"ကလေး... လိုက်မရှာနဲ့တော့။ ငါက မင်းလက်ထဲက လက်စွပ်ထဲမှာ" အိုမင်းရင့်ရော်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"လက်စွပ်လား?" ချူရန် (Chu Yang) လန့်ဖျတ်သွားသည်။ သူသည် မိမိလက်မှ လက်စွပ်ကို အမြန်ကြည့်လိုက်ရာ ထိုလက်စွပ်မှာ မှေးမှိန်သော အပြာရောင်အလင်းတန်းများ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။
ဤလက်စွပ်မှာ ကွယ်လွန်သွားပြီဖြစ်သော သူ၏မိခင် ချန်ရစ်ခဲ့သည့် အမှတ်တရပစ္စည်းဖြစ်ပြီး၊ မိခင်ဖြစ်သူက ၎င်းမှာ မိသားစုအမွေအနှစ်ဖြစ်ကြောင်း ပြောခဲ့သော်လည်း မည်သည့်အတွက် အသုံးဝင်သည်ကိုမူ တစ်ခါမျှ ရှင်းမပြခဲ့ဖူးပေ။
ချူရန်သည် မိဘများကို လွမ်းဆော်သောအားဖြင့် ဤလက်စွပ်ကို အမြဲတမ်း ဝတ်ဆင်ထားလေ့ရှိသည်။
သူသည် အံ့အားသင့်စွာဖြင့် "ခင်ဗျားက ဘယ်သူလဲ?" ဟု မေးလိုက်သည်။
သူသည် စိတ်အေးအေးထားလိုက်သည်။ သူသည် အကြံအဖန်လုပ်ခံရလောက်အောင် တန်ဖိုးရှိသည့်အရာ ဘာတစ်ခုမျှမရှိသော သာမန်လူတစ်ယောက်သာဖြစ်ကြောင်း မိမိကိုယ်ကိုယ် သိထား၍ဖြစ်သည်။
"မင်း ငါ့ကို စီနီယာမို (Elder Mo) လို့ ခေါ်နိုင်ပါတယ်" လက်စွပ်ထဲမှ အသံက ပြန်ဖြေပြီးနောက် သက်ပြင်းတစ်ချက်ချကာ "စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်း (True Martial Sacred Ground)... ဟူး... အဲ့ဒီတုန်းက ကျန်ဝူ (Zhen Wu) ဆိုတဲ့ကောင် တည်ထောင်ခဲ့တဲ့ ဂိုဏ်းပဲ။ တကယ်ကို အမှတ်ရစရာပဲ" ဟု ဆိုသည်။
"စီနီယာမို" ချူရန် ခဏမျှ စဉ်းစားပြီးမှ "ခင်ဗျားက ဘာလို့ လက်စွပ်ထဲမှာ ပုန်းနေတာလဲ?" ဟု မေးမြန်းလိုက်သည်။
"အဲ့ဒါက အခုချိန်မှာ မင်းသိဖို့မလိုသေးဘူး" စီနီယာမိုက ပြောသည်။ "မင်း တခြားသူတွေရဲ့အထက်မှာ ရှိချင်လား? မင်းရဲ့ ငယ်ချစ်ဦးနဲ့ ထာဝရအတူရှိချင်လား? ငါ မင်းကို ကူညီနိုင်တယ်!"
