အခန်း (၁၃) - ဆေးဖော်စပ်ပညာ အောင်မြင်ခြင်း၊ ဆေးဖော်စပ်ခန်း ဖွင့်လှစ်ခြင်း
“ဒီအိမ်ထဲမှာ အလုပ်မဖြစ်ရင် ညဘက်ကျမှ စနစ်ရဲ့နေရာလွတ် ထဲမှာ ထပ်စမ်းကြည့်ရမယ်။ အဲဒီက ဝိညာဉ်စွမ်းအင်က အလွန်ထူထပ်တော့ အဲဒါနဲ့ဆို အလုပ်ဖြစ်နိုင်လောက်တယ်။”
ထိုသို့တွေးပြီးနောက် လင်းကျင်းသည် ဦးစွာ ခြေသုံးချောင်းထောက်ကြေးဆေးအိုးကို သန့်ရှင်းအောင် ဆေးကြောထားလိုက်သည်။
ထို့နောက် အခန်းတံခါးနှင့် ပြတင်းပေါက်များကို ဖွင့်ကာ အနံ့ဆိုးများ ပျောက်စေရန် လေဝင်လေထွက်ကောင်းအောင် ပြုလုပ်လိုက်သည်။
သူကိုယ်တိုင်တော့ ဆေးပညာစာအုပ်တစ်အုပ်ကိုယူပြီး ခြံဝင်းထဲထွက်ကာ ဆက်လက် လေ့လာနေခဲ့သည်။
နေမင်းက နေဝင်လုနီးလာပြီး ကောင်းကင်လည်း တဖြည်းဖြည်း မှောင်လာသည့်အချိန်မှသာ လင်းကျင်း ခေါင်းမော့လာခဲ့သည်။
ထိုအချိန်တွင် အနီးနားရှိ ခြံဝင်းများထဲမှ မီးခိုးများ ထွက်ပေါ်လာပြီး အစားအစာများ ချက်ပြုတ်နေသည့် အနံ့အသက်များလည်း လေထဲတွင် ပြန့်နှံ့လာတော့သည်။
ကျင့်ကြံသူများနေထိုင်သည့် ကျင့်ကြံသူဈေးထဲတွင်ပင် လူ့လောက၏ သာမန်ဘဝရနံ့တစ်ခု ထင်ရှားစွာ ပျံ့နှံ့နေလေသည်။
အမှန်တကယ်တွင် ကျင့်ကြံသူများလည်း စားသောက်ရသည်သာ ဖြစ်သည်။
ဒီနေရာတွင် နေထိုင်သူအများစုမှာ ကျင့်ကြံခြင်းလောက၏ အခြေခံလူများသာဖြစ်ပြီး ချီစုဆောင်းခြင်း အစောပိုင်းနှင့် အလယ်ပိုင်းအဆင့်ရှိသူများသာ ဖြစ်ကြပေသည်။
သူတို့သည် အစားမစားဘဲ နေနိုင်သည့် အဆင့်သို့ မရောက်သေးသလို အဆာခံဆေးကိုလည်း လွယ်လွယ်မဝယ်နိုင်ကြသဖြင့် ကိုယ်တိုင် ချက်ပြုတ်စားသောက်ရတတ်သည်။
ထို့အပြင် အများစုက သာမန်လူများကဲ့သို့ပင် အရိုးရှင်းဆုံး ဆန်ကိုသာ စားသောက်ကြသည်။ သူတို့အတွက် ဝိညာဉ်ဆန်သည် အလွန်ဈေးကြီးလွန်းလှပေသည်။
သို့သော် ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်ရှိသူ အနည်းငယ်လည်း ရှိနေပြီး ကျင့်ကြံမှုအားကောင်းသဖြင့် ဝိညာဉ်ကျောက်တုံးများ ပိုမိုပိုင်ဆိုင်ကာ ဝိညာဉ်ဆန်ကို ဝယ်စားနိုင်ကြသည်။
ဥပမာအားဖြင့် လင်းကျင်း၏ အိမ်နီးချင်း တာအိုရောင်းရင်း နင်သည် ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်တွင် ဖြစ်သည်။
ထမင်းစားချိန်ရောက်တိုင်း သူမအိမ်မှ ဝိညာဉ်ဆန် ချက်ထားသည့် အနံ့များ အမြဲထွက်ပေါ်လာတတ်သည်။
ညနေခင်းအရိပ်လေးကျလာသည့်အခါ လင်းကျင်းလည်း မီးမွှေးကာ ထမင်းချက်ရန် ပြင်ဆင်လိုက်တော့သည်။
