အခန်း (၄၇) - ဂိမ်းကစားခြင်း
ဒေါက်... ဒေါက်...
နောဧသည် ဦးလေးစမစ်နှင့် အန်တီမေတို့ထံမှ ခွင့်ပြုချက် ရယူပြီးသားဖြစ်သည်။
လှေကားထပ်ဆီသို့ တက်လာသည့်အခါ စင်္ကြံလမ်းမှာ ဆယ်ကျော်သက်တို့၏ စိတ်အလိုမကျမှုများနှင့် ထုတ်မပြောဖြစ်သော ပြဿနာများကြောင့် ပို၍ မှောင်မှိုင်းလေးလံနေသလို ခံစားရသည်။
ဘာတုံ့ပြန်မှုမှ မရှိ။
သူ နောက်တစ်ကြိမ် ထပ်ခေါက်လိုက်သည်။
ဝင်ခွင့်မပြုကြောင်း ငြင်းဆိုသံလည်း မကြားရသဖြင့် နောဧသည် တံခါးကို ဖြည်းဖြည်းချင်းဖွင့်ကာ ဝင်သွားခဲ့သည်။ အီသန်သည် စားပွဲတွင် ကုန်းကုန်းလေးထိုင်ကာ နားကြပ်တပ်လျက် စစ်ပွဲနောက်ခံ ဂိမ်းတစ်ခုကို ဆော့နေသည်ကို တွေ့လိုက်ရသည်။
နားကြပ်ထဲမှ ထွက်ပေါ်လာသော ပေါက်ကွဲသံများကြားတွင် ကွန်ထရိုးလာ ခလုတ်များကို အဆက်မပြတ် နှိပ်နေသည့် အသံများက အခန်းထဲတွင် ပြည့်နှက်နေသည်။
'ဒီကောင်လေး သူ့ကမ္ဘာထဲ သူ ရောက်နေတာပဲ။ ဂိမ်းအလယ်မှာ သွားပြီး မနှောင့်ယှက်တာ ပိုကောင်းမယ်။'
နောဧသည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း အီသန်၏ အံ့ဩစရာကောင်းသော စစ်မြေပြင်က ကျွမ်းကျင်မှုများကို ကြည့်နေမိသည်။ သူ၏ ဝမ်းကွဲညီလေး၏ မျက်နှာပေါ်မှ အာရုံစူးစိုက်မှုမှာ လုံးဝဥဿုံပင်—ဒါက ဖျော်ဖြေရေးသက်သက်တင် မဟုတ်ဘဲ ထွက်ပေါက်တစ်ခုအဖြစ် အသုံးချနေခြင်းဖြစ်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် အီသန်၏ ဇာတ်ကောင် သေသွားတော့သည်။
သူသည် စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း နားကြပ်ကို ချွတ်လိုက်သည်။
"အကိုလည်း လိုက်ဆော့လို့ ရမလား?" နောဧက တိုးတိုးလေး မေးလိုက်သည်။
အီသန်က သူ့ကို တစ်ချက်ကြည့်လိုက်ရာ မျက်နှာတွင် အံ့ဩသွားသည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။
ဘာစကားမှ မပြောဘဲ ဒုတိယမြောက် ကွန်ထရိုးလာကို ကမ်းပေးရင်း နေရာရအောင် ကုလားထိုင်ကို ဘေးသို့ တိုးပေးသည်။
'ဂိမ်းဆော့တာက ငါ့ရဲ့ အားသာချက် မဟုတ်ပေမဲ့ စနစ်က ကူညီပေးမယ်လို့ မျှော်လင့်ရတာပဲ။'
နောဧသည် သူ့ညီလေးဘေးတွင် ဝင်ထိုင်လိုက်သည်။ လက်ထဲက ကွန်ထရိုးလာမှာ သူစိမ်းပြင်ပြင်ကြီးလို ခံစားနေရသည်။
ဂိမ်းစတက်လာသည်—ခလုတ်တွေ အများကြီးပါသည့် စစ်ဆင်ရေးဂိမ်းတစ်ခုပင်။
