အခန်း ၁၈ - ဝေ့ကျန့်ချင်း
“……”
“ကျေးဇူးအများကြီးတင်ပါတယ်၊ တာအိုရောင်းရင်း လင်း။”
နင်ယွဲ့ က ကိုယ်ကိုအနည်းငယ်ညွှတ်ကာ ကျေးဇူးတင်စကားဆိုသည်။
“ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး။”
လင်းကျင်းက ပြောရင်း သူမကို ထူပေးရန် လက်ဆန့်လိုက်သော်လည်း ယောကျ်ားနှင့် မိန်းမ ကွာခြားမှုကို သတိရသွားပြီး လက်ကို အလယ်တွင်သာ ရပ်တန့်လိုက်ရသည်။
ထို့နောက် ချက်ချင်းပင် ပုံမှန်အတိုင်း ပြုမူလိုက်တော့သည်။
“တာအိုရောင်းရင်း နင်၊ ကျွန်တော့်မှာလည်း တောင်းဆိုစရာတစ်ခု ရှိပါတယ်”
နင်ယွဲ့က မတ်တပ်ရပ်ပြီး ပြန်ဖြေသည်။
“ပြောပါ၊ တာအိုရောင်းရင်း လင်း။”
လင်းကျင်းသည် စီမံခန့်ခွဲသူ လီထံမှ ရရှိခဲ့သော ဆေးဖော်စပ်ကျမ်းကို ထုတ်ယူပြီး နင်ယွဲ့ထံ လှမ်းပေးကာ ပြောသည်။
“ဒီဆေးဖော်စပ်ကျမ်းကို ကျွန်တော် မတော်တဆ ရရှိခဲ့တာ။ ဒါပေမဲ့ ဆေးလုံးဖော်စပ်တဲ့အချိန်မှာ ဒီကျမ်းက မပြည့်စုံဘူးဆိုတာ တွေ့ရှိခဲ့ရတယ်။ အမှားတွေနဲ့ ချန်လှပ်ထားတာတွေလည်း အများကြီး ရှိနေတယ်”
“တာအိုရောင်းရင်း နင်၊ အကူအညီပေးပြီး ဒီကျမ်းကို ဆက်လေ့လာလို့ ရနိုင်သေးလားဆိုတာ ကြည့်ပေးနိုင်မလား။”
နင်ယွဲ့က ကျမ်းကို လက်ခံယူလိုက်ပြီး မဖွင့်ကြည့်သေးဘဲ မေးသည်။
“ဒါက တာအိုရောင်းရင်း လင်း လက်ရှိလေ့လာနေတဲ့ ကျမ်းလား”
“ဟုတ်ပါတယ်”
လင်းကျင်းက ခေါင်းညိတ်ကာ ဖြေသည်။
“ဆေးဖော်စပ်ကျမ်းဆိုတာ ဆေးဖော်စပ်တဲ့ပညာရှင်တိုင်း အားကိုးရတဲ့ အခြေခံပညာရပ်တခု။”
“ကျွန်မကို ဒီလောက်တောင် ယုံကြည်တာလား။”
နင်ယွဲ့က လင်းကျင်းကို လေးနက်စွာ ကြည့်ရင်း မေးသည်။
“ဒါပေါ့”
“တာအိုရောင်းရင်း နင်က ကျွန်တော့်ကို ဆေးဖော်စပ်ပညာ သင်ပေးဖို့ ဆုံးဖြတ်ထားပြီးသားပဲ။ ဒီမပြည့်စုံတဲ့ ကျမ်းကို ကျွန်တော် ဆက်ဖုံးကွယ်ထားလည်း ဘာအကျိုးရှိမှာမို့လဲ။”
ဒီစကားကို ကြားပြီး နင်ယွဲ့က အဓိပ္ပာယ်ရှိသည်ဟု ယူဆကာ ထပ်မပြောတော့ဘဲ ကျမ်းကို စတင်ဖတ်ရှုလိုက်သည်။
စာမျက်နှာများကို ပိုမြန်မြန်လှန်လေလေ သူမ၏ မျက်ခုံးများက ပိုမိုကြုံ့လာလေလေ ဖြစ်သည်။
လက်ဖက်ရည်တစ်ခွက် သောက်ချိန်ခန့်အတွင်းမှာပင် ကျမ်းတစ်အုပ်လုံးကို ဖတ်ပြီးသွားသည်။
“တာအိုရောင်းရင်း လင်း”
နင်ယွဲ့က မျက်ခုံးကြုံ့လျက် ပြောသည်။
“ပြောပါ တာအိုရောင်းရင်း နင်။ ဒီကျမ်းကို ဆက်သုံးလို့ ရနိုင်သေးလား။”
