“ပေါက်ကရတွေ” ရူချင်းရှန်းက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “မင်းက အပြင်တောင် ထွက်တာ မဟုတ်ဘူး၊ ဒီသတင်းတွေကို ဘယ်က ရတာလဲ? ငါတို့က အရေးယူ ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုရင်တောင် သက်သေအထောက်အထား လိုအပ်တယ်။ အနောက်ဘက်ဒေသရဲ့ အုပ်ချုပ်သူတွေအနေနဲ့ ငါတို့ရဲ့ စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်းဟာ စံပြဖြစ်နေရမယ်။ တခြားသူတွေက ငါတို့ကို အာဏာအလွဲသုံးစားလုပ်တယ်လို့ အထင်မခံနိုင်ဘူး။”
ရူချင်းရှန်းသည် အလွန်ဒေါသထွက်နေ၏။ သူသည် မိမိ၏သားအား ဖခင်၏ အရှိန်အဝါကို အလွဲသုံးစားလုပ်ကာ ရမ်းကားတတ်သည့် လူလေလူလွင့်တစ်ယောက် မဖြစ်စေချင်ပေ။
“မေမေ! ဖေဖေက သားကို အရမ်းရက်စက်နေတယ်...” ရူဇီမိုက သနားစဖွယ် မျက်နှာပေးဖြင့် သူ့မိခင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ရှင်က ကောင်းကောင်းမွန်မွန် မပြောတတ်ဘူးလား? ဘာလို့ သားကို အော်ဟောက်နေတာလဲ?!” ဝမ်းရန်ယွင်က လျှောက်လာပြီး ဝေခွဲမနေဘဲ ရူချင်းရှန်း၏ နားရွက်ကို ဆွဲလိမ်လိုက်သည်။ “ဒါက အုပ်စုငယ်လေး တစ်ခုပဲလေ။ ရှင့်ရဲ့ ဂုဏ်သတင်းအတွက် စိုးရိမ်နေတာဆိုရင် ကျွန်မကိုယ်တိုင် သွားပြီး သူတို့ကို အမြစ်ပြတ်အောင် ချေမှုန်းပေးမယ်။”
“လူပုံအလယ်မှာ ငါ့ကို မျက်နှာသာပေးမယ်လို့ ငါတို့ သဘောတူထားကြတယ် မဟုတ်လား? လွှတ်စမ်းပါ!” ရူချင်းရှန်းက မကျေမနပ်ဖြင့် ထရပ်လိုက်သည်။ “မိန်းမသားတစ်ယောက်က ဘာနားလည်မှာလဲ?”
“အိုး... အခုတော့ ရှင်က ကျွန်မကို အထင်သေးနေပြီပေါ့လေ?” ဝမ်းရန်ယွင်၏ ဒေါသမီးက ဟုန်းဟုန်းတောက်သွားသည်။ သူမက ငိုယိုကာ အော်ဟစ်တော့သည်။ “အခုတော့ ရှင်က ကျွန်မကို ရွံရှာနေပြီပေါ့? အရင်တုန်းက ကျွန်မကို တစ်ချက်လောက် မြင်ရဖို့အတွက် ကျွန်မအိမ်ရှေ့မှာ နေ့တိုင်း ချောင်းကြည့်နေခဲ့တာ ဘယ်သူလဲ? ကျွန်မ မသိဘူးလို့ မမှတ်နဲ့နော်။ ရှင့်ရဲ့ ရိုးသားမှုကို ကျွန်မ မတွေ့ခဲ့ရင် ရှင့်နောက်ကို လိုက်ပါ့မလား?”
