အခန်း (၁၄) - ယွဲ့ပေါင်လော သို့ ပြန်သွားခြင်း
ထို့နောက်တွင် တစ်ခုခု မမှန်သလို ခံစားလာခဲ့ရသည်။
“ဖွီ!”
“ဘာကို ချမ်းသာလာရမယ်လဲ…”
“ဒီနေရာဟာ ကျင့်ကြံခြင်းလောကဆိုတာကိုတောင် မေ့လုနီးပါး ဖြစ်သွားတယ်။ ဒီလောကမှာတော့ တောရိုင်းဥပဒေပဲရှိတယ်။ ‘အားကြီးသူက အားနည်းသူကို အုပ်စိုးတယ်။’ ငွေရှိရုံနဲ့ ဘာလုပ်နိုင်မှာမို့လဲ။ တခြားသူတွေ မျက်စိထဲမှာ အမြဲတမ်း သားကောင်ပဲ ဖြစ်နေမှာပဲ။”
“ငါ့အတွက်တော့ ဆေးလုံးတွေကို ကိုယ်တိုင်သုံးပြီး အင်အားတိုးအောင်လုပ်ရမယ်။”
“ငါ့ရဲ့ ကျင့်ကြံခြင်းပါရမီနဲ့ဆိုရင် ကိုယ့်အားကိုယ်ကိုး နေရင် ဘဝတစ်လျှောက်လုံး အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကိုတောင် မရောက်နိုင်လောက်ဘူးထင်တယ်။…”
“ဒါကြောင့် ဆေးလုံးတိုင်းကို အားကိုးရမယ်… မဟုတ်ဘူး၊ ကိုယ်တိုင်ဆေးဖော်စပ်ပြီး သောက်ရမယ်။”
ဒီလို သဘောပေါက်လာပြီးနောက် လင်းကျင်းသည် မတွန့်ဆုတ်တော့ဘဲ ကိုယ်တိုင် စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် အဆာခံဆေးတစ်လုံးကို ယူကာ ပါးစပ်ထဲထည့်လိုက်သည်။
ဆေးလုံးသည် ချက်ချင်းပျော်ဝင်ကာ လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ဆင်းသွားသည်။
ချက်ချင်းပင် ပြည့်ဝသည့် ခံစားမှုတစ်ခု ဖြစ်ပေါ်လာပြီး ပါးစပ်ထဲတွင်လည်း ချိုမြိန်သော အရသာ ကျန်ရစ်ခဲ့သည်။
“ဖော်ပြချက်အရတော့ အဆာခံဆေးတစ်လုံးသောက်ရင် အနည်းဆုံး သုံးရက်လောက် အစာမစားဘဲ နေနိုင်တယ်တဲ့… ငါဖော်စပ်ထားတဲ့ ဆေးက ဘယ်လောက်ထိ အကျိုးရှိမလဲ မသိဘူး။”
အခုဆိုရင် အကျိုးသက်ရောက်မှုကို စမ်းသပ်ရမည့်အချိန်ဖြစ်သည်။
ဒီတစ်ကြိမ် ဆေးဖော်စပ်ပြီးနောက် လင်းကျင်းသည် နေရာလွတ်စနစ် ထဲတွင် ဆက်မနေတော့ဘဲ ပြန်ထွက်လာခဲ့သည်။
သူသည် ဆေးလုံးကို အားကိုးပြီး ကိုယ့်စွမ်းအားကို တိုးမြှင့်မည်ဟု ဆုံးဖြတ်ထားသောကြောင့် အရေးအကြီးဆုံးအရာမှာ ပြီးပြည့်စုံသော ဆေးဖော်စပ်နည်း ရရှိရန် ဖြစ်သည်။
လက်ရှိ သင်ယူနေသော ဆေးဖော်စပ်ကျမ်းသည် အလွန်ဆိုးရွားပြီး ကျရှုံးနှုန်းလည်း အလွန်မြင့်ပေသည်။
ဒီလိုသာ ဆက်လုပ်သွားလျှင် မကြာမီပင် အသုံးစရိတ်က ဝင်ငွေကို ကျော်လွန်သွားမည်ကို သူစိုးရိမ်နေသည်။
“ကြည့်ရတာ မနက်ဖြန်တော့ ယွဲ့ပေါင်လောကို သွားရမယ်”
……
