ညချမ်းအချိန်သို့ ရောက်ရှိလာခဲ့ရာ ချုံးရှင်းဂိုဏ်း၏ နောက်တောင်ကုန်းထက်ရှိ ကောင်းကင်ယံတွင် ကြယ်တာရာများ စုံလင်စွာ တောက်ပနေသည်။
ချန်ကျင်းတောက်သည် သူ၏ ရိုးရှင်းလှသော စာခြင်းတောင်းထဲမှ ပါးလွှာသော စောင်တစ်ထည်ကို ထုတ်ယူကာ ပေါင်းမြက်များ ထူထပ်နေသော မြေပြင်ပေါ်တွင် ခင်းကျင်းလိုက်သည်။ သူသည် လှဲလျော်လျက် ကြယ်အပြည့် ရှိနေသော ကောင်းကင်ကြီးကို မော့ကြည့်နေမိသည်။
သူ့အနေဖြင့် ဂိုဏ်း၏ ဆိုးရွားလှသော ပတ်ဝန်းကျင်အပေါ် မည်သည့် ရွံရှာမုန်းတီးမှုမျှ မရှိသည့်အပြင်... သူ၏ ရင်ထဲတွင်မူ တစ်ခါမှ မခံစားဖူးခဲ့သော အေးချမ်းတည်ငြိမ်မှုများသာ တိုးဝှေ့ ဝင်ရောက်လာခဲ့တော့သည်။
သူသည် ကျင့်ကြံခြင်းဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ပြီး ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီ။
သူသည် လောဘကြီးလှသော စီမံခန့်ခွဲသူများ၏ အကြည့်များကို သည်းခံနေစရာမလိုတော့သလို... စာမေးပွဲစစ်ဆေးသူများ၏ ရက်စက်စွာ မောင်းထုတ်ခြင်းကိုလည်း မခံရတော့ပေ။ ထို့အပြင် ဂိုဏ်းဝင်ကြေး တစ်ပြားတစ်ချပ်မျှပင် ပေးဆောင်ခဲ့ရခြင်း မရှိပေ။
သူ၏ ဦးနှောက်တစ်ခုလုံးတွင် ဖန်ယွမ်အပေါ် ထားရှိသော ကျေးဇူးတရားများဖြင့် ပြည့်နှက်နေသည်။
ထုံးစံအရဆိုလျှင် မနက်ဖြန်တွင် ဂိုဏ်းချုပ်က ကျင့်ကြံခြင်း လမ်းစဉ်ကျမ်းစာကို သင်ကြားပြသပေးမည် ဖြစ်ပြီး... ထိုမှတစ်ဆင့် ကျင့်ကြံခြင်းကို စတင်ကာ လမ်းစဉ်ပေါ်သို့ လှမ်းတက်နိုင်တော့မည်ဟု တွေးမိသောအခါ သူသည် ချက်ချင်းပင် စိတ်ကူးယဉ် အိမ်မက်များ မက်နေတော့သည်။
သူ၏ စိတ်ကူးထဲတွင် ကျန်းရှားမြို့မှ နီမြန်းပြီး နုပျိုလှသော မိန်းကလေးငယ်၏ မျက်နှာလေးမှာ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
"ညီမလေး ရှောင်ယီ... အကိုကြီး သေချာပေါက် အားစိုက်ပြီး ကျင့်ကြံမှာပါ အမြန်ဆုံး 'အခြေခံတည်ဆောက်ခြင်း' အဆင့်ကို ရောက်အောင်လုပ်ပြီး ညီမလေးကို ဂိုဏ်းထဲ ခေါ်ယူ ခိုလှုံခွင့်ပေးမယ်..."