လင်းကျင်းက နင်ယွဲ့၏ အဖြေကို စောင့်ဆိုင်းရင်း မေးလိုက်သည်။
“ကျွန်မ အကြမ်းဖျင်း ကြည့်လိုက်တာနဲ့ပဲ ဒီဆေးဖော်စပ်ကျမ်းထဲမှာ အမှားတွေ မရေမတွက်နိုင်အောင် များနေတယ်။ ပြီးတော့ တာအိုရောင်းရင်း လင်းရဲ့ ဆေးဖော်စပ်မှု အောင်မြင်မှုနှုန်းလည်း အတော်နိမ့်မယ်လို့ ထင်တယ်။”
လင်းကျင်းက ခေါင်းညိတ်ပြီး ပြောသည်။
“တာအိုရောင်းရင်း နင် ပြောတဲ့အတိုင်းပါပဲ။ ကျွန်တော့်ရဲ့ ဆေးဖော်စပ်မှု အောင်မြင်မှုနှုန်းက အရမ်းနိမ့်နေတယ်။ ဆယ်ကြိမ်ဖော်စပ်မှ တစ်ကြိမ်လောက်သာ အောင်မြင်တယ်။”
“ဒါဆိုရင် အခုလောလောဆယ် ဆေးဖော်စပ်ပညာ လေ့ကျင့်တာကို ရပ်ထားလိုက်ပါ။ ဒီကျမ်းကို ကျွန်မ အချိန်ယူပြီး ပြန်ပြင်ပေးမယ်။ ကျမ်းအသစ်ကို လေ့လာပြီးမှ ဆေးဖော်စပ်တာကို ပြန်စပါ။”
“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း နင်။”
လင်းကျင်းသည် ဒီကျမ်းအတွက် အမြဲစိုးရိမ်နေခဲ့ရပြီး ယခု နင်ယွဲ့က ကိုယ်တိုင် ပြင်ဆင်ပေးမည်ဟု ဆိုသဖြင့် သူ့ဆန္ဒနှင့် တိုက်ဆိုင်နေသောကြောင့် ချက်ချင်းပင် ကျေးဇူးတင်လိုက်သည်။
ထို့နောက် နှစ်ယောက်သား အိမ်ထဲမှ ထွက်လာကြသည်။ သူတို့ ထွက်လာသည်ကို မြင်သည်နှင့် လော့လော့က ချက်ချင်း ပြေးလာသည်။
“မေမေ၊ ဦးလေးလင်း။”
နင်ယွဲ့သည် လျှောက်သွားပြီး ဒူးထောက်ကာ လော့လော့၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ပေးလိုက်သည်။ ထို့နောက် သူမ၏ ခေါင်းလေးကို ပွတ်သပ်ကာ ပြောသည်။
“လော့လော့၊ မေမေက နောက်ရက်အနည်းငယ်ထိ အလုပ်များနေမယ်။ နေ့ဘက်ဆိုရင် သမီးကို ဦးလေးလင်းဆီမှာ ခဏအပ်ထားမယ်နော်။ သမီး အဆင်ပြေရဲ့လား။”
လော့လော့သည် အရင်ဆုံး နင်ယွဲ့ကို ကြည့်လိုက်ပြီးနောက် ပြုံးနေသော လင်းကျင်းကို လှည့်ကြည့်လိုက်သည်။
“ကောင်းပါပြီ… မေမေက အလုပ်များနေတာကို သမီးသိတယ်။ ဦးလေးလင်းဆီမှာ ကောင်းကောင်းနေပါ့မယ်။ မေ့မေ့ကို ပြဿနာတစုံတရာ မတက်ရစေရပါဘူး။”
လော့လော့၏ နားလည်တတ်မြောက်မှုက နင်ယွဲ့အား မျက်ရည်ထွက်လုနီးပါး ဖြစ်စေခဲ့သည်။
သို့သော် သူမသည် အခြားသူအတွက် ဆေးဖော်စပ်ကူညီရန် မသွားလျှင် သူမနှင့် သမီးလေးတို့ အသက်မွေးဝမ်းကျောင်းရန် ဘာကိုမှ အားထားနိုင်မည်မဟုတ်ပေ။