"သိပ်တော့ မျှော်လင့်မထားနဲ့ဦးနော်" နောဧက ကြိုတင်သတိပေးလိုက်သည်။
အီသန်၏ နှုတ်ခမ်းလေး တွန့်သွားသည်။
'ဂိမ်းမစခင်ကတည်းက ပြောထားသင့်တာ။'
ပထမ ၅ မိနစ်ကတော့ တကယ့် သတ်ကွင်းပင်။ နောဧ၏ ဇာတ်ကောင်မှာ ခဏခဏ သေနေသည်—ရန်သူပစ်လို့ သေလိုက်၊ ချောက်ထဲကျသေလိုက်၊ ကိုယ့်လက်ပစ်ဗုံးနဲ့ကိုယ် မှားပြီး ခွဲမိလိုက်နှင့်။
သူ့ရဲ့ သေနှုန်း ကတော့ ဝမ်းနည်းစရာ ပြဇာတ်တစ်ခုလိုပင်။
'ရှက်ဖို့ကောင်းလိုက်တာ။ ကိုယ့်ညီလေး ရှေ့တင် အပြတ်အသတ် အနိုင်ကျင့်ခံနေရတာပဲ။'
သို့သော် တဖြည်းဖြည်းနှင့် တစ်ခုခု ပြောင်းလဲလာသည်။ သူ၏ တုံ့ပြန်မှု အာရုံခံစားမှုများ ထက်မြက်လာသည်။
လှုပ်ရှားမှုများက ပို၍ ချောမွေ့လာသည်။
ကွန်ထရိုးလာမှာလည်း သူစိမ်းပစ္စည်းတစ်ခုလို မဟုတ်တော့။
ထိုအချိန်တွင် သူ၏ မျက်စိရှေ့တွင် အသိပေးချက်တစ်ခု လက်ခနဲ ပေါ်လာသည်။
[သင်သည် ကျွမ်းကျင်မှုတစ်ခု ရရှိသွားပါပြီ- ဂိမ်းကစားခြင်း (အဆင့် ၁)]
'မိုက်တယ်။'
ချက်ချင်းပင် အပြောင်းအလဲက ပေါ်လွင်လာသည်။ နောဧ၏ နောက်ထပ် အသက်မှာ သိသိသာသာ ပိုကြာရှည်လာပြီး ပစ်မှတ်ကိုလည်း ပိုမို တိကျလာသည်။
သူသည် ရန်သူတစ်ယောက်ကို သေချာ သုတ်သင်နိုင်ခဲ့ပြီး ချက်ချင်း ပြန်မသေအောင်လည်း နေနိုင်လာသည်။
"ဟမ်" အီသန်က နောဧ၏ စခရင်ကို ကြည့်ရင်း ပြောလိုက်သည်။ "အကို တော်လာပြီပဲ။"
"အကိုက အစွမ်းကို ဖုံးထားတာပါ။ အခုမှ ကြည့်စမ်း!"
သူတို့နှစ်ဦးသည် အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်ပင် ဂိမ်းဆော့နေကြသည်။ အောက်ထပ်မှ တင်းမာမှုများမှာ ဒစ်ဂျစ်တယ် သေနတ်သံများကြားတွင် အရည်ပျော်သွားကြသည်။
ဒီကို ရောက်လာကတည်းက ပထမဆုံးအကြိမ်အဖြစ် အီသန် တကယ် စိတ်ပေါ့ပါးသွားပုံရသည်။
'သူ့ကို ဘာပဲ ဒုက္ခပေးနေပါစေ၊ ဒါက အထောက်အကူ ဖြစ်စေမှာပါ။ တစ်ခါတလေကျရင် အကောင်းဆုံး စကားဝိုင်းတွေက စကားမပြောဘဲ ဖြစ်ပေါ်တတ်တာပဲ။'
နောဧ၏ ပိုမိုကောင်းမွန်လာသော စွမ်းဆောင်ရည်ကြောင့် သူ့ညီလေးထံမှ အထင်ကြီးသည့် အကြည့်များကို ပိုမို ရရှိလာသည်။
ဂိမ်းအဆင့် ၁ က သူ့ကို ပရော်ဖက်ရှင်နယ် တစ်ယောက် မဖြစ်စေသော်လည်း သူ့အဆင့်နှင့်သူတော့ တောင့်ခံနိုင်စွမ်း ရှိသွားပြီဖြစ်သည်။
'အခုတော့ တကယ့်ပြဿနာကို စမေးဖို့ အချိန်တန်ပြီ။'
နောက်တစ်ကျော့ ပြန်စရန် စောင့်နေစဉ် နောဧ တွေးလိုက်သည်။