သူသည် ဝတ်ရုံထဲသို့ လက်နှိုက်လျက် အနည်းငယ် ဟောင်းနွမ်းနေသော သစ်သား ဆံထိုးလေးကို နူးညံ့စွာ ပွတ်သပ်ရင်း တိုးတိုးလေး ရေရွတ်မိသည်။
ထိုအချိန်တွင် ဝေးကွာသော နေရာတစ်ခုမှ ဝိညာဉ်စွမ်းအင်များ၏ အနည်းငယ်သော လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဆိတ်ငြိမ်ပြီး မှောင်မိုက်လှသော ထောင့်စွန်းတစ်ခုတွင် သန်မာထွားကျိုင်းလှသော ဟုန်အာနျိုသည် ပြိုပျက်နေသော ကျောက်စာတိုင်တစ်ခု၏ ဘေး၌ တင်ပလ္လင်ခွေ ထိုင်နေပြီး သူ၏ တစ်ကိုယ်လုံးမှ အပူရှိန်များ တထောင်းထောင်း ထွက်ပေါ်နေသည်။
အများအပြား စားသုံးခဲ့သော ဝိညာဉ်သားရဲအသားမှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအင်များကို သူက မပြတ်မကွက် သန့်စင်လျက် လမ်းကြောင်းလွှဲပေးနေခြင်း ဖြစ်သည်။ ထိုဝိညာဉ်စွမ်းအင်များသည် သူ၏ ခြောက်သွေ့နေခဲ့သော သွေးကြောမျှင်များအတွက် ရေစင်ရတနာကဲ့သို့ အာဟာရ ဖြစ်စေသည်။
"ဟူး..."
ပဲစေ့ခန့် ကြီးမားလှသော ချွေးစက်များသည် ဟုန်အာနျို၏ နဖူးထက်မှ စီးကျလာခဲ့ပြီးနောက် သူသည် ရှည်လျားလှသော အသက်ရှူထုတ်မှုနှင့်အတူ ခန္ဓာကိုယ်ထဲမှ အညစ်အကြေးလေကို မှုတ်ထုတ်လိုက်သည်။
ဝိညာဉ်စွမ်းအင်များ စည်းချက်ကျကျ လည်ပတ်သွားသည်နှင့်အမျှ လမ်းစဉ်ဒဏ်ရာကြောင့် နာကျင်နေခဲ့ရသော သူ၏ ဒန်တျန် အတွင်း၌ ကြာမြင့်စွာ ဝေးကွာနေခဲ့သော နွေးထွေးမှု အရသာကို ပြန်လည် ခံစားလိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် ခန်းမဆောင်ကြီး၏ လေကွယ်ရာ ထောင့်စွန်းတစ်ခုတွင် ပိန်လှီပြီး အားနည်းလှသော ဒုက္ခသည်မိန်းကလေး လင်းမြောင်မြောင်သည် ခန္ဓာကိုယ်ကို လုံးထွေးလျက် အိပ်ပျော်နေရှာသည်။
သူမသည် ဝိညာဉ်သားရဲအသား တစ်ဝက်ကို သူမ၏ ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားပြီး နှုတ်ခမ်းထက်တွင် မှိန်ပျော့သော အပြုံးလေးတစ်ခုဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေခြင်း ဖြစ်သည်။
သူမ၏ အိမ်မက်ထဲတွင် မကုန်ခမ်းနိုင်သော အသားဟင်းများကို စားသောက်နေရသည့်အပြင်... ဖန်ယွမ်၏ ကရုဏာကြီးမားလှသော အပြုံးကိုလည်း မြင်တွေ့နေရသည်။
နောက်တစ်နေ့တွင် နေမင်းသည် ကောင်းကင်အလယ်သို့ မြင့်မားစွာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဖန်ယွမ်သည် သူ၏ အင်မော်တယ်ဂူနန်းတော်အတွင်းမှ ဖြည်းညှင်းစွာ လမ်းလျှောက် ထွက်လာခဲ့ပြီး လက်ထဲတွင်မူ ပူပြင်းလှသော လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ကိုင်ဆောင်ထားသည်။
ပျင်းရိပျင်းတွဲနှင့် အေးဆေးလွန်းလှပေသည်။
ယွဲ့လင်၏ ကြီးကြပ်မှုအောက်တွင် ရင်ပြင်ထက်ရှိ တပည့်သစ်များသည် သပ်ရပ်လှသော အတန်းများဖြင့် တန်းစီပြီးသား ဖြစ်နေကြပြီ။
ချုံးရှင်းဂိုဏ်း၏ အကြီးဆုံးတပည့် ဖြစ်သည့်အလျောက် ယွဲ့လင်သည် လူအုပ်ကြီး၏ ဘယ်ဘက်အစွန်ဆုံးတွင် လက်ပိုက်လျက် မတ်တပ်ရပ်နေပြီး ဖန်ယွမ်ကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
