အခန်း (၂၈) - အကြီးမားဆုံး အရောင်းအဝယ်
နောဧသည် သူ၏ ခိုင်ခံ့မှုမရှိသော သစ်သားထိုင်ခုံပုလေးပေါ်တွင် ဝင်ထိုင်လိုက်သည်။
ငါ အလုပ်တွေ ပျက်နေပြီ။
မြို့ထဲ လှည့်လည်ကြည့်ရှုနေတာနဲ့ မမျှော်လင့်ဘဲ ကျွန်တွေကို ကယ်တင်နေတာနဲ့တင် ဆိုင်ဖွင့်ချိန်ကို ပုံမှန်မထိန်းသိမ်းနိုင်ခဲ့ပေ။
ဘယ်လို စီးပွားရေးသမားမျိုးက စွန့်စားခန်းတွေထွက်ဖို့ ဆိုင်ကို ပစ်ထားမှာလဲ?
တကယ်လို့ ဖောက်သည်တွေ လာတဲ့အချိန်မှာ ဆိုင်ပိတ်ထားတာနဲ့ တိုးရင် ဘယ်လိုလုပ်မလဲ? အဲ့ဒီလို ဆုံးရှုံးမှုတွေကို ဘယ်သူက ငါ့ကို ပြန်ပေးမှာလဲ?
သူသည် လက်မောင်းကို ပိုက်ကာ ကျောက်နံရံကို မှီလိုက်သည်။ အင်္ကျီအပါးလေးကြားမှ အေးစိမ့်သော နံရံ၏အထိအတွေ့ကို သူခံစားနေရသည်။
သူ့စင်ပေါ်မှာ လူတွေရဲ့ဘဝကို ပြောင်းလဲပေးနိုင်တဲ့ ပစ္စည်းတွေ ရှိနေပါလျက်နဲ့ အခုတော့ ဒီစင်ပေါ်မှာပဲ ဒီအတိုင်း ငြိမ်သက်နေကြသည်။
ငါ မွေ့ရာတစ်ခုခုတော့ ဝယ်ဖို့ လိုနေပြီ။ ဒါမှမဟုတ် အနည်းဆုံးတော့ သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံမျိုးပေါ့။
ဒီသစ်သားထိုင်ခုံပုကတော့ ငါ့ကျောရိုးကို တမင်ရန်ပြုနေသလိုပဲ။ တိတ်ဆိတ်နေသော ဆိုင်ထဲတွင် သူ့မျက်ခွံများက လေးလံလာသည်။
ခဏလောက်ပဲ နားလိုက်မယ်။ ငါးမိနစ်လောက်ပဲ...
အိပ်စက်ခြင်းသည် ရင်းနှီးပြီးသား သူခိုးတစ်ယောက်လိုပင် တဖြည်းဖြည်းချင်း သူ့အသိစိတ်ကို ခိုးယူသွားတော့သည်။
ရုတ်တရက် လူခေါ်ခေါင်းလောင်းသံ မြည်သွားသဖြင့် သူ လန့်နိုးသွားသည်။
နောဧ မျက်လုံးများကို အမြန်ဖွင့်လိုက်ပြီး အိပ်ချင်မူးတူးဖြစ်နေသည်များကို ခါထုတ်လိုက်ရသည်။
သူသည် မျက်လုံးများကို ပွတ်သပ်ရင်း ကောင်တာပေါ်တွင် သွားရည်ကျနေသည့်ပုံစံမျိုး မပေါက်ဘဲ ကျွမ်းကျင်သည့် လုပ်ငန်းရှင်တစ်ဦးကဲ့သို့ ဖြစ်အောင် အတင်းပြင်လိုက်သည်။
မင်းသမီး အီလာရာသည် တံခါးဝတွင် ရပ်နေပြီး သူမ၏ ပယင်းရောင်မျက်ဝန်းများက ရယ်ချင်စိတ်ကို ဖုံးမထားနိုင်ဘဲ တောက်ပနေသည်။
"နေကောင်းလား နောဧ။"
သူမ၏ အသံတွင် ရယ်သံများ ပါဝင်နေသည်။
"အရေးကြီးတဲ့ အလုပ်တွေကို ငါ နှောင့်ယှက်မိသလို ဖြစ်သွားလား?"
