“မင်းတို့ဆီမှာရှိတဲ့ ကုသရေးဆေးတွေ အကုန်ထုတ်ပေးစမ်း”
ရန်ဖျင်းရှန်း၏ အသံမှာ အေးစက်လွန်းလှသည်။ သူ၏ ဖျက်စီးခြင်းမရီဒန် (Desolate Meridian) အရှိန်အဝါက သူတိုအပေါ် တောင်ကြီးတစ်လုံးလို ဖိနှိပ်ထားပြီး ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
“မဟာဧကရာဇ် ထွန်းရိရဲ့ မျိုးဆက်တစ်ယောက်ဖြစ်ပြီးတော့မှ ဒီလောက်အထိ အောက်တန်းကျကျ နေထိုင်နေတာလား”
ရှုဇီမိုကတော့ မတုန်မလှုပ်ဘဲ တည်ငြိမ်စွာ ပြုံးလျက် ပြန်ပြောလိုက်သည်။ “မြင့်မြတ်တဲ့ သွေးမျိုးဆက်က ဒီလောက်အထိ နိမ့်ပါးသွားတာ… တော်တော်လေး သနားစရာကောင်းတယ်လို့ မင်းမထင်ဘူးလား”
ရန်ဖျင်းရှန်းက နှာခေါင်းရှုံ့လိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဧရာမ စွမ်းအင်လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ရှုဇီမိုတို့အုပ်စုထံ လှမ်းဝင်လာ၏။
“မင်း ငါတို့ကို ထိရဲထိကြည့်လိုက်၊ ငါတို့က ‘စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်း’ (True Martial Sacred Ground) က တပည့်တွေပဲ!” လောင်ကွေ့က တုန်တုန်ယင်ယင်နှင့် အော်ပြောလိုက်သည်။ “ငါ့အဖေက အတွင်းစည်း အကြီးအကဲ တစ်ယောက်ကွ!”
ရန်ဖျင်းရှန်း မျက်မှောင်ကြုတ်သွားသည်။ အကယ်၍ သူတို့သာ သာမန်ဂိုဏ်းသားများဆိုလျှင် သူ ဂရုစိုက်မည်မဟုတ်၊ တစ်ယောက်နှစ်ယောက် သတ်လိုက်ရုံဖြင့် ဘာမှမဖြစ်နိုင်။ စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်းတွင် တပည့်ပေါင်း သောင်းချီရှိရာ အားလုံးကို မည်သူမျှ လိုက်မကာကွယ်နိုင်ပေ။
သို့သော် ဤကလေးက အတွင်းစည်းအကြီးအကဲ၏ သားဖြစ်နေလျှင်မူ ဇာတ်လမ်းက တမျိုးပြောင်းသွားပြီဖြစ်သည်။ အကြီးအကဲတစ်ယောက်၏ သားကို သတ်မိပါက ဂိုဏ်းက လျစ်လျူရှုနိုင်သော်လည်း ဖခင်ဖြစ်သူကမူ မြေလှန်၍ လက်စားချေမည်မှာ အသေအချာပင်။
အတွင်းစည်းအကြီးအကဲများမှာ ပါရမီထူးချွန်သည့် ‘အထွတ်အထိပ် မီရီဒီယမ်’ (Paragon Meridian) ကျွမ်းကျင်သူများဖြစ်ပြီး အချို့ဆိုလျှင် ‘ဧကရာဇ် မီရီဒီယမ်’ (Imperial Meridian) နယ်ပယ်အထိပင် ရောက်ရှိကြသည်။ ရန်ဖျင်းရှန်းအနေဖြင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် ထိပ်တိုက်မတွေ့လိုပေ။ သူသည် မဟာဧကရာဇ်၏ မျိုးဆက်ဟူသော ဂုဏ်ပုဒ်ကို ဆောင်ထားရသော်လည်း လက်တွေ့တွင်မူ ဘိုးဘေးထံမှ မည်သည့်စွမ်းအားကိုမျှ အမွေမရခဲ့သူသာ ဖြစ်သည်။
သူ့ဘဝမှာ အမည်ခံဂုဏ်ပုဒ်သာရှိပြီး အနှစ်သာရကတော့ ဘာမှမရှိပေ။
...