ရာပေါင်းများစွာသော မျက်ဝန်းအစုံတို့သည် သူ့ကို အသည်းအသန် စိုက်ကြည့်နေကြပြီး သူတို့၏ အကြည့်များသည် ထွက်ပြူလာစ နေမင်းထက်ပင် ပိုမို တောက်ပလွန်းလှသည်။ ပိုမို တိကျစွာ ပြောရလျှင် သူတို့၏ မျက်ဝန်းထဲတွင် ဖန်ယွမ်သည် သူတို့၏ တောက်ပလှသော နေမင်းကြီး ဖြစ်ပေသည်။
"ဂိုဏ်းချုပ် မင်္ဂလာနံနက်ခင်းပါ"
ဟစ်အော်လိုက်သော အသံကြီးသည် ကောင်းကင်တစ်ခုလုံးကို တုန်ဟိန်းသွားစေကာ တောအုပ်ထဲရှိ မရေမတွက်နိုင်သော ငှက်ငယ်များကို လန့်ပျံသွားစေခဲ့တော့သည်။
ဖန်ယွမ် လန့်ဖျတ်သွားခဲ့ရပြီး လက်ထဲရှိ လက်ဖက်ရည်ကြမ်းများပင် လျှံကျလုနီးပါး ဖြစ်သွားခဲ့သည်။
‘ဒီကောင်တွေ ဗိုက်ပြည့်လွန်းလို့ အော်စရာမရှိ အော်နေကြတာလား’
သူသည် လက်ဖက်ရည်ခွက်ကို မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါး ချလိုက်ပြီး သူ၏ အဖြူရောင် ဝတ်ရုံထက်ရှိ ဖုန်မှုန့်များကို ခါချလိုက်ကာ ခန်းမဆောင်ကြီး၏ ရှေ့တွင် မတ်တပ်ရပ်လျက် လက်နှစ်ဖက်ကို နောက်ပစ်ကာ လူအုပ်ကြီးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
"အားလုံးပဲ နိုးကြပြီဆိုတော့ ငါ ကြေညာစရာ တစ်ခုရှိတယ်"
လူတိုင်းသည် ချက်ချင်းပင် နားကို စွင့်လိုက်ကြပြီး ချန်ကျင်းတောက်မှာမူ စက္ကူနှင့် စုတ်တံကို ထုတ်ယူကာ ဖန်ယွမ် သင်ကြားပြသပေးမည့် အင်မော်တယ် ပညာရပ်များကို အသေးစိတ် ရေးမှတ်ရန် ပြင်ဆင်လိုက်တော့သည်။
မနေ့ညက လူတိုင်း ဆွေးနွေးခဲ့ကြပြီးသား ဖြစ်သည်။ ပုံပြင်စာအုပ်များထဲတွင် လာသည်ဖြစ်စေ... ကျင့်ကြံသူများ ပြောပြချက်အရ ဖြစ်စေ...
ဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်ပြီးနောက် အလုပ်ကြမ်းတပည့်များကို ဖယ်ထုတ်လျှင် အပြင်စည်းတပည့်များနှင့် အတွင်းစည်းတပည့်များသည် အခြေခံကျင့်စဉ်များကို ရရှိကြပြီး ကျင့်ကြံခြင်းကို စတင်ရမည် ဖြစ်သည်။
ယခုအခါ လူတိုင်းသည် ချုံးရှင်းဂိုဏ်း၏ တပည့်များ ဖြစ်ကြပြီး မည်သည့် အဆင့်အတန်း ခွဲခြားမှုမျှ မရှိသဖြင့် ဂိုဏ်းချုပ်က ကျင့်ကြံခြင်းကျမ်းစာကို သင်ကြားပေးတော့မည်မှာ သေချာလှပေသည်။
သို့သော်လည်း ဖန်ယွမ်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
‘ဒီအလကားထိုင်စားမယ့်သူတွေရဲ့ မျက်နှာပေါ်မှာ ဘာဖြစ်လို့ 'ရည်မှန်းချက်ကြီးမားခြင်း' ဆိုတဲ့ စကားလုံးတွေ ရေးထားသလို ဖြစ်နေရတာလဲ’
’တစ်ခုခုတော့ မှားနေပြီ’
‘တစ်ခုခုတော့ လုံးဝ မှားနေပြီ’
‘ငါတို့ ချုံးရှင်းဂိုဏ်းက ရည်မှန်းချက်ကြီးမားတဲ့ လူတွေ နေရမယ့်နေရာ ဟုတ်လို့လား’
‘သေချာတာပေါ့ မဟုတ်ဘူးလေ’
"ဟမ်း" ဖန်ယွမ်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ပုံမှန်ဆိုရင် ဂိုဏ်းထဲဝင်ပြီးတာနဲ့ ကျင့်ကြံဖို့အတွက် အခြေခံလမ်းစဉ်ကျမ်းစာတွေကို ပေးရမှာ ဖြစ်ပေမဲ့ အခုကစပြီး ငါ ဂိုဏ်းချုပ်အနေနဲ့ ဆုံးဖြတ်လိုက်တယ်…ဂိုဏ်းတစ်ခုလုံးက ကျင့်ကြံခြင်းဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ရပ်တန့်ရမယ်…ဘယ်သူမှ ကျင့်ကြံခြင်း မပြုလုပ်ရဘူး"
‘မင်းတို့အားလုံးကသာ သေချာ ကျင့်ကြံပြီး ဂိုဏ်းရဲ့ အင်အားကို မြှင့်တင်လိုက်ရင် ငါ ဘာသွားလုပ်ရတော့မှာလဲ’
ဘယ်သူမှ ကျင့်ကြံခြင်း မပြုလုပ်နိုင်အောင် ဘာကျင့်စဉ်ကျမ်းစာမှ မပေးဘဲ နေလိုက်တာက အကောင်းဆုံးပဲ။
"ဟမ်..."
