ယခင်ဘဝတုန်းက 'ချွေယွမ်' ဆိုသည့်သူသည် ချူရန်အတွက် အတွေ့အကြုံရစေမည့် အရန်ဇာတ်ကောင်လေးတစ်ဦးသာ ဖြစ်ခဲ့လိမ့်မည်ဟု ရူဇီမို တွေးလိုက်မိသည်။ ချူရန်၏ လက်ချက်ဖြင့် အသတ်ခံရပြီးနောက် သူသည် နောက်ဆုံး 'ငရဲနှိမ်လုံး' ကို ချန်ရစ်ခဲ့ခြင်းဖြစ်ရာ ထိုလုံးဝန်းသောအရာမှာ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို ရူဇီမို လုံးဝမသိခဲ့ရပေ။
သို့သော် ယခုဘဝတွင်မူ ကံကြမ္မာ၏ တိုက်ဆိုင်မှုကြောင့် ရူဇီမိုသည် ထိုအလုံးကို ချွေယွမ့်ထံမှ ကိုယ်တိုင်ကိုယ်ကျ လုယူနိုင်ခဲ့လေသည်။ ကံကြမ္မာ၏ အလှည့်အပြောင်းမှာ အံ့ဩစရာပင်။
'အမှောင် ၁၃' တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို ကြည့်ရင်း ချူရန် နောက်သို့ ယိုင်နဲ့စွာ ဆုတ်ခွာနေရသည်။ သူ၏ ရင်ဘတ်မှာ ပူလောင်နာကျင်နေပြီး သွေးထွက်လွန်မှုကြောင့် ခေါင်းများပါ မူးဝေလာ၏။
"ငါ တကယ်ပဲ ဒီမှာ သေရတော့မှာလား" ချူရန် နာကျင်စွာ တွေးလိုက်မိသည်။
သူ့တွင် ဆရာသခင် မို (Old Mo) ၏ လမ်းညွှန်မှုရှိသည်။
ဧကရာဇ်အဆင့် ကျင့်စဉ်ကို ကျင့်ကြံထားသည်။
ပြီးတော့ သူသည် 'ရှောင်အာ' ကိုလည်း ရှာဖွေရဦးမည်။
ဤကဲ့သို့သော နေရာမျိုးတွင် သူ အသေမခံနိုင်ပေ။
"ရှောင်ရန်... မစိုးရိမ်နဲ့။ ငါရှိနေသရွေ့ မင်းကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်စေရဘူး" ချူရန်၏ လက်စွပ်ထဲမှ ဆရာသခင် မို၏ အသံ ထွက်ပေါ်လာသည်။
"ဆရာသခင် မို... ဆရာ..." ချူရန် လက်စွပ်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
လက်စွပ်ထဲမှနေ၍ သက်ကြီးရွယ်အိုတစ်ဦး၏ ဝိညာဉ်ပုံရိပ် လည်းဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ထိုသူ ပေါ်လာသည့် ခဏ၌ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
နေနှင့်လတို့ ရွေ့လျားသွားကာ သံသရာသည်လည်း ရပ်တန့်သွားသယောင် ရှိ၏။
ထိုသက်ကြီးရွယ်အို၏ ကိုယ်မှ မမြင်နိုင်သော စွမ်းအားလှိုင်းများ လှိမ့်တက်လာသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ နားထင်တွင် ဆံပင်ဖြူများဖြင့် အစိမ်းရောင် ဝတ်စုံရှည်ကို ဆင်မြန်းထားသည်။
သူသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်း ရှေးဟောင်းဆန်လှသော အရှိန်အဝါတို့ကို ထုတ်ဖော်လိုက်သည်။
အချိန်နှင့် ဟင်းလင်းပြင်တို့ ရပ်တန့်သွားသကဲ့သို့ သူ၏ ညာဘက်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
"ဒါ... ဒါက ဘာလဲ" အမှောင် ၁၃ သည် ထိုသူအား သတိကြီးစွာဖြင့် စိုက်ကြည့်နေသည်။
"ငါ့ရဲ့ အထွတ်အထိပ် အချိန်တုန်းကဆိုရင် 'ဧကရာဇ် မရီဒန်' ပညာရှင်တွေတောင် ငါ့အတွက် ဘာမှမဟုတ်ဘူး" ထိုသက်ကြီးရွယ်အိုက အေးဆေးစွာ ပြောလိုက်သည်။ "အခုလို 'ဝိညာဉ် မရီဒန်' အဆင့်ရှိတဲ့ ပိုးကောင်လေးက ငါရွေးချယ်ထားတဲ့သူကို သတ်ဖို့ ကြိုးစားရဲတာလား"