“တော်ပါတော့။ သားက ဒီမှာ ရှိနေတာကို။ ဒါတွေကို နောက်မှ ပြောလို့ မရဘူးလား?” ရူချင်းရှန်းက သူမ၏ ပါးစပ်ကို အမြန်ပိတ်ကာ တောင်းပန်တိုးလျှိုးလိုက်သည်။
“မတားနဲ့။ ကျွန်မ ပြောချင်တာ ပြောမှာပဲ” ဝမ်းရန်ယွင်က သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး ပို၍ ကျယ်လောင်စွာ ငိုတော့သည်။ “အခု ကျွန်မကို ရသွားတော့မှ ရှင်က ကျွန်မကို အထင်သေးလာတာပေါ့။ ဟင်း... ယောက်ျားတွေက အကုန်လုံး ဝက်တွေချည်းပဲ။”
အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်ကို မြင်သောအခါ ရူချင်းရှန်းက ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဝမ်းရန်ယွင်၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ သူမကို အားရပါးရ နမ်းရှုပ်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် ဝမ်းရန်ယွင် ငြိမ်ကျသွားပြီး နှစ်ယောက်သား ရမ္မက်ပြင်းပြစွာ နမ်းနေကြတော့သည်။
ရူဇီမိုမှာ ဆွံ့အသွားရ၏။ “ဟေး... လူကြီးမင်းတို့ ခင်ဗျာ၊ ဒီမှာ အသက်ရှင်နေတဲ့ လူတစ်ယောက် ရှိသေးတယ်လေ။ ကျွန်တော့်ရဲ့ ခံစားချက်ကို နည်းနည်းလောက် ထည့်တွက်ပေးကြပါဦးလား?”
“သွားစမ်း။ အဲ့ဒီ အမှိုက်လို မိသားစုကိစ္စကို ‘အမှောင်တပ်ဖွဲ့’ ကို လွှတ်ပြီး ဖြေရှင်းခိုင်းလိုက်မယ်” ရူချင်းရှန်းက လှည့်ပင်မကြည့်ဘဲ စိတ်မရှည်စွာ လက်ကာပြလိုက်သည်။
ထို့နောက် ရူဇီမိုသည် သူ့မိခင်က ညာဘက်လက်ကို အသာအယာမြှောက်ကာ သူ့ကို လက်ဝေ့ယမ်းပြနေသည်ကို မြင်လိုက်ရသည်။
“တောက်! စောစောကမှ သက်သေလိုတယ်၊ ဂုဏ်သိက္ခာ ငဲ့ရမယ်နဲ့ ပြောနေတာ မဟုတ်လား? ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန် သဘောထား ပြောင်းသွားရတာလဲ?” မိဘနှစ်ပါး၏ အသားကုန် ချစ်ပြနေမှုကြောင့် စိတ်ပျက်သွားသဖြင့် ရူဇီမိုသည် ‘စိမ်းလန်းသောတောင်ကုန်း’ မှ ထွက်လာခဲ့သည်။
“အမျိုးအမျိုးပဲ!” သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
တောင်ဘက် ‘ငန်းရိုင်းတောင်’ သို့ ပြန်ရောက်သောအခါ ရူဇီမိုသည် ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်သည်။
Note : တောင်ဘက် ငန်းတောင်ထိပ်ကို တောင်ဘက် ငန်းရိုင်းတောင် အဖြစ်ပြောင်းလဲသုံးပါမည်။
သူသည် ဝိညာဉ် မရီဒန်နယ်ပယ် သို့ တက်လှမ်းရန် ပြင်ဆင်သည့်အနေဖြင့် သူ့မိခင်ပေးထားသည့် ဆယ်ခုမြောက်မရီဒန်အသီး ကို စားသုံးလိုက်သည်။
အဆင့်တက်ရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ ပထမဆုံး မရီဒန်တံခါးဖြစ်သော နွေဘီးမရီဒန်တံခါး ကို ဖွင့်ရမည် ဖြစ်သည်။
