အခန်း ၁ - PlayerUnknown’s Battlegrounds
“လခွမ်း... သေတော့မလို့ပဲ”
အင်တာနက်ကဖေးထောင့်တွင် ထိုင်နေသော ချန်ဇယ်မှာ ရုတ်တရက် အသံကျယ်ကြီးဖြင့် ဆဲရေးတိုင်းထွာလိုက်မိ၏။
ဂိမ်းထဲရှိ ဇာတ်ကောင်၏ သွေးတန်းမှာ ကုန်လုနီးပါးဖြစ်နေပြီဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် စောစောက သောက်ထားသော အားဖြည့်အချိုရည်က အသက်ဆက်ပေးထားခြင်းပင်။ သို့မဟုတ်လျှင် P City ကားဂိုဒေါင်ရှိ ကောင်များ၏ ကျည်ဆန်မိုးအောက်တွင် သေချာပေါက် အသက်ပျောက်သွားမည်မှာ အမှန်ပေ။
အင်တာနက်ကဖေးတွင် နေ့စဉ် ညလုံးပေါက် PUBG ဆော့ခြင်းက ချန်ဇယ်၏ တစ်ခုတည်းသော ဝါသနာဖြစ်လေသည်။ အိမ်မှထွက်ကာ ကိုယ့်ဝမ်းကျောင်းကိုယ်ရှာနေရပြီး စားသောက်ဆိုင် စားပွဲထိုးလစာလေးဖြင့်သာ နေ့စဉ် ခဲယဉ်းစွာ ရပ်တည်နေရ၏။ ဘဝက ရည်မှန်းချက်မဲ့နေပြီး ဂိမ်းကစားခြင်းကသာ အချိန်ဖြုန်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်နေခဲ့သည်။
“နံပါတ်တစ်... ဆေးပါသေးလား။ ဒီမှာ ဆေးအိတ်ကုန်သွားပြီ” အသင်းဖော် နံပါတ်တစ်ကို Voice Chat မှတစ်ဆင့် မေးလိုက်၏။
“ထားလိုက်တော့... ပွဲစတာ မိနစ်ပိုင်းပဲ ရှိသေးတယ်၊ မင်းကို ကယ်ရတာ သုံးခါရှိနေပြီ။ မင်းကို ဆေးအိတ်ပေးတာ အလဟဿပဲ”
မိုက်ထဲမှတစ်ဆင့် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သော နံပါတ်တစ်၏ လေသံတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေ၏။ နံပါတ်သုံးနှင့် နံပါတ်လေး အသင်းဖော်များကမူ ချန်ဇယ်ကို အဖက်ပင် မလုပ်ကြပေ။
တတ်နိုင်မည်မထင်။ ချန်ဇယ်က ဂိမ်းဆော့ညံ့သော်လည်း ဆော့ချင်နေသည့် ကစားသမားမျိုး ဖြစ်နေခြင်းကြောင့်ပင်။ သက်ပြင်းတချချဖြင့်သာ ဆေးပစ္စည်းများကို တိတ်တဆိတ် လိုက်ရှာနေရတော့၏။
“ဒါက ဘာကြီးလဲ”
အိမ်တစ်လုံးထဲသို့ ခုန်ဝင်လိုက်ပြီးနောက် အခန်းတစ်ခန်းထဲတွင် ရွှေရောင်အလင်းတန်း ခပ်ဖျော့ဖျော့ လင်းလက်နေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ တံခါးကို ဖွင့်ကြည့်လိုက်သောအခါ တောက်ပနေသည့် အနီရောင်စာအိတ်တစ်လုံးကို တွေ့လိုက်ရသဖြင့် အံ့သြသွားတော့၏။
“ဟေ့ကောင်တွေ... ဒီဂိမ်းက အနီရောင်စာအိတ် အိုင်တမ်ကို ဘယ်တုန်းက ထုတ်လိုက်တာလဲ” ချန်ဇယ်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
