရိမ်လွန်နေပြီ။” ပြောလိုက်သည်။
ထို့နောက် သူက ခေါင်းလှည့်ပြီး လင်းကျင်းထံသို့ ကြည့်လိုက်ပြီး ဂရုတစိုက် သေချာစွာ စစ်ဆေးနေ၏။
တဖက်လူရဲ့ အကြည့်ကြောင့် လင်းကျင်းမှာ အနေအထိုင်ကြပ်နေပြီး သူ သေချာစဉ်းစားကြည့်တော့ ဒီ ဆရာတူအကို ဟန် ကို မသိတာ သေချာလေ၏။ ပြီးတော့ သူ စဉ်းစားမရတာက ဘာလို့ တဖက်လူက သူ့ကို ဒီလောက်ထိ စိုက်ကြည့်နေမှန်း နားမလည်ပေ။
အချိန် ခဏကြာပြီးနောက် နောက်ဆုံးမှာ ဆရာတူအကို ဟန် က မေးခွန်းထုတ်လိုက်တော့သည်။
“မင်းနာမည်က လင်းကျင်းလား။…”
လင်းကျင်းက အရိုအသေပေးကာ “ဟုတ်ပါတယ်။ စီနီယာအကို။”
လင်းကျင်းရဲ့ ယခင်အဆင့်အတန်းက ဝိညာဉ်စိုက်ပျိုးသူသာ ဖြစ်သော်လည်း သူက ချင်းယွမ်ဓားဂိုဏ်းဏ်းရဲ့ အပြင်လုပ်သားတပည့်ဖြစ်နေသောကြောင့် အတွင်းစည်းတပည့်တယောက်ကို “စီနီယာအကို” ဟု ခေါ်ဆိုရန်မှာ မသင့်တော်ဟု မဆိုနိုင်ပေ။
သို့သော် သူက အခုချိန်မှာ ဂိုဏ်းက ထုတ်ပယ်ခံပြီး ဖြစ်သောကြောင့် တခြား ပိုသင့်လျော်သည့် အခေါ်အဝေါ်ကို မစဉ်းစားနိုင်သောကြောင့် စီနီယာအကို လို့သာ ဆက်လက်ခေါ်လိုက်ရတော့သည်။
စီနီယာအကို ဟန် ကလည်း မကန့်ကွက်ချေ။ ပြီးနောက် ဆက်လက်မေးမြန်းလိုက်သည်။ “မင်း လင်းယုကို သိလား။…”
လင်းကျင်း အနည်းငယ် အံ့ဩသွားပြီး မြန်မြန် ပြန်ဖြေလိုက်သည်။ “စီနီယာအကိုကို ပြန်ဖြေပါတယ်။ လင်းယုက ကျွန်တော့် ဖခင်ပါ။”
စီနီယာအကို ဟန် ခေါင်းငြိမ့်ပြီး ဆက်ပြောလေသည်။ “တောင်ဆင်းလမ်းပေါ်မှာ နတ်ဆိုးသားရဲတွေ မကြာခဏ ပေါ်ပေါ်လာတတ်တယ်။ အဲ့ဒါက အရမ်းအန္တရာယ်များတယ်။ တိုက်တိုက်ဆိုင်ဆိုင် ငါလဲ မနက်ဖြန် တောင်အောက် ဆင်းစရာ ရှိနေတာမို့ မနက်ဖြန် မနက် စောစော လာခဲ့။ မနက်ဖြန် ငါနဲ့ အတူ တောင်အောက် ဆင်းလို့ ရတယ်။”
ဒီစကားကြားပြီးနောက် စီမံခန့်ခွဲသူ လီက အလျင်အမြန် ဝင်ပြောလိုက်သည်။ “စီနီယာအကို ဟန်၊ သူက ဂိုဏ်းကနေ နှင်ထုတ်ပြီးသား တပည့်တယောက်သာ ဖြစ်ပြီး တောင်အောက်ကို ဆင်းခွင့်ပေးရုံနဲ့သာ လုံလောက်ပါတယ်။ ဘာလို့ စီနီယာအကို ကိုယ်တိုင် လိုက်ပို့ပေးရမှာလဲ။…”