"ခင်ဗျား ဘယ်လိုကူညီမှာလဲ?" ချူရန် ရင်ခုန်သံမြန်စွာဖြင့် မေးလိုက်သည်။
အဖိုးအိုသည် ပြန်မဖြေဘဲ ရယ်မောလိုက်သည်။ ရုတ်တရက် အပြာနုရောင် စာအုပ်တစ်အုပ်မှာ လက်စွပ်ထဲမှ လွင့်ပျံထွက်လာသည်။
ထိုစာအုပ်မှာ အလွန်ဟောင်းနွမ်းနေပြီး ထောင့်စွန်းများမှာ လိပ်တက်နေကာ၊ ဝါကျင်ကျင်မျက်နှာဖုံးပေါ်တွင် ကြီးမားသော စာလုံးအချို့ ရေးထိုးထားသည်–
‘စစ်နတ်ဘုရား မသေမျိုး နည်းစနစ်’’ (War Immortal Tactics)
"ဒါ... ဒါက ဘာလဲ?" ချူရန်သည် ထိုခေါင်းစဉ်မှ ထွက်ပေါ်လာသော အားကောင်းလှသည့် တိုက်ပွဲဝင်အရှိန်အဝါကို ခံစားလိုက်ရပြီး သူ၏မျက်စိရှေ့တွင် ကွက်ကွက်ကွင်းကွင်း ပုံရိပ်တစ်ခု ပေါ်လာသည်။
လူတစ်ယောက်သည် ကောင်းကင်ဘုံ၏ အထက်တွင် ရပ်နေပြီး ကောင်းကင်နှင့် မြေကြီးကို တိုက်ခိုက်နေကာ၊ နတ်ဘုရားများနှင့် မိစ္ဆာများကို သတ်ဖြတ်နေသည်။ သူ၏နောက်ကျောတွင်မူ အဆုံးမဲ့သော သဲကန္တာရနှင့် ရေတွက်မကုန်နိုင်သော အရိုးစုများ ရှိနေသည်။
"‘စစ်နတ်ဘုရား မသေမျိုး နည်းစနစ်’ ဆိုတာ ဧကရာဇ်ခေတ်ရဲ့ (၃၇) ယောက်မြောက် မဟာဧကရာဇ်ဖြစ်တဲ့ ‘ပုကျန်း’ (Bu Zhan) ရဲ့ ကျင့်စဉ်ပဲ" စီနီယာမို၏ အသံမှာ ခိုင်မာသော စိတ်ဓာတ်ခွန်အားများ ပါဝင်နေပြီး လေးလေးနက်နက် ပြန်လည်ဖြေကြားခဲ့သည်။
လူငယ်လေးသည် စာအုပ်ကို စိုက်ကြည့်နေရင်း မျက်သူငယ်များ ဝိုင်းစက်သွားကာ စိတ်ထဲတွင် ဘာမှမရှိတော့ဘဲ မိမိအတွင်း၌ အနှိုင်းမဲ့သော အရှိန်အဝါတစ်ခု တိုးဝင်လာသလို ခံစားလိုက်ရသည်။
...
တောင်ဘက် ငန်းတောင်ထိပ် (South Goose Mountain) ပေါ်တွင် ရူဇီမို (Xu Zimo) သည် သူ၏မိခင် ဝမ်ရန်ယွမ် (Wenren Yun) မှာ ‘စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်း’ သို့ ပြန်ရောက်နေပြီဖြစ်ကြောင်းနှင့် သူ့ကို ‘စိမ်းလန်းသော တောင်’ (Green Mountain) သို့ လာစေချင်ကြောင်း အစေခံတစ်ဦး၏ သတင်းပို့ချက်ကို ရရှိခဲ့သည်။
သူ့မိခင်၏ မိသားစုဖြစ်သော ‘ဝမ်ရန်’ မျိုးနွယ်စု (Wenren Clan) မှာ အရှေ့ဘက်တိုက်ကြီးတွင် မရှိဘဲ ဝေးကွာလှသော မြောက်ဘက်တိုက်ကြီးတွင် ရှိသည်။
ဝမ်ရန်မျိုးနွယ်စုမှာ မြောက်ဘက်တိုက်ကြီးတွင် အင်အားကြီးမားလှသော မိသားစုဖြစ်ပြီး၊ စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်း ထက် အနည်းငယ်သာ နိမ့်ကျသည့် အဆင့်အတန်းမြင့်မားသော တည်ရှိမှုမျိုး ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူ၏မိခင်မှာ သူ့အတွက် ‘ဆယ်ခုမြောက် မရီဒန်အသီး’ (Ten Meridian Fruit) ကို ရှာဖွေပေးရန် သူမ၏ မိခင်မျိုးနွယ်စုထံ ပြန်သွားခဲ့ခြင်းဖြစ်ရာ၊ ယင်းမှာ မလွယ်ကူသော အလုပ်ဖြစ်မည်မှာ သေချာသည်။