ရန်ဖျင်းရှန်းသည် သူတို့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
“ဟေး… ငါတို့ အပေးအယူတစ်ခု လုပ်ကြမလား” ရှုဇီမိုက လှမ်းခေါ်လိုက်သည်။
“မင်းတို့ရဲ့ ဂိုဏ်းအရေးတွေကို ငါ စိတ်မဝင်စားဘူး” ရန်ဖျင်းရှန်းက ခပ်အေးအေး ပြန်ထူးသည်။
“မဟုတ်ဘူးလေ၊ ငါပြောတာက တခြားအရာတစ်ခု။ အကယ်၍… မင်းရဲ့ ဘိုးဘေးအမွေအနှစ်ကို ပြန်ရအောင် ငါ ကူညီပေးနိုင်မယ်လို့ ပြောရင်ကော” ရှုဇီမိုက ခပ်နောက်နောက် ပြုံးလျက် ပြောလိုက်သည်။
ရန်ဖျင်းရှန်း ခြေလှမ်းများ တန့်သွားသည်။ သူ၏နှလုံးသားမှာ ရုတ်တရက် ခုန်မြန်လာပြီး ရှုဇီမိုကို အငမ်းမရ စိုက်ကြည့်ကာ “မင်း… မင်း ဘာတွေသိထားတာလဲ” ဟု မောဟိုက်သောအသံဖြင့် မေးလိုက်သည်။
“အပေးအယူက ရှင်းရှင်းလေးပဲ” ရှုဇီမိုက တိုက်ရိုက်ပြောလိုက်သည်။ “မင်းရဲ့ ဒဏ်ရာတွေကို ငါကုပေးမယ်၊ မင်းရဲ့ အမွေအနှစ်ကို ရအောင် ငါ ကူညီပေးမယ်။ အပြန်အလှန်အနေနဲ့ မင်း ငါ့လက်အောက်မှာ အမှုထမ်းရမယ်၊ ငါ့အတွက် တိုက်ခိုက်ပေးရမယ်။ ဘယ်လိုလဲ”
“လုံးဝ မဖြစ်နိုင်ဘူး!” ရန်ဖျင်းရှန်း၏ မျက်နှာ ပျက်သွားသည်။ တစ်စုံတစ်ဦး၏ လက်အောက်ခံဖြစ်ရခြင်းမှာ သူ၏ လွတ်လပ်မှုကို စွန့်လွှတ်ခြင်းဖြစ်ရာ သူ၏ မာနနှင့် လုံးဝ မကိုက်ညီပေ။
“သေချာ စဉ်းစားကြည့်ပါဦး” ရှုဇီမိုက စိတ်ရှည်လက်ရှည် နားချလိုက်သည်။ “မင်းရဲ့ အခု အခြေအနေနဲ့ဆိုရင် မဟာဧကရာဇ် ထွန်းရိရဲ့ အမွေအနှစ်ကို မျက်စိကျနေတဲ့ သူတွေကြားထဲမှာ မင်း ဘယ်တော့မှ အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူး။ တစ်ဘဝလုံး ထွက်ပြေးနေရင်းနဲ့ပဲ အချိန်ကုန်သွားလိမ့်မယ်”
“ဒါပေမဲ့ မင်း ငါ့နောက်ကိုလိုက်ပြီး ငါ့ရဲ့ စစ်သေနာပတိတစ်ယောက် ဖြစ်လာမယ်ဆိုရင်တော့… ကောင်းကင်ယံထက်မှာ ဘာတွေရှိတယ်ဆိုတာကို မင်းကို ငါ လက်တွေ့ ပြပေးမယ်”
“ကောင်းကင်ယံထက်မှာ ဘာတွေရှိလဲ ဟုတ်လား...?” ရန်ဖျင်းရှန်းမှာ ထိုစကားများကြောင့် မှင်တက်သွားပြီး တိုးတိုးလေး ရေရွတ်နေမိသည်။
ရှုဇီမိုသည် သူ၏ ဟင်းလင်းပြင်လက်စွပ်ထဲမှ ကုသရေးဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။ “မင်း သဘောတူတယ်ဆိုရင် ဒါကို သောက်ပြီး ဒဏ်ရာကို အမြန်ကုလိုက်။ ပြီးရင် ကောင်းကင်ဘုံ သစ္စာဆိုလိုက်တော့”