စီနီယာအကို ဟန် က လင်းကျင်းကို ကြည့်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ “ငါနဲ့ သူ့အဖေနဲ့က မိတ်ဟောင်းဆွေဟောင်းတွေ ဖြစ်ပြီး မိတ်ဆွေဟောင်းရဲ့ သားဖြစ်နေမှတော့ ငါ့မျက်စိရှေ့မှာ သူ တခုခု ဖြစ်သွားမှာကို လက်ပိုက်ကြည့်မနေနိုင်ဘူးပေါ့။”
“အဲ့ဒလိုကိုး။ စီနီယာအကို ဟန်က တကယ့်ကို သစ္စာရှိပြီး သံယောဇဉ်ကြီးမားတဲ့သူဘဲ။” ဟု စီမံခန့်ခွဲသူ လီ က အပြုံးဖြင့် ပြောလိုက်ရင်း “ဒီကိစ္စသေးသေးလေးနဲ့ စီနီယာအကို ဟန် ကိုယ်တိုင် ပင်ပန်းစရာ မလိုပါဘူး။ ဒီလိုဆိုရင် ကျွန်တော် ကိုယ်တိုင် မနက်ဖြန် သူ့ကို တောင်အောက် လိုက်ပို့ပေးလိုက်ပါ့မယ်။ တောင်အောက်ခြေက စျေးတန်းမှာ ကျွန်တော် သိတဲ့သူတချို့ ရှိတာမို့ သူ့အတွက် နေထိုင်ဖို့နေရာ စီစဉ်ပေးနိုင်ပြီး အလုပ်တခုခုလဲ ရှာပေးနိုင်ပါတယ်။”
“ဒီလိုဆို စီနီယာအကို ဟန် ရဲ့ စိတ်ဆန္ဒ ပြည့်ဝသွားပြီး စိတ်ကျေနပ်စရာ မကောင်းဘူးလား။…”
စီနီယာအကို ဟန်က ထိုစကားကို ကြားပြီးနောက် ပြန်မဖြေဘဲ စီမံခန့်ခွဲသူ လီကိုသာ စူးစူးရဲရဲ စိုက်ကြည့်လိုက်တော့သည်။ ထိုအကြည့်ကြောင့် စီမံခန့်ခွဲသူ လီ အလွန်ပင် သက်တောင့်သက်သာ မဖြစ်တော့ချေ။ ပြီးနောက် အတင်းအကျပ် ရယ်မောလိုက်ပြီး စကားပြောခဲ့သည်။
“စီနီယာအကို ဟန်၊ ကျန်တော် ပြောဆိုတာမှာ မသင့်တော်များ တခုခု ပါသွားလို့လား။…”
ထိုအခါမှာသာ စီနီယာအကို ဟန် စကားပြန်ပြောလိုက်သည်။ “ဂျူနီယာညီလေး လီ၊ မင်းရဲ့အလုပ်တွေ များနေပြီးသား၊ မင်းထပ်ပြီး ပင်ပန်းခံစရာ မလိုဘူး။ တောင်ခြေက သားရဲတွေက အရမ်းရက်စက်ကြမ်းကြုတ်တယ်။ မင်း မတားဆီးနိုင်မှာကို ငါစိုးရိမ်ရတယ်။ ပြီးတော့ ငါ့မိတ်ဆွေဟောင်းရဲ့ သားကိုလဲ မထိခိုက်စေချင်ဘူး။”
“ ဂျူနီယာညီလေး လီ ။ “
“ မင်း ငါပြောတာကို … နားလည်ရဲ့လား....။…”
စီနီယာအကို ဟန် ရဲ့ ဖိအားပေးအကြည့်ကို ရင်ဆိုင်လိုက်ရတော့ စီမံခန့်ခွဲသူ လီရဲ့ မျက်လုံးထဲ ထိပ်လန့်မှု အရိပ်အယောင်ဖြတ်သန်းသွားကာ ချက်ချင်းပြန် ပြန်ဖုံးကွယ်လိုက်ရ၏။ ထို့နောက် စီနီယာအကို ဟန်ကို အရိုအသေပေးရင်း ပြောလိုက်သည်။
“စီနီယာအကို ဟန်ရဲ့ ဒီလိုသံယောဇဉ်ကြီးမားမှုကို ကျနော် တကယ်လေးစားမိပါတယ်။..”
