ဆေးဖော်စပ်နတ်ဝိဇ္ဇာရဲ့ စိုက်ပျိုးရေးနေရာလွတ်စနစ်
အခန်း (၁) - ဂိုဏ်းကနေ ထုတ်ပယ်ခံရခြင်း
နန်မင် နယ်မြေ၊ ချင်းယွမ်ဓားဂိုဏ်း။
ဂျူလိုင်လ
နွေရာသီရဲ့ ပူပြင်းလှတဲ့ နေမင်းကြီးက ကောင်းကင်ယံအထက်မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ တောက်လောင်နေတော့သည်။
မွန်းတည့်ချိန်သာ ရှိသေးသော်ငြား နေရောင်ခြည်က အပူပြင်းဆုံးအချိန်ကို ရောက်ရှိနေခဲ့ပြီ။ လင်းကျင်းသည် လယ်ကွင်းဘေးက မြေသားလမ်းတလျှောက် လက်တွန်းလှည်းကို တဖြည်းဖြည်းချင်း တွန်းနေခဲ့သည်။
လှည်းအပေါ်မှာ လေးလံသော အိတ်ပေါင်းများစွာ တင်ဆောင်ထားသောကြောင့် လှည်းခမျာ ဝန်ပိနေပြီး အသံတကျွီကျွီ မြည်ဟည်းနေတော့သည်။
အချိန်ခဏကြာပြီးနောက် အရိပ်ကျသော သစ်ပင်များရဲ့ အောက် ရောက်လာခဲ့သည့်အချိန်မှာ လင်းကျင်းက လှည်းကို ရပ်လိုက်ပေသည်။
ထို့နောက် နှဖူးပေါ်က ချွေးသီးများကို လက်ဖြင့် သုတ်လိုက်ပြီး ခါးမှာ ချိတ်ဆွဲထားတဲ့ ဘူးသီးခြောက်ရေဘူးကို ဖြုတ်ယူကာ အဖုံးဖွင့်လိုက်ပြီး ရေကို တဂွပ်ဂွပ် မော့သောက်လိုက်၏။
တပြိုင်နက်တည်း ရေဘူးထဲက ရေ တဝက်ခန့် သောက်ပြီးမှ လင်းကျင်းက နှမြောစွာနဲ့ ရေဘူးကို ပြန်သိမ်းလိုက်တော့သည်။
ခရီးလမ်းက မပြီးဆုံးသေးတော့ ရေကို တခါတည်း ကုန်အောင် သောက်လို့က မဖြစ်။
ရေသောက်ပြီးနောက် လင်းကျင်းက တွန်းလှည်းဘေးအစွန်မှာ ထိုင်ချပြီး ခဏအနားယူလိုက်တော့သည်။ သစ်ပင်များရဲ့ အရိပ်အောက်မှာ အေးမြမှုကို ခံစားရင်း နွေလယ်ခေါင်ပူပြင်းတဲ့ အပူရှိန်အောက်မှာ တိုက်ခတ်လာတဲ့ လေပြေကပင် နွေးထွေးသွားတော့ပေသည်။
ခေါင်းမော့ကြည့်လိုက်တော့ လင်းကျင်းဟာ မကြာခင်ရိတ်သိမ်းနိုင်တော့မယ့် ရွှေရောင်တဝင်းဝင်းနဲ့ ပြည့်နှက်နေတဲ့ ဝိညာဉ်စပါးခင်းများစွာကို တွေ့မြင်လိုက်ရ၏။
ထိုမြင်ကွင်းကို ငေးကြည့်နေရင်း လင်းကျင်း၏ အကြည့်ဟာ တဖြည်းဖြည်း ဝေဝါးလာရင်း သူရဲ့ အပြာရောင်ကြယ်ရဲ့ ငယ်ဘဝ အမှတ်တရများစွာ ပြန်သတိရလာတော့သည်။
ဒီနေရာဟာ လင်းကျင်းရဲ့ မွေးရပ်မြေနဲ့ ဆင်တူပြီး ငယ်စဉ်က သူ့သူငယ်ချင်းတွေနဲ့ လယ်ကွင်းထဲ ဆော့ကစားခဲ့တဲ့ အချိန်တွေ၊ အဖိုးအဖွားနဲ့ လယ်ယာ စိုက်ခဲ့ရတဲ့ အချိန်တွေ အခု ပြန်လည်တွေးတောရတဲ့အခါ အရာအားလုံးက လွမ်းမောဖွာရာ ကောင်းလွန်းလှခဲ့ပေသည်။
သို့သော်ငြားလဲ လူတိုင်းက ကြီးပျင်းလာရစမြဲ ဖြစ်ပြီး နောက်ပိုင်း လင်းကျင်း ကျောင်းတက် စာသင်ရတော့ ဖိအားတွေ များလာကာ နေ့စဉ်ဘဝကလဲ အများနည်းတူ စီးမြောခဲ့ရပေသည်။
စာသင်ခြင်း၊ စာမေးပွဲဖြေဆိုခြင်း၊ ဘွဲ့ရခြင်း၊ လုပ်ငန်းခွင်ဝင်ခြင်း၊ …. စသဖြင့်....