ရန်ဖျင်းရှန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်စွာ စဉ်းစားနေပြီးမှ သူ၏မျက်လုံးများ တဖြည်းဖြည်း တောက်ပလာသည်။ ထို့နောက် သူက “ကောင်းပြီ… မင်းရဲ့ အဖွဲ့ထဲကို ငါ ဝင်မယ်။ ဒါပေမဲ့ ဟန်ဆောင်ကောင်းလှတဲ့ ‘ယွဲ့ပုလီ’ ကို သတ်ဖို့ မင်း ငါ့ကို ကူညီရမယ်”
“ငါက တခြားသူတွေအတွက် လက်စားချေပေးလေ့မရှိဘူး” ရှုဇီမိုက ခေါင်းခါရင်း ပြောလိုက်သည်။ “ကိုယ့်ရန်သူကို ကိုယ့်လက်နဲ့ကိုယ် သတ်ရတာက ပိုပြီး ကျေနပ်စရာ မကောင်းဘူးလား”
“ဒါပေမဲ့ ငါနဲ့ သူနဲ့ကြားမှာ ကွာခြားချက်က အကြီးကြီးပဲလေ” ရန်ဖျင်းရှန်းက ခပ်မှိုင်မှိုင် ပြန်ပြောသည်။ “သူက ‘ဖျက်စီးခြင်း မီရီဒီယမ်’ အဆင့်မှာရှိနေတာ။ သူ့ကို အမီလိုက်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူသိမှာလဲ။ ငါ အဲဒီလောက်အထိ မစောင့်နိုင်ဘူး”
“မင်းကိုယ်မင်း အထင်မသေးစမ်းပါနဲ့” ရှုဇီမိုက အားပေးလိုက်သည်။ “မင်းရဲ့ ဘိုးဘေးအမွေအနှစ်ကိုသာ ရသွားရင် မင်းရဲ့ ကြီးမြတ်မှုဆီကို သွားတဲ့ လမ်းကြောင်းက မျက်စိတစ်မှိတ်အတွင်းမှာပဲ စတင်လာလိမ့်မယ်”
ရှုဇီမို၏ ယခင်ဘဝတွင် ရန်ဖျင်းရှန်းသည် တစ်လောကလုံးတွင် ဂုဏ်သတင်းကျော်ကြားသော တစ်ကိုယ်တော် စစ်သည်တော်ကြီး ဖြစ်လာခဲ့သည်။ သူသည် အမှန်တကယ်ပင် အင်အားကြီးမားသူ ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ၏ ပါရမီများမှာ နိုးထလာခြင်း မရှိသေးပေ။
“မင်း ငါ့ကို လိမ်မပြောဘူးလို့ မျှော်လင့်ပါတယ်” ရန်ဖျင်းရှန်းက ပြောရင်း ခေါင်းမော့ကာ ကောင်းကင်ယံသို့ သစ္စာဆိုလိုက်သည်။
“ကောင်းကင်ဘုံ တရားတော်ကို သက်သေအရာ ထားပါ၏။ ယနေ့တွင် ကျွန်ုပ် ရန်ဖျင်းရှန်းက ဤသို့ သစ္စာဆိုပါ၏ - အကယ်၍ ရှုဇီမိုသည် ကျွန်ုပ်အား မဟာဧကရာဇ် ထွန်းရိ၏ အမွေအနှစ် ရရှိအောင် ကူညီပေးခဲ့ပါက၊ ကျွန်ုပ်သည် သူ၏အပေါ်၌ တစ်သက်လုံး သစ္စာရှိရှိ အမှုထမ်းပါမည်။ သေခြင်းတရားက ကျွန်ုပ်ကို ခေါ်ဆောင်မသွားမချင်း ကောင်းကင်၏ အဆုံးအစအထိ သူနှင့်အတူ လိုက်ပါ တိုက်ပွဲဝင်ပါမည်!”
