အခန်း (၁၁) - အခုမှ ရလာတဲ့ ဝိညာဉ်ကျောက်တုံးတွေ ကုန်ပြန်ပြီ
ရက်အနည်းငယ်ကြာပြီးနောက်။
စနစ်ရဲ့နေရာလွတ်အတွင်းရှိ ဝိညာဉ်စပါးအားလုံး ရင့်မှည့်သွားခဲ့သဖြင့် လင်းကျင်းက အားလုံးကို ရိတ်သိမ်းလိုက်သည်။
သို့သော် စနစ်ကတော့ ယခင်အတိုင်း ကပ်စေးနဲနေဆဲဖြစ်ပြီး မြေကွက်တစ်မူလျှင် ရိတ်သိမ်းမှတ် တစ်မှတ်သာ ပေးနေဆဲ ဖြစ်သည်။
ရိတ်သိမ်းပြီးနောက် လင်းကျင်းသည် ဝိညာဉ်စပါးများကို နေလှန်းကာ စပါးခွံချွတ်ပြီးနောက် ယွီမင်ကုန်သွယ်ရေးသို့ အားလုံး ပို့ဆောင်လိုက်သည်။
ဆိုင်ရှင်ချန်က ဝမ်းသာအားရဖြင့် အားလုံးကို လက်ခံဝယ်ယူခဲ့သည့်အပြင် နောက်နှစ်၏ ဝိညာဉ်ဆန်များကိုပါ ကြိုတင်မှာယူရန် လင်းကျင်းနှင့် ဆွေးနွေးခဲ့သေးသည်။
ဝယ်ယူသူ အဆင်သင့်ရှိနေပြီးဖြစ်သဖြင့် လင်းကျင်းလည်း အလွယ်တကူ သဘောတူလိုက်တော့သည်။
သဘောတူညီချက် အပြီးသတ်ပြီးနောက် လင်ကျင်းသည် ဝိညာဉ်ဆန်ရောင်းချရာမှ ရရှိသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၆၀ ကို ယူကာ ယွီမင်ကုန်သွယ်ရေးမှ ထွက်ခွာလာခဲ့သည်။
……
နောက်နှစ်လအတွင်း လင်းကျင်းသည် အချိန်အများစုကို အိမ်တွင်သာ ကုန်ဆုံးစေခဲ့ပြီး ဆေးဖော်စပ်ပညာနှင့် မီးထိန်းချုပ်နည်းကို လေ့လာနေကာ ရက်အနည်းငယ်ကြာမှ တစ်ကြိမ်သာ အပြင်ထွက်လေ့ရှိသည်။
အပြင်ထွက်သည့်အခါတွင်လည်း ကျန်းစန်နှင့် ကျန်းလင် ညီအစ်ကိုနှစ်ယောက်ကို မကြာခဏ တွေ့ရတတ်သည်။
ကျန်းစန်သည် စကားများသူတစ်ဦးဖြစ်ပြီး တွေ့တိုင်း လင်းကျင်းနှင့် စကားလာပြောလေ့ရှိသည်။
လင်းကျင်းကတော့ ထိုသို့သော ဆက်ဆံရေးမျိုးကို သိပ်သဘောမကျသဖြင့် စကားအနည်းငယ်သာ ပြန်ပြောပြီး ထွက်ခွာသွားတတ်သည်။
လင်းကျင်း၏ အိမ်နီးချင်းနှစ်ဦးအနက် တစ်အိမ်ကိုတော့ နှစ်ကြိမ်ခန့် တွေ့ဖူးခဲ့သည်။
ထိုအိမ်တွင် နေထိုင်သူမှာ သူနှင့် အသက်အရွယ်ချင်း သိပ်မကွာသော အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။
သို့သော် သူမ တစ်ယောက်တည်း မဟုတ်ဘဲ ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးမလေးတစ်ယောက်လည်း အတူရှိနေသည်။