လူအုပ်ထဲတွင် မတ်တပ်ရပ်နေသော ချန်ကျင်းတောက်၏ လက်များ တုန်ရင်သွားခဲ့ပြီး စုတ်တံသည် စက္ကူပေါ်တွင် ဆွဲခြစ်မိသွားကာ အမည်းစက်ကြီး ထင်ကျန်ရစ်ခဲ့တော့သည်။
လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မိမိတို့ နားကြားမှားသွားသည်ဟု ထင်မှတ်နေကြသည်။
ကျင့်ကြံခြင်းဂိုဏ်းတစ်ခုထဲ ဝင်ပြီးတော့ ကျင့်ကြံခြင်း မပြုလုပ်ရဘူး ဟုတ်လား။
ဒါဆို သူတို့ ဘာလုပ်ရမှာလဲ။
သူတို့၏ ဇဝေဇဝါ ဖြစ်နေမှုကို မြင်ပုံရသဖြင့် ဖန်ယွမ်သည် သူ၏ နောက်ကွယ်ရှိ ပျက်စီးယိုယွင်းနေသော အဓိက ခန်းမဆောင်ကြီးကို လက်ညှိုးထိုးပြလိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ပြိုပျက်နေသော နေရာများကို ပြသလိုက်သည်။
"ကျင့်ကြံခြင်းနဲ့ နှိုင်းယှဉ်ရင် ငါတို့ရဲ့ အခုအချိန်မှာ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့…ဂိုဏ်းကို ပြန်လည် ပြုပြင်ဖို့ပဲ…အိမ်တွေ ဆောက်ကြရမယ်"
မနေ့ညက ဖန်ယွမ်တစ်ယောက်တည်း တစ်ညလုံး စဉ်းစားခဲ့ခြင်း ဖြစ်သည်။ စနစ်၏ စည်းမျဉ်းများကို မချိုးဖောက်ဘဲ တပည့်သစ်များ ကျင့်ကြံခြင်း မပြုလုပ်နိုင်အောင် မည်သို့ ယုတ္တိတန်စွာ တားဆီးရမည်နည်း။ ထို့နောက်တွင် သူသည် ကောင်းမွန်သော အကြံဉာဏ်တစ်ခုကို ရရှိခဲ့သည်။
ထိုအကြံက ဂိုဏ်း၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခိုင်းခြင်း ဖြစ်သည်။ ငါက သူတို့ကို ကျင့်ကြံခြင်း မပြုလုပ်ရဘူးလို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်နေခြင်း မဟုတ်ဘဲ ပိုမို အရေးကြီးတဲ့ အလုပ်တွေ ရှိနေလို့ပဲ လေ ဒါက အရမ်းကို ယုတ္တိတန်လှပေသည်။
ထို့အပြင် ဂိုဏ်းတည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခြင်းကြောင့် အခြားသော အကျိုးကျေးဇူးတစ်ခုလည်း ရှိသေးသည်။
ပစ္စည်းကိရိယာတွေ ဝယ်ယူရင် ပိုက်ဆံကုန်တယ် မဟုတ်ပါသလား။ လက်သမား ဆရာတွေကို ငှားရမ်းရင် ပိုက်ဆံကုန်တယ် မဟုတ်ပါသလား။
အဆောက်အအုံတွေ ဆောက်လုပ်ပြီး ပတ်ဝန်းကျင်ကို ပြုပြင်ရင် ပိုက်ဆံကုန်တယ် မဟုတ်ပါသလား။
ဒါတွေ အကုန်လုံးက ဝိညာဉ်ကျောက်တုံးတွေကို အများအပြား ဖြုန်းတီးပစ်နိုင်တဲ့ အဓိက အသုံးစရိတ်တွေပဲ။ ထို့ကြောင့်ပင် သူက အသည်းအသန် လာရောက် ကြေညာခြင်း ဖြစ်သည်။
