အခန်း (၁၅) - သန့်စင်အဆင့် ဆေးလုံး
“တခြားသူတွေ ဆေးဖော်စပ်ပညာကို ဘယ်လိုစပြီး လေ့ကျင့်ကြလဲဆိုတာ သိရဲ့လား။”
လင်းကျင်းက ခေါင်းခါလိုက်လေသည်။ သူသည် အခြားဆေးဖော်စပ်ပညာရှင်များကို မသိသလို ဒီအရာအားလုံးကို မိမိကိုယ်တိုင် လေ့လာသင်ယူထားခြင်းသာ ဖြစ်ပေသည်။
“ယေဘုယျအားဖြင့် သူတို့က တစ်နေ့ကို ဆေးအိုး နှစ်အိုး၊ သုံးအိုးလောက်ပဲ ဖော်စပ်ကြတယ်။ အများဆုံးဆိုရင် လေးအိုး၊ ငါးအိုးထက် မပိုကြဘူး။”
“ဆေးတစ်အိုး ဖော်စပ်ပြီးတိုင်းမှာ အနားယူရင်း ပြန်လည်သုံးသပ်ကြတယ်။”
“သုံးသပ်ပြီးနောက်မှ စိတ်အခြေအနေ အပြည့်အဝ ပြန်ကောင်းလာမှသာ နောက်တစ်အိုးကို ဆက်ဖော်စပ်ကြပြီး အတွေ့အကြုံတွေကို တဖြည်းဖြည်း စုဆောင်းတတ်ကြတယ်။”
“မင်း မနေ့က ဖော်စပ်ခဲ့တဲ့ ဆေးအိုး ၁၃ အိုးကတော့ ဆက်တိုက် ဖော်စပ်ခဲ့တာမလား။”
ဆေးတစ်အိုးဖော်စပ်ပြီးတိုင်း အနားယူရမယ်ဆိုတာ လင်းကျင်း မသိခဲ့ပေ။ အနည်းငယ် ရှက်ရွံ့သွားပြီး ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ အဲဒီလိုပါပဲ။”
“ အဲ့ဒီ့လို အခြေအနေမျိုးမှာတောင် အောင်မြင်စွာ ဆေးဖော်နိုင်ခဲ့တာမို့ အဲဒါကြောင့်ပဲ မင်းရဲ့ ဆေးဖော်စပ်တဲ့ အရည်အချင်း မနိမ့်ဘူးလို့ ငါပြောတာပေါ့။”
“……”
လင်းကျင်း ဘာပြောရမှန်း မသိဖြစ်သွားသည်။
ကြည့်ရတာတော့ သူက နေရာလွတ်စနစ် ရဲ့ အကျိုးကျေးဇူးကို တကယ် ရထားခဲ့တာပဲ ဖြစ်နေနိုင်သည်။
“ဒါပေမယ့် မင်းရဲ့ ဆေးဖော်စပ်တဲ့ အရည်အချင်း မြင့်နေရင်တောင် မာန်မတက်သင့်ဘူး။ ငါပြောခဲ့သလိုပဲ ကိုယ့်စွမ်းရည်ကို တဖြည်းဖြည်း တိုးတက်အောင် လုပ်ပြီး တဆင့်ချင်း လျှောက်လှမ်းရမယ်။”
“နားလည်ပါပြီ။ သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲယွီ။”
လင်ကျင်းက လက်နှစ်ဖက်ယှက်ကာ ကျေးဇူးတင်စွာ ပြောလိုက်တော့သည်။
ထိုအချိန်တွင် လင်းကျင်းသည် ရုတ်တရက် တစ်ခုကို သတိရသွားသည်။ နေရာလွတ်စနစ်မှ ဆေးဖော်စပ်ခန်းကို ဖွင့်လှစ်စဉ်က “သန့်စင်အဆင့် ဆေးလုံး” ထွက်ရှိနိုင်မှု တိုးလာကြောင်း ပြထားခဲ့သည်။
သို့သော် “သန့်စင်အဆင့် ဆေးလုံး” ဆိုသည်မှာ ဘာလဲဆိုတာ သူ မကြားဖူးပေ။ ထို့ကြောင့် အခွင့်အရေးရတုန်း မေးလိုက်လေသည်။
“အကြီးအကဲယွီ၊ ကျွန်တော် မတော်တဆ ‘သန့်စင်ဆေးလုံး’ ဆိုတဲ့ ဆေးလုံးအမျိုးအစားတစ်ခုအကြောင်း ကြားဖူးတယ်။ အဲဒါ ဘာလဲဆိုတာ ရှင်းပြပေးနိုင်မလားခင်ဗျာ။”
လင်းကျင်း၏ မေးခွန်းကို ကြားပြီးနောက် အကြီးအကဲယွီက မျက်မှောင်ကြုတ်လိုက်သည်။
“မင်းရဲ့ ဆေးဖော်စပ်ကျမ်းထဲမှာ မပါဘူးလား။...”