ဘဝရဲ့ နေ့စဉ်ဖိအားတွေကို အလူးအလဲခံစားရင်းနဲ့ ငယ်ဘဝ ပျော်ရွှင်ခဲ့ရတဲ့ တောင်ပေါ်ရွာလေးရဲ့ အမှတ်တရတွေကို လင်းကျင်းအနေနဲ့ မမေ့လျော့ခဲ့ပေ။
သို့သော် မမျှော်လင့်ဘဲ ကားမတော်တဆမှု တခုကနေ လင်းကျင်းကို ယခု လောကဆီ ခေါ်ဆောင်သွားခဲ့တော့သည်။
ပထမတော့ လင်းကျင်းဟာ အံ့ဩသင့်ခဲ့သော်လည်း သူက ပိုပြီး စိတ်လှုပ်ရှားနေခဲ့ရလေသည်။
ကောင်းကင်ယံမှာ ဓားပျံ စီးရတဲ့ ကျင့်ကြံရေး လောက…
အတိတ်ဘဝမှာ လင်းကျင်းဟာ မရေတွက်နိုင်တဲ့ ဝတ္ထုတွေ ဖတ်ခဲ့ရပေမယ့် တကယ်တမ်းရောက်လာရော ကျင့်ကြံရေးလောကဟာ ထင်သလောက် မဟုတ်နေပေ။
ဒီနေရာကား အင်အားသည်သာ အရာအားလုံးကို ဆုံးဖြတ်ပေးတဲ့ ကျင့်ကြံရေးလောကသာ ဖြစ်တာမို့ အားနည်းပါက ကိုယ့်အပြစ်သာ။
အထူးသဖြင့် ဒီလောကကို စရောက်လာခဲ့အချိန်မှာ လင်းကျင်းဟာ ချီစုဆောင်းခြင်း ပထမအလွှာမှာသာ ရှိနေသေးခဲ့ပြီး မိဘနှစ်ပါးဟာလဲ ကွယ်လွန်သွားခဲ့တဲ့အပြင် အားကိုးရာ ဆွေမျိုးပင် တယောက်မှ မရှိခဲ့နေပေ။
တကယ်လို့သာ လင်းကျင်းဟာ ချင်းယွမ်ဓားဂိုဏ်းရဲ့ ဝိညာဉ်စိုက်ပျိုးသူ အဆင့်အတန်းရဲ့ အကာအကွယ်အောက်မှာသာ မရှိခဲ့ရင် အစောကတည်းက သေဆုံးခဲ့နေလောက်ပြီ။
“နောက်ပြန်လှည့်ဖို့ မရတော့ဘူး” လင်းကျင်းဟာ သက်ပြင်းဖွဖွ ချလိုက်မိ၏။
…..
ထိုအချိန်မှာဘဲ သူ့အနောက်က အသံတသံ ထွက်လာခဲ့တယ်။
“ဟေ့.. ဒါ အကိုလင်း မဟုတ်လား”
“အကိုလင်း ဒီမှာ တယောက်တည်း ဘာထိုင်လုပ်နေတာလဲ။ ဒီနှစ် ဝိညာဉ်ဆန် အပ်ဖို့ ပမာဏ မလုံလောက်လို့ စီမံခန့်ခွဲသူ လီ ကို တွေ့ရမှာ ကြောက်နေတာလား။”
လင်းကျင်း နောက်လှည့်ကြည့်တော့ အသက် နှစ်ဆယ့်သုံး-နှစ်ဆယ့်လေး အရွယ် လူငယ်တဦး နွားလှည်းပေါ်မှာ ထိုင်နေကာ လူကို မထီမဲ့မြင်ပြုပြီး လှောင်ပြောင် အထင်သေး နေတဲ့ မျက်နှာဘေးနဲ့ သူ့ကို ကြည့်နေတာ မြင်လိုက်ရ၏။
“ယွင်ပို” ..
