အခန်း (၃၆) - အရှက်ရခြင်း
ထိုသူစိမ်းသည် ကုန်းပေါ်ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ ပါးစပ်ကို တဟပ်ဟပ် လုပ်နေမိသည်။
နှစ်ပေါင်း ၂၀ ကြာ စွဲမြဲလာခဲ့သော အထင်အမြင်သေးတတ်သည့် အကျင့်နှင့် နောဧ၏ ဖိအားပေးမှု၊ သူငယ်ချင်းဖြစ်သူ၏ ဒေါသတကြီး စိတ်ပျက်နေသော အကြည့်တို့ကြားတွင် အားပြိုင်နေရသည်။
"ငါ... ငါ တောင်းပန်ပါတယ်။"
သူ့စကားလုံးများမှာ အတင်းညှစ်ထုတ်လိုက်ရသလိုပင်။ တောင်းပန်ရမည့်သူများကို ကြည့်ရမည့်အစား ကြမ်းပြင်ကိုသာ စိုက်ကြည့်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။
နောဧကတော့ ဤမျှနှင့် အားမရသေးပေ။ သူသည် ဝန်ထမ်းများဘက်သို့ လှည့်ကာ အသံကို သိသိသာသာ နူးညံ့အောင် ပြောင်းလိုက်ရင်း မေးလိုက်သည်။
"မင်းတို့ သူ့ကို ခွင့်လွှတ်ကြလား?"
အလစ်ဆာက ငြိမ်သက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏ ယဉ်ကျေးသိမ်မွေ့သော သဘာဝက ပြဿနာကို ထပ်မကြီးထွားစေချင်ပေ။
ဂရစ်ဇ်ကလည်း ပြဿနာဖြစ်မည်ကို ကြောက်သဖြင့် ခေါင်းကို အသည်းအသန် ငြိမ့်ပြနေသည်။ ကစ်ပ်ကတော့ သူ့အစ်မ၏ တံတောင်နှင့် အတို့မခံရမချင်း ထိုသူစိမ်းကို စိုက်ကြည့်နေဆဲပင်။
နောက်ဆုံးတွင်မှ မကျေမနပ်နှင့် တစ်ချက် ထပ်ကြည့်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်တော့သည်။
'ဒီလောက်ဆို ရပါပြီ။'
ဆိုင်အတွင်းရှိ လေထုမှာ တင်းမာနေဆဲဖြစ်သော်လည်း အခြေအနေ ဆိုးရွားမသွားတော့ပေ။
နောဧ ပေးချင်သော သတင်းစကားမှာ ရှင်းလင်းပါသည်—သူ့ဝန်ထမ်းများသည် မည်သည့်မျိုးနွယ်ဖြစ်စေ လေးစားမှုနှင့် ထိုက်တန်သူများ ဖြစ်သည်။
'ဒါကို လက်မခံနိုင်တဲ့သူ ဘယ်သူမဆို တခြားမှာ သွားဝယ်လို့ ရတယ်။'
အခြေအနေ ပြန်လည်အေးဆေးသွားသဖြင့် ဝုဒ်ရိုးရှေ့သို့ လှမ်းလာသည်။
"တကယ် တောင်းပန်ပါတယ် နောဧရာ။ သူက အရင်က အတွေးအခေါ်ဟောင်းတွေကြားမှာ ပိတ်မိနေတုန်းပဲဆိုတာ သိရင် ငါ သူ့ကို ဒီကို ခေါ်လာမှာ မဟုတ်ဘူး။"
နောဧက ခေါင်းခါပြလိုက်သည်။ "မင်းအပြစ် မဟုတ်ပါဘူး၊ စိတ်ထဲမထားပါနဲ့။ ဘာပဲဖြစ်ဖြစ် သူ တောင်းပန်လိုက်ပြီပဲဥစ္စာ။"
နည်းနည်းတော့ အတင်းအကျပ် လုပ်လိုက်ရပေမဲ့ပေါ့။
ဝုဒ်ရိုးက ကျေးဇူးတင်စွာဖြင့် ခေါင်းငြိမ့်ပြပြီး သူ အမြဲဝယ်နေကျအတိုင်း မှာလိုက်သည်။
ပေါင်မုန့် တစ်လုံး။
နောဧ၏ အကြည့်က နာမည်တောင် မမေးမိလိုက်သော အခြားတစ်ယောက်ထံသို့ ရောက်သွားသည်။
"မင်းရော ဘာယူမလဲ?"