အရင်က သူရောင်းထားသည့် ဝိညာဉ်ဆန်များထဲမှ အချို့ကား စျေးကွက်ထဲသို့ ရောင်းချပြီးဖြစ်သော်လည်း သူ့ထံတွင် ကျင်းရာဂဏန်းလောက် ရှိနေသေးပေသည်။
စနစ်ရဲ့နေရာလွတ်ထဲရှိ ဝိညာဉ်စပါးများ ပြန်မရိတ်မချင်း လုံလောက်အောင် စားသောက်နိုင်သေးသည်။ ထိုအချိန်ကာလအတွင်း လင်းကျင်းသည် အဓိကအားဖြင့် ထိုဝိညာဉ်ဆန်ကိုသာ စားသုံးနေခဲ့သည်။
သူ၏ စိတ်ထင်မြင်မှုလား မသေချာသော်လည်း သူစိုက်ထားသော ဝိညာဉ်ဆန်သည် အခြားဆန်များထက် ပိုမိုချိုမြိန်သည်ဟု ခံစားရသည်။
ထိုအကြောင်းကြောင့် သူသည် နှိုင်းယှဉ်ကြည့်ရန်အတွက် အလယ်အလတ်အဆင့် ဝိညာဉ်ဆန်ကိုလည်း ဝယ်ယူခဲ့သည်။
အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်နေခဲ့သည်။
အံ့သြစရာမဟုတ်ပေ၊ ထိုအချိန်က ဆိုင်ရှင်ချန် အလွန်စိတ်ပူပန်နေပြီး နောက်နှစ်အတွက်ပါ ကြိုတင်မှာယူချင်နေခဲ့ခြင်းမှာလည်း အကြောင်းရှိပေသည်။
မီးမွှေးခြင်း၊ ထမင်းချက်ခြင်း၊ ဟင်းလျာချက်ခြင်းတို့ကို တစ်ခါတည်း စနစ်တကျ ပြုလုပ်လိုက်တော့သည်။
ထို့နောက် ညနေခင်း နောက်ဆုံးအလင်းရောင်လေးအောက်တွင် လင်းကျင်းသည် ထမင်းစားရန် ထိုင်လိုက်သည်။
ထမင်းစားပြီး သန့်ရှင်းရေးလုပ်ပြီးနောက် သူသည် အခန်းထဲသို့ ပြန်ဝင်ကာ ဆေးပညာစာအုပ်များကို ဆက်လက် လေ့လာနေခဲ့သည်။
ညသည် တဖြည်းဖြည်း နက်လာပြီး မကြာမီ နောက်နေ့၏ မနက်စောစောအချိန်သို့ ရောက်ရှိသွားခဲ့သည်။
“နေရာလွတ်စနစ် အချိန်ပြန်လည်ဖြည့်တင်းပြီးပါပြီ။ ကျန်ရှိချိန် - ၄ နာရီ”
စနစ်ရဲ့ အသံ ပြန်လည်ထွက်ပေါ်လာသည်။
လင်းကျင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“နေရာလွတ်စနစ် ထဲ ဝင်မယ်”
စနစ်ရဲ့နေရာလွတ်ထဲ ရောက်သည်နှင့် လင်းကျင်းသည် ရင်းနှီးပြီးသား မှန်သားပြင် ကို ထောက်ကာ မိမိအခြေအနေကို တိုက်ရိုက် စစ်ဆေးလိုက်သည်။
လင်းကျင်း - (23/90)
ဝိညာဉ်အမြစ် - ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ် (အဆင့်နိမ့်)
ကျင့်ကြံမှု - ချီစုဆောင်းခြင်း ဒုတိယ အလွှာ (8%)
ကျင့်ကြံရေးနည်းစနစ် - ချင်းယွမ်တာအိုကျင့်စဉ် (ပထမအလွှာ)၊ ချင်းယွမ်ဓားထိန်းချုပ်နည်းစနစ် (အစအဆင့်)၊ မီးထိန်းချုပ်နည်း (အစအဆင့်)
ဒုတိယ အလုပ်အကိုင် - မရှိ
ဒုတိယ အလုပ်အကိုင် အပိုင်းမှာတော့ “မရှိ” ဟူ၍သာ ပြနေဆဲဖြစ်သည်။
စနစ်နေရာလွတ်ထဲရှိ အချိန်မှာ အလွန်တန်ဖိုးရှိသောကြောင့် လင်းကျင်းသည် အချိန်တစ်စက္ကန့်ကိုမျှ မဖြုန်းပစ်ရဲပေ။