ထိုစကားပြောပြီးနောက် စီမံခန့်ခွဲသူ လီဟာ ခေါင်းလှည့်လိုက်ပြီး လင်းကျင်းကို ကြည့်ကာ ပြောလိုက်သည်။
“လင်းကျင်း… စီနီယာအကိုဟန်က မင်းကို မနက်ဖြန် တောင်အောက် လိုက်ပို့ပေးမှာဆိုတော့ အခု စီနီယာအကို ဟန်ကို ကျေးဇူးတင်စကား ပြောသင့်တယ်လေ…”
“ကျေးဇူးတင်ပါတယ်၊ စီနီယာအကို ဟန်။ “
လင်းကျင်းက စီနီယာအကို ဟန် ဘာလို့ ဒီလိုပြုမူလဲ နားမလည်သော်လည်း လက်နှစ်ဖက်ဖြင့် အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။
“မနက်ဖြန်မနက်စောစော ဒီကိုလာဖို့ မမေ့နဲ့။ ငါ မင်းကို စောင့်နေမယ်။ နောက်မကျစေနဲ့။…”
“စီနီယာအကို ဟန်၊ စိတ်ချပါ။”
ထို့နောက် လင်းကျင်းက စီနီယာအကို ဟန်နှင့် စီမံခန့်ခွဲသူ လီကို နှုတ်ဆက်ပြီး သူ့၏ တွန်းလှည်းကို တွန်းကာ ထွက်ခွါသွားတော့သည်။
…..
လင်းကျင်း သူနေတဲ့ တဲကို ပြန်ရောက်တော့ ကောင်းကင်တခုလုံး မှောင်မိုက်နေပြီမို့ မီးမွှေးပြီး ဟင်းချက်စားဖို့ စိတ်မပါတော့ချေ။ အစာခြောက်အနည်းငယ်သာ ညစာအဖြစ် ရိုးရိုးရှင်းရှင်း စားလိုက်တော့သည်။
မှိန်ဖျော့နေတဲ့ လရောင်အောက်မှာ သူ တနှစ်ပတ်လုံး နေထိုင်ခဲ့တဲ့ မြက်မိုးတဲငယ်လေးကို လှည့်ပတ်ကြည့်ရင်း မနက်ဖြန် ထွက်ခွါရတော့မှာကို စိတ်ထဲတွင် မခွဲရက်နိုင် ခံစားနေရတော့သည်။ မည်သို့ပင်ဖြစ်စေကာမူ ဒီတဲအိမ်လေးက လင်းကျင်း ဒီလောကကို ရောက်လာချိန်မှာ တယောက်တည်းနေခဲ့ရပေမယ့် ပထမဆုံး ပိုင်ဆိုင်ခဲ့တဲ့ အိမ်လေး ဖြစ်နေလို့ပေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မိခင်က စောစီးစွာ ကွယ်လွန်သွားခဲ့တဲ့အပြင် လွန်ခဲ့တဲ့ တနှစ်ခန့်က ဖခင်မှာလဲ ဆုံးပါးသွားခဲ့ရလေသည်။
မိဘချန်ခဲ့တဲ့ပိုင်ဆိုင်မှု သိပ်မများတဲ့အတွက်ကြောင့် လင်းကျင်းအနေဖြင့် အချိန်သိပ်မယူလိုက်ရဘဲ သိမ်းဆည်းပြီးခဲ့ပေပြီ။
အားလုံးသိမ်းဆည်းပြီးသည့်အခါ လင်းကျင်းက ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်ကာ ဒီနေ့ ဖြစ်ပျက်ခဲ့တာကို ပြန်လည်စဉ်းစားနေလိုက်သည်။ စီမံခန့်ခွဲသူ လီ ပြောတဲ့ တောင်အပြင်ဘက်က လေလွင့်ကျင့်ကြံသူတွေရဲ့ လက်ချက်ဆိုတာကို သူ လုံးဝ မယုံပေ။