စဉ်းစားကြည့်မည်ဆိုလျှင် နေ့တိုင်းဆော့နေပါလျက်နှင့် ဂိမ်းအပ်ဒိတ်ကို မသိဘဲ နေမည်လား။
“မင်း ရူးနေလား... ဒီဂိမ်းထဲမှာ အနီရောင်စာအိတ်က ဘယ်ကရောက်လာမှာလဲ” နံပါတ်တစ်က ပြန်လည်တုံ့ပြန်လိုက်၏။
“ဆင်းရဲလွန်းလို့ ရူးသွားတာနေမယ်။ ဂိမ်းဆော့ရင်း ကယောင်ကတမ်းတွေ မြင်နေတာလား” နံပါတ်သုံးကပါ ဝင်ရယ်ရင်း လှောင်ပြောင်လိုက်သည်။
ချန်ဇယ် မျက်စိကို ပွတ်ကာ မျက်နှာပြင်ကို သေချာကြည့်လိုက်၏။ သူ၏ ဇာတ်ကောင်ရှေ့တည့်တည့်တွင် အနီရောင်စာအိတ်လေးတစ်ခု တကယ်ပင် လင်းလက်နေသည်။
“တကယ်ပြောနေတာ... မယုံရင် လာကြည့်ကြ” ချန်ဇယ် အလွန်ပြတ်သားစွာ ပြောလိုက်၏။
သူ၏ ပြတ်သားမှုကို မြင်တော့ အသင်းဖော်သုံးယောက်မှာ အနည်းငယ် စပ်စုချင်သွားပြီး တဖြည်းဖြည်း တွားသွားကာ လာကြည့်ကြသည်။ သို့သော် ရလဒ်ကတော့ အသင်းဖော်သုံးယောက်၏ ဆဲဆိုခြင်းကို ခံလိုက်ရခြင်းပင်။
“မင်း ဦးနှောက်မကောင်းဘူးလား။ ဘာမှလည်း မရှိဘူး”
“ဟိုဘက်ကအသင်းက ငါတို့ဘယ်မှာမှန်း မသိသေးတာကို၊ ခြေသံပေးပြီး သက်သက် သွားသေခိုင်းနေတာလား”
“ဟိုဘက်အသင်းက မင်းအဖေတွေမို့လို့ ဒီလောက်တောင် ဂရုစိုက်ပေးနေရတာလား”
ချန်ဇယ် မယုံနိုင်ပေ။ အနီရောင်စာအိတ်ဆီသို့ သွားကာ ကောက်ယူရန် နှိပ်လိုက်၏။
[စနစ်အသိပေးချက်]။ ။ကျပန်း အနီရောင်စာအိတ်ကို ကောက်ယူရရှိပါသည်၊ ပင်ကိုယ်စွမ်းရည် 【လက်ပစ်ဗုံးကျွမ်းကျင်မှု】 ကို ရရှိပါသည်။
အနီရောင်စာအိတ်ကို ကောက်ယူလိုက်သည်နှင့် စိတ်ထဲတွင် အသိပေးသံတစ်ခု ထွက်ပေါ်လာ၏။ ချက်ချင်းပင် သတင်းအချက်အလက် လှိုင်းလုံးများသည် ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ စိတ်ထဲသို့ ဒလဟော ဝင်ရောက်လာတော့သည်။ လက်ပစ်ဗုံးချိန်ခြင်း၊ ချက်ချင်းပေါက်ကွဲစေခြင်း၊ ကြိုတင်ခန့်မှန်းပစ်ပေါက်ခြင်း၊ ဂျီဩမေတြီနည်းကျ ပစ်ပေါက်ခြင်း စသည့် နည်းစနစ်အားလုံးသည် အကျွမ်းတဝင်အရှိဆုံး အရာများအလား စိတ်ထဲတွင် စွဲထင်သွားလေ၏။
ကျောပိုးအိတ်ကို စစ်ဆေးကြည့်လိုက်ရာ လက်ပစ်ဗုံး ၅ လုံးနှင့် မီးခိုးဗုံး ၂ လုံး အပြည့်ရှိနေသည်။ တစ်ခါမှ မကြုံဖူးသော ယုံကြည်မှုတို့ ရင်ထဲတွင် ပြည့်လျှံလာတော့၏။
“နံပါတ်နှစ်... ဘာလို့ ငတုံးလို ရပ်နေတာလဲ။ ဇုန်ကျုံ့တော့မယ်၊ မြန်မြန်လိုက်ခဲ့”
“စောစောက အသင်းလည်း ဇုန်ပြေးပြီထင်တယ်၊ ငါတို့လည်း သွားသင့်ပြီ။ နံပါတ်နှစ်... ငါတို့ကို အောက်ဆွဲမလုပ်နဲ့”