ထိုကလေးမလေးမှာ အလွန်ပင် ချစ်စရာကောင်းလှ၏။
ကျန်းစန် ပြောပြချက်အရ ထိုအမျိုးသမီးငယ်သည် ယခင်က ခင်ပွန်းနှင့်အတူ နေထိုင်ခဲ့သော်လည်း ခင်ပွန်းဖြစ်သူမှာ နတ်ဆိုးသားရဲများကို အမဲလိုက်စဉ် မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
ထို့ကြောင့် ယခုအခါ မိခင်နှင့် သမီး နှစ်ယောက်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
အခြားအိမ်နီးချင်းတစ်ဦးကိုတော့ လင်းကျင်း ယခုထိ မတွေ့ဖူးသေးပေ။
ဒီနေ့တွင် လင်းကျင်းသည် နောက်တစ်ကြိမ် အပြင်ထွက်ရန် ပြင်ဆင်နေတော့သည်။
ဆေးဖော်စပ်ပညာကို နှစ်လကြာ လေ့လာပြီးနောက် အခြေခံများကို နားလည်သဘောပေါက်သွားပြီဟု သူ ခံစားရသောကြောင့် ယခုအခါ လက်တွေ့ ဆေးဖော်စပ်ရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်တော့သည်။
ဆေးဖော်စပ်ရန်အတွက် ဆေးအိုး၊ ဆေးညွှန်းစာရွက်များနှင့် ဆေးပစ္စည်းများ ဝယ်ယူရမည်ဖြစ်ပြီး ထိုအရာအားလုံးမှာ ဝိညာဉ်ကျောက်တုံး အမြောက်အများ ကုန်ကျမည်ဖြစ်သည်။
ထို့အပြင် အနာဂတ်တွင်လည်း လင်းကျင်းသည် စနစ်ရဲ့နေရာလွတ်အတွင်း ဝိညာဉ်မြက်များ စိုက်ပျိုးရန်လည်း စီစဉ်ထားသည်။
ဝိညာဉ်မြက်များကို စိုက်မည်၊ ရိတ်သိမ်းမည်၊ ထို့နောက် ဆေးလုံးများအဖြစ် ဖော်စပ်ကာ ရောင်းချမည်။
ထိုကဲ့သို့ ထုတ်လုပ်မှုအဆင့်အားလုံးကို ကိုယ်တိုင် လုပ်ဆောင်နိုင်လျှင် ဝိညာဉ်ဆန်ရောင်းရသည်ထက် အမြတ်ပိုမရနိုင်ဘူးလား။
“ကျစ်စ်… ကျစ်စ်... ပြီးပြည့်စုံလိုက်တာ။”
ရေရှည် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားပြီးဖြစ်သဖြင့် ဂုဏ်သတင်းမွှေးသော ကုန်သွယ်ရေးလုပ်ငန်းစုကိုသာ ရွေးချယ်ရမည်မှာ သဘာဝကျသည်။
ယခုတော့ သူသည် ကျင့်ကြံသူစျေးအတွင်း အကျော်ကြားဆုံး သော ကုန်သွယ်ရေးအဆောက်အဦးသို့ သွားရန် ပြင်ဆင်နေတော့သည်။
“ယွဲ့ပေါင်လော”။