ဒီနေရာမှာ ချင်းယွမ်ဓားဂိုဏ်း ဖြစ်ပြီး လေလွင့်ကျင့်ကြံသူ မဆိုနှင့် အပြင်ဘက်ရှိ တခြားကျင့်ကြံသူများပင် ဒီနေရာကို လာရောက် ပြဿနာ မရှာရဲကြပေ။ ဒီတချက်ကို ကြည့်ချင်းအားဖြင့် ဖြစ်နိုင်ချေကား တခုတည်းသာ ကျန်တော့သည်။ ဝိညာဉ်စိုက်ခင်း ဖျက်ဆီးခံရသည့်ကိစ္စမှာ စီမံခန့်ခွဲသူ လီ နဲ့ သက်ဆိုင်ဆက်နွယ်နိုင်ချေ ရှိသည်။
“ဒီနေ့ စီနီယာအကို ဟန် နဲ့ စီမံခန့်ခွဲသူ လီ ကြားက ပြောဆိုတဲ့စကားကို နားထောင်ရာမှာ ဒီကိစ္စရဲ့ နောက်ကွယ်မှာ တခြားအကြောင်းရင်း ရှိနေသလိုဘဲ။..” ဟု လင်းကျင်းက အမှောင်ထဲမှာ တိတ်တဆိတ် တွေးတောနေသည်။
“စီမံခန့်ခွဲသူ လီက ငါ့ကို ပစ်မှတ်ထားနေတာလား…”
“တကယ်လို့ ဝိညာဉ်စိုက်ခင်းကို သူဖျက်ဆီးခဲ့တာဆိုရင် သူ့ရဲ့ ရည်ရွယ်ချက်က ဘာများ ဖြစ်မလဲ။…”
“ငါ့ကို နှင်ထုတ်ချင်ရုံ သပ်သပ်ဘဲလား ဒါမှမဟုတ် တောင်အောက်ဆင်းတဲ့ လမ်းမှာ ငါ့ကို သတ်ချင်တာလား။…”
တဖြည်းဖြည်း အမှန်တရားနဲ့ နီးစပ်လာပြီလို့ လင်းကျင်း ခံစားလိုက်ရသည်။
“ငါနဲ့ သူနဲ့က တခါမှ ရန်ငြိုးလဲ မရှိခဲ့ဘူး… ငါ ဒီလောက် ဆင်းရဲမွဲတေနေတဲ့ဟာကို ပစ္စည်းဥစ္စာအတွက်ဆိုလဲ မဖြစ်နိုင်ဘူး။…ငါ့မှာ ပိုင်ဆိုင်တာလဲ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်တုံးဘဲ ရှိတယ်… ဝိညာဉ်စိုက်ပျိုးသူတွေ ကြားထဲမှာ ငါက အဆင်းရဲဆုံးလို့တောင် ပြောလို့ ရတယ်။…”
ဒီအချက်တွေက လင်းကျင်းကို နားမလည်ဖြစ်စေခဲ့သည်။
စီနီယာအကို ဟန်နဲ့ ပတ်သတ်ပြီးတော့ လင်းကျင်းပေါ် ရန်လိုစိတ် အရိပ်အယောင်လဲ မခံစားရဘဲ စီနီယာအကို ဟန်က ယုံကြည်ထိုက်သူ တဦး ဖြစ်နိုင်ပေသည်။ ဂိုဏ်းက နှင်ထုတ်ခံခဲ့ရတာကိုတော့ လင်းကျင်းအနေနဲ့ လုံးဝ ဂရုမစိုက်ပေ။ သူအနေနဲ့ အနည်းငယ်တောင် ပျော်ရွှင်နေသေးပေသည်။
ဘာကြောင့်လဲဆိုတော့ ချင်းယွမ်ဓားဂိုဏ်းရဲ့ ဝိညာဉ်စိုက်ပျိုးသူ အဆင့်အတန်းမှာ လွတ်လပ်မှု လုံးဝမရှိသလို တောင်အောက်လဲ ဆင်းခွင့်မရှိပေ။ ထို့အပြင် တခြားသော ကျင့်ကြံရေး အရင်းအမြတ်များလဲ ရယူခွင့်မရှိနေပေ။
သူ့ပါရမီနဲ့ ဆက်စပ်လျှင် သူ့ဘဝတလျှောက်လုံးအနေနဲ့ ဒီမှာ နေထိုင်တာက ထူးခြားပြောင်းလဲမှု ကြုံတွေ့ရမှာ မဟုတ်ချေ။ လောကကူးပြောင်းလာသူ အနေဖြင့် ဝိညာဉ်စိုက်ပျိုးသူ တဦးအဖြစ်သာ နေထိုင်ရမှာကို အဘယ့်ကြောင့် ကျေနပ်နိုင်ပါ့မလဲ။
ဒါ့ကြောင့် ချင်းယွမ်ဓားဂိုဏ်းက ထွက်ခွါရန်မှာ သူ့၏ အစီအစဉ်များထဲမှ တခု ဖြစ်ပြီး မမျှော်လင့်ဘဲသာ အနည်းငယ် ပိုမို စောသွားရခြင်း ဖြစ်ပေသည်။
ဘယ်လိုပင်ဖြစ်စေကာမူ…..