“အကြီးအကဲယွီ၊ ကျွန်တော် သင်ယူနေတဲ့ ဆေးဖော်စပ်ကျမ်းထဲမှာ အဲဒီအကြောင်း မပါပါဘူး။”
လင်းကျင်း ပြန်ဖြေလိုက်သည်။
“ကြည့်ရတာ မင်းရဲ့ ဆေးဖော်စပ်ကျမ်းမှာ တကယ်ပဲ ချို့ယွင်းချက်တွေ ရှိနေတာပဲ။ ဒါဆို ငါ ရှင်းပြပေးမယ်။”
အကြီးအကဲယွီ စတင်ရှင်းပြလိုက်ပြီး လင်းကျင်းလည်း နားစွင့်ကာ ဂရုတစိုက် နားထောင်နေတော့သည်။
“တကယ်တော့ ဒီအကြောင်းကို စပြောမယ်ဆိုရင် ဆေးလုံးရဲ့ ဖွဲ့စည်းပုံကနေ စပြောရမှာဘဲ။”
“ဆေးလုံးထဲမှာ အညစ်အကြေးတွေ ပါဝင်တယ်ဆိုတာတော့ မင်း သိပြီးသား ဖြစ်မှာပါ။ အမြင့်ဆုံးအဆင့် ဆေးလုံးတွေတောင် ခြွင်းချက်မဟုတ်နေဘူး။”
“ဒီအညစ်အကြေးတွေကို ခန္ဓာကိုယ်ထဲကနေ အပြည့်အဝ ဖယ်ရှားဖို့ မဖြစ်နိုင်ဘူး။ ဆေးလုံးတွေကို ရေရှည်သောက်သုံးလာရင် အချိန်ကြာလာတာနဲ့အမျှ ဆေးအဆိပ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။”
“ပြီးတော့ ဆေးလုံးအရည်အသွေး နိမ့်လေလေ အညစ်အကြေး ပိုများလေလေ ဖြစ်ပြီး ဆေးအဆိပ်လည်း ပိုပြင်းထန်လေလေ ဖြစ်တယ်။”
“ဟုတ်ကဲ့၊ အဲဒီအကြောင်းကိုတော့ ဆေးဖော်စပ်ကျမ်းထဲမှာ တွေ့ဖူးပါတယ်။”
လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
အကြီးအကဲယွီက ဆက်ပြောသည်။
“ဆေးလုံးတွေကို ရေရှည်သောက်သုံးလာရင် ခန္ဓာကိုယ်ထဲမှာ ဆေးအဆိပ်တွေ တဖြည်းဖြည်း စုပုံလာမယ်။”
“အဲဒီအခါ ဆေးလုံးရဲ့ အာနိသင်က လျော့နည်းလာပြီး နောက်ဆုံးမှာတော့ လုံးဝ အကျိုးမရှိတော့တဲ့အထိကို ဖြစ်သွားနိုင်တယ်။”
“ပိုဆိုးတာက ဆေးအဆိပ်တွေက ကျင့်ကြံမှုကိုပါ ထိခိုက်စေပြီး အဆင့်တက်ဖို့ ခက်ခဲလာစေတယ်။”
“ခန္ဓာကိုယ်ထဲက ဆေးအဆိပ်တွေကို ဖယ်ရှားချင်ရင်တော့ ‘အဆိပ်ရှင်းဆေးလုံး’ ကို သောက်ပြီး အဆိပ်တချို့ကို ဖယ်ထုတ်ရတတ်တယ်။”
“ဒါပေမယ့် အဆိပ်ရှင်းဆေးလုံးကိုယ်တိုင်ကလည်း ဆေးလုံးတစ်မျိုးပဲ ဖြစ်တဲ့အတွက် အာနိသင်က အကန့်အသတ်ရှိတယ်။”