နင်ယွဲ့သည် ထိုင်ရာမှထကာ သိုလှောင်အိတ်ထဲမှ စာအုပ်တစ်ထပ်ကို ထုတ်ယူ၍ လင်းကျင်းထံ ပေးလိုက်သည်။
“တာအိုရောင်းရင်း လင်း၊ ဒါတွေက ကျွန်မစုဆောင်းထားတဲ့ စာအုပ်တွေပါ။ ဝိညာဉ်အပင်များနဲ့ မိစ္ဆာသားရဲများအကြောင်း ပုံပြစာအုပ်တွေပါဝင်သလို အမျိုးမျိုးသော မှတ်တမ်းတွေပါပါတယ်။ လော့လော့က ဒီစာအုပ်တွေကို အရမ်းကြိုက်တာမို့ သူ ဖတ်လိုက်ရင် အာရုံစိုက်သွားပြီး ရှင့်ကို မနှောင့်ယှက်နိုင်တော့ပါဘူး။”
“အဲဒီထဲမှာ ကျွန်မကိုယ်ပိုင် ဆေးဖော်စပ်အတွေ့အကြုံ မှတ်စုလည်း အနည်းငယ်ရှိတယ်။ ရှင် ဒါကို အရင်ကြည့်နိုင်ပါတယ်။ ကျွန်မအချိန်ရရင် အဲ့ဆေးဖော်စပ်ကျမ်းကို ပြန်ပြင်ပေးပါ့မယ်။”
“ဆေးဖော်စပ်တဲ့ အတွေ့အကြုံ…?”
ဒီဟာက ဆေးဆရာတိုင်းအတွက် အလွန်တန်ဖိုးရှိတဲ့ အရာမဟုတ်ဘူးလား။
သူမက ဒီလိုအရေးကြီးတဲ့ မှတ်စုတွေကိုတောင် ပေးတာဆိုတော့ နင်ယွဲ့က သူ့ကို တကယ်သင်ပေးချင်နေကြောင်း သိသာနေသည်။
ထို့နောက်တွင် နင်ယွဲ့သည် ထွက်ခွါသွားခဲ့၏။
ခြံဝင်းထဲတွင်တော့ လင်းကျင်းနှင့် လော့လော့ နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
“အခု ဆေးဖော်စပ်တာလည်း မလုပ်နိုင်ဘူး၊ ဒီနေရာမှာ ဝိညာဉ်စွမ်းအင်လည်း အရမ်းနည်းတော့ ကျင့်ကြံရင်လည်း မထိရောက်ဘူး။…”
“လော့လော့..”
“ဘာလဲ ဦးလေး။”
လော့လော့သည် မျက်နှာလေးကို မော့ကာ လင်းကျင်းကို ကြည့်လိုက်သည်။
“အပြင်ထွက်ပြီး ကစားချင်လား။” ဟု လင်းကျင်းက သူမ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်လိုက်သည်။
“ဟုတ်… ကစားချင်တယ်။…”
သို့သော် သူမသည် မနေ့က ဖြစ်ခဲ့သောအကြောင်းကို သတိရသွားပုံရပြီး ခဏလေး တုံ့ဆိုင်းသွားသည်။
“ဒါပေမယ့် မေမေ့ကို စိတ်ပူစေချင်ဘူး။…”
“ဦးလေးနဲ့လိုက်လာရင် အဆင်ပြေပါတယ်။ ဦးလေးက ကာကွယ်ပေးမယ်။ အဲဒါဆို ကြောက်စရာ မလိုတော့ဘူးနော်။”
“လမ်းပေါ်ရောက်ရင်လည်း သမီးကို သကြားဆီးသီးလည်း ဝယ်ကျွေးမယ်လေ။ ဘယ်လိုလဲ။”
အမှန်တော့ သူလည်း ဒီမြို့ကိုရောက်ပြီးနောက် အိမ်တွင်းမှာပဲ နေတာများပြီး ကုန်သွယ်ရေးအသင်းတွေကို စူးစမ်းတာလောက်သာ လုပ်ခဲ့တာမို့ ကျင့်ကြံသူစျေးကို သေချာလည်ပတ်မကြည့်ရသေးပေ။
အခုအချိန်မှာတော့ အရေးတကြီးကိစ္စလည်း မရှိသေးသောကြောင့် ဒီအခွင့်အရေးက ဒီမြို့ရဲ့ လူနေမှုဘဝကို အမှန်တကယ် ခံစားကြည့်ရန် သင့်တော်လှပေသည်။
“ကောင်းတယ်။...”