နောက်နေ့တွင် နေမင်းသည် မိုးကောင်းကင်အမြင့် သုံးပုံတစ်ပုံထိ ရောက်နေမှသာ လင်းကျင်း နိုးလာသည်။
မနေ့က ဆေးဖော်စပ်ခြင်းကြောင့် ပင်ပန်းသွားသဖြင့် မနေ့ညက ကောင်းကောင်း အိပ်ပျော်ခဲ့ပေသည်။
အိပ်ချိန်ကြာသော်လည်း နိုးလာသည့်အခါတွင် မူးဝေဝေ ခံစားနေရသေးသည်။ မနေ့ညက အဆာခံဆေးကို သောက်ထားသောကြောင့် ယခုအချိန်တွင် ဆာလောင်မှု လုံးဝမရှိနေပေ။
သူသည် မျက်နှာသစ်ပြီးနောက် အိမ်မှထွက်ကာ ယွဲ့ပေါင်လောသို့ တန်းသွားလိုက်တော့သည်။
ယွဲ့ပေါင်လောသို့ ရောက်သည့်အခါ ယခုတစ်ကြိမ်တွင် တခြားအစေခံမိန်းကလေးတစ်ဦးက သူ့ကို ကြိုဆိုနေသည်။
လင်းကျင်းသည် မိမိ၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်ရာ အစေခံမိန်းကလေးက သူ့ကို အကြီးအကဲယွီထံ တိုက်ရိုက် ခေါ်သွားပေးခဲ့သည်။
“အကြီးအကဲယွီ”
လင်းကျင်း တွေ့သည်နှင့် နှုတ်ဆက်လိုက်သည်။
“တာအိုရောင်းရင်း၊ ဒီနေ့ ထပ်လာပြန်ပြီလား။ ဘာလိုချင်တာရှိလဲ။” ဟု အကြီးအကဲယွီက ပြုံးလျက် မေးသည်။
လင်းကျင်းက နီးကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
“အကြီးအကဲယွီ၊ ဒီမှာ ဆေးဖော်စပ်ကျမ်းတွေ ရှိလား”
အကြီးအကဲယွီ တစ်ခဏ အံ့အားသင့်သွားပြီးနောက် ပြန်ဖြေသည်။
“တာအိုရောင်းရင်း မနေ့က ဆေးဖော်စပ်ရာမှာ မအောင်မြင်ခဲ့တာလား? စတင်သင်ယူသူတိုင်း ဒီလိုကျရှုံးမှုတွေ ကြုံရတတ်တာပဲ။ ဒါက ပုံမှန်ပါဘဲ။ ဆေးဖော်စပ်ကျမ်းကို အပြစ်တင်စရာ မလိုပါဘူး။”
“ပြီးတော့ ဆေးဖော်စပ်ကျမ်းဆိုတာ အလွန်ရှားပါးတယ်။ ငါ့ဆီမှာတော့ အခု မရှိဘူး”
“မရှိဘူးလား။…” လင်းကျင်း စိတ်ညစ်သွားသည်။
“မလောပါနဲ့ တာအိုရောင်းရင်း။ ငါ့မှာ မရှိဘူးလို့ပဲ ပြောတာ။ ယွဲ့ပေါင်လောမှာ မရှိဘူးလို့ မဆိုလိုဘူးလေ။”
အကြီးအကဲယွီက အေးအေးဆေးဆေး ပြောပြန်သည်။
ထိုစကားကြားပြီးနောက် လင်းကျင်း၏ မျက်လုံးများ တောက်ပလာသည်။
“မျှော်လင့်ချက်ရှိသေးတယ်။”
အကြီးအကဲယွီ ဆက်ပြောသည်။
“ယွဲ့ပေါင်လောမှာ လစဉ်တစ်ကြိမ် အကြီးစား လဲလှယ်ပွဲတစ်ခု ကျင်းပတယ်။”
“အဲဒီပွဲမှာ ပစ္စည်းမျိုးစုံ ရှိတယ်။ ငွေရှိရင် ဘာမဆို ဝယ်နိုင်တယ်။”
“သေချာပေါက် ဆေးဖော်စပ်ကျမ်းလည်း ပါတယ်။”
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ တစ်ယောက်က အဲဒီလဲလှယ်ပွဲမှာ ဆေးဖော်စပ်ကျမ်းတစ်ခု ဝယ်သွားခဲ့ဖူးတယ်။ သူ့မိသားစုထဲကကျင့်ကြံသူတွေအတွက် သင်ပေးဖို့လို့ ပြောတာဘဲ။”