ထိုသူစိမ်းသည် အမှားပြင်ဆင်ရန် အသည်းအသန် ကြိုးစားနေသည့်ပုံစံဖြင့် ခေါင်းငြိမ့်ပြသည်။ "စောစောကကိစ္စအတွက် တောင်းပန်ပါတယ်နော်။ လူကြီးတစ်ယောက်ရဲ့ စိတ်တိုတတ်တဲ့ အကျင့်ကြောင့်ပါ—စော်ကားဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ငါ့သူငယ်ချင်းလိုပဲ ပေါင်မုန့်တစ်လုံး ရနိုင်မလား?"
အနည်းဆုံးတော့ သူ ကြိုးစားနေတာပဲ။
နောဧသည် စင်ပေါ်မှ ပေါင်မုန့်နှစ်လုံးကို ယူကာ ကောင်တာပေါ်တွင် တင်လိုက်သည်။
"တခြား ဘာယူဦးမလဲ?"
နှစ်ယောက်စလုံး ခေါင်းခါပြကြသည်။
"ငွေကို ပေါင်းရှင်းမှာလား၊ ခွဲရှင်းမှာလား?"
အမည်မသိ သူစိမ်းက အခြေအနေကောင်းအောင် လုပ်ချင်သဖြင့် ရှေ့သို့ တိုးလာကာ ရွှေဒင်္ဂါး ၆ ပြားကို ကောင်တာပေါ် တင်လိုက်သည်။
သူက ပေါင်မုန့်ကို လှမ်းယူမည်အလုပ်တွင် နောဧ၏ လက်က ချက်ချင်းထွက်လာပြီး သူ့ကို တားလိုက်သည်။
ထိုလူက မျက်ခုံးပင့်ကာ မေးလိုက်သည်။ "တစ်ခုခု မှားနေလို့လား?"
"ဒါက ဘာလဲ?" နောဧက ဒင်္ဂါးပြားများကို ညွှန်ပြပြီးနောက် ဝယ်သူကို ပြန်ကြည့်လိုက်သည်။
ထိုလူ့မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားသည်။ "ဒါက... ပေါင်မုန့် နှစ်လုံးဖိုးလေ?"
သူက ဝုဒ်ရိုးဘက် လှည့်မေးလိုက်သည်။ "တစ်လုံးကို ရွှေဒင်္ဂါး ၃ ပြား မဟုတ်ဘူးလား?"
ဝုဒ်ရိုးကလည်း နားမလည်နိုင်သလို ခေါင်းငြိမ့်ပြသည်။
နောဧက အပြစ်ကင်းစင်သော အပြုံးဖြင့် ပြောလိုက်သည်။ "ရွှေဒင်္ဂါး ၃ ပြားဆိုတာက ဈေးဟောင်းပါ။ အခု ဈေးအသစ်က ရွှေဒင်္ဂါး ၄ ပြား ဖြစ်သွားပြီ။"
"ဘာ? ဘာလို့လဲ?"
