ချင်ယွင်သည် ရုတ်တရက် နိုးလာသည်။ ဝေဝါးနေသော အမြင်အာရုံသည် တဖြည်းဖြည်း ကြည်လင်လာပြီး သူ့အိပ်ရာပေါ်တွင် လဲလျောင်းနေသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်နှင့် ခေါင်းထဲတွင် မူးဝေသွားသလို ခံစားလိုက်ရသည်။
အမျိုးသမီးက ချင်ယွင်ကို မျက်နှာချိုချိုဖြင့် ကြည့်ကာ ပြောလိုက်သည်။
“သခင်လေးချင်၊ ကျွန်မ နောက်ထပ် အကြိမ်သုံးရာလောက်တောင် ဆက်လုပ်နိုင်သေးတယ်”
“သခင်လေး၊ ကျွန်မကို ဆုမချီးမြှင့်တော့ဘူးလား။ ခုနကတုန်းကတော့ ဒီလိုမဟုတ်ပါဘူး”
ထိုစကားကြောင့် ချင်ယွင်၏ စိတ်ထဲတွင် ရုတ်တရက် ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။
သူက အမျိုးသမီး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး အခန်းအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။
“မင်း ဘာလုပ်နေလဲဆိုတာ ငါမသိဘူးထင်နေတာလား။ ငါ့ကို လှည့်စားပြီး အကျိုးအမြတ်ရအောင် လုပ်နေတာပဲမဟုတ်လား။ ငါ့အသက်ငယ်သေးသလို ပိုက်ဆံလည်း အများကြီးမရှိဘူး။ ငါ့ဆီမှာရှိတဲ့ ပိုက်ဆံနဲ့မလောက်ရင် ငါ့အသက်ကိုယူသွား”
အမျိုးသမီးက ကြောင်အမ်းအမ်းဖြစ်သွားသည်။
သူတို့နှစ်ယောက်က အတူတူဖြစ်ပြီးမှ အခုမှ ဘာမှမဖြစ်ခဲ့သလို ငြင်းနေတာလား။
ဘာတွေဖြစ်နေတာလဲဆိုတာ မသိနိုင်သေးခင်မှာပင် ချင်ယွင်က သူမ၏ နူးညံ့သောလက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အခန်းအပြင်သို့ တွန်းထုတ်ပြီးသွားပြီဖြစ်သည်။
သို့သော် အမျိုးသမီးကို အပြင်ထုတ်ပြီးနောက် အခန်းထဲသို့ ပြန်ကြည့်လိုက်သောအခါ သူနှင့်
မရင်းနှီးသောအခန်းနှင့် ရှုပ်ပွနေသော အိပ်ရာခင်းများကို မြင်လိုက်ရသဖြင့် သူ့နားထင်များပင် တဒိန်းဒိန်းခုန်လာသည်။
ဒါက သူ့အိမ်တော့ မဟုတ်ဘူးမဟုတ်လား။
မနေ့ညက အရက်အလွန်အကျွံသောက်ပြီး တခြားသူရဲ့အိမ်ကို ရောက်သွားတာများလား။
ဘယ်သူက သူ့ကို ဒီနေရာကို ခေါ်လာတာလဲ။
သူက အခုထိ အသက်အငယ်လေးရှိသေးတာပဲ။ ဒီလိုအခြေအနေမျိုးကို သူဘယ်လို ရင်ဆိုင်နိုင်မှာလဲ။