"အဲဒါ ခင်ဗျားရဲ့ အထွတ်အထိပ် အချိန်တုန်းကလေ။ အခုကော ခင်ဗျားမှာ ဘယ်လောက်အင်အား ကျန်သေးလို့လဲ" အမှောင် ၁၃ က ပြန်လည် တုံ့ပြန်လိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုကျောက်စိမ်းပြားသည် ရူဇီမို ပေးထားခြင်းဖြစ်ပြီး ရှုချင်းရှန်း (Xu Qingshan) ၏ ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်း ကိန်းအောင်းနေခြင်းဖြစ်သည်။
အကယ်၍ ၎င်းကို အသက်သွင်းလိုက်ပါက 'ဧကရာဇ် မရီဒန် တဝက်အဆင့်' ပညာရှင်တစ်ဦး၏ စွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။
"မကောင်းတော့ဘူး!" ဆရာသခင် မိုသည် ထိုကျောက်စိမ်းပြားကို မြင်သည်နှင့် တစ်ပြိုင်နက် သိလိုက်သည်။
ရန်သူက ကြိုတင်ပြင်ဆင်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက ခမ်းခမ်းနားနား ထွက်ပေါ်လာကာမှ ယခုကဲ့သို့ ဖြစ်ရသလော။
သူသည် ညာဘက်လက်ကို ဝေ့ယမ်းလိုက်ရာ ကောင်းကင်မှ လှောင်အိမ်တစ်ခု ကျဆင်းလာပြီး အမှောင် ၁၃ ကို ပိတ်လှောင်လိုက်သည်။ ထို့နောက် ချူရန်၏ ပုခုံးကို ဆွဲကိုင်ကာ "သွားစို့!" ဟု ဟစ်အော်လိုက်သည်။
ထိုလှောင်အိမ်သည် အမှောင် ၁၃ ကို ကြာရှည်စွာ ထိန်းထားနိုင်မည်မဟုတ်သော်လည်း ဆရာသခင် မိုသည် သူစုဆောင်းထားသမျှ ဝိညာဉ်စွမ်းအားအားလုံးကို အသုံးချကာ ချူရန်နှင့်အတူ ထွက်ပြေးရန် အချိန်လုလိုက်ခြင်းဖြစ်သည်။
...
ထူထပ်သော တောအုပ်တစ်ခုထဲတွင် ဆရာသခင် မိုသည် ချူရန်ကို အသာအယာ ချလိုက်သည်။ သူ၏ ဝိညာဉ်ပုံရိပ်မှာ မှေးမှိန်နေပြီး ကွယ်ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
"ဆရာသခင် မို... အဆင်ပြေရဲ့လား" ချူရန် စိုးရိမ်တကြီး မေးလိုက်သည်။
"ငါ အဆင်ပြေပါတယ်၊ မစိုးရိမ်နဲ့" ဆရာသခင် မိုက မောပန်းသော်လည်း ပြုံး၍ ပြောလိုက်သည်။ "ဝိညာဉ်စွမ်းအား အလွန်အကျွံ သုံးလိုက်ရလို့ပါ။ ငါ ပြန်လည်နာလန်ထူဖို့ အချိန်လိုမယ်။ နောင်ကျရင် ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ ဆေးဖက်ဝင်အပင်တွေ တွေ့ရင် ငါ့အတွက် ရှာပေးပါဦး"
ထိုသို့ပြောပြီးနောက် ဆရာသခင် မိုသည် လက်စွပ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
ချူရန် ခေါင်းညိတ်ပြပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
ရင်ဘတ်မှ သွေးထွက်ခြင်း ရပ်တန့်သွားသော်လည်း ခေါင်းမှာမူ နာကျင်နေဆဲပင်။
သူသည် အနားယူရန် သစ်ပင်ကြီးတစ်ပင်ကို မှီလိုက်သည်။
ထိုစဉ် ခြေသံများ ထပ်မံကြားလိုက်ရပြန်သည်။ ချူရန် ကိုယ်ကို တင်းထားလိုက်မိသည်။ ထိုလူမည်းဝတ်စုံနှင့်လူ ပြန်ရောက်လာခြင်းလော။
မော့ကြည့်လိုက်ရာ ကျောတွင် ဓားတစ်စင်း လွယ်ထားသည့် ဝတ်စုံဖြူဝတ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူက အေးဆေးစွာ ပြုံးလျက် လျှောက်လာနေ၏။