အသင်းဖော်များ၏ ထပ်ခါတလဲလဲ တိုက်တွန်းမှုကြောင့် ချန်ဇယ် အမြန်သတိဝင်လာ၏။
“အေးပါ”
အခြားရွေးချယ်စရာ မရှိပေ။ သူက အသင်းထဲတွင် အညံ့ဆုံးဖြစ်သဖြင့် ခေါင်းဆောင်ပြောသမျှ နားထောင်ရမည်သာ။
အဖွဲ့သည် အိမ်လေးထဲမှ ထွက်လာပြီး လမ်းဖြတ်ကူးကာ Safe Zone ဆီသို့ ပြေးရန် ပြင်လိုက်ကြ၏။ မထင်မှတ်ထားသော အရာက ဖြစ်လာ၏။ ခေါင်းပြူထွက်လိုက်သည်နှင့် ကားဂိုဒေါင်ဘေးမှ M4 သေနတ်သံ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ကျည်အနည်းငယ် ပစ်ခတ်ခံရပြီးနောက် ရှေ့ဆုံးမှ ပြေးထွက်သွားသော နံပါတ်တစ်မှာ ဘာမှပင် မတုံ့ပြန်လိုက်နိုင်ခင် ချက်ချင်း လဲကျသွားလေ၏။
“လခွမ်း... ဒီအသင်းက ဦးနှောက်မရှိဘူးလား။ ဘာလို့ ဒီမှာ လာစောင့်နေရတာလဲ” တုန်လှုပ်သွားသော နံပါတ်တစ်က အကျယ်ကြီးဆဲဆိုရင်း ထောင့်တစ်နေရာသို့ ကပျာကယာ တွားသွားလိုက်ရကာ အသတ်ခံရလုနီးပါးပင်။
တစ်ချိန်တည်းမှာပင် တစ်ဖက်အသင်း၏ ခြေသံများလည်း စတင် ပေါ်ထွက်လာသည်။ လူနှစ်ယောက်က ကားဂိုဒေါင်ထဲတွင် ပိတ်မိနေပြီး မလှမ်းမကမ်းရှိ သုံးထပ်တိုက်ခေါင်မိုးပေါ်တွင် ဝပ်နေသူတစ်ယောက်လည်း ရှိနေ၏။
ချန်ဇယ်တို့အသင်းမှာ အခက်တွေ့သွားလေပြီ။
“နံပါတ်နှစ်... သူ့ကို ကယ်လိုက်။ ငါ သူတို့ကို သတ်တာ ကြည့်နေ” နံပါတ်သုံးက ကိုယ်တိုင်တာဝန်ယူကာ AKM ကိုင်ပြီး ကိုယ်ကိုကိုင်းကာ တစ်ဖက်ရန်သူများကို အစွမ်းပြရန် ပြင်လိုက်၏။
ရလဒ်အနေဖြင့် သေနတ်လေးလက်က သူ့ဆီသို့ ပြိုင်တူ ပစ်ခတ်လာတော့သည်။ ကြောက်လန့်သွားသော နံပါတ်သုံးမှာ တစ္ဆေသရဲကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်ရင်း မြေပေါ်သို့ လဲကျသွားကာ သူ့ကိုကယ်ရန် အော်ပြောတော့၏။
ချန်ဇယ်က ရန်သူ့သေနတ်သံထွက်ပေါ်လာသည့် နေရာများကို နားထောင်ပြီးနောက် လက်ပစ်ဗုံးတစ်လုံးကို ပြတ်သားစွာ ဆွဲထုတ်ကာ အချိန်ယူချိန်ရွယ်လိုက်သည်။
“ငိုးမ နံပါတ်နှစ်... မင်း နားကန်းနေလား။ ကယ်လေ... ငါသေသွားရင် မင်း ကြက်သားစားရဖို့ မစဉ်းစားနဲ့တော့” သူ့ကို အရင်မကယ်ဘဲ လက်ပစ်ဗုံးကိုင်ထားသည်ကို မြင်တော့ နံပါတ်တစ်က ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်တော့၏။
ချန်ဇယ်က ခပ်တည်တည်ပင်။ လက်ပစ်ဗုံး ပေါက်ကွဲခါနီးအချိန်တွင် ကိုယ်ကိုကိုင်းကာ ရန်သူများ နေရာယူထားသော သုံးထပ်တိုက်ခေါင်မိုးပေါ်သို့ ပစ်တင်လိုက်သည်။
ဒိုင်း!