ခဏအကြာတွင် ရှုပ်ထွေးနေသော သူ့စိတ်က တဖြည်းဖြည်း တည်ငြိမ်လာသည်။ အဲဒီနောက်မှာတော့ မရင်းနှီးသော မှတ်ဉာဏ်များကသူ့ဦးနှောက်ထဲသို့ ဒီရေလှိုင်းလို အဆက်မပြတ် စီးဝင်လာသည်။
သေစမ်း။
သူက တကယ်ပဲ ကမ္ဘာကူးပြောင်းသွားခဲ့ပြီ။
ထူးဆန်းတာက တစ်ခြားကမ္ဘာသို့ရောက်ရှိပြီးနောက် သူရောက်လာတဲ့ ဇာတ်ကောင်က ခေတ်ပြိုင်မြို့ပြစိတ်ကူးယဉ်ဝတ္ထုထဲက ဗီလိန်ဇာတ်ကောင်တစ်ယောက် ဖြစ်နေသည်။
ချင်ယွင်သည် ကျန်းချန်မြို့၏ အင်အားကြီးမိသားစုကြီးလေးခုထဲမှ တစ်ခုဖြစ်သော ချင်မိသားစု၏ သခင်လေးတစ်ဦးဖြစ်သည်။
မူလဇာတ်လမ်းအရ သူသည် နဂါးဘုရင် ရှောင်ချန်နှင့် တတိယတန်းစားမိသားစုမှ အမျိုးသမီးငယ်တစ်ဦးကို လုယူယှဉ်ပြိုင်ခဲ့ရာမှ ယဲ့မိသားစုနှင့် ပြဿနာတက်ခဲ့သည်။
နောက်ဆုံးတွင် ယဲ့ချင်းကဲကြောင့် ချင်မိသားစုတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး သူကိုယ်တိုင်လည်း မသန်မစွမ်းဖြစ်ကာ ဒဏ်ရာများစွာဖြင့် သေဆုံးခဲ့ရသည်။
လက်ရှိဇာတ်လမ်းထဲတွင်သူကြုံတွေ့နေသည့်အကြောင်းအရာမှာ
ချင်ယွင်သည် ယဲ့ချင်းကဲကို သဘောကျမိပြီး ယဲ့မိသားစု၏ စီးပွားရေးကို ဖိနှိပ်ရန် သူ့လူများကို အမိန့်ပေးထားပြီးသည့်အချိန်ဖြစ်သည်။
အခြေအနေကို သိလိုက်သည်နှင့် ချင်ယွင်က ချက်ချင်း ထခုန်လိုက်သည်။
“သေစမ်း၊ ကမ္ဘာကူးလာတာနဲ့ သေဖို့အလှည့်ရောက်နေပြီလား။ ဆယ်မိနစ်လောက်စောပြီး ကမ္ဘာကူးလာခဲ့ရင် ဒီအဖြစ်အပျက်တွေ ဘာတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူး”
ယဲ့ချင်းကဲသည် ယခုအချိန်တွင် နဂါးဘုရင်ဖြစ်သူ ရှောင်ချန်၏ ဇနီးဖြစ်နေသည်။
နဂါးဘုရင် ရှောင်ချန်သည် ငွေကြေးအများအပြားနှင့်
ကြီးမားသောအာဏာကို ပိုင်ဆိုင်ထားသူဖြစ်သော်လည်း ထူးဆန်းစွာပင် တတိယတန်းစားမိသားစုတစ်ခု၏ သားမက်ဖြစ်နေသည်။
သို့သော် မည်သူမဆို သူ့မိန်းမကို လုယူရန် ကြိုးစားပါက ထိုသူ၏ မိသားစုတစ်ခုလုံး ပျက်စီးသွားနိုင်သည်။
နဂါးဘုရင်မိသားစု၏ နေထိုင်ပုံကလည်း အလွန်လျှို့ဝှက်ပြီးထူးခြားသည်။
အသိပညာကြွယ်ဝသည့် အဘိုးဖြစ်သူက သေဆုံးခါနီးအချိန်အထိ သူ့မိသားစုထဲက ဘယ်သူ့ကိုမှ နဂါးဘုရင်၏ အမှန်တကယ်အထောက်အထားကို မပြောခဲ့ပေ။
အဖွားကြီးက အသက်ရှစ်ဆယ်နီးပါး ရောက်နေပြီဖြစ်သည်။