"ငွေကြေးဖောင်းပွတာတွေ၊ ကုန်ပစ္စည်း ပြတ်လပ်တာတွေကြောင့်ပေါ့၊ မင်းလည်း သိမှာပါ။" နောဧက ပုခုံးတွန့်ပြလိုက်သည်။ ထိုလူများက ဤစကားလုံးများကို နားလည်မည်မဟုတ်ကြောင်း သူ ကောင်းကောင်း သိသည်။ "မဝယ်ချင်လည်း ရပါတယ်၊ ကျွန်တော် စင်ပေါ် ပြန်တင်လိုက်မယ်။"
'ဒီဆေးဖက်ဝင် ပေါင်မုန့်ကို မင်း ဘယ်လောက်အထိ လိုချင်လဲဆိုတာ ကြည့်ကြသေးတာပေါ့။ သင်ခန်းစာတစ်ခု ရဖို့ဆိုရင် အဖိုးအခ ပေးရမှာပဲ။ မင်းဆီက ငွေပိုမညှစ်ဘဲ လွှတ်ပေးလိုက်မယ်လို့တော့ အိပ်မက်မက်မနေနဲ့။'
"ဝယ်မယ်၊ ဝယ်မယ်။" သူ သက်ပြင်းချလိုက်ပြီး၊
အိတ်ထဲမှ နောက်ထပ် ဒင်္ဂါး ၂ ပြား ထပ်ထုတ်လိုက်သည်။
"အကောင်းဆုံး ရွေးချယ်မှုပဲ။"
ရွှေဒင်္ဂါး ၈ ပြားမှာ ကောင်တာပေါ်တွင် တချောက်ချောက် မြည်သွားသည်။ ဤတစ်ကြိမ်တွင်မူ နောဧက မတားတော့ပေ။
သူတို့ ပေါင်မုန့်ကို ယူသွားကြစဉ် ဝုဒ်ရိုးက နောဧကို အားနာသော အကြည့်ဖြင့် နောက်ဆုံးတစ်ချက် ကြည့်ကာ ဆိုင်ထဲမှ ထွက်ခွာသွားကြသည်။
[သင်၏ ဝင်ငွေအခြေအနေကို အဆင့်မြှင့်တင်လိုက်ပါပြီ!]
[နေ့စဉ်ဝင်ငွေ: $၁,၄၀ဝ]
'တစ်လုံးကို ရွှေဒင်္ဂါး ၄ ပြား။ လှပလိုက်တာ။'
သူ့နောက်ကွယ်တွင် ဝန်ထမ်းများသည် အံ့ဩမှု၊ ရယ်ချင်မှုများဖြင့် ကြည့်နေကြသည်။ နောဧက ထိုလူ့ဆီမှ ငွေပိုတောင်းလိုက်ပုံကို ဂရစ်ဇ်ပင်လျှင် အထင်ကြီးသွားပုံရသည်။
တံခါးမှာ ကျေနပ်ဖွယ်ရာ မြည်သံနှင့်အတူ ပိတ်သွားပြီး နောဧသည် မမျှော်လင့်ဘဲ ရလိုက်သော ငွေများကို ရေတွက်နေတော့သည်။
တံခါးပိတ်သွားသည်နှင့် ကစ်ပ်က ဆည်ပြိုသလို ပေါက်ကွဲထွက်လာတော့သည်။
"ဆာ နောဧ၊ ရှင် အရမ်းတော်တာပဲ! ဟိုလူကြီးကို ငွေပိုပေးခိုင်းလိုက်တာ တကယ့်ကို ထိုက်တန်တယ်!"
ထိုကြောင်မျိုးနွယ် ကောင်လေး၏ အမြီးမှာ ထောင်နေပြီး သူ၏ အဝါရောင်သန်းသော မျက်လုံးများတွင် ကျေနပ်မှုများ လင်းလက်နေသည်။
အလစ်ဆာကတော့ မိခင်တစ်ယောက်ကဲ့သို့ အလိုမကျသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကစ်ပ်၊ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့လေ။"
"သူမှ စော်ကားတာကိုး!" ကစ်ပ်၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။
"သူ ကျွန်တော်တို့ကို ဘယ်လိုခေါ်လဲ ကြားတယ်မလား? လမ်းဘေးကြောင်တွေတဲ့! သူ့ရဲ့ ဆံပင်တွေကသာ လမ်းဘေးမှာ လွင့်နေတာပါ၊ ဒီထဲက ဘယ်သူမှ မြင်ဖူးမှာ မဟုတ်ဘူး!"