လော့လော့က ဝမ်းသာအားရ လက်ခံလိုက်သည်။
ကလေးဆိုတာ အမှန်ပင် အမြဲလှုပ်ရှားချင်စိတ်ရှိပြီး တစ်နေရာတည်းမှာ အကြာကြီး မနေနိုင်ကြပေ။
သူတို့နှစ်ယောက်သည် အိမ်မှ ထွက်လာခဲ့ကြသည်။ ခြံဝင်းတံခါးကို ဖြတ်ထွက်လာသည်နှင့် တစ်ပြိုင်နက် အရှေ့ဘက်အိမ်တံခါးသည် ပွင့်နေသည်ကို တွေ့လိုက်ရသည်။
ထိုအခါ လော့လော့သည် “တဒုန်းဒုန်း” ဆိုပြီး ပြေးသွားခဲ့သည်။
“ဦးလေး ဝေ…”
လင်းကျင်းက ချက်ချင်းလိုက်သွားသည်။
အိမ်ဝင်ပေါက်သို့ ရောက်သော် ကလေးမလေးက အတွင်းဘက်ကို ခေါင်းလေးထိုးကြည့်လိုက်သည်။
“ဦးလေးဝေ၊ အိမ်မှာရှိလား…”
ခဏအကြာတွင် အနက်ရောင်အဝတ်အစားဝတ်ထားသည့် လူငယ်တစ်ယောက် ထွက်လာသည်။
သူ၏မျက်လုံးများက အေးစက်တင်းမာပြီး မျက်နှာအမူအရာလည်း တည်ငြိမ်ခက်ထန်နေကာချဉ်းကပ်ရခက်သည့်ပုံစံဖြစ်သည်။
ထိုသူထွက်လာသည်ကို မြင်လိုက်သောအခါ လောလောက “ဦးလေးဝေ” အနားသို့ ပြေးသွားပြီး
“ဦးလေးဝေ၊ အချိန်တော်တော်ကြာမတွေ့ရဘူးနော်၊ ဘယ်သွားနေခဲ့တာလဲ။”
အနက်ရောင်ဝတ်ထားတဲ့လူငယ်က ကလေးမလေးကို ကြည့်လိုက်ပြီး သူ၏အေးစက်သောမျက်လုံးများထဲတွင် နူးညံ့မှုအနည်းငယ် ပေါ်လာခဲ့သည်။
“ဦးလေးဝေက ကိစ္စတချို့ရှိလို့ အပြင်ခဏသွားခဲ့တာပါ။”
ထို့နောက် သူက ခေါင်းကိုမော့လိုက်ပြီး လင်းကျင်းကို ကြည့်လိုက်သောအခါ မျက်လုံးများက ချက်ချင်း ထက်မြက်၍ အေးစက်သွားသည်။ အမဲလိုက်ခံရမည့် သားကောင်ကို စစ်ဆေးနေသလိုပင်။
“ဦးလေးဝေ၊ ဒါက ဦးလေးလင်း။ သူက အခုမှ ဒီနားကို ပြောင်းလာတာပါ။”
“ဘာလို့ သူနဲ့အတူရှိနေတာလဲ သမီး။” အနက်ရောင်ဝတ်ထားတဲ့လူငယ်က လောလောကို မေးလိုက်သည်။
“မေမေက အခုတလော အလုပ်တွေများနေလို့၊ သမီးကို ဦးလေးလင်နဲ့ စိတ်ချလက်ချ ခဏထားခဲ့တာပါ။”
“ဦးလေးလင်က လူကောင်းတယောက်နော်။ မနေ့ကတောင် သမီးကို ကယ်ခဲ့တာ…”
လော့လော့က မနေ့ကဖြစ်ရပ်ကို အသေးစိတ်ပြောပြနေလေသည်။ ထိုအကြောင်းအရာများကို နားထောင်ပြီးနောက် အနက်ရောင်ဝတ်ထားတဲ့ လူငယ်၏ အကြည့်များ နူးညံ့သွားသည်။ ထို့နောက် လင်းကျင်းဘက်ကို ပြန်ကြည့်လိုက်သည်။