ဇနီးဖြစ်သူကလည်း သုံးနှစ်ကြာအောင် အိမ်ထောင်ရေးဘဝကို မဖြတ်သန်းရသေးပေ။
ယောက္ခမဖြစ်သူက လူတန်းစားခွဲခြားပြီး အမြဲအထင်ကြီးခံလိုသူတစ်ဦးဖြစ်သည်။
ယောက္ခမဖြစ်သူ၏ယောက်ျားကတော့ သတ္တိမရှိဘဲ အမြဲတမ်း နောက်ဆုတ်နေတတ်သူဖြစ်သည်။
ထိုမိသားစုထဲတွင် အရည်အချင်းအလွန်ထူးချွန်သော ရှောင်ချန်သည်ပင် နင်ဂျာလိပ်တစ်ကောင်လို အမြဲသည်းခံနေခဲ့သည်။
သူ့ကို ရိုက်နှက်အရှက်ခွဲကြသော်လည်း ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ပေ။
သုံးနှစ်ပြည့်သည့်နေ့ ရောက်လာသောအခါမှတော့ သူသည် မျက်နှာစောင်းဖြင့် ပြုံးတတ်သည့် နဂါးဘုရင်အဖြစ် ပြန်လည်ပေါ်ထွက်လာပြီး သူ့ကို အရှက်ခွဲခဲ့သူအားလုံးကို တစ်ယောက်မကျန် ဖျက်ဆီးပစ်တော့သည်။
“ပြီးသွားပြီ။ ငါ့လူတွေက ယဲ့မိသားစုရဲ့ စီးပွားရေးကို ဖိနှိပ်နေကြလောက်ပြီ။ အားလုံးပြီးသွားပြီ။ ရာသီဥတုကလည်း အေးလာပြီဆိုတော့ ချင်မိသားစုက ဒေဝါလီခံရတော့မယ်။ အခု နိုင်ငံခြားကို ထွက်ပြေးရင် နောက်ကျသေးလား”
ချင်ယွင်သည် မျက်နှာပျက်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
ယဲ့ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများ စတင်ကျဆင်းလာပြီဖြစ်သည်။
ထိုအရာက သူသည် နဂါးဘုရင်ကို လုံးဝအနှောင့်အယှက်ပြုမိသွားပြီ
ဆိုသည့်အဓိပ္ပါယ်ပင်။
ထိုအချိန်တွင် သူ့စိတ်ထဲ၌ အသံတစ်သံ ထွက်ပေါ်လာသည်။
ဒင်။
‘‘ အိမ်ရှင်၏ စိတ်ပျက်မှုတန်ဖိုး အတိုင်းအတာတစ်ခုကို ကျော်လွန်သွားကြောင်း တွေ့ရှိရသည်။ ကံကြမ္မာဗီလိန်စနစ်နှင့် စတင်ချိတ်ဆက်နေပြီဖြစ်သည်။ အိမ်ရှင်သည် အရည်အချင်းပြည့်မီသော ဗီလိန်တစ်ဦး ဖြစ်လာသည်နှင့် စနစ်မှ အထူးဆုများကို ရရှိမည်။”
“သေစမ်း။ စနစ်ပေါ်လာပြီ။ ကမ္ဘာကူးလာသူတိုင်းအတွက် ဒီလိုအခွင့်အရေးမျိုးက မရှိမဖြစ်ပဲ။ ငါတော့ ကယ်တင်ခံရပြီ။ စနစ်၊ မင်းမှာ ဘာအစွမ်းအစတွေရှိလဲ”
“အိမ်ရှင်သည် ဇာတ်လိုက်၏ ကံကောင်းမှုတန်ဖိုး တစ်မှတ်ဆုံးရှုံးသွားတိုင်း စနစ်ဆုလာဘ်များကို မဲဖောက်ရယူနိုင်မည့် အခွင့်အရေးတစ်ကြိမ် ရရှိမည်။ ဆယ်ကြိမ်မဲဖောက်ပြီးတိုင်း အနည်းဆုံး ဆုတစ်ခု ရရှိမည်။ ဇာတ်လိုက်ကို အရှက်ခွဲခြင်း၊ သူ့မိန်းမကို လုယူခြင်း၊ သူ၏စိတ်ပိုင်းဆိုင်ရာကာကွယ်မှုကို ချိုးဖောက်ခြင်းတို့သည် သူ့ကံကောင်းမှုတန်ဖိုးကို လျော့ကျစေနိုင်သည်။”