အသီးကို စားပြီးနောက် ရူဇီမိုသည် သူ့ခန္ဓာကိုယ်အတွင်း နွေးထွေးသော စွမ်းအင်များ စီးဆင်းလာပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။
နွေဘီးမရီဒန်တံခါးသည် ဘယ်ဘက်လက်ဖမိုးပေါ်တွင် တည်ရှိသည်။ ရူဇီမိုအတွက် ၎င်းကို ဖွင့်ရန်မှာ စိန်ခေါ်မှု မဟုတ်ပေ။
သူသည် မိမိအတွင်းရှိ ရှေးဦးစက်လုံးမှ စွမ်းအင်များကို လမ်းညွှန်လိုက်သည်။ သူ၏ ယခင်ဘဝက နတ်ဘုရားမရီဒန် အဆင့်အထိ ကျင့်ကြံခဲ့ဖူးသော အတွေ့အကြုံကြောင့် အခက်အခဲမရှိ တိုးတက်လာခဲ့သည်။
ဆယ်ခုမြောက်မရီဒန်အသီးမှ ရရှိသော စွမ်းအင်နှင့် ပေါင်းစပ်ကာ နွေဘီးမရီဒန်တံခါးကို ဖောက်ထွင်းဖွင့်လှစ်လိုက်သည်။
သူ၏ စိတ်ထဲတွင် ရုတ်တရက် ကြည်လင်သွားပြီး ဉာဏ်ပညာများ ထက်မြက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဝိညာဉ်စွမ်းအင်များ သူ၏အတွင်း၌ လှိုင်းထလာသည်။ သူ၏ ဘယ်ဘက်လက်ပေါ်တွင် ယင်-ယန် သင်္ကေတတစ်ခု ပေါ်လာသော်လည်း ၎င်းမှာ ကြည်လင်နေပြီး သာမန်ကဲ့သို့ အမည်းနှင့် အဖြူ ကွဲပြားခြင်း မရှိပေ။
ထိုသင်္ကေတတွင် အပြာနုရောင် အပြင်ဘက်အဝိုင်းနှင့် အလယ်တွင် တောက်ပသော အစက်တစ်စက် ပါရှိသည်။
သူက သူ၏ စွမ်းအားကို အသက်သွင်းလိုက်သောအခါ “ဘုန်း” ခနဲ အသံနှင့်အတူ မရီဒန်တံခါး ပွင့်သွားတော့သည်။
ထိုအချိန်တွင် ပိုကြီးမားသော သင်္ကေတတစ်ခုသည် သူ၏လက်အထက် စင်တီမီတာ အနည်းငယ်တွင် ပေါ်လာပြီး ၎င်းမှာ မရီဒန်တံခါး ပွင့်သွားခြင်း၏ ပြင်ပလက္ခဏာပင် ဖြစ်သည်။
နွေဘီးမရီဒန်တံခါးကို ဖွင့်ပြီး ဝိညာဉ် မရီဒန်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိပြီးနောက် ရူဇီမိုက ရပ်မနေခဲ့ပေ။
သူသည် စွမ်းအင်များကို ဆက်လက် စီးဆင်းစေကာ သူ၏ ကျင့်ကြံမှုကို ပိုမို တွန်းအားပေးလိုက်သည်။
ဝိညာဉ် မရီဒန်နယ်ပယ် - အဆင့် (၁)
ဝိညာဉ် မရီဒန်နယ်ပယ် - အဆင့် (၂)
....
ဝိညာဉ် မရီဒန်နယ်ပယ် - အဆင့် (၉) !
သူသည် မရီဒန်သွန်းလောင်းခြင်း အဆင့်သို့ မတက်လှမ်းမီလေးတွင် ရပ်တန့်လိုက်သည်။
ဤသို့ လျင်မြန်စွာ တိုးတက်လာမှုက သူ့ကို တစ်နှစ်အတွင်း နတ်ဘုရားမရီဒန် အဆင့်သို့ ရောက်ရှိနိုင်မည်ဟူသော ယုံကြည်မှုကို ပေးစွမ်းသည်။
သူသည် နောက်ထပ် အဆင့်မတက်မီ သူ၏ အခြေခံကို ခိုင်မာအောင် အရင်လုပ်ရန် စီစဉ်ထားသည်။
နောက်တစ်နေ့ နံနက်တွင် လင်းရုဟူသည် ငန်းရိုင်းတောင်သို့ ရောက်လာသည်။
သူ၏ အဘိုးဖြစ်သူ၏ အကူအညီဖြင့် သူသည် မနေ့ကတည်းက ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျင့်ကြံခြင်းကို စတင်နေပြီ ဖြစ်သည်။
ရူဇီမိုသည် လင်းရုဟူကို လှမ်းကြည့်လိုက်သည်။ သူက ပါးစပ်ထဲတွင် သကြားလုံးတစ်လုံး ငုံထားဆဲဖြစ်ပြီး နှာရည်များလည်း ထွက်နေဆဲပင်။