“ဝေကျန့်ချင်း၊ လော့လော့ရဲ့ ဖခင်ရဲ့ မိတ်ဆွေပါ။”
သူက ကိုယ်တိုင်မိတ်ဆက်လိုက်သည်။
“လင်းကျင်းပါ။”
ဝေကျန့်ချင်းက ခေါင်းညိတ်လိုက်သည်။
“ဦးလေးဝေ၊ သမီးတို့ ကျင့်ကြံသူစျေးကို လျှောက်လည်မလို့၊ ဦးလေးဝေရော လိုက်ဦးမလား။”
ဝေကျန့်ချင်းက ခေါင်းခါလိုက်သည်။
“ဦးလေးဝေမှာ လုပ်စရာကိစ္စရှိသေးတယ်။ သမီးတို့ဘဲ သွားပြီးလည်ကြနော်။ ဒါပေမယ့် နောက်မကျနေနဲ့နော်၊ သမီးအမေကို မစိုးရိမ်စေနဲ့နော်။”
“ဟုတ်ကဲ့၊ လော့လော့ မှတ်ထားပါ့တယ်။”
ထို့နောက် ဝေကျန့်ချင်းက လင်းကျင်းကိုလည်း ပြောလိုက်သည်။
“ညီလေး လင်း၊ ကျင့်ကြံသူစျေးထဲမှာ လျှောက်လည်တာက ပြဿနာမရှိဘူး။ ဒါပေမယ့် မြို့ပြင်ကိုတော့ မထွက်ပါနဲ့။ မိစ္ဆာသားရဲတွေ အရမ်းပိုဆိုးလာပြီး အစွန်ဖျားဘက်ကိုတောင် တိုက်ခိုက်လာနေပြီ။”
“မိစ္ဆာသားရဲလှုပ်ရှားမှုတွေက မရပ်သေးဘူးလား။” လင်းကျင်း အံ့အားသင့်သွားသည်။
သူ ဒီမြို့ကို ပြောင်းလာတုန်းက ဒီအကြောင်း ကြားထားခဲ့သော်လည်း အခုထိတောင် မတည်ငြိမ်သေးတာကို မထင်မှတ်ထားခဲ့ပေ။
“မရပ်သေးဘူး။ အခုတော့ ကင်းလှည့်အဖွဲ့တွေကို ပိုတိုးထားလို့ ခဏတော့ ပြဿနာမရှိသေးဘူး။ ဒီသားရဲလှုပ်ရှားမှုက အရင်ထက် ပိုကြာနေတယ်… မကြာခင်ငြိမ်သွားမယ်လို့တော့ မျှော်လင့်ရတာပဲ။”
ဝေကျန့်ချင်းလည်း အပြည့်အဝ မသေချာပေ။ ဒီမိစ္ဆာသားရဲလှုပ်ရှားမှုက တကယ်ကို ထူးဆန်းနေသည်။
သူက အလုပ်ကိစ္စရှိသေးသဖြင့် ထပ်မနေတော့ဘဲ ထွက်သွားတော့သည်။
လင်းကျင်းနှင့် လော့လော့လည်း လမ်းထဲကနေ ထွက်လာခဲ့ကြသည်။
လမ်းပေါ်တွင် လူများက အလွန်စည်ကားနေဆဲဖြစ်ပြီး၊ စျေးရောင်းသူများ၏ အော်သံများလည်း ဆက်တိုက်ကြားနေရသည်။ မိစ္ဆာသားရဲလှုပ်ရှားမှုဆိုတာကို မသိသလိုပင် လူတိုင်းက ပုံမှန်နေ့စဉ်ဘဝလိုသာ ဆက်လက်နေထိုင်နေကြသည်။
ဘာဘဲဖြစ်ဖြစ် ကျင့်ကြံသူစျေးက ညမြူတောင်တန်းအနီးနားမှာ တည်ရှိနေသော နေရာတစ်ခုဖြစ်နေလေသည်။