“အကြီးအကဲယွီ၊ အဲဒီဆေးဖော်စပ်ကျမ်းက ဝိညာဉ်ကျောက်တုံး ဘယ်လောက်နဲ့ ရောင်းခဲ့တာလဲဆိုတာ သိလား” ဟု လင်းကျင်း မေးလိုက်သည်။
“ဒါပေါ့… ငါ ကောင်းကောင်း မှတ်မိတာပေါ့။” ဟု အကြီးအကဲယွီ ပြန်ဖြေသည်။
“အဲဒီဆေးဖော်စပ်ကျမ်းက ဝိညာဉ်ကျောက်တုံး သုံးသောင်းနဲ့ ရောင်းသွားတာ။”
“ရောင်းတဲ့သူက တတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ယောက်ပဲ။ ရောင်းတဲ့နည်းထဲမှာ သူ့ရဲ့ ဆေးဖော်စပ်တဲ့ အတွေ့အကြုံတွေပါ ပါသေးတယ်။”
“အဲဒီပညာရှင်က အရေးပေါ် ဝိညာဉ်ကျောက်တုံး လိုအပ်နေလို့သာ ဒီဈေးနဲ့ ရောင်းသွားတာ။ မဟုတ်ရင် အနည်းဆုံး နှစ်ဆယ်-သုံးဆယ်ရာခိုင်နှုန်း ပိုဈေးကြီးလိမ့်မယ်။”
“ဝယ်သွားတဲ့သူကတော့ တကယ် အကျိုးရှိသွားတာပဲ။”
အကြီးအကဲယွီ ခံစားချက်များစွာနဲ့ တွေးတောနေလေ၏။ ထိုအချိန်ကသာ စိတ်ဝိညာဉ်ကျောက်တုံး မပြတ်လက်နေရင် သူ ဒီဆေးဖော်စပ်ကျမ်းကို သေချာပေါက်ကိုယ်တိုင် ရအောင် ဝယ်ယူမိမှာ။…
အထူးသဖြင့် တတိယအဆင့် ဆေးဖော်စပ်ပညာရှင်၏ ဆေးဖော်စပ်အတွေ့အကြုံများသည် ဆေးဖော်စပ်ပညာရှင်တစ်ယောက်အတွက် အလွန်အမင်း တန်ဖိုးရှိလှသောအရာဖြစ်သည်။
“တာအိုရောင်းရင်းက ဆေးဖော်စပ်ကျမ်း တစ်အုပ် ဝယ်ချင်ရင်တော့ အနည်းဆုံး ဝိညာဉ်ကျောက်တုံး သောင်းချီလောက်တော့ ပြင်ထားရလိမ့်မယ်။”
“သောင်းချီလား?…”
ဒီဂဏန်းကို ကြားလိုက်ရသောအခါ လင်းကျင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်တောင်များလည်း မထိန်းနိုင်အောင် တုန်ခါသွားလေသည်။
အချိန်အနည်းငယ်ကြာမှသာ သူ စိတ်အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
“ဟားဟား…”
လင်ကျင်းက အနည်းငယ် ရှက်ရွံ့သလို ပြုံးလိုက်သည်။
“ကျွန်တော့်ရဲ့ ဆေးဖော်စပ်ကျမ်းလည်း မဆိုးဘူးထင်တယ်… အခုချိန်တော့ မပြောင်းသေးပါဘူး”
လင်းကျင်း၏ တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် အကြီးအကဲယွီက သူ့တွင် ထိုမျှလောက်ငွေမရှိကြောင်း ခန့်မှန်းမိလိုက်၏။ ထို့နောက် လမ်းညွှန်စကားများကို ဆက်လက်ပေးသည်။
“ဆေးဖော်စပ်ရာမှာ အရေးအကြီးဆုံးက စိတ်အခြေအနေ။ စိတ်သာ တည်ငြိမ်နေရင် အောင်မြင်နှုန်းကလည်း သဘာဝအတိုင်း တက်လာတတ်တယ်။”