လင်းကျင်း အမူအယာ တည်ငြိမ်စွာနဲ့ “အဲ့ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ”
ယွင်ပိုလူငယ်က စိတ်ဆိုးရမယ့်အစား ပျင်းရိလေးလံသော ဟန်ပန်ဖြင့် “ကြည့်ရတာတော့ မကြာခင် တယောက်ယောက်က ချင်းယွင်ဓားဂိုဏ်းကနေ နှင်ထုတ်ခံရတော့မယ့်ပုံဘဲ…”
သူ၏ လေသံထဲကနေ လှောင်ပြောင်မှုကို မဖုံးကွယ်ထားခဲ့ချေ။
နွားလှည်းက လင်းကျင်း ဘေးက ဖြတ်သွားရင်း ယွင်ပိုက အထင်သေးစွာဖြင့် “စီမံခန့်ခွဲသူ လီ ရှေ့ရောက်ရင်လဲ ဒီလို မာန်တင်းနိုင်ဖို့ ငါ မျှော်လင့်တယ်။..”
စကားဆုံးတာနဲ့ နောက်ပင်ပြန်လှည့်မကြည့်ဘဲ လမ်းအတွင်း ထွက်ခွါသွားတော့သည်။
တကယ်တော့ လင်းကျင်းနဲ့ ယွင်ပိုဟာ အိမ်နီးနားချင်း ဖြစ်ပေမယ့် အရင်မျိုးဆက်တွေရဲ့ ပြဿနာတခုကြောင့် သူတို့ နှစ်ယောက် ဆက်ဆံရေးက အမြဲတမ်း မကောင်းခဲ့သလို အပြန်အလှန် မုန်းတီးနေကြပြီး တွေ့တာနဲ့ အချင်းများနေကြပေသည်။ ဤကား အဆန်းမဟုတ်ပေ။
ယွင်ပို၏ လှည်းပေါ်မှာ သူ၏ လှည်းထက် ၂ ဆ ခန့် အိတ်အရေအတွက် ပိုများနေပြီး ထိုလှည်း အဝေးသို့ တဖြည်းဖြည်း အဝေးသို့ရောက်ကာ ပျောက်ကွယ်သွားသည် အထိ လင်းကျင်းဟာ ငေးကြည့်နေမိလိုက်၏။
ထို့နောက် သူ့၏လှည်းပေါ်ရှိ အိတ်အရေအတွက်ကို ကြည့်လိုက်သည်။ ထိုအိတ်များထဲမှာက ယခုနှစ်အတွက် ချင်းယွမ်ဓားဂိုဏ်းကို အပ်နှံရမည့် ဝိညာဉ်ဆန်များ ဖြစ်သည်။
သို့သော် ရိတ်သိမ်းချိန်မရောက်ခင် လင်းကျင်း၏ ဝိညာဉ်စပါးစိုက်ခင်းအား တစုံတယောက်က လာရောက်ဖျက်စီးခဲ့ခြင်းကြောင့် ဒီအရေအတွက်ဟာ မလုံလောက်ပေ။
ဒီအခင်းအဖြစ်အပျက်ပြီးနောက် ယွင်ပိုဟာ ပထမဆုံးရောက်လာခဲ့သူ ဖြစ်နေလို့ ဒီကိစ္စကို ယွင်ပို လုပ်ခဲ့တာလို့ လင်းကျင်း ယုံကြည်နေသော်လည်း သူ့မှာ သက်သေကား မရှိ။
ထို့နောက် စီမံခန့်ခွဲသူ လီ ရောက်လာပြီး စုံစမ်းစစ်ဆေးခဲ့သော်လည်း နောက်ဆုံး အဖြေမပေါ်ဘဲ အဆုံးသတ်ခဲ့သောကြောင့် လင်းကျင်းသာလျှင် တာဝန်ယူခေါင်းခံလိုက်ရတော့သည်။
ချင်းယွမ်ဓားဂိုဏ်းကို တင်သွင်းရမယ့် ပမာဏ မလုံလောက်ခြင်းဟာ မမျှော်လင့်သော အခြေအနေသာ မကြုံခဲ့ပါက ဂိုဏ်းကနေ ထုတ်ပယ်ခဲ့ရဖို့ ဖြစ်နိုင်ချေများနေလေသည်။
အခုချိန်မှာ လင်းကျင်းအနေနဲ့ ဘာမှ မတတ်နိုင်ဘဲ ရှေ့ဆက် တလှမ်းချင်းလျှောက်ရုံသာ။ အရင်ဆုံး ဝိညာဉ်ဆန်အား အပ်နှံရမယ်၊ ပြီးရင် စီမံခန့်ခွဲသူ လီရဲ့ ဆုံးဖြတ်ချက်ကိုသာ စောင့်ကြည့်ရတော့ပေမည်။
…..