သူသည် သိုလှောင်အိတ်ထဲမှ သုံးချောင်းထောက်ကြေးဆေးအိုးကို ထုတ်ယူလိုက်ပြီး ဆေးဖော်ပစ္စည်းများကို ပြင်ဆင်လိုက်သည်။
ထို့နောက် လင်းကျင်းသည် အသက်ပြင်းပြင်း ရှူလိုက်ကာ စိတ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ ဆေးဖော်စပ်ပညာတွင် အရေးအကြီးဆုံးအရာမှာ စိတ်အခြေအနေဖြစ်ပေသည်။
အရာအားလုံး ပြင်ဆင်ပြီးသည့်နောက် လင်းကျင်းသည် စတင်ကာ မီးညှိလိုက်တော့သည်။
ဆေးဖော်စပ်ပစ္စည်းများကို ဆေးအိုးထဲသို့ အစဉ်လိုက် ထည့်သွင်းပြီး ဆေးဖော်စပ်လုပ်ငန်းကို စတင်ခဲ့သည်…
“ဘုန်း”
မျှော်လင့်ထားသလိုပင် ပထမမြောက်အိုးမှာ ပေါက်ကွဲသွားသည်။ ခဏကြာ စဉ်းစားပြီးနောက် လင်းကျင်း ဆက်လက်လုပ်ဆောင်ခဲ့သည်။
ဒုတိယမြောက်အိုးတွင် ပေါက်ကွဲမှု မရှိသော်လည်း ဆေးလုံးများမှာ ပုံမမှန်သော ပုံစံများဖြင့် ထွက်လာပြီး အနံ့လည်း လုံးဝ မရှိနေပေ။
လင်းကျင်း လက်ဖြင့် တစ်လုံးကို ဖိကြည့်လိုက်ရာ ချက်ချင်းပင် ပြိုကွဲသွားပြီး အတွင်းတွင် အညစ်အကြေးများ ပြည့်နေကြောင်း တွေ့ရသည်။ သိသာစွာပင် ကျရှုံးခဲ့ရပေသည်။
သို့သော် ဒီအကြိမ်သည် ပထမအကြိမ်ထက် ပိုတိုးတက်လာ၏။
နောက်ထပ် အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက် နောက်ဆုံးတွင် တချို့လှည့်ကွက်များကို သူ သဘောပေါက်လာခဲ့သည်။
စနစ်ရဲ့နေရာလွတ် ထဲတွင် ဆေးဖော်စပ်ခြင်းသည် အပြင်ဘက်ထက် ပိုမိုအောင်မြင်လွယ်ကြောင်း သိလာရ၏။ ဝိညာဉ်စွမ်းအင် ထူထပ်မှုသည် ဆေးဖော်ရာတွင် အလွန်အရေးကြီးကြောင်းလည်း ထင်ရှားလာပေသည်။
ဒီအချက်ကို စီမံခန့်ခွဲသူ လီ ပေးထားသော ဆေးဖော်စပ်စာအုပ်ထဲတွင် မဖော်ပြထားပေ။
ထို့နောက် လင်းကျင်းသည် ပစ္စည်းများကို ပြင်ဆင်ကာ ပဉ္စမမြောက်အိုး ဆေးဖော်စပ်မှုကို စတင်လိုက်တော့သည်။
သူသည် ပါဝင်ဆေးပစ္စည်းများကို အစဉ်လိုက်မှန်ကန်စွာ ဆေးအိုးထဲသို့ ထည့်သွင်းခဲ့ပြီး မီးတောက်များ ရဲတက်လာသည့်အခါ အပူချိန်မလွန်ကဲစေရန် သေချာစွာ ထိန်းချုပ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဉ်အာရုံကို ဆေးအိုးအတွင်းသို့ မကြာခဏ ထည့်သွင်းကာ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ အားလုံးကို စနစ်တကျ သေချာ လုပ်ဆောင်နေခဲ့ခြင်းဖြစ်ပေသည်။
အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းသွားသည့်အချိန်တွင် ဆေးအိုးအတွင်းမှ ရနံ့အနည်းငယ် ထွက်ပေါ်လာသည်။
“အောင်မြင်ပြီ.....”