“ပြီးတော့ သန္ဓေသားဝိညာဉ်အဆင့် (Nascent Soul) ကျင့်ကြံသူတွေ ဒါမှမဟုတ် နတ်အသွင်ပြောင်းလဲခြင်းအဆင့် (Divinity Transformation) လို ပိုမိုအားကောင်းတဲ့ ကျင့်ကြံသူတွေအတွက်တော့ အကျိုးသက်ရောက်မှု နည်းပါးလွန်းတယ်။”
“ဒါပေမယ့် သန့်စင်အဆင့် ဆေးလုံးကတော့ မတူဘူး။ ဘာလို့လဲဆိုတော့ သန့်စင်ဆေးလုံးကို ‘သန့်စင်ခြင်း’ လို့ ခေါ်ရတဲ့ အကြောင်းရင်းကတော့ ဆေးအဆိပ် လုံးဝ မပါဝင်လို့ပဲ။”
“ဒီဆေးလုံးကို လွတ်လပ်စွာ သောက်သုံးနိုင်တယ်။ ဘယ်လောက်သောက်သောက်ကို အာနိသင်လည်း လျော့မသွားဘူး။”
“သန့်စင်အဆင့် ဆေးလုံးက ဒီလောက်တောင် အစွမ်းထက်တာလား။...”
လင်းကျင်း အလွန်အမင်း အံ့အားသင့်သွားသည်။
(ဘာသာပြန်သူ မှတ်ချက်။ ဆေးလုံး အဆင့်များ-
သန့်စင် အဆင့် (အဆိပ်အတောက် မပါဝင်) Pure/Flawless Grade
အမြင့်ဆုံး အဆင့် Supreme Grade
အဆင့်မြင့် အဆင့် Superior Grade
အလယ်အလတ် အဆင့် Medium Grade
အဆင့်နိမ့် အဆင့် Lower Grade)
သို့သော် လင်းကျင်း၏ အံ့ဩမှုကို မြင်ရသော်လည်း အကြီးအကဲယွီကတော့ အလွန်တည်ငြိမ်နေပေသည်။
အဘယ်ကြောင့်ဆိုသော် သူ ငယ်စဉ်ကလဲ သန့်စင်အဆင့် ဆေးလုံးအကြောင်း ပထမဆုံးကြားဖူးချိန်တွင် သူလည်း အလားတူ တုံ့ပြန်ခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။
“မင်း သိထားရမှာက သန့်စင်အဆင့် ဆေးလုံး ပေါ်ထွက်လာနိုင်တဲ့ အခွင့်အရေးက အလွန်နည်းတယ်။ ပြီးတော့ လိုအပ်တဲ့ အခြေအနေတစ်ရပ်လည်း ရှိသေးတယ်။”
“အဲဒါကတော့ ဆေးတစ်အိုးတည်းကနေ အမြင့်ဆုံးအရည်အသွေးဖြစ်တဲ့ ဆေးလုံး နှစ်လုံး ဒါမှမဟုတ် နှစ်လုံးထက်ပိုပြီး ထွက်ရမယ်။”
“ဆေးဖော်စပ်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ အဲဒီ အမြင့်ဆုံးအရည်အသွေးအဆင့် ဆေးလုံးနှစ်လုံးက သူတို့ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပြီး အချင်းချင်း ပေါင်းစည်းသွားကြတယ်။”