ဂိမ်းဆော့ခြင်းက မှော်ဆန်စွာ အလုပ်ဖြစ်သွားသည်—အီသန်၏ ပုခုံးများမှာ လျော့ကျသွားပြီး မျက်ဝန်းတစ်ဝိုက်မှ တင်းမာမှုများ ပြေလျော့သွားသည်။
"ညီလေး... ဘာဖြစ်တာလဲ? အကို့ကို ပြောပြဦး။"
ညီအစ်ကိုချင်း ပြောသည့် လေသံမှာ သဘာဝကျပြီး ဖိအားမပါပေ။
နောဧသည် ဦးလေးစမစ်ဆီမှ သင်ယူခဲ့သည်—တစ်ခါတလေမှာ မိသားစုဝင်တွေဟာ နွေးထွေးမှုထဲမှာ ထုပ်ပိုးထားတဲ့ ပွင့်လင်းမှုကို လိုအပ်တတ်ကြသည်။
အီသန်၏ လက်ချောင်းများမှာ ကွန်ထရိုးလာပေါ်တွင် ငြိမ်ကျသွားသည်။ သူ၏ မေးရိုးများမှာ တင်းကျပ်နေပြီး မြှုပ်နှံထားလိုသော စကားလုံးများကို ထုတ်ဖော်ရန် ရုန်းကန်နေရပုံရသည်။
"ဘာမှ မဟုတ်ပါဘူး။"
"နောက်တစ်ခါ ပြန်ပြောကြည့်ဦး။ ငါတို့က အသက်ချင်းလည်း သိပ်မကွာပါဘူး။ ပြီးတော့ မင်းမိဘတွေ သိသွားမှာကိုလည်း စိတ်မပူနဲ့။ အကို သူတို့ကို လုံးဝ မပြောဘူးလို့ ကတိပေးတယ်။"
ဆယ်ကျော်သက်လေး၏ ဟန်ဆောင်မှုမျက်နှာစာ ပြိုလဲသွားသည်။ နာကျင်မှုများမှာ ရေကာတာကျိုးသကဲ့သို့ စီးကျလာတော့သည်။
"သူမ နာမည်က အေမီ တဲ့" ဟု သူက နောက်ဆုံးတွင် စတင်ပြောလိုက်သည်။ "ကျွန်တော်တို့ တွဲခဲ့တာ သုံးပတ်ရှိပြီ။ သုံးပတ်ပဲ ရှိသေးပေမဲ့ ကျွန်တော် ထင်ခဲ့တာက..."
သူ၏ အသံမှာ တိမ်ဝင်သွားသည်။
နောဧသည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးလိုက်သည်။ အချို့သော ပုံပြင်များသည် လွတ်လပ်စွာ အသက်ရှူရန် နေရာလပ် လိုအပ်သည် မဟုတ်ပါလား။
"ကျောင်းမှာ ကောင်လေးတစ်ယောက် ရှိတယ်။ ဂျေဆန် မစ်ချယ်လ် တဲ့။ သူ့အဖေက မြို့ထဲမှာ အချမ်းသာဆုံး လူတစ်ယောက်ပဲ။"
အီသန်၏ လက်ဆစ်များမှာ ကွန်ထရိုးလာကို ကိုင်ထားရင်း ဖြူဖျော့လာသည်။
"အဲ့ဒီကောင်က ကျောင်းကို မာစီးဒီး စီးလာတာ။ အသက် ၁၆ နှစ်ပဲ ရှိသေးတယ်၊ မာစီးဒီးနဲ့ဗျာ။"
'ချမ်းသာတဲ့ ကလေးရောဂါ' ပေါ့။ ငါ အဲ့ဒီလို လူမျိုးတွေကို မှတ်မိတာပေါ့။
"ဂျေဆန်က ကျောင်းမှာ ကစားသမားပဲ။ သူ ပျင်းလာရင် နောက်တစ်ယောက်ဆီ ကူးသွားတတ်ပြီး အမှိုက်ပုံကြီးပဲ ချန်ထားခဲ့တာ။"
အီသန်၏ အသံမှာ စကားတစ်လုံးချင်းစီတိုင်းတွင် ပို၍ တင်းမာလာသည်။
"လူတိုင်းက သူ့အကျင့်ကို သိကြပေမဲ့ မိန်းကလေးတွေကတော့ တန်းစီနေကြတာပဲ။"
ပိုက်ဆံက အရာရာကို ပြောဆိုနိုင်သည်၊ အထူးသဖြင့် ဆယ်ကျော်သက်တွေအတွက်ပေါ့။