ယွဲ့ပေါင်လော၏ နောက်ခံအင်အားမှာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နေရာအများအပြားတွင်လည်း ဆိုင်ခွဲများ ဖွင့်လှစ်ထားလျက် ရှိသည်။
၎င်းကို လူအများ အမြဲချီးကျူးရသည့် အကြောင်းရင်းမှာ ဂုဏ်သတင်းကောင်းမွန်ခြင်းနှင့် ဈေးနှုန်းမျှတခြင်းတို့ကြောင့် ဖြစ်သည်။
အင်အားကြီးမားခြင်း အားကိုး၍ ဖောက်သည်များအပေါ် အနိုင်ကျင့်ခြင်းမျိုး မရှိသလို ဖောက်သည်များ၏ ကိုယ်ရေးအချက်အလက်များကိုလည်း တင်းကျပ်စွာ လျှို့ဝှက်ထားပေးသေးသည်။
ကိုယ် ရောင်းချလိုသော ပစ္စည်းရှိသရွေ့ ၎င်းတို့သည် ထိုပစ္စည်း ဘယ်က ဘယ်လို ရလာသည်ကို မမေးမြန်းဘဲ ဝယ်ယူပေးလေ့ပင်ရှိသည်။
သေချာပေါက်ပင် ယွဲ့ပေါင်လောမှ ဝယ်ယူသော ပစ္စည်းများအတွက်လည်း စိုးရိမ်စရာ မလိုပေ။
အကြောင်းမှာ ၎င်းတို့သည် ဖောက်သည်များ၏ အချက်အလက်များကို ဖွင့်ချခြင်းအား လုံးဝ တားမြစ်ထားသောကြောင့် ဖြစ်သည်။
ယွဲ့ပေါင်လောသို့ ရောက်ရှိလာပြီးနောက် လင်းကျင်းက မော့ကြည့်လိုက်သည်။
ခုနစ်ထပ်မျှော်စင်ပုံစံ အဆောက်အအုံကြီးမှာ နန်ရှန်ဈေးတစ်ခုလုံးတွင် ထူးခြားစွာ ထင်ရှားနေသည်။ ၎င်း၏ အကျယ်အဝန်းမှာလည်း အမှန်တကယ် မသေးလှပေ။ အဆောက်အအုံရှေ့တွင်လည်း အတော်အသင့် ကျယ်ဝန်းသော ရင်ပြင်တစ်ခု ရှိသေးသည်။
ထိုရင်ပြင်တစ်လျှောက်တွင် ကျင့်ကြံသူများက ဆိုင်ခင်းများ ခင်းကျင်းထားကြပြီး စည်ကားသိုက်မြိုက်လှသည်။
လင်းကျင်း ကြားသိလိုက်ရသည်မှာ ဒီနေရာတွင် ဆိုင်ခန်း ခင်းချင်လျှင် ယွဲ့ပေါင်လောထံ ဝိညာဉ်ကျောက်တုံးများ ပေးချေရုံဖြင့် ရနိုင်သည်ဟု ဆိုသည်။
လင်းကျင်းကတော့ ရပ်မနေဘဲ ရင်ပြင်ကို ဖြတ်ကျော်ကာ ယွဲ့ပေါင်လောထဲသို့ တိုက်ရိုက် ဝင်သွားခဲ့သည်။
ယွဲ့ပေါင်လော၏ အတွင်းပိုင်းမှာ အလွန်ကျယ်ဝန်းလှပြီး မှော်ပစ္စည်းများ၊ ဆေးလုံးများနှင့် ကျင့်ကြံနည်းများကိုလည်း အမျိုးမျိုးအဖုံဖုံ ရောင်းချသည်။
လင်းကျင်း ဝင်လာသည်နှင့် ချက်ချင်းပင် အစေခံမိန်းကလေးတစ်ဦး ရှေ့တက်လာပြီး ဧည့်ခံလိုက်သည်။
“ယွဲ့ပေါင်လောမှ ကြိုဆိုပါတယ် အမတအရှင်၊ အမတအရှင် ဘာများလိုအပ်ပါသလဲ။….”