“အဲဒီ့လိုနဲ့ သန့်စင်အဆင့် ဆေးလုံး တစ်လုံး ဖြစ်ပေါ်လာတာပဲ။”
“ဆေးတစ်အိုးထဲကနေ အမြင့်ဆုံးအရည်အသွေး ဆေးလုံး နှစ်လုံးထွက်ဖို့ဆိုတာတော့ သာမန်ဆေးဖော်စပ်ပညာရှင်တစ်ယောက် လုပ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး။”
“ဒါဟာ ဆေးဖော်စပ်ပညာရှင်တယောက်ရဲ့ စွမ်းရည်ကို ပြသပေးတဲ့ သက်သေပဲ။”
“သန့်စင်အဆင့် ဆေးလုံး ဖော်စပ်နိုင်တဲ့ ဆေးဖော်စပ်ပညာရှင်တယောက်ဟာ ဘယ်ဂိုဏ်း၊ ဘယ်အင်အားစုကို ဝင်ဝင် ဧည့်သည်တော်အဖြစ် လေးစားခံရမှာပဲ။”
“သေချာတာကတော့ သူ့ကို ပေးမယ့် အကျိုးခံစားခွင့်တွေကလည်း နည်းမှာတော့ မဟုတ်ဘူး။”
လင်းကျင်းက စိတ်ထဲတွင် တွေးလိုက်သည်။
“ဆေးတစ်အိုးက ပုံမှန်အားဖြင့် ဆေးလုံး သုံးလုံးကနေ ခြောက်လုံးအထိ ထွက်တတ်တယ်။”
“တစ်အိုးတည်းကနေ အမြင့်ဆုံးအရည်အသွေး ဆေးလုံး နှစ်လုံး ထွက်အောင် ဖော်နိုင်ဖို့ဆိုတာ တကယ်ပဲ သာမန်ဆေးဖော်စပ်ပညာရှင် မလုပ်နိုင်တဲ့ ကိစ္စပဲ။”
အကြီးအကဲယွီက ဆက်ပြောသည်။
“ပြီးတော့ သန့်စင်အဆင့် ဆေးလုံးက သာမန်ဆေးလုံးတွေနဲ့ မတူဘူး။”
“ဆေးအိုးထဲက ထွက်လာတာနဲ့ တစ်ပြိုင်နက် သန့်စင်ကျောက်စိမ်းသေတ္တာထဲမှာ သိမ်းထားရတယ်။”
“သောက်မယ့်အချိန်ရောက်မှ ထုတ်ရမယ်။”
“မဟုတ်ရင် အပြင်လောကရဲ့ ချီဓာတ်နဲ့ အချိန်ကြာကြာ ထိတွေ့မိပြီး ဆေးအဆိပ်တွေ ပြန်ဖြစ်လာလိမ့်မယ်။ အဲဒီအခါ သန့်စင်အဆင့် ဆေးလုံးကနေ အမြင့်ဆုံးအဆင့် ဆေးလုံးအဖြစ် ပြန်ကျဆင်းသွားလိမ့်မယ်။”
“အခုတော့ မင်း နားလည်ပြီမလား။…”
“ဒီတော့ သန့်စင်အဆင့် ဆေးလုံးဆိုတာ ဒီလိုမျိုးကိုး”အံ့အားသင့်မှုမှ ပြန်လည် တည်ငြိမ်လာပြီးနောက် လင်းကျင်းက ဆက်မေးလိုက်သည်။
“အကြီးအကဲယွီ၊ သန့်စင်အဆင့် ဆေးလုံး ပေါ်ထွက်နိုင်တဲ့ အခွင့်အရေးက အရမ်းနည်းတယ်လို့ ပြောတယ်နော်။ ဒါပေမယ့် ဘယ်လောက်အထိ နည်းတာလဲဆိုတာ ပြောပြပေးလို့ ရမလားခင်ဗျာ။”
“ဒီလို ပြောပြရလိမ့်မယ်။”
အကြီးအကဲယွီက ပြောသည်။