ထိုစကားကို ကြားလိုက်ရသည့်အခါ ချင်ယွင်၏မျက်လုံးများ တောက်ပလာသည်။
“ဇာတ်လိုက်ရဲ့ ကံကောင်းမှုကို လုယူနိုင်တာဆိုရင် အရမ်းကောင်းတာပဲ။ ဒါနဲ့ စနစ်၊ ဒီကမ္ဘာမှာ ဇာတ်လိုက်က နဂါးဘုရင်တစ်ယောက်တည်းပဲလား”
“ မဟုတ်ပါ။ ဒီကမ္ဘာသည် မြို့ပြစိတ်ကူးယဉ်ဇာတ်လမ်းမျိုးစုံ ပေါင်းစပ်ထားသော ကမ္ဘာတစ်ခုဖြစ်သည်။ သုံးနှစ်တာကတိနှင့် နဂါးဘုရင်ရှိသကဲ့သို့ သမီးဖြစ်သူကို ခွေးအိမ်ထဲတွင် နေစေသော စစ်နတ်ဘုရားလည်း ရှိသည်။ တောင်ပေါ်တွင် ပညာသင်ယူပြီးနောက် မြို့ထဲသို့ ပြန်ရောက်လာသော တက္ကသိုလ်ကျောင်းသူ၏ ကိုယ်ရံတော်လည်း ရှိသည်။ နိုင်ငံခြားမှ ပြန်လာသော စစ်ဘုရင်လည်း ရှိသည်။ ဒီလိုဇာတ်လိုက်တွေ အများကြီးရှိသည်။ လက်ရှိအချိန်တွင် ကျန်းချန်မြို့၌ ကံကြမ္မာကို ကာကွယ်ပေးသူတစ်ဦးသာ ပေါ်ထွက်လာသေးသည်။ ”
ချင်ယွင်နှင့် ရှောင်ချန်တို့သည် ယခုအချိန်တွင် အသက်ရှင်ရေးအတွက် တစ်ယောက်နှင့်တစ်ယောက် အပြိုင်ရင်ဆိုင်ရမည့် အခြေအနေဖြစ်နေသည်ကို တွေးမိသောအခါ သူ၏စိတ်သည် လုံးဝတည်ငြိမ်သွားသည်။
သူ့အတွက် ရွေးချယ်စရာနှစ်ခုသာ ရှိသည်။
အဆုံးစွန်သော ဗီလိန်တစ်ဦးဖြစ်လာပြီး လွတ်လပ်ပျော်ရွှင်စွာ အသက်ရှင်မည်။
သို့မဟုတ် ဇာတ်လိုက်၏ ခြေဖဝါးအောက်တွင် နင်းချေခံရပြီး သူ့အောင်မြင်မှုများအတွက် ခြေလှမ်းတစ်ခုအဖြစ် အသုံးချခံရမည်။
ဒီလိုဆိုရင် နောက်ဆုတ်စရာအကြောင်း မရှိတော့ပေ။
“စနစ်၊ နဂါးဘုရင်က အခုအချိန်မှာ အရမ်းအင်အားကြီးနေတယ်။ ငါ့ခွန်အားကို မြှင့်တင်ပေးနိုင်မယ့် လက်ဆောင်မျိုး ရှိလား”
“ရှိပါတယ်။အိမ်ရှင်အတွက် လက်ဆောင် ရောက်ရှိလာပါပြီ။
လက်ဆောင်ကိုအခုဖွင့်မလား။”
“ဖွင့်မယ်”
“ဂုဏ်ယူပါတယ် အိမ်ရှင်။ မင်ကျင့် အထွတ်အထိပ်အဆင့် ခွန်အားကို ရရှိပါပြီ”
ကျင့်ကြံမှုအဆင့်များမှာ မင်ကျင့်၊ အန်ကျင့်၊ ဟွာကျင့်၊ တန်ကျင့်၊ ကန်ကျင့်နှင့် ကျန်ရှန်းပုဟွိုင်တို့ ဖြစ်သည်။