ခဏ နားပြီးနောက် လင်းကျင်းဟာ ခရီးဆက်ထွက်လာခဲ့ပြီး တနာရီခန့်ကြာပြီးမှ သူဟာ ဝိညာဉ်စိုက်ပျိုးသူရွာသို့ ရောက်လာခဲ့၏။ ဒီရွာလေးက အရည်အသွေးမြင့် ဝိညာဉ်စိုက်ခင်းကို စိုက်ပျိုးခွင့်ရသူများသာ နေထိုင်ရန် အရည်အချင်းပြည့်မှီပြီး သာမာန်စိုက်ပျိုးသူ နေထိုင်ခွင့်မရှိပေ။
လင်းကျင်းကဲ့သို့ အဆင့်နိမ့်ဝိညာဉ်စိုက်ပျိုးသူတွေက မိမိရဲ့ စိုက်ခင်းဘေးမှာသာ တဲထိုးပြီးနေထိုင်ကြရသည်။
ရွာရဲ့ အလယ်ရှိ ခြံဝင်းကျယ်ကြီးထဲမှာ အနက်ရောင်အမိုးကြွပ်များ၊ စိမ်းပြာရောင် အုတ်နံရံများဖြင့် တည်ဆောက်ထားပြီး ထိုထဲမှာ စီမံခန့်ခွဲသူများ နေထိုင်ကြ၏။
ထိုခြံဝန်းရှေ့မှာ လူတွေ တန်းစီနေကြတာကို လင်းကျင်း တချက်ကြည့်လိုက်ပြီး ထိုသူတွေ သယ်ဆောင်လာတဲ့ ဝိညာဉ်ဆန် ပမာဏဟာ သူ့လှည်းပေါ်ရှိ ပမာဏထက် ပိုမိုများပြားနေတာကို အလွယ်တကူ မြင်တွေ့နိုင်သည်။
လင်းကျင်းရဲ့ လှည်းပေါ်ရှိ ဝိညာဉ်ဆန်ပမာဏကို ကြည့်ပြီး ပတ်ဝန်းကျင်က လူတွေရဲ့ မျက်နှာပေါ်မှာ အံ့ဩမှုတွေ ပေါ်ပေါက်လာပြီး မကြာခင် အတင်းတုတ်နေကြသည်။
“တနှစ်လုံး ပင်ပင်ပန်းပန်းလုပ်ပြီး ဒီလောက်ဘဲ ရိတ်သိမ်းနိုင်တာ ကြည့်ရတာ ဒီကောင် ပျင်းရိနေလို့ဘဲ ဖြစ်ရမယ်။”
“ဟုတ်လောက်တယ်။…”
“အပ်ရမယ့် ပမာဏနဲ့ အဝေးကြီးဘဲ ဒီကောင်ကတော့ အပြစ်ပေးခံရသလောက် ရှိနေပြီ။ “
ထို့နောက် ယွင်ပိုဟာ ရှေ့မှာ ရပ်လိုက်ပြီး ရုတ်တရက် စကားဝင်ပြောလိုက်သည်။
“ဒီကောင် ပျင်းနေတာ မဟုတ်ဘူး ဆိုတာ ငါသိတယ်”
ယွင်ပိုစကားကြောင့် လူအများ အံ့ဩသွားပြီး
“ပျင်းနေတာ မဟုတ်ဘူးလား။ ပျင်းမနေရင် ဘာလို့ ဝိညာဉ်ဆန်ပမာဏက ဒီလောက် နည်းနေရတာလဲ။ ကြည့်ရတာ ဒီကောင် တခုခု ကြုံတွေ့ခဲ့ရလို့လား။…”
ယွင်ပို သက်ပျင်းချသလို ဟန်ဆောင်ကာ ခေါင်းယမ်းပြီးနောက်