သူ၏ စကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ပြင်ကြီး တုန်ခါသွားပြီး လေပြင်းများ တိုက်ခတ်လာကာ တိမ်တိုက်များ လိပ်တက်လာပြီး တောက်ပနေသော နေမင်းကြီးကိုပင် ဖုံးလွှမ်းသွားသည်။ ခဏအကြာမှ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
ဤသည်မှာ သာမန်သစ္စာဆိုခြင်း မဟုတ်ပေ။ မိမိ၏ ဝိညာဉ်အနှစ်သာရကို အသုံးပြု၍ ကောင်းကင်ဘုံ တရားတော် (Heavenly Dao) ပေါ်တွင် ရေးထွင်းလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သစ္စာဖောက်ဖျက်ပါက ကောင်းကင်ဘုံ၏ အပြစ်ဒဏ်ကို မလွဲမသွေ ခံရမည်ဖြစ်သည်။ ဤကဲ့သို့ သစ္စာဆိုနိုင်ရန်မှာလည်း အနည်းဆုံး စတုတ္ထမြောက် မီရီဒီယမ် တံခါးပေါက်ကို ဖွင့်လှစ်ပြီး မိမိ၏ ကံကြမ္မာကို နိုးထစေနိုင်သူမှသာ ပြုလုပ်နိုင်သည်။
“ကဲ… အခု ငါ့ဘိုးဘေးရဲ့ အမွေအနှစ် ဘယ်မှာလဲဆိုတာ ပြောပြတော့မလား” ရန်ဖျင်းရှန်းက မေးလိုက်သည်။
“မင်းရဲ့ မျိုးနွယ်စု ဘိုးဘေးဘုရားကျောင်းကို ပြန်သွားလိုက်” ရှုဇီမိုက ပြောလိုက်သည်။ “အဲဒီမှာ မဟာဧကရာဇ် ထွန်းရိရဲ့ ရုပ်ထုရှိတယ်။ အဲဒီရုပ်ထုကို ရွှေ့လိုက်ရင် သူ့အောက်မှာ ဝှက်ထားတဲ့ ကျောက်တုံးတစ်ခုကို တွေ့လိမ့်မယ်။ သော့ချက်ကတော့ မင်းရဲ့ ပုလွေပဲ”
“အဲဒီ လျှို့ဝှက်စက်ကွင်းကို ဖွင့်ဖို့အတွက် ပုလွေကို ထည့်လိုက်၊ ဒါဆိုရင် အရာအားလုံး ပေါ်လာလိမ့်မယ်”
“အမွေအနှစ်က ငါတို့ ဘိုးဘေးဘုရားကျောင်းထဲမှာလား?!” ရန်ဖျင်းရှန်း မှင်တက်သွားသည်။ ရန်မိသားစုဝင် တစ်ယောက်မှ ဤအချက်ကို မသိခဲ့ကြပေ။ အကယ်၍သာ ထိုအမွေအနှစ်ကို စောစောတွေ့ခဲ့လျှင် ရန်မိသားစုသည် ယခုကဲ့သို့ ဆုတ်ယုတ်သွားမည် မဟုတ်ပေ။
ရှုဇီမိုက ထပ်ပြီး ရှင်းမပြတော့ဘဲ “သွားပြီး စစ်ဆေးကြည့်လိုက်ဦး။ ငါပြောတာ မှန်လို့ မင်း အမွေအနှစ်ကို ရရှိသွားပြီဆိုရင်တော့ ‘စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်း’ ကို လာပြီး ငါ့ကို ရှာလိုက်ပါ”
ရန်ဖျင်းရှန်းက ခေါင်းညိတ်ကာ လေးလေးစားစား ဦးညွှတ်လိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတက်ကာ ထွက်ခွာသွားတော့သည်။
သူ ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း ရှုဇီမိုက ခပ်ပါးပါး ပြုံးလိုက်သည်။