ချူရန် စကားစပြောရန် ကြိုးစားသော်လည်း ပြင်းထန်လှသော ဖိအားတစ်ခုကြောင့် လှုပ်ရှား၍ပင် မရတော့ပေ။
ထိုဓားသမားသည် စောစောက လူထက်ပင် ပိုမိုအန္တရာယ်များကြောင်း သူ ခံစားမိသည်။
ထိုအမျိုးသားသည် ချူရန်၏ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ချူရန်၏ ရင်ဘတ်ပေါ်ရှိ 'ငရဲနှိမ်လုံး' ကို အသာအယာ ယူလိုက်သည်။
"မင်း... ဘယ်သူလဲ" ချူရန်က ဒေါသတကြီး စိုက်ကြည့်ရင်း မေးလိုက်သည်။
"ချန်ခုန်" ထိုသူက ပြုံးလျက် ပြန်ဖြေပြီးနောက် လှည့်ထွက်သွားလေသည်။
Note : “ကောင်းကင်အုပ်စိုး ဓာအရှင်”ကို “ချန်ခုန်” အဖြစ်ပြောင်းလဲသုံးစွဲပါမည်။
ထိုဓားသမား ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချူရန်၏ ခန္ဓာကိုယ်သည် ပြန်လည် လှုပ်ရှားနိုင်သွားပြီး သူ အမောတကော အသက်ရှူလိုက်ရသည်။
"ဆရာသခင် မို?" သူ ခပ်တိုးတိုး ခေါ်ကြည့်လိုက်သည်။
"အဲဒီလူက အရမ်းကို အစွမ်းထက်လွန်းတယ်။ ငါ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြဖို့တောင် မရဲဘူး။ အနည်းဆုံး 'အထွတ်အထိပ် မရီဒန်' အဆင့်မှာ ရှိနေလိမ့်မယ်" ဆရာသခင် မိုက လေးနက်စွာ ပြောလိုက်သည်။
"ကျွန်တော်က တစ်စုံတစ်ယောက်ရဲ့ ကစားကွက်ထဲက နယ်ရုပ်လေးတစ်ရုပ် ဖြစ်နေသလိုပဲ" ချူရန်က ညည်းတွားလိုက်သည်။ "မမြင်ရတဲ့ လက်တစ်စုံက အရာအားလုံးကို ထိန်းချုပ်ထားသလိုမျိုးပဲ"
"အရမ်းကြီး မတွေးပါနဲ့။ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ပါ" ဆရာသခင် မိုက အားပေးလိုက်သည်။ "မင်းက အားနည်းလွန်းသေးတယ်။ တစ်နေ့ မင်း အင်အားတောင့်တင်းလာတဲ့အခါ ဆုံးရှုံးသွားတာအားလုံးကို ပြန်ယူနိုင်လိမ့်မယ်"
"အဲဒီ 'ငရဲနှိမ်လုံး' အတွက်တော့ နှမြောစရာပဲ"
ချူရန်သည် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်ဝန်းတို့မှာ တောက်လောင်နေသော ဇွဲလုံ့လများဖြင့် ပြည့်နှက်နေလေသည်။
ရူဇီမိုသည် ကောင်းကင်အုပ်စိုးထံမှ နောက်ဆုံး 'ငရဲနှိမ်လုံး' ကို လက်ခံရယူလိုက်ပြီးနောက် ဝမ်းသာပီတိဖြစ်မှုကို ထိန်းထားလိုက်သည်။
"မဆိုးဘူး။ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်"
"ဘာလို့ သူ့ကို သတ်ခွင့်မပေးတာလဲ" ကောင်းကင်အုပ်စိုးက မေးလိုက်သည်။
"ထိုက်တန်တဲ့ ပြိုင်ဘက်မရှိတဲ့ ကမ္ဘာကြီးက ပျင်းစရာကောင်းတယ်လို့ မထင်ဘူးလား" ရူဇီမိုက ပြုံးလိုက်သည်။ "ငါက သူ့ကို မျှော်လင့်ချက်တွေ ပေးပြီးမှ အဲဒီမျှော်လင့်ချက်တွေကို ထပ်ခါတလဲလဲ ပြန်လည် ရိုက်ချိုးပစ်ချင်တာ။ အဲဒါမှ ပျော်စရာကောင်းမှာ"
"မင်း ငါ့ကို ကတိပေးထားတာကော?" ချန်ခုန်က မေးသည်။
ရူဇီမိုသည် ဓားကျင့်စဉ် လက်စွဲစာအုပ် နှစ်အုပ်ကို ကမ်းပေးလိုက်သည် - 'ကောင်းကင်သံစဉ် ဓားသိုင်း' နှင့် 'ပါရမီရှင်သုံးပါး ဓားဝင်္ကပါ' တို့ဖြစ်သည်။