မမျှော်လင့်ဘဲ အိပ်ပျော်သွားတာကို ပြောတာလား? မဟုတ်ပါဘူး၊ လုံးဝ မနှောင့်ယှက်ပါဘူး။
နောဧသည် ထိုင်ခုံပေါ်တွင် ကိုယ်ကို မတ်လိုက်သော်လည်း သူ၏ ပုံစံမှာ မည်မျှအရှက်ရဖွယ် ဖြစ်နေမည်ကို သိနေသည်။ "မင်းသမီး၊ ကျွန်တော့်ဆိုင်ကို ကြိုဆိုပါတယ်ဗျာ။"
သူမသည် ဆိုင်ထဲသို့ လှမ်းဝင်လာပြီး စနစ်တကျ စီထားသော စင်များကို တစ်ချက်ကြည့်ကာ အိပ်ရာနိုးကာစ ဖြစ်နေသော သူ့ပုံစံကို ပြန်ကြည့်သည်။
"သက်သောင့်သက်သာရှိတဲ့ ပရိဘောဂတွေ ဝယ်တာက ပိုကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်လိမ့်မယ်နော်" ဟု သူမက မှတ်ချက်ပေးရင်း တံခါးကို ပြန်ပိတ်လိုက်သည်။
ကောင်းပါပြီ။ တော်ဝင်မိသားစုဝင်ကတောင် ငါ့ရဲ့ အခင်းအကျင်းကို သနားစရာလို့ မြင်နေပြီ။
"ဒါ ကျွန်တော့်ရဲ့ ဝယ်ချင်တဲ့စာရင်းထဲမှာ ပါပါတယ်" ဟု နောဧက သူ့သိက္ခာကို ပြန်ဆယ်ရန် ကြိုးစားရင်း ပြန်ဖြေလိုက်သည်။
မင်းသမီး၏ အပြုံးက ပိုမိုကျယ်ပြန့်လာသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနေခြင်းက သူမရှေ့တွင် မအောင်မြင်ကြောင်း သိသာနေသည်။
ဒါက ကောင်းတာလား၊ ဆိုးတာလား? သူမနဲ့ဆိုရင်တော့ ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းရ ခက်လှသည်။
"ဂျိမ်းစ်က ငါ့ကို အဲ့ဒီ လက်ဖက်ရည်အေး လာပေးတယ်" ဟု သူမက ဖန်ပုလင်းများကို မေးငေါ့ပြရင်း ပြောလိုက်သည်။
"တကယ်ကို အရသာရှိသလို အစွမ်းလည်း ထက်မြက်တယ်လို့ ငါ ပြောရမယ်။"
"ကျေးဇူးတင်ပါတယ် မင်းသမီး။"
"ဒါကြောင့်လည်း ငါ နေ့တိုင်းမှာယူဖို့ ရောက်လာတာပေါ့။"
ဗျာ?
"မင်းမှာရှိတဲ့ လက်ဖက်ရည်အေး အကုန်လုံးကို ငါ လိုချင်တယ်။ နေ့တိုင်းပဲ။"
နောဧ၏ နှလုံးခုန်သံမှာ အဆမတန် မြန်လာတော့သည်။
ကစ်ပ်ကို ကယ်တင်ခဲ့လို့ ဘုရားသခင်က ငါ့ကို ဆုချတာပဲ။ ဒါက အကြီးကြီးပဲ!
သူ့ခေါင်းထဲတွင် ရွှေဒင်္ဂါးများ ဝဲလည်နေတော့သည်။ တော်ဝင်မိသားစုထံမှ နေ့စဉ် အမြောက်အမြား မှာယူမှုလား? ဒါဆိုရင် သူ့အတွက် ငွေကြေးပိုင်းဆိုင်ရာ လုံခြုံမှုက စိတ်ကူးထားတာထက်တောင် ကျော်လွန်သွားပြီ။
သူသည် အသက်ပြင်းပြင်းရှူကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း ပြန်ဖြေလိုက်သည်။
သူ့အဖြေက သူ့ကိုယ်သူရော၊ အီလာရာကိုပါ အံ့ဩသွားစေသည်။
"မရပါဘူး။"
"ဟင်?"
မင်းသမီး အီလာရာ၏ မျက်နှာမှာ အံ့ဩတုန်လှုပ်မှု အပြည့် ဖြစ်သွားသည်။
"ဘာလို့လဲ?"
ငါ အခုလေးတင် ရွှေဒင်္ဂါး အမြောက်အမြားကို ငြင်းလိုက်တာလား? ငါ ရူးသွားပြီလား?
"မင်းသမီး၊ ကျွန်တော့်မှာရှိတဲ့ ကုန်ပစ္စည်းက အကန့်အသတ် ရှိလို့ပါ" ဟု နောဧက ရင်တုန်နေသော်လည်း လေသံကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ "တကယ်လို့ တော်ဝင်မိသားစုက ကုန်ပစ္စည်းအားလုံးကို ဝယ်သွားရင် တခြားဖောက်သည်တွေကို ကျွန်တော် ဘာရောင်းရမလဲ? လေပဲ ရောင်းရမှာလား?"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် အီလာရာက ပြုံးလိုက်ပြန်သည်။
"မင်းပြောတာ မှန်တယ်။" သူမက မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။ "ဖောက်သည်တွေကို ခွဲခြားဆက်ဆံတဲ့ ကုန်သည်က ကြာရှည်မခံဘူးလေ။"
"ကောင်းပြီ၊ ဒါဆိုရင် မင်းရဲ့ နေ့စဉ် လက်ကျန်ထဲကနေ တော်ဝင်မိသားစုအတွက် ဘယ်လောက် ဖယ်ပေးနိုင်မလဲ?"