"ပြီးခဲ့တဲ့ သောကြာနေ့က အေမီက မက်ဆေ့ခ်ျ ပို့လာတယ်။ မိသားစု ထမင်းစားပွဲ ရှိလို့တဲ့။ ဒါကြောင့် ကျွန်တော်တို့ ချိန်းထားတဲ့ ဒိတ်ကို မလာနိုင်ဘူးတဲ့၊ ဟားဟား။"
အီသန်၏ ရယ်သံမှာ လှောင်ပြောင်မှုနှင့် နာကျင်မှုတို့ ပြည့်နှက်နေသည်။
"အဲ့ဒီညမှာ ကျွန်တော် အောက်စတာဂရမ်ကြည့်နေရင်း ဂျေဆန်ရဲ့ စတိုရီ ကို တွေ့လိုက်တယ်။ မြို့ထဲက တန်ဖိုးကြီး စားသောက်ဆိုင်မှာ။ ပြီးတော့ မိန်းကလေး တစ်ယောက်၊ စားပွဲပေါ်မှာတော့ အဲ့ဒီနေ့ နေ့လယ်ကမှ သူ ဝယ်ပေးထားတဲ့ ဒီဇိုင်နာ အိတ်တစ်လုံး။"
"အကို ထင်နိုင်ပါတယ်၊ ဓါတ်ပုံထဲမှာ မျက်နှာကို အပြည့်အစုံ မပြထားဘဲနဲ့ ဒါ အေမီမှန်း ကျွန်တော် ဘယ်လို သိလဲဆိုတာ။ အဲ့ဒါက... သူမရဲ့ လက်ပဲ။ သူမရဲ့ လက်မှာ ကျွန်တော် ကောင်းကောင်း သိတဲ့ မှဲ့တစ်ခု ရှိတယ်။"
"ဒေါ်လာ နှစ်ရာတန် အိတ်တစ်လုံး။ အဲ့ဒါလေးနဲ့တင် အားလုံး ပြီးသွားတာပဲ။"
"သူမ ကြည့်ရတာ အရမ်း ပျော်နေပုံရတယ်" ဟု အီသန်က တိုးတိုးလေး ပြောသည်။ "ကျွန်တော်နဲ့ ရှိတုန်းကထက် ပိုပျော်နေတဲ့ ပုံပဲ။ အဲ့ဒီ အပြုံးက ကြည့်ရတာ တကယ့်ကို ကျေနပ်ပီတိ ဖြစ်နေသလိုပဲ။"
နောဧသည် သူ့ညီလေး၏ နာကျင်မှုကို ကိုယ်ချင်းစာမိသည်။ ကိုယ့်နေရာမှာ စျေးနှုန်းတစ်ခုနှင့် အစားထိုးခံလိုက်ရသည်ကို သိရှိလိုက်ရသည့် သစ္စာဖောက်မှုက တကယ့်ကို ခံရခက်လှသည်။
"အဲ့ဒီအိတ်က ဒေါ်လာ နှစ်ရာတန်တယ်။ ဂျေဆန်ရဲ့ စတိုရီထဲမှာ ပြေစာကို တွေ့လိုက်တယ်၊ သူက အဲ့ဒါကို ကြွားနေတာ။ ဒေါ်လာ နှစ်ရာနဲ့တင် သူမက ကျွန်တော်တို့ရဲ့ သုံးပတ်တာ ကာလကို ဘာမှမဟုတ်သလို လွှင့်ပစ်လိုက်တာပဲ။"
အသက် ၁၆ နှစ်အရွယ်မှာ သုံးပတ်ဆိုတာ ထာဝရလောက် ကြာတယ်လို့ ခံစားရတတ်တာပဲ။
အီသန်၏ အသက်ရှူသံများမှာ မြန်လာသည်။
"ကျွန်တော် သိသွားတာကိုတောင် သူမ မသိသေးဘူး။ ဘာမှ မဖြစ်သလိုမျိုး ကျွန်တော့်ကို မက်ဆေ့ခ်ျတွေ ပို့နေတုန်းပဲ။ သူမက ဟိုပိုက်ဆံရှိတဲ့ ကောင်နဲ့ မင်းသမီးလေးလို ကစားနေတုန်းမှာ ကျွန်တော့်ကို အရန်ရွေးချယ်မှု တစ်ခုလို သဘောထားနေတာ။"
ဆယ်ကျော်သက်လေး၏ တည်ငြိမ်မှုမှာ နောက်ဆုံးတွင် ပြိုလဲသွားတော့သည်။
ရက်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သော အရှက်ရမှုနှင့် ဒေါသများမှာ မျက်ရည်များအဖြစ် အတားအဆီးမဲ့ စီးကျလာသည်။