‘ဆယ်ခုမြောက် မရီဒန်အသီး’ ဆိုသည်မှာ စကြဝဠာအဆင့်ရှိ ဝိညာဉ်သီးတစ်မျိုးဖြစ်ပြီး၊ ပန်းပွင့်ရန် နှစ်ပေါင်းတစ်ထောင်၊ အသီးသီးရန် နောက်ထပ်နှစ်ပေါင်းတစ်ထောင်နှင့် အသီးမှည့်ရန် နောက်ဆုံးနှစ်ပေါင်းတစ်ထောင် ကြာမြင့်သည်။
အသီးရင့်မှည့်ရန်အတွက် စုစုပေါင်း နှစ်ပေါင်းသုံးထောင် လိုအပ်ပြီး၊ အပင်တစ်ပင်လျှင် အများဆုံး အသီးဆယ်လုံးသာ သီးတတ်သည်။
ရူဇီမိုသည် စိမ်းလန်းသော တောင်ထိပ်သို့ ထပ်မံရောက်ရှိလာရာ၊ ထိုနေရာတွင် သူ၏ဖခင် ရူချင်းရှန်း (Xu Qingshan) အပြင် ယခုအခါ အမျိုးသမီးတစ်ဦးပါ ရှိနေသည်။
ထိုအမျိုးသမီးမှာ တောက်ပသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝတ်ရုံစမှာ ကြမ်းပြင်ပေါ်သို့ ယပ်တောင်တစ်ခုဖြန့်ထားသကဲ့သို့ ပြန့်ကားကျနေသည်။
သူမ၏ နက်မှောင်သော ဆံနွယ်များကို ဦးခေါင်းနောက်တွင် ထုံးဖွဲ့ထားပြီး သိမ်မွေ့၍ လက်ရာမြောက်လှသော တန်ဆာပလာများ ဆင်မြန်းထားသည်။
အသက်အရွယ်အားဖြင့် နှစ်ပေါင်းရာချီ ရှိနေပြီဖြစ်သော်လည်း သူ၏မိခင်မှာ အိုမင်းရင့်ရော်သည့် လက္ခဏာ လုံးဝမရှိပေ။
သူမ၏ မျက်နှာမှာ နှင်းပွင့်ထက်ပင် ဖြူစင်ဝင်းပနေပြီး ရူဇီမိုကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ ချစ်ခင်ယုယမှုများဖြင့် ပြည့်နှက်သွားသည်။
"မိုအာ... မေမေ့ဆီ လာဦး" ဝမ်ရန်ယွမ်သည် ရူဇီမိုကို ပွေ့ဖက်လိုက်ပြီး ပါးကို အသာအယာ နမ်းလိုက်ကာ ပြုံးလျက် မေးသည် "မေမေ မရှိတဲ့ ဒီရက်ပိုင်းမှာ မေမေ့ကို သတိရနေလား?"
"မေမေ... ကျွန်တော် အသက် ၁၅ နှစ်တောင် ရှိပြီလေ။ ခဏခဏ နမ်းနေတာကို ရပ်လို့မရဘူးလား?" ရူဇီမိုက မတတ်သာသည့်လေသံဖြင့် ပြန်ပြောသည်။
"ဘာလဲ? ရှက်နေတာလား?" ဝမ်ရန်ယွမ်က မျက်ဝန်းထဲတွင် အရွှန်းဖောက်မှုများဖြင့် စနောက်လိုက်သည်။ "မေမေ ပြောမယ်နော်၊ သား ဘယ်လောက်ပဲ အသက်ကြီးကြီး မေမေ့အတွက်တော့ သားက ကလေးပဲ"
သူ့မိခင်၏ ပုံသေအဖြေစကားကြောင့် ရူဇီမိုမှာ စကားမဲ့သွားရသည်။
"ဒါက သားအတွက် မေမေ ခက်ခက်ခဲခဲ သွားယူပေးခဲ့တဲ့ ‘ဆယ်ခုမြောက် မရီဒန်အသီး’ ပဲ။ ဒါက သားရဲ့ ကျင့်စဉ်အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်" ဝမ်ရန်ယွမ်က သူ့အား အသီးတစ်လုံး ကမ်းပေးရင်း ပြောလိုက်သည်။
ထိုအသီးမှာ လက်သီးဆုပ်ခန့် ရှိပြီး ကြည်လင်တောက်ပနေကာ အတွင်း၌ ဆန်းကြယ်သော စွမ်းအင်များ စီးဆင်းနေသည်။