“တစ်ခါတုန်းက အလွန်နာမည်ကြီးတဲ့ ဆေးဖော်စပ်ဆရာတစ်ယောက်က သန့်စင်အဆင့် ဆေးလုံး ဖော်ဖို့ ကြိုးစားခဲ့ဖူးတယ်။ သူက ဆေးအိုး တစ်ရာကို ဆက်တိုက် ဖော်စပ်ခဲ့တယ်။”
“အားလုံးက သူအကျွမ်းကျင်ဆုံး ဆေးလုံးတွေ ဖြစ်ပြီး ဆေးအိုးတိုင်းမှာလည်း အနည်းဆုံး အမြင့်ဆုံးအရည်အသွေး ဆေးလုံး နှစ်လုံးစီ ထွက်ခဲ့တယ်။”
“ဒါပေမယ့် နောက်ဆုံးမှာတော့ သန့်စင်အဆင့် ဆေးလုံး တစ်လုံးတည်းပဲ ထွက်ပေါ်လာခဲ့တယ်။”
“ဟာ…?”
လင်းကျင်း မျက်လုံးပြူးသွားသည်။
‘ဒီလောက်တောင် နည်းတာလား။’
ထိုအချိန်တွင် သူသည် ဆေးဖော်စပ်ခန်း မျက်နှာပြင်ပေါ်ရှိ အချက်အလက်တစ်ခုကို သတိရသွားသည်။
သန့်စင်အဆင့် ဆေးလုံး ပေါ်ထွက်နိုင်မှု +10%
ထိုနှုန်းထားက အဲဒီဆေးဖော်စပ်ဆရာကြီးတွေထက်တောင် ကျော်လွန်နေမည် ဖြစ်ပေသည်။
အကြီးအကဲယွီက ဆက်ပြောသည်။
“ဒါပေမယ့် သန့်စင်အဆင့် ဆေးလုံးဆိုတာ ကံတရားပေါ်မှာပဲ မူတည်တယ်။ ဘယ်လို ပုံသေနည်းမှ မရှိဘူး။ ဒါကြောင့် တမင်တကာ လိုက်ရှာဖို့ မလိုဘူး။”
“တချို့လူတွေက ဆေးအိုး ဆယ်အိုး ကျော်လောက်နဲ့ တစ်လုံး ရသွားတတ်တယ်။”
“တချို့လူတွေကျတော့ ဆေးအိုး ရာပေါင်းများစွာ ဖော်ပြီးတောင် သန့်စင်ဆေးလုံး တစ်လုံးမှ မတွေ့ဖူးကြဘူး။”
“ဒါကြောင့် သန့်စင်အဆင့် ဆေးလုံး ပေါ်ထွက်လာဖို့ကို အတင်းအကျပ် မလုပ်သင့်ဘူး”
အကြီးအကဲယွီ၏ စကားကို ကြားပြီးနောက် လင်းကျင်းက ဆက်မေးလိုက်သည်။
“အကြီးအကဲယွီ၊ ယွဲ့ပေါင်လောမှာ သန့်စင်အဆင့် ဆေးလုံးတွေ ရောင်းတာတွေတော့ ရှိတယ်မလား။”
“ရှိတာပေါ့”
အကြီးအကဲယွီက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ပြီးတော့ ငါကိုယ်တိုင်လည်း သန့်စင်အဆင့် ဆေးလုံး ဖော်စပ်ဖူးတယ်။”
“အကြီးအကဲယွီ၊ ခင်ဗျားက…”
လင်ကျင်းသည် မျက်စိရှေ့ရှိ အကြီးအကဲယွီကို ကြည့်ကာ လေးလေးစားစား ဦးညွှတ်လိုက်သည်။