“ဒါပေမယ့်လည်း စိတ်အခြေအနေတစ်ခုတည်းမဟုတ်ဘဲ တခြားအချက်တွေလည်း အရေးကြီးတယ်။”
“ဥပမာ - ကိုယ့်ရဲ့ ကျင့်ကြံမှုအဆင့်၊ စိတ်ဝိညာဉ်အာရုံ၏ အားကောင်းမှု၊ ဆေးဖော်စပ်တဲ့ အတွေ့အကြုံ၊ မီးထိန်းချုပ်နိုင်မှု စတာတွေ အားလုံးက အလွန်အရေးကြီးတယ်။”
“ဒါအပြင် အပြင်ပိုင်းအချက်တွေဖြစ်တဲ့ ဆေးအိုး၊ ပတ်ဝန်းကျင်၊ ဝိညာဉ်စွမ်းအင်တွေကလည်း မဖြစ်မနေ လိုအပ်တယ်။”
“အကျဉ်းချုပ်ပြောရရင် ဆေးဖော်ပညာရှင်တစ်ယောက်က ပထမဆုံး ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ရမယ်၊ ပြီးတော့ ကိုယ့်စွမ်းရည်နဲ့ အတွေ့အကြုံကို မြှင့်တင်ရမယ်၊ နောက်ဆုံးမှာတော့ ပတ်ဝန်းကျင်လိုအပ်ချက်တွေကို ဖြည့်ဆည်းရမယ်”
“ဒီအဆင့်တွေကို ရောက်သွားရင် ဆေးဖော်စပ်အောင်မြင်နှုန်းက သိသိသာသာ တိုးလာမယ်။”
“နောက်ဆုံးတစ်ခု ထပ်ပြောမယ်။ ဖြစ်နိုင်ရင် ဆရာကောင်းတစ်ယောက်ကို ရှာပြီး သင်ယူနိုင်ရင် အကောင်းဆုံးပဲ”
“ပညာရှိတစ်ယောက်ရဲ့ စကားတစ်ခွန်းက စာအုပ်ဆယ်နှစ်ဖတ်တာထက် ပိုထိရောက်တယ်လို့ ဆိုကြတယ်။ တစ်ခါတစ်ရံ ဆရာတစ်ယောက်ရဲ့ စကားတစ်ခွန်းက ကိုယ့်ရဲ့ နှစ်ပေါင်းများစွာ သုတေသနထက် ပိုအကျိုးရှိတတ်တယ်။”
“အကြီးအကဲယွီ၊ သင်ပေးတဲ့အတွက် အများကြီး အကျိုးရှိခဲ့ပါတယ်။”
လင်းကျင်းက လက်နှစ်ဖက်ကို ယှက်ကာ အရိုသေပြုလိုက်သည်။
အကြီးအကဲယွီ၏ စကားများသည် သူ့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။
“ဟုတ်သားပဲ… ငါက ချီစုဆောင်းခြင်း ဒုတိယအဆင့်ပဲရှိသေးတဲ့ လူငယ်ကျင့်ကြံသူတစ်ယောက်ပဲ။ အခုလေးတင် သင်ယူပြီးတာနဲ့ အကုန်သိပြီလို့ ထင်နေတာလား။”
“စီမံခန့်ခွဲသူ လီရဲ့ ဆေးဖော်စပ်ကျမ်းက အမှားအယွင်းတွေရှိပေမယ့် အခြေခံလမ်းကြောင်းကတော့ မမှားဘူး။ အရင်ဆုံး အဲဒါနဲ့ စတင်လေ့ကျင့်ပြီး အတွေ့အကြုံစုကာ အမှားတွေကို ဖြည့်စွက်ရမယ်။”
“ဘာပဲဖြစ်ဖြစ် ငါ့မှာ နေရာလွတ်စနစ်လည်း ရှိတယ်။ ငွေမလုံလောက်တာမျိုးလည်း မရှိဘူး။ တခြားကျင့်ကြံသူတွေလို ပြေးလွှားနေရမယ့်အကြောင်းလည်း မရှိဘူး။”
“ဒါကြောင့် အရင်ဆုံး ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်မယ်။ ဆေးဖော်စပ်ကျမ်းကိုတော့ နောက်မှဘဲ ပြောင်းတော့မယ်။”
“တာအိုရောင်းရင်း၊ ဒီလောက်ထိ အရိုသေပေးစရာ မလိုပါဘူး။ ငါက အသက်ကြီးတဲ့သူတစ်ယောက်အနေနဲ့ အကြံပေးရုံလောက်ပဲပါ။”