‘ဆယ်ခုမြောက် မရီဒန်အသီး’ မှာ ခွန်အားကို တိုက်ရိုက် တိုးတက်စေခြင်း မဟုတ်သော်လည်း၊ ၎င်း၏ အာနိသင်မှာ အလွန်ပင် တောင့်တစရာကောင်းပြီး ရှာဖွေရန် ခက်ခဲလှသည်။
ကျင့်ကြံသူ ခန္ဓာကိုယ်တွင် ဖုံးကွယ်နေသော ‘မရီဒန် တံခါး’ (Meridian Gates) ၁၂ ခု ရှိကြောင်း လူတိုင်း သိကြသည်။
ထို ၁၂ ခုလုံးကို ဖွင့်နိုင်ပါက ကျင့်ကြံသူသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျော်လွန်လွတ်မြောက်မှု (Transcendence) ကို ရရှိနိုင်ပြီး၊ လူသားမျိုးနွယ်၏ ကန့်သတ်ချက်များမှ ရုန်းထွက်ကာ မတွေးဆနိုင်သော သက်တမ်းနှင့် စွမ်းအားကို ရရှိမည်ဖြစ်သည်။
ကျင့်စဉ်ကျင့်ကြံခြင်းဆိုသည်မှာ အခြေခံအားဖြင့် ကျော်လွန်လွတ်မြောက်ရာလမ်းသို့ လျှောက်လှမ်းရန် ဤမရီဒန် တံခါးများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ခြင်းပင် ဖြစ်သည်။
မရီဒန် တံခါးများကို ဖွင့်ရန်မှာ စိန်ခေါ်မှုကြီးမားလှပြီး အထူးသဖြင့် နောက်ဆုံးအဆင့်များတွင် ပို၍ခက်ခဲသည်။
‘ဆယ်ခုမြောက် မရီဒန်အသီး’ က ကျင့်ကြံသူများအား ဤတံခါးများကို ပိုမိုလွယ်ကူစွာ ဖွင့်နိုင်ရန် ကူညီပေးသည်။
အသီးကို စစားသုံးပြီးနောက် ၎င်းတွင်ပါဝင်သော စွမ်းအင်မှာ အစိတ်အပိုင်း ဆယ်ခုကွဲထွက်သွားပြီး ပထမဆုံး မရီဒန်တံခါး ဆယ်ခုတွင် စုစည်းသွားသည်။
သင်သည် တံခါးတစ်ခုကို စတင်ဖွင့်ရန် ကြိုးစားသောအခါ၊ ဤစုစည်းနေသော စွမ်းအင်မှာ ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်ထဲရှိ မရီဒန်တံခါးများဖွင့်ရန်အတွက် ပိုမိုအားကောင်းသော စွမ်းအင်ကိုထောက်ပံ့ပေးသည်။
သို့သော်လည်း ‘ဆယ်ခုမြောက် မရီဒန်အသီး’ ၏ စွမ်းအင်မှာ ပထမဆုံး တံခါးဆယ်ခုကိုသာ သက်ရောက်မှုရှိပြီး၊ နောက်ဆုံး တံခါးနှစ်ခုမှာ အလွန်နက်ရှိုင်းလှသဖြင့် သက်ရောက်မှု မရှိနိုင်ပေ။
ကျင့်ကြံသူ ခန္ဓာကိုယ်မှာ အံ့သြစရာများဖြင့် ပြည့်နှက်နေသည်။
ဤမရီဒန် တံခါး ၁၂ ခုမှာ ခန္ဓာကိုယ်အနှံ့ စုစည်းနေပြီး ၎င်းတို့၏ အမည်များမှာ -
နွေဘီး (Springwheel)၊ အရိုးနက် (Deepbone)၊ နံနက်ဦးလေ (Dawnwind)၊ ကျယ်ပြောသောပင်လယ် (Vastsea)၊ သွေးမျက်နှာဖုံး (Bloodveil)၊ နေဝင်ထင်းရှူး (Duskpine)၊ ဟင်းလင်းပြင်အစွန်း (Voidverge)၊ အရိပ်ဆောင် (Shadowbearer)၊ ဟင်းလင်းပြင်ဖြတ် (Voidrend)၊ မူလစက်ဝိုင်း (Primecircle)၊ အလင်းဆောင် (Lightbringer) နှင့် ဟင်းလင်းပြင်ခွဲ (Voidcleave) တို့ ဖြစ်ကြသည်။