"အိမ်တွေ ဆောက်ရမယ် ဟုတ်လား ဂိုဏ်းကို ပြုပြင်ရမယ် ဟုတ်လား"
ဖန်ယွမ်၏ စကားကို ကြားလိုက်ရသောအခါ တပည့်များသည် တစ်ယောက်ကိုတစ်ယောက် တိုးတိုးတိုးတိုး ပြောဆိုကြပြီး မျက်နှာထက်တွင် ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ မနေ့က ချန်ကျင်းတောက် ပြောခဲ့သည်မှာ ဂိုဏ်းသည် အပြင်ပန်းသဏ္ဌာန်ကို တန်ဖိုးမထားဘဲ အတွင်းစိတ် နေထိုင်မှုကိုသာ ပိုမို အလေးထားသည်ဟု မဟုတ်ပါသလော။ ဘာဖြစ်လို့ အခု အိမ်တွေ ဆောက်ခိုင်းရတာလဲ။
ဖန်ယွမ်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဆက်လက် ရှင်းပြသည်။
"အခု ချုံးရှင်းဂိုဏ်းက တပည့် ရာပေါင်းများစွာကို လက်ခံထားပြီးပြီ ဖြစ်လို့ မင်းတို့အားလုံး နေထိုင်ဖို့ နေရာ လိုအပ်တယ်။ ငါက မင်းတို့ကို အပြင်မှာ ဒီအတိုင်း အိပ်ခိုင်းလို့ မဖြစ်ဘူး... အဲဒါက တကယ့်ကို ကြည့်ရဆိုးလွန်းတယ်"
ဖန်ယွမ်၏ လေသံမှာ အေးဆေးလွန်းလှသော်လည်း ဆရာကြီးတစ်ယောက်၏ အရှိန်အဝါများ ပါဝင်နေသည်။
"ဒါ့အပြင် ကျင့်ကြံခြင်းလမ်းစဉ် ဆိုတာက တင်းကြပ်ခြင်းနဲ့ လျှော့ချခြင်းရဲ့ မျှခြေကို လိုအပ်တာပဲ အလုပ်လုပ်တာနဲ့ နားနေတာကို ပေါင်းစပ်တာကမှ အဆင့်မြင့်တဲ့ နည်းလမ်းပဲ ဂိုဏ်းကို ပြုပြင်တည်ဆောက်တာကလည်း မင်းတို့ရဲ့ စိတ်ဓာတ်ကို စမ်းသပ်တာ ဖြစ်သလို ခန္ဓာကိုယ်ကို လေ့ကျင့်ခန်း လုပ်ပေးတာလည်း ဖြစ်တယ် ပိုပြီးတော့ ပြောရရင် ငါတို့ ချုံးရှင်းဂိုဏ်းက တာအိုလမ်းစဉ်ကို ရှာဖွေတဲ့နေရာပဲ… တကယ်လို့ ငါတို့က အခြေခံ နေထိုင်မှု အခြေအနေကိုတောင် အာမမခံနိုင်ရင် လမ်းစဉ်အကြောင်း ဘယ်လို ပြောလို့ရတော့မှာလဲ"
သူသည် စကားကို ခေတ္တရပ်လိုက်ပြီး သူ၏ အကြည့်မှာ တပည့်များ၏ ရှေ့တွင် ရှိနေသော ယွဲ့လင်ထံသို့ ကျရောက်သွားသည်။
"ယွဲ့လင်... မင်းက ဂိုဏ်းရဲ့ စားနပ်ရိက္ခာနဲ့ အခြေခံအဆောက်အအုံ ကိစ္စရပ်အားလုံးကို အပြည့်အဝ တာဝန်ယူရမယ်… အချက်နှစ်ချက်ပဲ ရှိတယ် - ပထမအချက်က အရှိန်အဟုန် မြန်ဆန်ရမယ်... အချိန်ဆွဲမနေနဲ့ ဒုတိယအချက်က ပစ္စည်းကိရိယာတွေက ဈေးကြီးရမယ်... အရာအားလုံးက ပြီးပြည့်စုံနေရမယ်"
"အမ်..."