ဒင်။
“ အိမ်ရှင်သည် မြောက်ပိုင်းအမှောင်နတ်ဘုရားကျင့်စဉ်ကို ရရှိပါပြီ။ တစ်ချက်နှိပ်ရုံဖြင့် အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်သည်။ ”
ဒင်။
“ ဂုဏ်ယူပါတယ် အိမ်ရှင်။ ရွှေခေါင်းလောင်းအကာအကွယ် ကိုယ်ခံပညာကို ရရှိပါပြီ။ တစ်ချက်နှိပ်ရုံဖြင့် အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်နိုင်သည်။”
ဒင်။
“ဂုဏ်ယူပါတယ် အိမ်ရှင်။ လက်ညှိုးတစ်ချောင်း ကိုယ်ခံပညာကို ရရှိပါပြီ။ ချက်ချင်း အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်နိုင်သည်။”
စနစ်မှပေးသောလက်ဆောင်များကို ရရှိလိုက်သည့်အချိန်မှစ၍ ချင်ယွင်သည် သူ၏အရိုးအဆစ်များနှင့် ကိုယ်ခန္ဓာတစ်ခုလုံးအတွင်း ခွန်အားများ တဖြည်းဖြည်း ပြည့်ဝလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သူ၏စိတ်ထဲတွင် သိုလှောင်ထားသကဲ့သို့ ဖြစ်နေသော ကိုယ်ခံပညာနည်းစနစ်များအားလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသလို ခံစားရပြီး လက်သီးတစ်ချက်တည်းဖြင့် နွားတစ်ကောင်ကိုပင် သတ်နိုင်လောက်သည်ဟု သူထင်မိသည်။
ထိုအချိန်တွင် အရက်နှင့် မိန်းမကိစ္စများကြောင့် အားနည်းနေခဲ့သော သူ၏ကိုယ်ခန္ဓာသည်လည်း တဖြည်းဖြည်း ပိုမိုတောင့်တင်းလာပြီး ကြွက်သားများက ထင်ရှားလာသည်။
ချင်ယွင်သည် မှန်ရှေ့တွင်ရပ်ပြီး သူ့ကိုယ်သူကြည့်လိုက်သည်။
ထိပ်တန်းကျင့်စဉ်သုံးမျိုးကို ရရှိပြီးနောက် သူ၏မျက်ခုံးများသည် ပိုမိုတည်ကြည်လာသလို ကိုယ်ပိုင်ဟန်ပန်အရှိန်အဝါကလည်း အဆက်မပြတ် မြင့်တက်လာသည်။
ယခင်က အဆီများဖြင့်ပြည့်နေခဲ့သော ဝမ်းဗိုက်သည်ပင် ယခုအခါ ကြွက်သားများ ထင်ရှားလာပြီဖြစ်သည်။
စနစ်ကပေးတဲ့လက်ဆောင်ဆိုတာ
“ဒီလိုမျိုး ခွန်အားကြီးလာရတာကိုး။ မကြာခင် အမဲသားစားစရာတောင် မလိုတော့ဘူး”
ချင်ယွင်က ခွန်အားများတိုးလာခြင်း၏ ပျော်ရွှင်ဖွယ်ခံစားချက်ကို ခံစားနေစဉ် ဖုန်းသံတစ်ချက် ရုတ်တရက်မြည်လာသည်။
ဖုန်းကို ကိုင်လိုက်သည်နှင့် တစ်ဖက်မှ အသံတစ်သံ ထွက်လာသည်။
“သခင်လေး၊ သခင်လေးအမိန့်အတိုင်း ယဲ့ကုမ္ပဏီကို စတင်ဖိနှိပ်နေပါပြီ။