“ဟုတ်တယ်.. အစကတော့ ဝိညာဉ်စပါးတွေ ကောင်းကောင်းကြီးထွားနေရင်းနဲ့ ဝိညာဉ်စပါးတွေ မရင့်မှည့်ခင်မှာဘဲ စိုက်ခင်းရဲ့ တဝက်ကျော်လောက်ကို တယောက်ယောက်က ဖျက်ဆီးပစ်ခဲ့တယ်။.. အဲ့ဒါကြောင့်ဘဲ သူ တနှစ်လုံး ကြိုးစားခဲ့သမျှက အကုန်နီးပါး ရေစုန်မျောသွားခဲ့ရတာ…”
လူတချို့ ချက်ချင်းစိတ်ဝင်စားခဲ့ကြပြီး “ဒီလိုကိစ္စမျိုးတောင် ဖြစ်ခဲ့တာလား။…”
ယွင်ပိုက ဆက်ပြောလိုက်တယ်။ “သူ့ဝိညာဉ်စိုက်ခင်းက ငါ့စိုက်ခင်းနဲ့ မဝေးဘူး။.. အဲ့နေ့ကတောင် ငါကိုယ်တိုင် သွားကြည့်လိုက်သေးတယ်။… အခြေအနေကတော့ တော်တော့်ကို ဆိုးရွားလွန်းခဲ့တယ်။…”
တယောက်က ကြားဝင်မေးလိုက်တယ်။ “ဒီစိုက်ခင်း ဖျက်ဆီးခံရတာကို စီမံခန့်ခွဲသူ လီ မသိဘူးလား။…”
ယွမ်ပိုက “စီမံခန့်ခွဲသူ လီက ဒီနယ်မြေကို တာဝန်ယူထားသူဆိုတော့ သူ သိတာပေါ့။ အဲ့နေ့ကတောင် သူကိုယ်တိုင် လာစစ်ဆေးခဲ့သေးတယ်။ ဒါပေမယ့် ကြားရသလောက်တော့ အခုထိ တရားခံ ရှာမတွေ့သေးဘူးတဲ့။…”
“အခု သူ့ရဲ့ ဝိညာဉ်ဆန်က နည်းနည်းလေး။ အပ်နှံရမယ့် ပမာဏစံနှုန်း မပြည့်မှီဘူးဆိုတော့ ငါထင်တာပေါ့ လင်းကျင်း ဒုက္ခရောက်ပြီပေါ့။..”
“အမှန်ဘဲ..”
“ဒီကိစ္စမှာ အံဖွယ်ဖြစ်ရပ် တခုခုသာ မဖြစ်လာရင်တော့ ငါ့အထင် လင်းကျင်းက ဂိုဏ်းကနေ အထုတ်ခံရဖို့ သေချာသလောက်ဘဲ။…”
ထိုစကားသံများကို ယွင်ပိုက ရည်ရွယ်ချက်ရှိရှိ အသံမြှင့်ပြောလိုက်တဲ့အခါ လူအများရဲ့အကြည့်များက လင်းကျင်းထံ တပြိုင်နက်တည်း ရောက်ရှိလာကြတော့သည်။
ယွမ်ပို စကားဆုံးသည်နှင့် လင်းကျင်းကို ရန်စသည့် အပြုံးဖြင့် ကြည့်လိုက်၏။
ထိုစကားကြားရသော လူအများက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။…
“သနားစရာပါဘဲလား…”
“ဘယ်လောက်တောင် နမော်နမဲ့နိုင်ရတာလဲ။ ဂိုဏ်းအပြင်မှာဆိုရင် ဒီလိုအထူးဂရုစိုက် ဆက်ဆံမှုမျိူး ရနိုင်မှာ မဟုတ်တဲ့ဟာကို။….”