"ကျွန်တော်က တကယ့် လူအိမ့်ပဲ။ ကျွန်တော်က ဘယ်လိုလုပ် အဲ့ဒီလူနဲ့ ပြိုင်နိုင်မှာလဲ? ကျွန်တော်က စနေ၊ တနင်္ဂနွေတွေမှာ ကုန်စုံဆိုင်မှာ အနိမ့်ဆုံး လုပ်ခလစာနဲ့ အလုပ်လုပ်နေရတာ။ သူ နေ့လယ်စာ တစ်နပ် စားတဲ့ ပိုက်ဆံက ကျွန်တော် တစ်နေ့လုံး လုပ်မှရတဲ့ ပိုက်ဆံထက် ပိုများဦးမယ်။"
ဒါကတော့ တကယ့် ဒဏ်ရာပဲ။ သစ္စာဖောက်ခံရတာတင် မဟုတ်ဘူး—ကိုယ့်ကိုယ်ကိုယ် မလုံလောက်ဘူးလို့ ခံစားရတာ။
နောဧ၏ မျက်နှာပေး ပြောင်းလဲသွားသည်။ ကိုယ်ချင်းစာနေသော ဝမ်းကွဲအကိုကြီး၏ ဟန်ဆောင်မှုကို ဖယ်ရှားလိုက်ပြီး ပို၍ လျှို့ဝှက်ဆန်းပြားသည့် အသွင်သို့ ပြောင်းလဲသွားသည်။
သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆို ညီလေး ဘာလုပ်ချင်လဲ?"
"ဘာမှ မလုပ်ချင်ပါဘူး။"
အီသန်က မျက်ရည်တွေကို အကြမ်းပတမ်း သုတ်လိုက်သည်။
"ကျွန်တော် ဘာမှ မလုပ်နိုင်ဘူး။ သူက ချမ်းသာတယ်၊ ကျွန်တော်က မွဲတယ်။ ပုံပြင်က ဒါပါပဲ။"
"မဟုတ်ဘူး... အကို ဆိုလိုတာက မင်းရဲ့ ရင်ထဲမှာလေ။ တကယ်တမ်း ဘာလုပ်ချင်တာလဲ?"
အီသန်၏ မျက်ဝန်းထဲတွင် နာကျင်မှုများအောက်၌ မြုပ်နေသော ဒေါသမီးစလေးတစ်ခု လက်ခနဲ ပေါ်လာသည်။
"ကျွန်တော် သူတို့ နှစ်ယောက်လုံးကို ပါးရိုက်ချင်တယ်" ဟု သူက တိုးတိုးလေး ပြောလိုက်သည်။
ထို့နောက် ပိုကျယ်သောအသံဖြင့်...
"သူမ ကျွန်တော့်အပေါ် သစ္စာဖောက်ခဲ့တာကို နောင်တရအောင် လုပ်ချင်တယ်။ အရာရာက အဆင်ပြေနေတုန်းပဲလို့ ထင်ပြီး ကျွန်တော့်ဆီ လာစေချင်တယ်၊ အဲ့ဒီနောက်ကျမှ တစ်အတန်းလုံး ရှေ့မှာ သူမကို ဖြတ်ပစ်လိုက်ချင်တယ်။"
တောက်... ခံစားချက်တွေ အပြည့်ပါလား။ ငါ့ညီလေးက တော်တော်လေးကို ဒေါသထွက်နေတာပဲ။
နောဧ၏ အပြုံးက ပို၍ ထင်ရှားလာသည်။
"ကောင်းပြီ။ သူမကို မင်းရဲ့ လူမှုကွန်ရက်မှာ ရှိနေတုန်းပဲလား?"
အီသန်က သွားကြိတ်ရင်း ခေါင်းညိမ့်ပြသည်။
"ကျွန်တော် တရားဝင်တော့ မပြတ်ရသေးဘူး။ သူမ သစ္စာဖောက်တာကို ဂျေဆန်ရဲ့ စတိုရီကနေ ကျွန်တော် သိသွားတာကို သူမ မသိသေးဘူး။"
"ကွက်တိပဲ။" နောဧ မတ်တတ်ထရပ်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်တွင် စွမ်းအင်များမှာ လျှို့ဝှက်သော လျှပ်စစ်စီးကြောင်းများကဲ့သို့ လည်ပတ်နေသည်။
"ကဲ... ပြင်ဆင်တော့။ အကို မင်းကို နေရာတစ်ခု ခေါ်သွားချင်လို့။"