နောဧ ခေါင်းထဲတွင် အမြန်တွက်ချက်လိုက်သည်။
တစ်ရက်ကို လက်ဖက်ရည်အေး ခြောက်ပုလင်း ထွက်တယ်။ သုံးပုလင်းကို တော်ဝင်မိသားစုကို ရောင်းရင် ကျန်တဲ့ ၃ ပုလင်းကို တခြားဖောက်သည်တွေကို ရောင်းလို့ရမယ်။ တကယ်တော့ လက်ဖက်ရည်အေးက ဈေးကြီးတော့ သာမန်လူတွေကို ရောင်းဖို့ ခက်တယ်။ ဒါကြောင့် တော်ဝင်မိသားစုကို ပိုရောင်းပြီး တချို့ကိုတော့ ချမ်းသာတဲ့ ဖောက်သည်တွေအတွက် ချန်ထားတာ ပိုကောင်းမယ်။
"တစ်ရက်ကို လေးပုလင်း ဖယ်ပေးပါ့မယ်" ဟု သူက ကြေညာလိုက်သည်။ "ရွှေဒင်္ဂါး လေးဆယ် ကျသင့်မှာပါ။"
"သဘောတူတယ်။ နေ့တိုင်း ပစ္စည်းလာယူဖို့ လူလွှတ်လိုက်မယ်။ မင်းနဲ့ လက်တွဲရတာ ဝမ်းသာပါတယ်။"
"ကျွန်တော်လည်း ဝမ်းသာပါတယ် မင်းသမီး။"
"ဒါဆို မနက်ဖြန်ကစပြီး စစ်သည်တစ်ယောက်က လာယူလိမ့်မယ်။"
နောဧက ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ကဲ့၊ အဆင်ပြေပါတယ်ဗျာ။"
သူမက ခဏရပ်ပြီး ရှိသမျှ ကုန်ပစ္စည်းတွေကို ကြည့်လိုက်သည်။ "ဒါနဲ့ ဒီနေ့ရှိတဲ့ ပစ္စည်းအကုန်လုံးကို ငါ ယူလို့ရမလား? ဒါမှမဟုတ် လေးပုလင်းပဲလား?"
နေရောင်အောက်တွင် ဖန်ပုလင်း တစ်ဆယ့်နှစ် ပုလင်းမှာ ဝင်းပြောင်နေပြီး တစ်ပုလင်းချင်းစီမှာ တန်ဖိုးကြီးလှသည်။
"မင်းသမီး လိုချင်ရင် တစ်ဆယ့်နှစ်ပုလင်းထဲက တစ်ဆယ် ပုလင်း ယူလို့ရပါတယ်။"
"အိုကေလေ!" သူမ အလွန်ဝမ်းသာသွားသည်။
သူမသည် သူမ၏ ဝတ်ရုံထဲမှ လေးလံသော အိတ်တစ်အိတ်ကို ထုတ်လိုက်ရာ ကောင်တာပေါ်သို့ တချင်ချင်အသံနှင့်အတူ ကျလာသည်။
"ရွှေဒင်္ဂါး တစ်ရာ တိတိပဲ။"
ငါ ချမ်းသာပြီ! တကယ် ချမ်းသာသွားပြီ!
နောဧသည် ထိုအိတ်ကို ငေးကြည့်ရင်း အခုလေးတင် ဘာတွေဖြစ်သွားလဲဆိုတာကို လိုက်မမီနိုင်အောင် ဖြစ်နေသည်။ မနေ့ကအထိ အကြွေးရှင်တွေကိစ္စ စိုးရိမ်နေခဲ့ရပေမဲ့ အခုတော့ တော်ဝင်မိသားစုနဲ့ စာချုပ်ချုပ်နိုင်ခဲ့ပြီး သူတစ်ခါမှ မမြင်ဖူးတဲ့ ရွှေဒင်္ဂါးတွေ အများကြီး ရလိုက်ပြီ။
ငါ အခုလေးတင် အရောင်းအဝယ်တစ်ခုတည်းနဲ့ ဒေါ်လာ တစ်သောင်း(ကျပ်သိန်းနှစ်ရာကျော်) လောက် ရလိုက်တာပဲ။