“အမတအရှင် ဟုတ်လား”
လင်းကျင်းသည် ဒီခေါ်ဝေါ်ပုံကို မရင်းနှီးသဖြင့် သူမကို ကြည့်လိုက်သည်။
“သာမန်လူတစ်ယောက်ကိုး... ဒါကြောင့် မသိတာ ဖြစ်မှာပေါ့။”
လင်းကျင်း စိတ်ထဲတွင် တွေးလိုက်သည်။
“ကျွန်တော် ဆေးအိုးတစ်လုံး ဝယ်ချင်တယ်။ ပြီးတော့ ဆေးဖော်စပ်ပစ္စည်းတချို့လည်း လိုတယ်။”
“ဒါဆို အမတအရှင်က ဆေးဖော်စပ်ပညာရှင်ပေါ့… ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါ”
အစေခံမိန်းကလေး၏ မျက်လုံးများထဲတွင် အားကျမှု အရိပ်အယောင်များ ပေါ်လာသည်။
ထို့နောက် သူမသည် လင်းကျင်းကို ဒုတိယထပ်သို့ ခေါ်သွားပြီး ကောင်တာတစ်ခုရှေ့သို့ ပို့ဆောင်ပေးလိုက်သည်။
“အကြီးအကဲယွီ၊ ဒီအရှင်က ဆေးအိုးနဲ့ ဆေးဖော်စပ်ပစ္စည်းတွေ ဝယ်ချင်နေပါတယ်။”
ကောင်တာနောက်ရှိ အကြီးအကဲယွီကို သတင်းပို့ပြီးနောက် အစေခံမိန်းကလေးက ချက်ချင်း ထွက်ခွာသွားသည်။
“ဘယ်လို ဆေးအိုးမျိုး လိုချင်ပါသလဲ။”
အကြီးအကဲယွီက မေးလိုက်သည်။
“ကျွန်တော် မကြာသေးခင်ကမှ ဆေးဖော်စပ်ပညာကို စတင်သင်ယူထားတာပါ။ အဲ့ဒါ ကိုယ်တိုင် စမ်းပြီး ဆေးဖော်စပ်ကြည့်ချင်လို့ပါ။ ဒီတော့ အကြီးအကဲယွီမှာ အကြံပေးနိုင်မယ့် ဆေးအိုးမျိုး ရှိပါသလား။..”
“ဆေးဖော်စပ်ပညာရဲ့ အစကို ဝင်ရောက်ဖို့ဆိုတာ မလွယ်ကူဘူး။ အထူးသဖြင့် စတင်လေ့လာသူတွေအတွက် ကျရှုံးနှုန်းကလဲ အရမ်းမြင့်တယ်။ ပြီးတော့ ဆေးအိုးပေါက်ကွဲဖို့လည်း အလွန်လွယ်ကူ။တယ်”
“ဒါကြောင့်... စတင်လေ့လာတဲ့သူတွေ ဆေးအိုးရွေးတဲ့အခါ အရည်အသွေးနဲ့ ခံနိုင်ရည်ကို ဦးစားပေးသင့်တယ်။ ဒီလို ဆေးအိုးမျိုးကို အစပိုင်း လေ့ကျင့်ဖို့ အသုံးပြုသင့်တယ်။
“နေ့စဉ် မီးထိန်းချုပ်နည်းကိုလည်း သေချာ လေ့ကျင့်ရမယ်။ အစပိုင်းမှာ ဆေးအိုးရဲ့ သဘောသဘာဝကြောင့် အပူချိန် ထိန်းချုပ်ရ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ကျွမ်းကျင်သွားရင်တော့ ပြဿနာ မရှိတော့ဘူး။”
“အဲဒီအချိန်မှာ တခြားဆေးအိုးကို ပြောင်းသုံးလိုက်ရင်လည်း ဆေးလုံးဖော်စပ်မှု အောင်မြင်နှုန်းက သိသိသာသာ တိုးမြင့်တက်လာလိမ့်မယ်။”
ထိုသို့ ပြောပြီးနောက် အကြီးအကဲယွီသည် နောက်ဘက်လှည့်ကာ စင်ပေါ်မှ စိမ်းပြာရောင် ဆေးအိုးတစ်လုံးကို ယူချလာပြီး လင်းကျင်းရှေ့တွင် ချထားလိုက်သည်။