ရန်ဖျင်းရှန်း… လေနှင့်မိုးကြားတွင် တည်ငြိမ်စွာ လျှောက်လှမ်းနိုင်သူ။ ရှုဇီမို၏ အတိတ်ဘဝတွင် ဤအမည်သည် တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။ အမှန်တရားမှာ ရှုဇီမိုသည် အခြေအနေများကို အရှိန်မြှင့်ပေးလိုက်ရုံသာ ဖြစ်သည်။ သူ၏ အကူအညီမပါဘဲလည်း ရန်ဖျင်းရှန်းသည် တစ်နေ့တွင် ထိုအမွေအနှစ်ကို တိုက်ဆိုင်စွာဖြင့် တွေ့ရှိသွားမည်သာ ဖြစ်ပြီး တစ်ကိုယ်တည်း ဂုဏ်ကျက်သရေရှိသော ခရီးကို စတင်ပေလိမ့်မည်။
“စီနီယာအစ်ကို… ဒါတွေကို ဘယ်လိုလုပ် သိနေတာလဲဟင်” ကွေ့လေးက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“စာများများဖတ်၊ အလုပ်များများလုပ်၊ အမေးနည်းနည်းလျှော့” ရှုဇီမိုက နောက်သို့ပင် လှည့်မကြည့်ဘဲ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
လောင်ကွေ့က အမြန်ခေါင်းညိတ်လိုက်သည်။ သူသည် နယ်ကျွံသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် အချို့သောအရာများကို မမေးခြင်းက ပိုကောင်းမှန်း နားလည်သွားသည်။
ဆယ်မိုင်မြို့ (Ten-Mile Town) - ဤသည်မှာ ရှုဇီမို၏ ယခုလက်ရှိ တာဝန်ကျရာ နေရာဖြစ်သည်။ ၎င်းသည် အနောက်ဘက်ဒေသ၏ အရှေ့ဘက်အစွန်းတွင် တည်ရှိပြီး လမင်းသုံးစင်းမြို့ (Three Moon City) ၏ စီရင်ပိုင်ခွင့်အောက်တွင်ရှိကာ ဂရင်းဝုဒ် အင်ပါယာ (Green Wood Empire) ၏ နယ်နိမိတ်အတွင်း တည်ရှိသည်။
Note : တိုက်ရိုက်ပြန်တာ ပိုအဆင်ပြေလို့ တိုက်ရိုက်ပြန်လိုက်ပါသည်။
မြို့တံခါးများတွင် ကြက်သွေးရောင် မေပယ်ပင်များက လေထဲတွင် ဝေ့ယမ်းနေသည်။ သူတို့၏ အနီရောင်ရင့်ရင့် အရွက်များက မြေပြင်ပေါ်တွင် ဖုံးလွှမ်းနေပြီး တိတ်ဆိတ်သော သစ္စာစကားများနှင့် အိပ်မက်များကဲ့သို့ အဝေးသို့ လွင့်ပါးနေကြ၏။
မွန်းလွဲပိုင်းတွင် ထိုအုပ်စုသည် ဆယ်မိုင်မြို့သို့ ရောက်ရှိလာသည်။ သူတို့၏ မြင်းများသည် တစ်နေ့လုံး ပြေးလွှားလာရသဖြင့် မောပန်းနေကြပြီး အမောတကော ဟီးသံများ ထွက်ပေါ်နေသည်။ အေးစက်သော လေများ တိုက်ခတ်လာပြီး ငှက်များသည် မီးခိုးရောင် ကောင်းကင်ယံတွင် နိမ့်ပါးစွာ ပျံသန်းနေကြသည်။ မည်သူမျှ သတိမထားမိခင်မှာပင် မိုးများ စတင်ရွာသွန်းလာသည်။
အစပိုင်းတွင် အနည်းငယ်သာ ရွာသော်လည်း ညသို့ ရောက်လာသည်နှင့်အမျှ ပါးလွှာသော မြူနှင်းများကဲ့သို့ ဖြစ်လာသည်။
“စီနီယာအစ်ကို၊ ကျွန်တော်တို့ သခင်ဟူ (Master Hu) ရဲ့ အိမ်တော်ကို အရင်သွားကြမလား” ကွေ့လေးက အကြံပြုလိုက်သည်။ သခင်ဟူသည် ထိုတာဝန်ကို ပေးအပ်ခဲ့သူဖြစ်သည်။
ရှုဇီမိုက ခေါင်းညိတ်လိုက်သည်။
သူတို့ အနည်းငယ် လျှောက်လှမ်းလိုက်ရုံရှိသေး၊ အခြားအုပ်စုတစ်စုက မြို့တံခါးများမှတစ်ဆင့် မြို့ထဲသို့ ဝင်ရောက်လာကြသည်ကို မြင်လိုက်ရ၏။