နောဧမှာ မရယ်မိအောင် အတင်းအောင့်ထားရသည်။
ချောင်းဟန့်လိုက်ရင်း ဟန်လုပ်လိုက်ရသည်။
ဒီကလေးကတော့ ပြက်လုံးတွေ တော်တော်တော်တာပဲ။
"ဒါပေမဲ့လည်း..."
အလစ်ဆာက ကစ်ပ်အနားသို့ သွားကာ သူ့နားရွက်ကြားက အမွေးပွပွလေးများကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။
"မင်းက ဒီထက် ပိုကောင်းတဲ့သူပါ။ မင်းကို ဒီလို စိတ်ဓာတ်မျိုးနဲ့ ပြုစုပျိုးထောင်ခဲ့တာ မဟုတ်ဘူးလေ။"
ရင်းနှီးနေသော ထိုအပြုအမူက စွမ်းဆောင်နိုင်ခဲ့သည်။ ကစ်ပ်၏ ထောင်နေသော အမွေးများ ပြန်လည်ကျသွားသော်လည်း မျက်နှာကတော့ ဆူပုတ်နေဆဲပင်။
"သူပြောတာ မှန်တယ်" နောဧက ထောက်ခံလိုက်သည်။ "ဒါပေမဲ့ မင်း အစ်မအတွက် ရှေ့ထွက်ကာကွယ်ပေးတာကိုတော့ ငါ ကျေးဇူးတင်ပါတယ်။"
သူ့အစ်မအတွက် ဒေါသထွက်ပေးတာ ဘာမှမမှားပါဘူး။
နောဧသည် ငွေအိတ်ထဲမှ ရွှေဒင်္ဂါး ၂ ပြားကို ထုတ်ယူလိုက်သည်။ တစ်ပြားကို အံ့ဩနေသော ဂရစ်ဇ်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ကျန်တစ်ပြားကို အလစ်ဆာတို့ မောင်နှမဆီသို့ ကမ်းပေးလိုက်သည်။
"ဒါက ဘာအတွက်လဲဟင်?" အလစ်ဆာက နားမလည်သလို နားရွက်လေးများ လှုပ်ခတ်သွားသည်။
"ဟိုလူကြီးဆီက ရတဲ့ငွေထဲက မင်းတို့ဝေစုပေါ့" နောဧက နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။ "ဝန်ဆောင်မှုအတွက် အပိုဆု လို့ပဲ သဘောထားလိုက်ကြ။"
ဂရစ်ဇ်သည် ဒင်္ဂါးပြားကို ပျောက်ကွယ်သွားမှာ စိုးရိမ်သလို စိုက်ကြည့်နေသည်။ "ဒါ... ဒါ ဂရစ်ဇ်အတွက်လား?"
"မင်းတို့အားလုံး အတွက်ပါ။"
နောဧက ခေါင်းငြိမ့်ပြသည်။
"တကယ်လို့ အဲ့ဒီလူကြီးသာ မင်းတို့ ဒီငွေတွေကို ယူလိုက်မှန်း သိရင် သွေးအန်မှာ သေချာတယ်။"
ထိုပုံရိပ်ကို သူတို့အားလုံး ပြိုင်တူ မြင်ယောင်သွားကြသည်။ ကစ်ပ်၏ ဆူပုတ်နေသော မျက်နှာမှာ ပထမဆုံး ပွင့်လန်းသွားပြီး ရယ်သံတစ်ခု ထွက်လာသည်။
အလစ်ဆာကလည်း သူမ၏ နူးညံ့သော လက်ချောင်းလေးများဖြင့် ပါးစပ်ကို ပိတ်ကာ ရယ်သံကို ထိန်းထားရသဖြင့် ပုခုံးလေးများ တုန်နေတော့သည်။
ဂရစ်ဇ်၏ ရှတတ ရယ်သံမှာ ကျယ်လောင်သော ရယ်သံကြီး ဖြစ်သွားသည်။ "သခင်ဟောင်း စိတ်တိုရင် မျက်နှာက ခရမ်းရောင် ဖြစ်သွားတာ! ဒီလူကြီးကတော့ အစိမ်းရောင် ဖြစ်သွားမှာ သေချာတယ်!"