“မင်းပြောတာ အမှန်ဘဲ။” လို့ ယွင်ပို ထောက်ခံလိုက် ပြီးနောက် “ဂိုဏ်းအပြင်မှာဆိုရင် ဒီလို အထူးဂရုစိုက် ဆက်ဆံမှုမျိုး ရနိုင်မှာ မဟုတ်ဘူး…”
စကားပြောပြီးနောက် သူ၏မျက်လုံးထဲတွင် တဖက်သူ ကံဆိုးမှုကို ကြည့်ပြီး ပျော်ရွှင်နေတဲ့ အရိပ်အယောင်များကိုပင် မဖုံးကွယ်ဘဲ လင်းကျင်းကိုသာ စိုက်ကြည့်နေတော့သည်။
လင်းကျင်းကတော့ ယွင်ပို၏ ရန်စမှုများကို လျစ်လျူရှုထားပြီး ဘာစကားမှ မပြောနေတော့ဘဲ တန်းစီနေတဲ့ လူအုပ်ရဲ့ အနောက်မှ ဆက်လက်တန်းစီပြီး သူ့အလှည့် ရောက်လာတာကို စောင့်ဆိုင်းနေလိုက်တော့သည်။ ဒါ့အပြင် ဒီကိစ္စရဲ့ နောက်ဆုံးရလဒ်ကိုလဲ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
တန်းစီနေတဲ့ လူအုပ်က လျှင်မြန်စွာ ရွေ့လျှားနေပြီး နာရီဝက်ခန့်အကြာမှာ လင်းကျင်း၏ အလှည့် ရောက်ရှိလာတော့သည်။
ခြံဝန်းအတွင်းသို့ ခြေလှမ်းချလိုက်သည်နှင့် လင်းကျင်းရဲ့ စိတ်အာရုံ ချက်ချင်း လန်းဆန်းသလို ခံစားလိုက်ရသည်။ အကြောင်းကတော့ ခြံအတွင်းထဲမှာ ဝိညာဉ်စွမ်းအင်တွေဟာ အပြင်ကထက် ပိုမိုများပြားပြည့်ညှပ်နေတာကြောင့် လင်းကျင်းက ဒီနေရာမှာ ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်တခု ရှိလိမ့်မယ်လို့ ယူဆလိုက်သည်။
လင်းကျင်း ရှေ့ကို ကြည့်လိုက်တော့ စီမံခန့်ခွဲသူ လီဟာ လူငယ်တယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်ရကာ ထိုလူငယ်ရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်လိုက်သည်နှင့် ထိုလူငယ်ဟာ ဝိညာဉ်ဆန် လွှဲပြောင်းရေးကို စီမံဖို့ ဂိုဏ်းကနေ စေလွှတ်ထားတဲ့ အတွင်းစည်း တပည့် ဖြစ်ကြောင်း သိလိုက်ရသည်။ အသက်အရွယ်ကို ခန့်မှန်းကြည့်ရတာ သုံးဆယ်ဝန်းကျင်ခန့် ရှိမည်လို့ ထင်ရ၏။
ချင်းယွမ်ဓားဂိုဏ်းရဲ့ အတွင်းစည်းတပည့်တယောက်ဟာ အနိမ့်ဆုံး အုတ်မြစ်တည်ဆောက်ခြင်း အဆင့်မှာ ရှိနေပြီး ထ်ိုလူငယ်ဟာ အတွင်းစည်း တပည့် တယောက်ဖြစ်နေလို့ သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီဟာ အတော်လေး ထူးချွန်ကြောင်း ဖော်ပြနေ၏။
ထိုလူငယ်နဲ့ ယှဉ်ရင် သူ့ဘေးရှိ စီမံခန့်ခွဲသူ လီဟာ အသက်ဖြင့် ငါးဆယ်ကျော်နေပြီး ချီစုဆောင်းခြင်း အဆင့် ပဥ္စမအလွှာသာ ရောက်ရှိနေသေးသည်။