ကစားသမား 【ချန်ဇယ်】 သည် Frag Grenade ကို အသုံးပြု၍ ကစားသမား 【ရှောင်ရွယ်】 အား လဲကျစေခဲ့သည်။
ကစားသမား 【ချန်ဇယ်】 သည် Frag Grenade ကို အသုံးပြု၍ ကစားသမား 【ချူးကျုံး】 အား လဲကျစေခဲ့သည်။
လက်ပစ်ဗုံးတစ်လုံးတည်းနှင့်ပင် လူနှစ်ယောက် လဲကျသွားလေ၏။
“ချီးတဲ့မှပဲ... ဗုံးပစ်တာ မိုက်လှချည်လား” နံပါတ်တစ်မှာ ချက်ချင်းပင် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ လူကယ်နေသော နံပါတ်လေးကလည်း မိုက်လွန်းကြောင်း အော်ပြောလိုက်၏။
ထင်သည့်အတိုင်းပင်။
နှစ်ယောက် လဲကျသွားသောအခါ တစ်ဖက်လူများ သိပ်မမောက်မာရဲတော့ဘဲ ကျန်နှစ်ယောက်၏ ခြေသံများ စတင်လှုပ်ရှားလာသည်။
“သူတို့ ဗုံးကိုင်နေပြီ၊ အိမ်ထဲ အရင်ဝင်”
အသင်းဖော်ကို ထူပေးလိုက်သည်နှင့် တိကျပြတ်သားသော ကလစ်ခနဲ အသံကြောင့် ချန်ဇယ်တို့အဖွဲ့ ပြာယာခတ်သွားကြ၏။ ကံကောင်းထောက်မစွာဖြင့် ရန်သူ့လက်ပစ်ဗုံးက သိပ်မတိကျပေ။ ချန်ဇယ်တို့အဖွဲ့ နှစ်ထပ်အိမ်ထဲ ဝင်သွားပြီးမှ အပြင်ဘက်တွင် ပေါက်ကွဲသွားသဖြင့် မည်သည့်ထိခိုက်မှုမှ မရှိခဲ့။
ချန်ဇယ် အချိန်မဆွဲတော့ဘဲ သွက်လက်ချောမွေ့သော လှုပ်ရှားမှုများဖြင့် အပေါ်ထပ်သို့ တက်ကာ လမ်းတစ်ဖက်ခြမ်းဆီသို့ နောက်ထပ်လက်ပစ်ဗုံးတစ်လုံးကို အချိန်ယူလိုက်၏။ ခြေသံအရေအတွက်ကို နားထောင်ကြည့်ရသလောက် ဤအချိန်တွင် တစ်ဖက်လူများသည် သူတို့၏အသင်းဖော်များကို ကယ်တင်ပြီးနေလောက်ပြီ။
ချန်ဇယ် လက်ပစ်ဗုံးကို လှမ်းပစ်လိုက်သည်။ ထိုနှစ်ယောက်ကို ထပ်မံလဲကျစေပြန်၏။
“ဒီလက်ပစ်ဗုံးက အတုလား... မင်း ကံကောင်းလိုက်တာ” မယုံနိုင်စွာဖြင့် နံပါတ်တစ် အော်လိုက်မိ၏။
နံပါတ်တစ်နှင့် နံပါတ်သုံးတို့ စိတ်တည်ငြိမ်သွားကာ ဆေးသုံးရန် ပြင်နေစဉ်မှာပင် တစ်ဖက်လူများက လမ်းပေါ်သို့ အခိုးဗုံးနှစ်လုံး တိုက်ရိုက်ပစ်ချလိုက်သည်။
“သူတို့ ငါတို့ကို လာချတော့မယ်။ ပြီးပြီ... ဒီပွဲတော့ သွားပါပြီ” မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နံပါတ်တစ် စတင်ညည်းတွားနေလေပြီ။
တစ်ဖက်လူများ၏ သေနတ်ပစ်စွမ်းရည်မှာ သူတို့ထက် သာလွန်သည်က သေချာနေ၏။ လူဦးရေ အားနည်းချက်ကြောင့်လည်း သူတို့မှာ ယုံကြည်မှု မရှိကြတော့ပေ။
သို့သော် ချန်ဇယ်ကမူ အလောတကြီးမရှိဘဲ နောက်ထပ် လက်ပစ်ဗုံးတစ်လုံးကို ဆက်ကိုင်ထားလိုက်သည်။
ဒက်... ဒက်... ဒက်...