လင်းယွင်သည်ကား စနစ်တခု ပိုင်ဆိုင်ထားသူ ဖြစ်နေသည် မဟုတ်ပေလော… သူပိုင်ဆိုင်ထားတဲ့ စနစ်က တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက် မမြှင့်တင်ပေးနိုင်သော်လည်း … အနည်းဆုံး သူ၏ စားဝတ်နေရေးအတွက်တော့ စိုးရိမ်စရာ မလိုအောင် လုပ်ပေးနိုင်သည်။
ထို စနစ်အကြောင်း ပြန်တွေးလိုက်တိုင်း လင်းကျင်း စောဒက တက်ချင်သော်လည်း သေချာ ပြန်စဉ်းစားကြည့်ရင် ဒုတိယဘဝ တခုရရှိခြင်းကကို ဘိုးဘေးင်္သချိုင်းကနေ အစိမ်းရောင်မီးခိုး ထွက်နေပြီဟု ဆိုရလောက်အောင် ကံကောင်းနေပြီ မဟုတ်ပါလော။ ဒီလောက်ဆို ကျေနပ်သင့်ပြီ မဟုတ်လား။ နောက်ထပ် ဘာများ ထပ်လိုချင်နေဦးမည်နည်း။
(စာရေးသူမှတ်ချက်။ ဒီစာပိုဒ်မှာ အစိမ်းရောင်မီးခိုးဆိုတာက ပြောချင်တာက ဒုတိယဘဝရတာကိုက ဘိုးဘေးဘီဘင်တွေရဲ့ ကောင်းချီးကြောင့် ကံကောင်းနေပြီလို့ ဆိုလိုတာပါ။)
….
“အခုအချိန်မှာ အရေးကြီးဆုံးက ငါ့ရဲ့ စွမ်းအားကို တိုးမြှင့်ဖို့ဘဲ။ တခြားကိစ္စ ဆက်မတွေးတော့ဘူး။ အခုလက်ရှိ ငါက ချီစုဆောင်းခြင်း ဒုတိယအဆင့် ရောက်ဖို့ ခြေတလှမ်းဘဲ လိုတော့တယ်။ တကယ်လို့ မထင်မှတ်တာတွေ မဖြစ်ခဲ့ရင် ဒီည ငါ ဒုတိယအဆင့်ကို တက်လှမ်းနိုင်လောက်တယ်။..”
ပြီးနောက် လင်းကျင်းက စိတ်တည်ငြိမ်စွာဖြင့် တရားထိုင်ကျင့်ကြံလိုက်၏။
စိုက်ခင်းထဲက တဲငယ်ထဲမှာ ရှိတဲ့ ဝိညာဉ်စွမ်းအားဟာ စီမံခန့်ခွဲသူ လီ ရဲ့ ခြံဝင်းထဲက ဝိညာဉ်စွမ်းအားထက် များစွာ ပိုမို နည်းပါးနေပေသည်။ အချိန်ကြာမြင့်စွာ တရားထိုင်ပြီးနောက် ဝိညာဉ်စွမ်းအား အနည်းငယ်သာ လင်းကျင်း၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စီးဝင်လာသည်ဟု ခံစားလိုက်ရကာ ထိုဝိညာဉ်စွမ်းအားများက သူ့၏ သွေးကြောထဲ လှည့်ပတ်စီးဆင်းနေတော့သည်။
ညနက်သည်အထိ လင်းကျင်း ဆက်လက်ကျင့်ကြံနေခဲ့ပြီး ကျစ်အချိန် (23:00 - 1:00 am) ၏ တဝက် ကျော်လွန်သွားချိန်မှာ (ည ၁၂ ကျော်လို့ ပြောတာပါ) ရုတ်တရက် အသံတသံက သူ၏ စိတ်အာရုံထဲတွင် ပေါ်ထွက်လာခဲ့သည်။
“နေရာလွတ်စနစ်ရဲ့ အချိန် ပြန်လည်သတ်မှတ်ပြီးပါပြီ၊ ဝင်ရောက်ရန် ကျန်ရှိသည့်အချိန် - ၂ နာရီ”
လင်းကျင်း ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များ ကွေးတက်လာတာ အပြုံးဖျော့ဖျော့ တခု ပေါ်လာ၏။
“ငါ မင်းကို စောင့်နေတာ ကြာပြီ…..”