“ကျွန်တော် မျက်စိရှမ်းခဲ့မိပါတယ်။ အကြီးအကဲယွီက တကယ်တော့ ဆေးဖော်စပ်ဆရာကြီးတစ်ယောက် ဖြစ်နေခဲ့တာပဲ။”
အကြီးအကဲယွီက လက်ဝှေ့ယမ်းလိုက်သည်။
“ဆရာကြီးလို့ ခေါ်ဖို့တော့ ပြင်းထန်လွန်းပါတယ်။”
“ငါက ဆေးဖော်စပ်တာ များလာပြီး ဆေးလုံးအရည်အသွေးလည်း အာမခံချက် ရှိလာတာကြောင့် အချိန်ကြာလာတော့ သန့်စင်အဆင့် ဆေးလုံးတွေ ထွက်လာတာ သဘာဝပါပဲ။”
“လူငယ်လေး၊ မင်း သိထားရမှာက သန့်စင်အဆင့် ဆေးလုံးချင်းတောင် တန်ဖိုးက အလွန်ကွာခြားတတ်တယ်။”
“ဥပမာ ငါ မကြာခဏ ဖော်စပ်ဖူးတဲ့ ဆေးလုံးတွေက ကျင့်ကြံမှု အားတိုးစေတဲ့ဆေး၊ ဒဏ်ရာကုသတဲ့ဆေး၊ ဝိညာဉ်စွမ်းအား ပြန်ဖြည့်တဲ့ဆေးတွေ။”
“အဲဒီဆေးတွေက သန့်စင်အဆင့် ဆေးလုံး ဖြစ်လာရင်တောင် ဈေးနှုန်းက အလွန်အကျွံ မြင့်မသွားတတ်ဘူး။”
“အများအားဖြင့်တော့ အမြင့်ဆုံးအဆင့် ဆေးလုံးထက် အဆနှစ်ဆယ် အဆသုံးဆယ်လောက်ပဲ ပိုတန်တယ်။”
“ဒါပေမယ့်…”
ထိုနေရာတွင် အကြီးအကဲယွီ ခဏရပ်လိုက်ပြီး မျက်ဝန်းထဲတွင် တောင့်တမှုတစ်စွန်းတစ်စ ပေါ်လာလေသည်။
“တကယ်လို့ ကျင့်ကြံမှုအဆင့် တက်ဖို့သုံးတဲ့ ဆေးလုံးတွေ၊ ဒါမှမဟုတ် သက်တမ်းတိုးဆေးလုံးတွေကို သန့်စင်အဆင့် ဆေးလုံးအဖြစ် ဖော်နိုင်ခဲ့ရင်တော့ တန်ဖိုးက လုံးဝ မတူတော့ဘူး။”
“အထူးသဖြင့် သက်တမ်းတိုး သန့်စင်ဆေးလုံး။…”
“အဲဒီဆေးက အမျိုးအစားတူ ဆေးလုံးတွေရဲ့ ကန့်သတ်ချက်ကို မခံရဘူး။ ဘယ်နှစ်လုံးပဲ သောက်သောက် အာနိသင် လျော့မသွားဘူး။”
“အဲဒီ သန့်စင်အဆင့် ဆေးလုံးမျိုး ပေါ်လာတိုင်း မရေမတွက်နိုင်တဲ့ လူတွေ လုယက်ဝယ်ယူကြပြီး သွေးမိုးရွာစေတဲ့ အငြင်းပွါးမှုတွေအထိ ဖြစ်ပေါ်စေတတ်တယ်။”
လင်းကျင်း၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး နှလုံးခုန်နှုန်းလည်း မြန်လာလေသည်။
“ငါ့မှာ ကိုယ်ပိုင် ဆေးဖော်စပ်ခန်း ရှိတယ်။ သက်တမ်းတိုးဆေးလုံးတွေကို ကိုယ်တိုင်ဖော်ပြီး သန့်စင်အဆင့် ဆေးလုံး ထွက်နိုင်နှုန်းလည်း တိုးလာတယ်ဆိုရင်…”