လင်းကျင်း၏ မျက်လုံးများ တောက်ပလာပြီး နှလုံးခုန်နှုန်းလည်း မြန်ဆန်လာသည်။
အသက်ပြင်းပြင်း ရှူကာ သူ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်သည်။
နောက်ဆုံးအခိုက်အတန့်လေးမှာ အားလုံးပျက်စီးသွားမည်ကို မလိုလားပေ။
အချိန်တဖြည်းဖြည်း လွန်သွားလေလေ ဆေးအိုးအတွင်းမှ ရနံ့သည် ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။
ထိုအချိန်တွင် လင်းကျင်း၏ မျက်ခုံးပေါ်တွင် ချွေးများ စီးကျနေပြီး မီးကို အလွန်သတိထားကာ ထိန်းချုပ်နေခဲ့သည်။
သို့သော် သူ၏ မျက်လုံးများမှာတော့ တောက်ပလျက်ရှိပြီး အလွန်စိတ်လှုပ်ရှားနေကြောင်း သိသာနေပေသည်။
“ဒင်”
“စနစ် အကြောင်းကြားချက် - ပိုင်ရှင်သည် ဆေးလုံးတစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ဒုတိယအလုပ်အကိုင် ‘ဆေးဖော်စပ်ပညာရှင်’ ကို ဖွင့်လှစ်နိုင်ပါသည်။”
“ဆေးဖော်စပ်အောင်မြင်မှုအတွက် ဆေးဖော်စပ်ကျွမ်းကျင်မှု +3 ရရှိသည်။”
“စနစ် အကြောင်းကြားချက် - ပိုင်ရှင်၏ ပထမဆုံးအကြိမ် ဆေးဖော်စပ်အောင်မြင်မှုအတွက် ရိတ်သိမ်းမှတ် 10 မှတ် ကို ဆုချီးမြှင့်သည်။”
“စနစ် အကြောင်းကြားချက် - ဒုတိယအလုပ်အကိုင် ‘ဆေးဖော်စပ်ပညာရှင်’ အထောက်အထားကို ဖွင့်လှစ်ပြီးပြီဖြစ်၍ ဆေးဖော်စပ်ခန်းကို ဖွင့်လှစ်နိုင်ပါသည်။”
“ဆေးဖော်စပ်ခန်း ဖွင့်ရန် ရိတ်သိမ်းမှတ် 10 မှတ် လိုအပ်သည်။ ပိုင်ရှင် ဖွင့်လိုပါသလား။”
စနစ်ရဲ့ အကြောင်းကြားချက်များ တစ်ချက်ပြီးတစ်ချက်ထွက်ပေါ်လာခြင်းကြောင့် လင်းကျင်း အံ့အားသင့်သွားခဲ့ရသည်။
“ဆေးဖော်စပ်ခန်းလား… အဲဒါဘာလဲ။”
စနစ်ကို အပြည့်အဝ ယုံကြည်သည့်အတွက် လင်ကျင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ရွေးချယ်လိုက်သည်။
“စနစ်၊ ဆေးဖော်စပ်ခန်းကို ဖွင့်ပါ”
“စနစ် အကြောင်းကြားချက် - ဆေးဖော်စပ်ခန်း ဖွင့်လှစ်ပြီးပါပြီ။ ရိတ်သိမ်းမှတ် 10 မှတ်ကို နှုတ်လိုက်သည်။ လက်ကျန်အမှတ် - 29 မှတ်”
ထို့နောက် ဝိညာဉ်စိုက်ခင်း၏ ဘေးတွင် အခန်းငယ်တစ်ခန်းသည် မြေကြီးမှ ထိုးထွက်လာကာ ချက်ချင်းပင် ပုံစံတကျ ဖြစ်ပေါ်လာသည်။
အခုဆေးလုံးလည်း အောင်မြင်ပြီးသွားသဖြင့် စနစ်၏ ထူးဆန်းသည့် စွမ်းအားကို အံ့ဩရန် အချိန်မရှိတော့ဘဲ မီးကို ချက်ချင်း ငြိမ်းလိုက်သည်။