အကြီးအကဲယွီသည် လင်းကျင်းကို အလျင်အမြန် ထူပေးလိုက်သည်။
“ကျွန်တော့်နာမည် လင်းကျင်းပါ။ အကြီးအကဲယွီက နာမည်ဘဲ ခေါ်နိုင်ပါတယ်။ ‘တတ်စွမ်းသူက သင်ပေးရမယ်’ ဆိုသော်လည်း “သင်က စီနီယာပါ၊ ကျွန်တော့်ကို တာအိုရောင်းရင်းလို့ ခေါ်တာ မသင့်တော်ပါဘူးခင်ဗျာ။”
လင်းကျင်းက နိမ့်နိမ့်ကျကျ ပြောလိုက်သည်။
“စီနီယာ” ဆိုတဲ့ စကားလုံးက အကြီးအကဲယွီ၏ နှလုံးသားကို ထိသွားစေပြီး၊ သူလည်း နောက်ထပ် မတင်းကျပ်တော့ပေ။
“ကောင်းပြီ၊ မင်းဆန္ဒအတိုင်းပဲ။ ငါက မင်းကို ‘ရှောင်လင်း’ လို့ ခေါ်မယ်”
(ဘာသာပြန်သူမှတ်ချက်။ လင်းရှောင်ကျစ် လို့ ခေါ်တာပါ။ အငယ်လေး လင်း လို့ အဓိပ္ပါယ် ရပါတယ်။ နာမည်ခေါ်တာ ဖြစ်လို့ နားလည်ရလွယ်အောင် ‘အငယ်လေး = ရှောင်’ လို့ ရေးပေးထားခြင်း ဖြစ်ပါတယ်)
“ရှောင်လင်း၊ မနေ့က ဆေးဖော်စပ်ရာမှာ ဘယ်နှစ်ကြိမ် ကျရှုံးခဲ့လဲ။”
အကြီးအကဲယွီသည် လမ်းညွှန်ပေးလိုသည့်ရည်ရွယ်ချက်ဖြင့် မေးလိုက်လေသည်။
“အကြီးအကဲယွီ၊ မနေ့က ပြန်ရောက်ပြီးနောက် ဆေးဖော်စပ်မှု ၁၃ ကြိမ်လုပ်ခဲ့ပါတယ်။ အဲဒီထဲက တစ်ကြိမ်မှာတော့ ဆေးလုံး အောင်မြင်ခဲ့ပါတယ်။”
လင်းကျင်းက ပြောရင်း သေးငယ်သော ကြွေဘူးတစ်ဘူးကို ထုတ်ကာ ပေးလိုက်လေသည်။
“ဒါပေမယ့် အဲဒါက အဆင့်နိမ့် အဆာခံဆေးလုံးတွေပါ။ စုစုပေါင်း သုံးလုံးထွက်ပါတယ်။ တစ်လုံးတော့ ကျွန်တော် သောက်လိုက်ပြီး ကျန်တဲ့နှစ်လုံးက ဒီမှာပါ။”
“မင်း တကယ်အောင်မြင်ခဲ့တာပဲ…”
အကြီးအကဲယွီ အံ့အားသင့်သွားလေသည်။
“ဆေးဖော်စပ်ခြင်းကို စတင်လေ့လာတဲ့အနေနဲ့ ပထမအကြိမ်မှာ အောင်မြင်တာက အလွန်ရှားပါးလွန်းတယ်။ မင်းအရင်တုန်းက ဆေးဖော်စပ်နည်းလာမေးတုန်းကတော့ အကုန်ကျရှုံးမယ်လို့ပဲ ငါ ထင်ခဲ့တာ”
“အဲဒါက ကံကောင်းသွားရုံပါပဲ”
လင်းကျင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူကိုယ်တိုင်လည်း သိသည် စနစ်ရဲ့နေရာလွတ်သာ မရှိခဲ့ရင် သူ့မှာ အောင်မြင်နိုင်မယ့် အခွင့်အရေး လုံးဝမရှိနိုင်ဘူးဆိုတာကိုပင်။
အကြီးအကဲယွီက လင်းကျင်းကို ပထမဆုံးတွေ့ခဲ့သလို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ပြီး
“ဆေးဖော်စပ်တဲ့ပညာမှာ‘ကံ’ ဆိုတာမရှိဘူး။ရှောင်လင်၊မင်းရဲ့ဆေးဖော်စပ်တဲ့အရည်အချင်းကမနိမ့်ဘူးဖြစ်နေနိုင်တယ်” ဟုသူပြောလိုက်သည်။