လူသားတွေအကြား ကွာဟချက်က လူနဲ့ ခွေး ကြားက ကွာဟချက်ထက်ပင် ပိုမိုကြီးမားနေတာကို လင်းကျင်း မကြာခဏ ကြားဖူးခဲ့ပေမယ့် ဒီလောကကို ရောက်ရှိလာချိန်မှသာ ဒီစကားရဲ့ အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ရတော့သည်။
သို့သော်ငြားလည်း လင်းကျင်းနဲ့ ယှဉ်ရင်တော့ စီမံခန့်ခွဲသူ လီကိုပင် ကျင့်ကြံရေးပါရမီရှင်ဟု သတ်မှတ်နိုင်ပေလိမ့်မည်။ အကြောင်းရင်းကား လင်းကျင်း၏ ဝိညာဉ်အမြစ်မှာ ကျင့်ကြံရေးလောကမှာ အသုံးမဝင်ဟု သတ်မှတ်ထားတဲ့ ဓာတ်ကြီး ငါးပါး ရောနှောအမြစ် ဖြစ်နေသောကြောင့်ပင်။
လင်းကျင်းရဲ့ မူလ ခန္ဓာကိုယ် ပိုင်ရှင်ဟာ ချီစုဆောင်းခြင်း ပထမအဆင့် ရောက်ရှိလာခဲ့ရတဲ့အကြောင်းက သူ့ရဲ့ ဖခင်ရဲ့ အကူအညီနဲ့ ဆယ်နှစ်ကျော်ကြာ နေ့မနားညမနား ကျင့်ကြံအားထုတ်ခဲ့လို့သာ။
တကယ်လို့သာ တခြားသူသာဆို ဒီလို ဝိညာဉ်အမြစ် ပိုင်ဆိုင်ပါက ကျင့်ကြံခြင်းကို စွန့်လွှတ်ပြီး သာမာန်ဘဝကိုသာ ဖြတ်သန်းရန် ရွေးချယ်ခဲ့လောက်ပြီးပြီ။
…..
လင်းကျင်းဟာ သူ့တွန်းလှည်းကို အလေးချိန်တိုင်းသည့်နေရာကို တွန်းသွားပြီး ဝိညာဉ်စပါးအိတ်များကို နေရာချလိုက်သည်။ မကြာခင်မှာဘဲ တယောက်ယောက်ရောက်လာပြီး အိတ်တအိတ်ကောက်ယူကာ အလေးချိန် စတိုင်းတော့သည်။
“ကျင်း ငါးရာ့သုံးဆယ် … သတ်မှတ်စံချိန် မပြည့်မှီဘူး။…”
ထိုအသံကြားသည်နှင့် စီမံခန့်ခွဲသူ လီ ရဲ့ မျက်ခုံးများ တွန့်သွားပြီး ချက်ချင်းခေါင်းလှည့်ပြီး ကြည့်လိုက်၏။ လင်းကျင်းဖြစ်နေသည်ကို မြင်လိုက်သောအခါ သူ့ရဲ့ မျက်ခုံးအကြားက အရေးအကြောင်းများ ပြေလျော့သွားသော်လည်း သူရဲ့ မျက်နှာအမူအရာက လေးနက်နေဆဲပင်။
“မင်းကိုး…” စီမံခန့်ခွဲသူ လီ ပြောလိုက်သည်။ “ငါ မင်းကိစ္စ စုံစမ်းပြီးပြီ။ ဒီကိစ္စက တောင်အပြင်ဘက်က လေလွင့်ကျင့်ကြံသူတွေရဲ့ လက်ချက်ဖြစ်ပြီး ငါ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကိုလဲ ပေးခဲ့ပြီးပြီ။..”
“သို့သော်လည်း..” ဒီစကားပြောပြီးနောက် စီမံခန့်ခွဲသူ လီရဲ့ မျက်နှာဟာ ပိုမို လေးနက်လာကာ “မင်းရဲ့ တာဝန်ဝတ္တရား ပေါ့ဆမှုကြောင့် ဝိညာဉ်စိုက်ခင်း ဖျက်ဆီးခံရတာမို့ မင်းမှာလဲ တာဝန်ရှိတယ်။ ဒီကိစ္စကိုလဲ ငါ ဂိုဏ်းထံကို တင်ပြပြီးခဲ့ပြီးပြီ။…”
“ဂိုဏ်းဘက်ကနေ ဆုံးဖြတ်ချက် ချပြီးပြီ။ ဒီနေ့ကစပြီး မင်းကို ချင်းယွင်ဓားဂိုဏ်းကနေ ထုတ်ပယ်လိုက်ပြီ။…”