"စိတ်အေးအေးထားပါ။ ငါက ကတိတည်တဲ့သူပါ" ရူဇီမိုက ပြုံးလျက် ပြောလိုက်သည်။
ကောင်းကင်အုပ်စိုး ဘာမှမပြောသော်လည်း စိတ်ထဲတွင်မူ 'ရူဇီမိုနှင့် ရန်သူဖြစ်ရခြင်းထက် မိတ်ဆွေဖြစ်ရခြင်းက ပိုကောင်းပါသည်' ဟု မှတ်ချက်ပြုလိုက်မိသည်။
နောက်တစ်နေ့ နံနက်တွင် သူတို့အဖွဲ့သည် ကောင်းကင်ဓား မြို့တော်မှ ထွက်ခွာလာခဲ့ကြသည်။
မထွက်ခွာမီ ရူဇီမိုသည် 'ကွမ်းကျန့်ဟိုင်' (Guan Zhenhai) အား သတိပေးစကား ပြောခဲ့သည် - "အချို့အရာတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်"
"နားလည်ပါပြီ" ကွမ်းကျန့်ဟိုင်က အလျင်အမြန် ခေါင်းညိတ်သည်။
ကွမ်းကျန့်ဟိုင်သည် သူ၏ 'စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်း' အမည်ကို အသုံးပြု၍ ချန်မိသားစုနှင့် အပေးအယူ လုပ်ခဲ့သည်ကို ရူဇီမို သိနေကြောင်း သူ ရိပ်မိလိုက်သည်။
သို့သော် ရူဇီမိုက ထပ်ပြီး ဖိအားမပေးတော့ပေ။ ဤလောကကြီးတွင် အဖြူအမဲ သီးသန့်မရှိကြောင်း သူသိသည်။ လုံးဝစင်ကြယ်သော သူတော်စင် သို့မဟုတ် လုံးဝယုတ်မာသော လူယုတ်မာဟူ၍ မရှိပေ။
စည်းဘောင်အတွင်း၌ ရှိနေသရွေ့ သူသည် သည်းခံပေးနိုင်သည်။
...
ဤရက်များအတွင်း 'စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်း' သည် အစည်ကားဆုံး ဖြစ်နေသည်။ ဂိုဏ်း၏ တံခါးများကို ဖွင့်လှစ်ထားပြီး တပည့်သစ်များကို ခေါ်ယူနေခြင်းကြောင့် ဖြစ်သည်။
အရှေ့ဘက်တိုက်ကြီး၏ အနောက်ဘက်ဒေသ တစ်လျှောက်ရှိ လူငယ်ပေါင်းများစွာသည် ထိုမြင့်မြတ်သော ဂိုဏ်းတော်ကြီးသို့ ဝင်ခွင့်ရရန် ဓားများကို သွေးလျက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
ပတ်ဝန်းကျင်ရှိ ဂိုဏ်းငယ်လေးများပင်လျှင် သူတို့၏ ပါရမီအရှိဆုံး တပည့်များကို စေလွှတ်လိုကြသည်။ အကြောင်းမှာ ထိုနေရာသည် ပိုမိုကျယ်ပြန့်သော ကမ္ဘာ၊ ပိုမိုကောင်းမွန်သော အခွင့်အရေးနှင့် သာလွန်သော အရင်းအမြစ်များကို ပေးစွမ်းနိုင်သောကြောင့်ပင်။
...
ဂိုဏ်း၏ အဝင်ဝတွင် ကျောက်လှေကားထစ်ပေါင်း (၁၈၈) ထစ် ရှိသည်။
မည်သည့် တပည့်လောင်းမဆို ဤလှေကားကို တက်ရမည်ဖြစ်ပြီး၊ ၎င်းမှာ ပထမဆုံး စမ်းသပ်ချက်ဖြစ်သည်။
ပထမဆုံး လှေကားထစ် (၁၀၀) တွင် ဆွဲငင်အား နှစ်ဆ ရှိသည်။
အလယ်ရှိ လှေကားထစ် (၈၀) တွင် ဆွဲငင်အား ငါးဆ ရှိသည်။
နောက်ဆုံး လှေကားထစ် (၈) ထစ်တွင်မူ ဆွဲငင်အား ဆယ်ဆအထိ ရှိလေသည်။
ဤစမ်းသပ်ချက်သည် အရာတစ်ခုတည်းကိုသာ စမ်းသပ်ခြင်းဖြစ်သည် - ၎င်းမှာ 'စိတ်ဓာတ်ခိုင်မာမှု' (Willpower) ပင် ဖြစ်သည်။
၎င်းသည် ခွန်အားနှင့် မဆိုင်ပေ၊ ဆွဲငင်အားမှာ ဘယ်တော့မှ မပြောင်းလဲပေ။
မိမိ၏ ကိုယ်ပိုင်စိတ်ဓာတ်ခိုင်မာမှုဖြင့် လှေကားထစ် (၁၈၈) ထစ်လုံးကို တက်နိုင်သူများသာလျှင် စမ်းသပ်ချက် အောင်မြင်မည်ဖြစ်သည်။