(Note : တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ နာမည်ပေးဖို့အတွက် စဉ်းစားလို့ မရတော့လို့ပါ။)
ရူဇီမိုသည် ‘ဆယ်ခုမြောက် မရီဒန်အသီး’ ကို လက်ခံလိုက်ပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
သူသည် ယခင်ဘဝကို ပြန်လည်အမှတ်ရမိသည်။ သူသည် ‘မြေအောက်နဂါးချောက်’ (Nether Dragon Ravine) ထဲသို့ အပစ်ပယ်ခံရပြီးနောက်၊ သူ၏မိခင်မှာလည်း ဖခင်ကဲ့သို့ပင် သူ့အတွက် လက်စားချေရန် ကြိုးစားရင်း မိစ္ဆာလမ်းစဉ်သို့ သက်ဆင်းကာ နောက်ဆုံးတွင် ဝမ်းနည်းဖွယ် ဇာတ်သိမ်းခဲ့ရသည်။
"အဖေ... ကျွန်တော် အဖေနဲ့ ဆွေးနွေးစရာ ရှိတယ်" ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရူဇီမိုက သူ၏အတွေးများကို ဖြတ်တောက်ကာ ပြောလိုက်သည်။
"ဘာကိစ္စလဲ?" ရူချင်းရှန်းက အနည်းငယ် မော့ကြည့်လိုက်သည်။
"‘ဓားကောင်းကင်မြို့တော်’ (Skysword City) မှာ ‘ချန်း’ မျိုးနွယ်စု (Chang Clan) ဆိုတာ ရှိတယ်လို့ ကြားမိတယ်။ အဲ့ဒီမှာ အခြေစိုက်လာတာ နှစ်ပေါင်း ၅၀၀ လောက် ရှိပြီ။ သူတို့က အမြစ်တွယ်နေပေမယ့် မျိုးနွယ်ဝင်တွေက အရမ်းမောက်မာပြီး ဗိုလ်ကျစိုးမိုးကြတယ်၊ ပြည်သူတွေကို နှိပ်စက်ပြီး မရေမတွက်နိုင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေကြတာ။ မြို့စားမင်းရဲ့ အာဏာကိုတောင် အဖက်မလုပ်သလို၊ ကျွန်တော်တို့ ‘စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်း’ ရဲ့ ဌာနခွဲကိုတောင် ဂရုမစိုက်ကြဘူးလို့ သိရတယ်"
"မင်း ဂိုဏ်းထဲကနေ တစ်ခါမှ အပြင်မထွက်ဖူးပါဘူး။ ဒါတွေကို ဘယ်ကကြားတာလဲ?" ရူချင်းရှန်းက အံ့သြတကြီး မေးသည်။ "အဲ့ဒီ ‘ချန်း’ မျိုးနွယ်စုက မင်းကို ရန်စလို့လား?"
"ရန်စလို့လား?" ရူဇီမိုက ခေါင်းခါလိုက်သည်။ ဤဘဝတွင် သူသည် ထိုမိသားစုမှ မည်သူနှင့်မျှ မတွေ့ရသေးပေ။
ထို့အပြင်၊ ပုဂ္ဂိုလ်ရေး အာဃာတများကို ဘေးဖယ်ထားလျှင်ပင်၊ ထိုမိသားစုအတွင်း၌ သူ မဖြစ်မနေ ရယူရမည့် အရာတစ်ခု ရှိနေသည်။
"ကျွန်တော်တို့ ‘စစ်မှန်သော သိုင်းမြင့်မြတ်ဂိုဏ်း’ က အနောက်ဘက်ဒေသရဲ့ ကျယ်ပြန့်တဲ့ နယ်မြေတွေကို အုပ်ချုပ်နေတာ။ ဆိုလိုတာက ဒီနယ်မြေထဲမှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးက ကျွန်တော်တို့ရဲ့ လက်အောက်ခံတွေပဲ။ အခုတော့ လူတော်တော်များများက ဒီမိသားစုရဲ့ ဖိနှိပ်မှုကို ခံနေရတာဆိုတော့၊ သူတို့ကို တရားဥပဒေအရ အပြစ်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ရူဇီမိုက စဉ်းစားဆင်ခြင်လျက် ပြောကြားလိုက်လေသည်။