အချိန်အနည်းငယ် စောင့်ပြီး ဆေးအိုးအပူချိန် အနည်းငယ် လျော့သွားသည်နှင့် အဖုံးကို ဖွင့်လိုက်ရာ ပြင်းထန်သည့် ဆေးရနံ့တစ်ခု ဘေးပတ်လည် ပျံ့နှံ့သွားတော့သည်။
သူသည် ဆေးအိုးအတွင်းသို့ လက်ထည့်ကာ ဆေးလုံးများကို ထုတ်ယူလိုက်သည်။ ဒီတစ်ကြိမ်တွင် ဆေးလုံး ၃ လုံး ထွက်လာပြီး လင်းကျင်း သေချာစွာ စစ်ဆေးကြည့်လိုက်တော့သည်။
ဆေးလုံးများ၏ မျက်နှာပြင်မှာ မချောမွေ့နေဘဲ တောက်ပြောင်မှုလည်း မရှိသလို ပုံစံများလည်း အနည်းငယ် ကွဲပြားနေသည်။
ထင်ရှားစွာပင် ၎င်းတို့သည် အဆင့်နိမ့် ဆေးလုံးများသာ ဖြစ်သည်။
သို့သော်လည်း လင်းကျင်းသည် အလွန်ပျော်ရွှင်နေဆဲပင်ဖြစ်သည်။
ထိုအချိန်တွင် သူသည် ခေါင်းမော့ကြည့်လိုက်ရာ ဘေးတွင် ဆေးဖော်စပ်ခန်းသည် ခမ်းနားစွာ တည်ရှိနေသည်ကို တွေ့လိုက်ရသည်။
လင်းကျင်းသည် ဆေးဖော်စပ်ခန်းအတွင်းမှာ မည်သို့ရှိမည်ဆိုတာကို စိတ်ဝင်စားလာသဖြင့် ကြည့်ရန် လျှောက်သွားလိုက်သည်။
ဆေးဖော်စပ်ခန်းသည် မကြီးမားပေ၊ အခန်းတစ်ခန်းစာအရွယ်အစားသာရှိပြီး အနက်ရောင်အုတ်များနှင့် စိမ်းပြာအမိုးများဖြင့် အဝိုင်းပုံစံ တည်ဆောက်ထားသည်။ အနည်းငယ်ပိုကြီးပါက အဝိုင်းပုံစံ နန်းတော်တစ်ခုနှင့် တူသွားနိုင်သည်။
လင်းကျင်း တံခါးကို တွန်းဖွင့်ကာ ဆေးဖော်ခန်းထဲ ဝင်သွားသည်။
အတွင်းတွင် တာအိုသင်္ကေတဖြစ်သော ထိုက်ကျီနှင့် ပဂွါရှစ်ပုံစံကြီးသည် အခန်းတစ်ခုလုံး၏ ကြမ်းပြင်ကို ဖုံးလွှမ်းထားသည်။
အခြားအရာများ မရှိပေ။
“ဒါပဲလား…”
အလွတ်တစ်ခန်းသာရှိသော ဆေးဖော်စပ်ခန်းကို ကြည့်ရင်း လင်းကျင်း ဘာပြောရမှန်း မသိဖြစ်သွား၏။
“စနစ်၊ ဒီဆေးဖော်စပ်ခန်းမှာ ဘာလုပ်ဆောင်ချက်တွေ ရှိလဲ။”
“ဆေးဖော်စပ်ခန်းမျက်နှာပြင် ကို ပိုင်ရှင်အတွက် ဖွင့်လှစ်ပြီးပါပြီ”
ဆေးဖော်ခန်း - ပထမ အဆင့်
စိတ်ဝိညာဉ်အာရုံ အားတိုးမြှင့်မှု - 10%
ဆေးဖော်စပ် အောင်မြင်မှုနှုန်း တိုးမြှင့်မှု - (အဆင့် ၁ - 10%)
ဆေးလုံးအရည်အသွေး တိုးတက်မှု - (အဆင့် ၁ -10%)
သန့်စင်အဆင့် ဆေးလုံး ဖြစ်ပေါ်နိုင်ခြေ - (အဆင့် ၁ - 10%)
အဆင့်မြှင့်ရန် လိုအပ်ချက် - (29/100 ရိတ်သိမ်းမှတ်)
အမှန်တကယ် ဆေးဖော်စပ်အောင်မြင်နှုန်း တိုးလာသည်ကို သိလိုက်ရသဖြင့် လင်းကျင်း စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်တော့ပေ။
“နောင်အနာဂတ်မှာ ငါ သေချာပေါက် ချမ်းသာလာရမယ်…..။”