ဒါပေမယ့် ယဲ့မိသားစုရဲ့ ငွေလည်ပတ်မှု ခြောက်ခမ်းလုနီးပါးဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ချင်မိသားစုကိုလည်း တစ်ဖက်ကပြန်လည်ပစ်မှတ်ထားလာပါတယ်။ အခြားမိသားစုကြီးသုံးခုက လုပ်တာဖြစ်နိုင်တယ်လို့ သံသယရှိပါတယ်။ သခင်လေး၊ အခု ဘာလုပ်ကြမလဲ။ ယဲ့မိသားစုကို ဆက်ပြီးဖိနှိပ်ရမလား”
ထိုစကားကို ကြားလိုက်ရသည့်အခါ ချင်ယွင်က အဓိပ္ပါယ်ရှိစွာ ပြုံးလိုက်သည်။
အခြေအနေကို ကြည့်ရသလောက် အခြားမိသားစုကြီးသုံးခုက လုပ်တာ လုံးဝမဖြစ်နိုင်ပေ။
ဒါက နဂါးဘုရင်၏ လူများက လှုပ်ရှားလိုက်ခြင်းသာ ဖြစ်ရမည်။
ဒီလိုဆိုရင် အခြေအနေကို ပြန်လည်ပြင်ဆင်နိုင်မည့် အခွင့်အရေး ရှိနေသေးသည်ဟု ဆိုလိုသည်။
“ယဲ့မိသားစုကို ဖိနှိပ်တာ ရပ်လိုက်။ မင်းတို့အားလုံး ငါနဲ့အတူ ယဲ့မိသားစုအိမ်ကို လိုက်ခဲ့ကြ။ ဒီသခင်လေးက ဗီလိန်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြမယ်”
နဂါးဘုရင်ထံတွင် မိန်းမများစွာ ရှိသည်ဟု ဆိုနိုင်သော်လည်း လက်ရှိအချိန်တွင် သူ့ကံကြမ္မာအပေါ် အကြီးမားဆုံးသက်ရောက်မှုရှိသူက သူ၏တရားဝင်ဇနီးဖြစ်သူ ယဲ့ချင်းကဲပင် ဖြစ်သည်။
ယဲ့ချင်းကဲကိုသာ သူ့ဘက်သို့ ဆွဲဆောင်နိုင်ခဲ့ပါက နဂါးဘုရင်၏ ကံကောင်းမှုတန်ဖိုးသည် အကြီးအကျယ် လျော့ကျသွားမည်မှာ သေချာသည်။
ထို့အပြင် သူသည် ယဲ့ချင်းကဲကို ကိုယ်တိုင်မြင်ဖူးပြီးသားဖြစ်သည်။
အသားအရေဖြူစင်လှပကာ ရှည်လျားနက်မှောင်သောဆံပင်နှင့်
သွယ်လျပီးဖြောင့်စင်းသောခြေတံတို့ကိုပိုင်ဆိုင်ထားသောမိန်းမလှတစ်ယောက်ဖြစ်ပြီး နီမြန်းသောနှုတ်ခမ်းများနှင့် မျက်ခုံးသွယ်သွယ်တို့ကလည်း သူမ၏အလှကို ပိုမိုထင်ရှားစေသည်။
ထိုအလှအပကို မြင်လိုက်ရုံနှင့်ပင် စိတ်ထဲတွင် တစ်မျိုးတစ်ဖုံ ဖြစ်မိစေသည်။
ယခုအချိန်မှစ၍ သူသည် အနိုင်မယူနိုင်သော ဗီလိန်ကြီးတစ်ယောက် ဖြစ်လာတော့မည်။
ဗီလိန်ဆိုတာ ဗီလိန်ကဲ့သို့ ပြုမူရမည်။
ယခုအချိန်သည်ဇာတ်လိုက်ကို စတင်ပြီး ဒုက္ခကောင်းကောင်း
ပေးရမည့်အချိန်ရောက်ပြီဖြစ်သည်။
ကျန်းချန်မြို့၊ ယဲ့မိသားစုအိမ်။