ကျန်ရှိနေသော ရန်သူနှစ်ယောက်မှာ သူတို့အသင်းဖော်များကို လျစ်လျူရှုကာ အခိုးငွေ့ထဲသို့ ခုန်ဝင်လာပြီး ချန်ဇယ်တို့အသင်းရှိရာ အိမ်ဆီသို့ ပြေးဝင်လာကြတော့၏။ ထိုခဏတွင် တစ်ဖက်ရန်သူနှစ်ဦးစလုံး အဆင့် ၃ ဂီယာများ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသည်။ ထို့ပြင် တစ်ယောက်က M249 ကိုပါ ကိုင်ထားသေး၏။
သူတို့၏ ပစ်အားက သေချာပေါက် အားသာနေလေပြီ။
“ပြီးပြီ... ပြီးပြီ။ ငါ့မှာ ကျည်သိပ်မကျန်တော့ဘူး။ ဟိုနာနတ်သီးက တစ်ကျည်ကတ်လုံးသာ ပတ်ပစ်လိုက်ရင် ငါတို့တစ်သင်းလုံး နတ်ပြည်ရောက်သွားမှာ”
“ငါတို့ရဲ့ ဦးထုပ်တွေ၊ အင်္ကျီတွေလည်း ပျက်နေပြီ၊ နောက်တစ်ပွဲအတွက်သာ ပြင်ထားကြတော့”
ထိုစဉ် လက်ပစ်ဗုံးကို အချိန်ယူနေသော ချန်ဇယ်မှာ ခေါင်းလေးပြူကာ လှေကားဆီသို့ တိုက်ရိုက်ပစ်ချလိုက်ရာ ဗုံးမှာ အောက်ထပ်သို့ ခုန်ပေါက်ကျသွားလေ၏။ တစ်ဖက်လူနှစ်ယောက်မှာ အိမ်ပေါက်ဝမှ ဝင်လာခါစပင် ရှိသေးသည်။
ဝုန်း!
ကြိုတင်ခန့်မှန်းပစ်ချလိုက်သော လက်ပစ်ဗုံး ပေါက်ကွဲသွားသည်နှင့် ညာဘက်အပေါ်ထောင့်တွင် Kill Notification လေးခု ပေါ်လာတော့၏။ အားလုံးသည် ချန်ဇယ်၏ Kills များချည်းပင်။
တစ်သင်းလုံး ပြုတ်သွားပြီ။
လက်ပစ်ဗုံး သုံးလုံးသာ သုံးလိုက်ရ၏။ သေနတ်တစ်ချက်မှပင် မဖောက်လိုက်ရ။
“ဒါ... နံပါတ်နှစ် မင်း ခွေးကောင်... ဟက်ကာလား” နံပါတ်တစ်မှာ Kill Feed ကို မယုံနိုင်စွာ ကြည့်ရင်း လုံးဝကြက်သေသေသွားတော့၏။ ကျန်အသင်းဖော်နှစ်ယောက်လည်း စကားပင်မပြောနိုင်ဘဲ အတော်ကြာအောင် မှင်သက်နေကြသည်။
လက်ပစ်ဗုံးကိုင်ထားရန် နည်းစနစ်များစွာ လိုအပ်သည်။ ခန့်မှန်းခြင်း၊ အချိန်ကိုက်ခြင်းများ အားလုံးအတွက် များပြားလှသော အတွေ့အကြုံများ လိုအပ်လှ၏။ သို့သော် လွန်ခဲ့သော ခဏကပင် ချန်ဇယ်မှာ အလွန်ညံ့ဖျင်းနေခဲ့သည်။
သူက တကယ်ကြီး လက်ပစ်ဗုံး သုံးလုံးတည်းနှင့် တစ်ဖက်အသင်းကို ဖြုတ်ချလိုက်တာလား။
သူ ဟက်မထားကြောင်း ပြောလျှင်တောင် မည်သူမှ ယုံကြမည် မဟုတ်ချေ။