“သန့်စင်အဆင့် ဆေးလုံးတွေကို ဆက်တိုက် သောက်ပြီး ထာဝရ အသက်ရှင်နိုင်တာမျိုး ဖြစ်မလာနိုင်ဘူးလား”
“ပြီးတော့ နေရာလွတ်စနစ်က ဆက်လက် အဆင့်မြင့်လာတာနဲ့ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုလည်း ပိုမြင့်လိမ့်မယ်။”
“အဲဒီအချိန်ရောက်ရင် သက်တမ်းတိုးဆေးလုံး ဖော်ဖို့လိုတဲ့ ဝိညာဉ်အပင်တွေကို စိုက်ပျိုးရင် ပိုတောင် ကောင်းသေးတယ် မဟုတ်လား။”
ဒီအတွေး ပေါ်လာသည်နှင့် လင်းကျင်း ပို၍ စိတ်လှုပ်ရှားလာသည်။
ထို့နောက် လင်းကျင်းက အကြီးအကဲယွီနှင့် နောက်ထပ် မေးခွန်းအချို့ ဆွေးနွေးပြီးမှ ယွဲ့ပေါင်လောမှ ထွက်လာခဲ့သည်။
ဒီတစ်ခေါက် ခရီးစဉ်မှ သူ အကျိုးအမြတ် များစွာ ရရှိခဲ့လေသည်။
……
နောက်တစ်လအတွင်း လင်းကျင်းသည် ပထမနေ့လို အရူးအမူး ဆေးမဖော်စပ်တော့ဘဲ နေ့စဉ် ဆေးဖော်စပ်သည့် အကြိမ်ရေကိုလည်း လျှော့ချလိုက်သည်။
သို့သော် အကြီးအကဲယွီ ပြောသည့်အတိုင်း အတိအကျ လုပ်ဆောင်ခဲ့သော်လည်း သူ၏ ဆေးဖော်စပ်သည့် အောင်မြင်နှုန်းမှာ မြင့်မလာခဲ့ပေ။
သူ့အမြင်တွင်တော့ အဓိကပြဿနာမှာ ဆေးဖော်စပ်ကျမ်း မရှိခြင်းကြောင့် ဖြစ်သည်။ သို့သော် ဆေးဖော်စပ်ကျမ်းများက အလွန်ဈေးကြီးလွန်းပြီး သူ မတတ်နိုင်သေးသဖြင့် ကိုယ်တိုင် စမ်းသပ်ရင်း အောင်မြင်နှုန်းကို တိုးအောင် ကြိုးစားရုံသာ ရှိတော့သည်။
တစ်နေ့တွင် လင်းကျင်းသည် ယွဲ့ပေါင်လောသို့ ထပ်မံ သွားရောက်ပြီး အဆာခံဆေးလုံး ဖော်ရန် လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူခဲ့သည်။ အိမ်ပြန်လာသည့် လမ်းတွင် သူသည် အနာဂတ် အစီအစဉ်များကို စဉ်းစားနေခဲ့သည်။
ထိုအချိန်တွင် ရှေ့ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး သူ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
“ဒီကလေးမလေးက ဘယ်သူ့ကလေးလဲ။...”
“ဘာလို့ တစ်ယောက်တည်း ဒီမှာ ရောက်နေတာလဲ။ သနားစရာ ကောင်းလိုက်တာ။…”