ယွဲ့လင် ခေတ္တမျှ ဆွံ့အသွားခဲ့ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
ဂိုဏ်းမှာ ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ ကျန်တော့တာ ဖြစ်ပြီး လူပေါင်း ရာပေါင်းများစွာရဲ့ ပါးစပ်ကိုလည်း ကျွေးမွေးရဦးမည် ဖြစ်သည်။
အကယ်၍ သူမက ဂိုဏ်းချုပ်၏ လိုအပ်ချက်အတိုင်း စားစရာများနှင့် ဆောက်လုပ်ရေး ပစ္စည်းများကို ဝယ်ယူရန် ပိုက်ဆံများကို သုံးစွဲလိုက်မည်ဆိုပါက ဂိုဏ်း၏ ဘဏ္ဍာတိုက်မှာ မိနစ်ပိုင်းအတွင်း ပြောင်သလင်းခါသွားမည် မဟုတ်ပါသလော။
သူမအနေဖြင့် ဖန်ယွမ် စုဆောင်းထားသော ပိုက်ဆံအားလုံးကို ဖြုန်းတီးပစ်ချင်သည်မှာ မှန်သော်လည်း တပည့်သစ်အများစုမှာ ဆင်းရဲနွမ်းပါးပြီး ရုန်းကန်နေရသော သနားစရာကောင်းသည့် သာမန်လူသားများ ဖြစ်ကြပြီး သူတို့တွင် အပြစ်မရှိပေ။
သူမအနေဖြင့် ဒီမောင်လေး... ညီမလေးများ ချုံးရှင်းဂိုဏ်းထဲသို့ ဝင်ရောက်လာခါစမှာပင် ဂိုဏ်းပျက်စီး သွားသည်ကို မြင်တွေ့ရပြီး အခြေမဲ့ကာ လွင့်ပါးသွားကြမည့် အဖြစ်ကို မကြည့်ရက်ပေ။
"ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး ပြန်လည် စဉ်းစားပေးပါ ဝိညာဉ်ကျောက်တုံးတွေကို အမှန်တကယ် လိုအပ်တဲ့နေရာမှာပဲ သုံးစွဲသင့်ပါတယ်" ယွဲ့လင်သည် ဦးညွှတ်လျက် သွယ်ဝိုက်သော နည်းလမ်းဖြင့် ငြင်းပယ်လိုက်သည်။
ဖန်ယွမ် မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး ယွဲ့လင်က ပိုက်ဆံသုံးရမည့် ကိစ္စကို ငြင်းပယ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ဒါက မဟုတ်သေးဘူးလေ။
သို့သော် ပြန်လည် စဉ်းစားကြည့်လိုက်ရာ ယွဲ့လင် ပိုက်ဆံဖြုန်းသည့် အရှိန်မှာ အလွန်ပင် နှေးကွေးလွန်းလှသဖြင့် သူကိုယ်တိုင် လုပ်ဆောင်တာကမှ ပိုမို ကောင်းမွန်ပေလိမ့်မည်။
ထိုသို့ စဉ်းစားပြီးနောက် ဖန်ယွမ်က ထပ်လောင်း ပြောကြားလိုက်သည်။
"ယွဲ့လင်... မင်းမှာ ကိုယ်ပိုင် အတွေးအမြင်တွေ ရှိနေမှတော့ ထားလိုက်တော့ ခဏနေရင် မင်း ငါနဲ့အတူ အနီးဆုံးမြို့ကို လိုက်ခဲ့... ငါကိုယ်တိုင် စားစရာတွေနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို ရွေးချယ်မယ်"
ဘာပဲဖြစ်ဖြစ် ငါက ဂိုဏ်းချုပ်ပဲ... ပိုက်ဆံက ငါ့လက်ထဲမှာ ရှိတာဆိုတော့ ငါ့စကားက အတည်ပဲမဟုတ်လား။
အချိန်ကျရင် ငါက ဈေးအကြီးဆုံး အရာတွေကိုပဲ ရွေးချယ်ပြီး ဝယ်ပစ်မယ်။
ကွမ်ရင်မယ်တော်ကိုယ်တိုင် ဆင်းပြီး လာတားရင်တောင် မရဘူး။