ထိုအချိန်တွင် ယဲ့မိသားစု၏ ဥက္ကဋ္ဌဖြစ်သူ ယဲ့ချင်းကဲသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေသည်။
ယနေ့သည် သူမ ယဲ့မိသားစု၏ ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူသည့် ပထမဆုံးနေ့ဖြစ်သည်။
သို့သော် ပထမဆုံးနေ့မှာပင် ကြီးမားလှသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
အမည်မသိ အင်အားစုတစ်စုက ဝင်ရောက်ကူညီမပေးခဲ့ပါက ယဲ့ကုမ္ပဏီ၏ လက်ရှိပိုင်ဆိုင်မှုသည် ဆယ်ပုံတစ်ပုံအောက်အထိပင် ကျဆင်းသွားပြီး သုံးရက်အတွင်း ဒေဝါလီခံရနိုင်သည်။
ယဲ့ချင်းကဲသည် ပင်ပန်းနွမ်းနယ်စွာဖြင့် ဆိုဖာပေါ်တွင် လှဲနေသည်။
သူမသည် ကျန်းချန်မြို့၏ အလှဆုံးအမျိုးသမီးငယ်များထဲမှ တစ်ဦးဖြစ်ပြီး ယဲ့မိသားစုအပေါ် လူအများစိတ်ဝင်စားဆုံး
အကြောင်းအရာမှာ လွန်ခဲ့သည့် သုံးနှစ်က အရည်အချင်းမရှိသော လူတစ်ယောက်နှင့် လက်ထပ်ခဲ့သည့်အကြောင်းပင် ဖြစ်သည်။
စဥ်းစားခန်းဝင်နေသည့်အချိန်တွင် ရှောင်ချန်သည် ရေချိုးခန်းကို သန့်ရှင်းပြီး ထွက်လာကာ ပင်ပန်းနွမ်းနယ်နေသော ယဲ့ချင်းကဲကို မြင်လိုက်သည်။
သူက အသံကိုလျှော့ပြီး မေးလိုက်သည်။
“မိန်းမ၊ ဘာဖြစ်လို့လဲ။ အရမ်းပင်ပန်းနေတဲ့ပုံပဲ”
ထိုစကားကို ကြားလိုက်သည်နှင့် ယောက္ခမဖြစ်သူ လျူချွေ့လန်က ချက်ချင်း ဝင်ပြောလိုက်သည်။
“မင်းကြောင့်သာ မဟုတ်ရင် ငါ့သမီးချင်းကဲက ဘယ်လိုလုပ်ပြီး ဒီလောက်ပင်ပန်းနေရမှာလဲ။ အရင်တုန်းက ငါ့သမီးက ကျန်းချန်မြို့မှာ
နာမည်ကြီးအမျိုးသမီးငယ်
တစ်ယောက်။ မင်းလို အသုံးမကျတဲ့လူနဲ့ လက်ထပ်လိုက်လို့သာ သူ့ဘဝရဲ့ကံကောင်းမှုတွေ အကုန်ပျောက်ကုန်တာ။ မဟုတ်ရင် အခုချိန်ဆို ချမ်းသာပြီး အာဏာရှိတဲ့မိသားစုကြီးတစ်ခုရဲ့ ဇနီးဖြစ်နေပြီ”
ရှောင်ချန်၏မျက်လုံးများထဲတွင် ရက်စက်ပီးသတ်ဖြတ်လိုသောအငွေ့အသက်ပေါ်လာသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
သူက မီးဖိုချောင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“အမေ၊ မိန်းမက ပင်ပန်းနေပြီ။ ကျွန်တော် သူ့အတွက် အစားအစာ သွားလုပ်ပေးလိုက်မယ်”