"နေမကောင်းတဲ့ ဂေါ့ဗလင်လိုမျိုးပေါ့!" ကစ်ပ်က ဝင်ဖြည့်ပြောရင်း တဟားဟား ရယ်တော့သည်။
"ကစ်ပ်!" အလစ်ဆာက ငေါက်သော်လည်း သူမကိုယ်တိုင်လည်း ရယ်နေမိသည်။
"ဒါက တကယ်ကို ဆိုးလွန်းတယ်!"
စောစောက တင်းမာမှုများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ သူတို့၏ ဆိုင်ငယ်လေးမှာ စစ်မှန်သော ရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။
နောဧသည် သူ၏ ဝန်ထမ်းများ မမျှော်လင့်ဘဲ ရလိုက်သော ဆုလာဘ်ကို ပျော်ရွှင်နေကြသည်ကို ကြည့်နေမိသည်။
နာရီအနည်းငယ် ကုန်လွန်သွားပြီးနောက် ရင်းနှီးသော ခေါင်းလောင်းသံက နောက်ထပ် ဝယ်သူတစ်ဦး ရောက်လာကြောင်း အချက်ပေးလိုက်သည်။
"ကျွန်မကို လွမ်းနေကြလား?"
မင်းသမီး အီလာရာသည် တံခါးဝမှ ကျော့ရှင်းစွာ ဝင်လာသည်။ သူမ၏ မျက်လုံးများတွင် နောက်ပြောင်လိုသော အရိပ်အယောင်များဖြင့် တောက်ပနေပြီး၊ နောဧ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေသကဲ့သို့ မေးထူးစမ်းထူး အပြုံးမျိုး ပြုံးနေသည်။
'ဒီမျက်နှာပေးကတော့ ပြဿနာတစ်ခုခုပဲ' ဟု နောဧက သူမကို စိုက်ကြည့်ရင်း တွေးလိုက်မိသည်။
"အိုး?"
အရှိန်အဟုန်နှင့် ဝင်လာခဲ့သော သူမသည် အခြေအနေကို မြင်လိုက်ရသောအခါ မျက်နှာမှာ ရုတ်တရက် နီမြန်းသွားသည်။ နောဧ တစ်ယောက်တည်း မဟုတ်ဘဲ ဝန်ထမ်းအစုံအလင်က သူမကို ဝိုင်းကြည့်နေကြခြင်း ဖြစ်သည်။
'ဝင်လာပုံကတော့ တကယ့်ကို ထူးခြားတာပဲ မင်းသမီးလေးရာ။'
နောဧက ပြုံးလိုက်သည်။
သို့သော် ထိုအရှက်ရမှုမှာ တစ်စက္ကန့်သာ ခံလိုက်ပြီး သူမ၏ အကြည့်မှာ ကစ်ပ်ထံသို့ ရောက်သွားသည်။
"အရမ်း ချစ်စရာကောင်းတာပဲ!"
မင်းသမီးသည် ကြမ်းပြင်ပေါ်တွင် လွင့်မျောလာသကဲ့သို့ လျင်မြန်စွာ လာခဲ့ပြီး ကြောင်မျိုးနွယ် ကောင်လေး၏ ရှေ့တည့်တည့်တွင် ရပ်လိုက်တော့သည်။