“မနေ့က ကျမ်းစာတိုက်မှာ ဘယ်လို နည်းစနစ်ကို ရွေးခဲ့လဲ?” သူက မေးလိုက်သည်။
“အဘိုးက ကျွန်တော့်အတွက် စစ်မှန်သော ဓားသိုင်းပညာကို ရွေးပေးတယ်” ဟု လင်းရုဟူက ပြန်ဖြေသည်။
“အဲ့ဒီနည်းစနစ်က မင်းနဲ့ မကိုက်ညီဘူး” ရူဇီမိုက ခေါင်းခါယမ်းလိုက်သည်။
အတိတ်အတွေ့အကြုံအရ လင်းရုဟူသည် ရိုးရှင်းပြီး ပြင်းထန်သော ခွန်အားသုံး ကျင့်စဉ်များနှင့်သာ ပိုမို ကိုက်ညီကြောင်း သူသိသည်။
စစ်မှန်သော ဓားသိုင်းပညာမှာ သူ့အတွက် အလွန် နူးညံ့သိမ်မွေ့လွန်းသည်။
“ဒါဆို ကျွန်တော် ပြန်သွားပြီး တခြားတစ်ခု ပြန်ရွေးရမလား?” လင်းရုဟူက မေးသည်။
“မလိုပါဘူး။ အခုလောလောဆယ် စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်းမှာ မင်းနဲ့ ကိုက်ညီတဲ့ ဧကရာဇ်အဆင့် နည်းစနစ် မရှိသေးဘူး” ဟု ရူဇီမိုက ဆိုသည်။ “ဒါပေမဲ့ ငါ့မှာ မင်းနဲ့ ကိုက်ညီတဲ့ တစ်ခုရှိတယ်။ မင်း ဒီကျမ်းစာကို ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးရမယ်၊ မင်းအဘိုးကိုတောင် မပြောရဘူး။ ကံကောင်းလို့ နည်းစနစ်တစ်ခု ရခဲ့တာလို့ပဲ ပြောလိုက်။”
“စိတ်မပူပါနဲ့ အစ်ကိုကြီး ဇီမို” လင်းရုဟူက အလေးအနက် ပြန်ပြောသည်။
ရူဇီမို ခေါင်းညိတ်လိုက်သည်။ သူသည် လင်းရုဟူကို ယုံကြည်သော်လည်း သတိထားလိုသည်။
သူ၏ ဝိညာဉ်ကူးပြောင်း ပြန်လည်မွေးဖွားလာမှုအကြောင်းကို မည်သူ့ကိုမျှ မသိစေချင်ပေ။
ရူဇီမိုသည် ကလောင်တံကို ကိုင်ကာ စက္ကူတစ်ရွက်ပေါ်တွင် စာအများအပြား ရေးသားလိုက်သည်။
သူ၏ ယခင်ဘဝ မှတ်ဉာဏ်များကို အခြေခံ၍ ‘ခွန်အားကျမ်းစာ’ (Strength Scripture) ဟု ခေါ်သော နည်းစနစ်ကို ကူးရေးလိုက်ခြင်း ဖြစ်သည်။
ဤ ‘ခွန်အားကျမ်းစာ’ ကို ဖန်တီးသူမှာ ‘ဧကရာဇ်ကြီး ဘောင်’ (Grand Emperor Bao) ဖြစ်သည်။
ဧကရာဇ်ကြီး ဘောင်သည် ဧကရာဇ်ခေတ်၏ ဆဋ္ဌမမြောက် ဧကရာဇ်ဖြစ်ပြီး သားရဲလူသားမျိုးနွယ်စု၏ ပထမဆုံးသော ဧကရာဇ်လည်း ဖြစ်သည်။
သူ၏ မူလကိုယ်ထည်မှာ ရှေးဟောင်းသွေးမျိုးဆက် ပါဝင်သော ဝက်ဝံညိုတစ်ကောင် ဖြစ်သည်။
ထိုခေတ်အခါက သူသည် သူ၏ သံမဏိလက်သီးများကို အသုံးပြုကာ ကောင်းကင်ဘုံ၏ အထွတ်အထိပ်သို့ တက်လှမ်းခဲ့သည်။
သူသည် လောကတွင် လက်သီးတစ်ချက်ဖြင့် မဖြေရှင်းနိုင်သော ပြဿနာမရှိဟု ယုံကြည်ထားသူ ဖြစ်သည်။ အကယ်၍ လက်သီးတစ်ချက်နှင့် မရပါက နှစ်ချက် ထိုးရုံသာရှိသည်။
နောက်ဆုံးတွင် သူသည် ကံကြမ္မာကို ဆုပ်ကိုင်နိုင်ခဲ့ပြီး ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။
သူ၏ ‘ခွန်အားကျမ်းစာ’ သည် ခွန်အားလမ်းစဉ်ကို လိုက်စားသော ကျင့်ကြံသူများစွာအတွက် တန်ဖိုးမဖြတ်နိုင်သော နည်းစနစ်တစ်ခု ဖြစ်လာခဲ့သည်။