“မင်းလုပ်နိုင်တာဆိုလို့ ဒါပဲရှိတာ။ အဲဒီအဘိုးကြီးက သေခါနီးအချိန်မှာတောင် ငါ့သမီးရဲ့ ပျော်ရွှင်မှုကို စတေးပြီး မင်းနဲ့လက်ထပ်ခိုင်းခဲ့တာကို နားမလည်နိုင်ဘူး။ အသုံးမကျလိုက်တာ”
“ကဲပါ အမေ။ ပြောမနေပါတော့နဲ့။ ကျွန်မလည်း နည်းနည်းပင်ပန်းနေပြီ။ ခဏလောက် အနားယူချင်တယ်။ ဘာပဲဖြစ်ဖြစ် ရှောင်ချန်က ကျွန်မရဲ့ တရားဝင်ခင်ပွန်းပဲ။ သူ့ကို အမေက ဆူနေရင် ကျွန်မလည်း မျက်နှာမကောင်းဘူး။ ပြီးတော့ ကျွန်မသာ သူနဲ့ လက်မထပ်ခဲ့ရင် အဘိုးက သူ့ရှယ်ယာတွေကို ကျွန်မကို စီမံခန့်ခွဲခွင့်ပေးမှာမဟုတ်ဘူး”
လျူချွေ့လန်က သူမ၏သမီးကို ကြည့်ပြီး မေးလိုက်သည်။
“ချင်းကဲ၊ ဒီနေ့ ကုမ္ပဏီမှာ ဘာတွေဖြစ်ခဲ့တာလဲ”
“အမေ၊ ဒီနေ့ တစ်ယောက်ယောက်က ကျွန်မတို့ ယဲ့မိသားစုကို ဖိနှိပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် နောက်ထပ်အင်အားတစ်ခုက ဝင်ကူပေးလိုက်လို့ အခြေအနေက ပြန်ကောင်းလာတယ်။ ဒီလျှို့ဝှက်အင်အားစုက ဘယ်ကလာတာလဲဆိုတာ ကျွန်မလည်း မသိဘူး။ အခွင့်အရေးရရင် ကိုယ်တိုင်သွားပြီး ကျေးဇူးတင်ချင်တယ်။ သူသာ မကူညီခဲ့ရင် အခုဆို ကျွန်မတို့ ယဲ့မိသားစုက…”
မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးနေသောရှောင်ချန်သည် ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်စ ပေါ်လာသည်။
‘ချင်းကဲ၊ တစ်နေ့နေ့မှာ မင်းကို နောက်ကွယ်ကနေ တိတ်တဆိတ်ကူညီပေးနေတဲ့သူ ဘယ်သူလဲဆိုတာ ငါပြမယ်။ မင်းကို အထင်သေးခဲ့တဲ့သူအားလုံးကို ငါ့ခြေဖဝါးအောက်မှာ နင်းချေပြီး မင်းကို မယှဉ်နိုင်လောက်အောင် ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ အောင်မြင်မှုတွေ ပေးမယ်’
သူ့အတွေး မဆုံးသေးခင်မှာပင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒါဆို ယဲ့အမျိုးသမီးက ကျွန်တော့်ကို ဘယ်လိုကျေးဇူးဆပ်မလဲ”
စကားသံနှင့်အတူ ချင်ယွင်သည် သူ့လူများကို ခေါ်ဆောင်ကာ ယဲ့မိသားစုအိမ်သို့ ရောက်ရှိလာပြီး မိသားစုဝင်တစ်ဦးလိုပင် ဆိုဖာပေါ်တွင် အေးအေးဆေးဆေးဝင်ထိုင်လိုက်သည်။
သူက ယဲ့ချင်းကဲကို ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။
“ယဲ့အမျိုးသမီးငယ်၊ အခုတလော နေကောင်းရဲ့လား”