“ဒီ သုံးချောင်းထောက် ကြေးဆေးအိုးက အလွန်ရှားပါးတဲ့ ခြောက်ကြိမ်သန့်စင်နိုင်တဲ့ ဆေးအိုးတစ်လုံးပဲ။”
“ဆေးအိုးကိုယ်ထည်က သဘာဝအတိုင်း ရတနာအလင်းရောင် ထုတ်လွှတ်နေပြီး အလွန်ကြံ့ခိုင်တယ်။ ဆေးအိုး ပေါက်ကွဲသွားရင်တောင် မပျက်စီးနိုင်ဘူး။”
“ဒါကြောင့် စတင်လေ့လာသူတွေ လေ့ကျင့်ဖို့ အထူးသင့်တော်တယ်။ ဒါ့အပြင် ဈေးနှုန်းလည်း သင့်တင့်တယ်။”
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၂၀ ပဲ ကျတယ်။”
လင်းကျင်းသည် သုံးချောင်းထောက် ကြေးဆေးအိုးကို ယူကာ သေချာကြည့်ရှုလိုက်သည်။
အိုးကိုယ်ထည်မှ ဖျော့ဖျော့အလင်းရောင်တစ်ခု ထွက်ပေါ်နေသည်ကို တွေ့ရပြီး အကြီးအကဲယွီ ပြောခဲ့သည့်အတိုင်း သဘာဝရတနာရဲ့ အလင်းရောင် အမှန်တကယ် ရှိနေသည်။
“ခြောက်ကြိမ်ပေါက်ကွဲခံနိုင်တဲ့ ဆေးအိုးတစ်လုံးကို ဝိညာဉ်ကျောက်တုံး ၁၂၀ နဲ့ ရတာဆိုတော့ တကယ်ပဲ တန်ပါတယ်လေ။”
ကျင့်ကြံသူစျေးအတွင်း လှည့်လည်စုံစမ်းခဲ့သည့် ရက်များအတွင်း လင်းကျင်းသည် ဆေးအိုးများအကြောင်းကိုလည်း အတော်အသင့် သိရှိထားခဲ့သည်။
သာမန်ဈေးသက်သာသော ဆေးအိုးများမှာ ဝိညာဉ်ကျောက်တုံး ၅၀ ခန့်သာ ကုန်ကျသော်လည်း အရည်အသွေးမှာ အလွန်ဆိုးရွားလှသည်။
အနည်းငယ် အမှားလုပ်မိသည်နှင့် ဆေးအိုးပေါက်ကွဲနိုင်ပြီး တစ်ခါတစ်ရံ ဆေးဖော်စပ်သူကိုပင် ထိခိုက်ဒဏ်ရာရစေတတ်သည်။
အရည်အသွေးကောင်းသော ဆေးအိုးများဆိုလျှင် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်အထိ ဈေးရှိတတ်သည်။
လက်ရှိ လင်းကျင်း၏ အခြေအနေနှင့်ဆိုလျှင် ထိုသို့သော ဆေးအိုးများကို မတတ်နိုင်သေးပေ။
သို့သော် ဒီသုံးချောင်းထောက် ကြေးဆေးအိုးကတော့ သူနှင့် အတော်သင့်တော်နေသည်။ ချက်ချင်းပင် လင်းကျင်း ဆုံးဖြတ်ချက် ချလိုက်သည်။
“ဒီကြေးဆေးအိုးကို ကျွန်တော် ယူမယ်။”
“အကြီးအကဲယွီ၊ ဒီမှာ အဆာခံဆေး ဖော်စပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ဈေးဘယ်လောက် ရှိလဲဆိုတာ မေးလို့ရမလား။... ပြီးတော့ ဆေးဖော်စပ်နည်း (ဆေးညွှန်း)စာရွက်တွေလည်း ဝယ်ချင်ပါတယ်။”
ဆေးဖော်စပ်ပညာကို စတင်သင်ယူသော ဆေးဖော်စပ်ပညာရှင် အများစုသည် အဆာခံဆေးမှ စတင်လေ့လာကြသည်။
ထူးခြားသော အကြောင်းပြချက် မရှိပေ။
အဆာခံဆေး ဖော်စပ်ရန် လိုအပ်သော ပစ္စည်းများမှာ အလွန်ပေါများပြီး ဈေးနှုန်းလည်း သက်သာသောကြောင့်သာ ဖြစ်ပေသည်။
လင်းကျင်းလည်း ခြွင်းချက်မဟုတ်ပေ။
သူသည် အဆာခံဆေးမှ စတင်လေ့လာရန် စီစဉ်ထားသည်။
“တာအိုရောင်းရင်း၊ ခဏစောင့်ပါ။”
ထိုသို့ပြောပြီးနောက် အကြီးအကဲယွီသည် ကောင်တာအောက်မှ စာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူကာ လင်းကျင်းထံ ပေးလိုက်သည်။
“တာအိုရောင်းရင်း လိုအပ်မယ့် ပစ္စည်းတွေ များမယ်ထင်လို့ ဈေးနှုန်းစာရင်း ယူလာပေးတာ။ လိုချင်တာရှိရင် ငါ့ကို ပြောပါ။”
လင်းကျင်းက ခေါင်းညိတ်လိုက်ပြီး စာအုပ်ကို လက်ခံယူကာ စတင်လှန်လှောကြည့်ရှုလိုက်တော့သည်။
“စွမ်းအင်စုစည်းဆေး ဖော်စပ်နည်း (ပထမအဆင့်) - အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ လုံး”
“စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး ဖော်စပ်နည်း (ပထမအဆင့်) - အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ လုံး”
“အဆာခံဆေး ဖော်စပ်နည်း (ပထမအဆင့်) - အနိမ့်အဆင့် ဝိညာဉ်ကျောက်တုံး ၅ လုံး”
“အဆိပ်ကာကွယ်ဆေး ဖော်စပ်နည်း (ပထမအဆင့်) - အနိမ့်အဆင့် ဝိညာဉ်ကျောက်တုံး ၅ လုံး”
……
“စွမ်းအင်စုစည်းဆေး ပစ္စည်းတစ်စုံ - အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ လုံး”
“စွမ်းအင်ပြန်လည်ဖြည့်တင်းဆေး ပစ္စည်းတစ်စုံ - အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ လုံး”
“အဆာခံဆေး ပစ္စည်း ၅ စုံ - အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ လုံး”
……
ထို့နောက် လင်းကျင်းသည် ပထမအဆင့် ဆေးဖော်စပ်နည်းစာရွက်တချို့နှင့် အဆာခံဆေး ပစ္စည်း ၁၀၀ စုံကို ဝယ်ယူလိုက်သည်။
စွမ်းအင်စုစည်းဆေး၊ စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးနှင့် သွေးတိတ်ဆေးတို့အတွက် လိုအပ်သော ပစ္စည်းများကိုလည်း တစ်မျိုးလျှင် ၁၀ စုံစီ ဝယ်ယူခဲ့သည်။ အိမ်ပြန်ရောက်ရင် စမ်းသပ်ဖော်စပ်ဖို့ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။
မကြာမီတွင် သူလိုအပ်သမျှ အားလုံးကို ဝယ်ယူပြီးစီးသွားခဲ့သည်။
ဒီတစ်ကြိမ် ဝယ်ယူမှုအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ ကျော် တိုက်ရိုက် ကုန်ကျသွားခဲ့သည်။
အခုမှ ရလာတဲ့ ဝိညာဉ်ကျောက်တုံးတွေ တစ်ခါတည်း ကုန်သွားပြန်လေပြီ...။