ဖန်ယွမ်၏ စကားသံ အဆုံးသတ်သွားသည်နှင့်အမျှ ‘ချုံးရှင်းဂိုဏ်း’ တပည့်များ၏ စိတ်ခံစားချက်များသည် သိမ်မွေ့စွာ စတင်ပြောင်းလဲလာခဲ့တော့သည်။
မူလက ဇဝေဇဝါဖြစ်နေကြသော တပည့်အချို့၏ မျက်ဝန်းအစုံသည် နီမြန်းလာခဲ့ပြီ ဖြစ်၏။
အထူးသဖြင့် ကျင့်ကြံခြင်းအဆင့် အလယ်အလတ်နှင့် အောက်ခြေပိုင်းတွင် ရှိနေကြသော တပည့်များပင် ဖြစ်သည်။
သူတို့သည် ပုံမှန်အချိန်၌ အခြားသူများထက် ပိုမိုကြိုးစားကြသော်လည်း တိုးတက်မှုမှာမူ အနှေးကွေးဆုံး ဖြစ်နေခဲ့ရရှာသည်။
ချန်ကျင်းတောက်နှင့် ဟုန်အာနျိုတို့ကဲ့သို့ ထူးချွန်သူများ တစ်ဟုန်ထိုး တိုးတက်နေသည်ကို ကြည့်ရှုရင်း... သူတို့ နှုတ်မှ မပြောကြသော်လည်း…
‘ငါတို့က တကယ်ပဲ ကျင့်ကြံခြင်းနဲ့ မထိုက်တန်တဲ့သူတွေလား’ ဟူ၍ မိမိကိုယ်ကို သံသယဝင်စိတ်များ ပိုမိုဖြစ်ပေါ်နေခဲ့ကြသည်။
ယခုမူ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ရင်ပြင်ထက်တွင် ရပ်တန့်ကာ "ကောင်းကင်ဘုံတာအိုက သူတို့အပေါ်မှာ ပိုပြီး ရက်စက်လွန်းလို့ပဲ" ဟု ပြောနေလေပြီ။
ဂိုဏ်းချုပ်၏ စကားလုံးတိုင်းသည် သူတို့၏ ရင်တွင်းခံစားချက်များကို အရှိအတိုင်း ထိုးနှက်ပေးလိုက်သကဲ့သို့ ရှိတော့သည်။
မှန်ပေသည်... သူတို့ မကြိုးစားခဲ့ကြခြင်း မဟုတ်ပေ... ကောင်းကင်ဘုံတာအို ကသာ သူတို့အပေါ် ရက်စက်လွန်းလှခြင်း ဖြစ်၏။
ပါရမီကောင်းကောင်းနှင့် ခိုင်မာသော နောက်ခံနောက်ကြောင်း မရှိသည့် သူတို့အဖို့ရာ... အားကိုးစရာဟူ၍ ကြိုးစားအားထုတ်မှု သက်သက်သာ ရှိသည်။
သို့သော်လည်း ဘည်မျှပင် ကြိုးစားပစေ... ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်း ခံရသူများ၏ နောက်ကွယ်၌သာ အမြဲတမ်း ခြေတစ်လှမ်း နောက်ကျနေခဲ့ရမြဲ။ ဒီလို နာကျင်ဆို့နင့်မှုကို မည်သူက နားလည်ပေးနိုင်ပါမည်နည်း။
ပြီးလျှင်... သူတို့ကဲ့သို့သော လူငယ်များအတွက် မည်သူကများ ရှေ့ထွက်၍ စကားပြောပေးဝံ့ပါမည်နည်း။
သူတို့၏ ဂိုဏ်းချုပ်ကြီး ဖြစ်သော ‘ဖန်ယွမ်’ တစ်ဦးတည်းသာ ရှိပေသည်။
ကျန်းရှောင်ရှန်း၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာခဲ့ပြီး ဖန်ယွမ် ပြောခဲ့သော စကားများကို စိတ်ထဲတွင် အကြိမ်ကြိမ် အဖန်ဖန် ပြန်လည်တွေးတောနေမိတော့သည်။
"ကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ အမြင့်အနိမ့်... အနှေးအမြန်နဲ့ ဘယ်တော့မှ မဆုံးဖြတ်သင့်ဘူး အရှေ့က ပြေးနေတဲ့သူတွေမှာလည်း သူတို့လမ်း ရှိသလို... အနောက်မှာ ကျန်နေခဲ့တဲ့သူတွေမှာလည်း သူတို့ရဲ့ နည်းလမ်းဆိုတာ ရှိစမြဲပဲ..."
ထိုစကားစုသည် ဖုန်မှုန့်များ ဖုံးလွှမ်းနေသော သူ၏ နှလုံးသားအိမ်ကို ထွန်းလင်းပေးလိုက်သည့် အရောင်တောက်တောက် မီးအိမ်တစ်လုံးကဲ့သို့ ရှိသည်ဟု သူ ခံစားလိုက်ရသည်။
လူတိုင်းတွင် မိမိတို့၏ လမ်းစဉ် ရှိကြပြီး... လူတိုင်းတွင် မိမိတို့၏ ကံတရား အခွင့်အလမ်းများ ရှိကြသည်။
လမ်းစဉ်က ကြီးသည်ဖြစ်စေ... ငယ်သည်ဖြစ်စေ ပူပန်နေရန် မလိုသလို... ကံတရား အခွင့်အလမ်းများက များသည်ဖြစ်စေ... နည်းသည်ဖြစ်စေ စွဲလမ်းနေရန် မလိုအပ်ချေ။
ကောင်းမှုကုသိုလ်ကိုသာ ပြုလုပ်ပါ... အနာဂတ်ကို မမေးမြန်းပါနှင့်။
ကျင့်ကြံခြင်း လမ်းစဉ်ဆိုသည်မှာ အမြင့်အနိမ့်... အနှေးအမြန်ကိုသာ ကြည့်ရမည် မဟုတ်ဘဲ... လမ်းခရီးတစ်လျှောက်တွင် ရှိနေသော ရှုခင်းများနှင့် ဆင်ခြင်တုံတရားများကို ပိုမို၍ ခံစားရမည် ဖြစ်သည်။
"ဉာဏ်အလင်း ဖွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး"
ကျန်းရှောင်ရှန်းသည် မျက်ရည်များကို သုတ်လိုက်ရင်း ကျင့်ကြံခြင်း လမ်းစဉ်အပေါ် ပိုမိုနက်ရှိုင်းသော နားလည်မှုကို ရရှိသွားတော့သည်။
အမှန်တကယ်တော့ လူအများစုမှာမူ ရိုးရှင်းစွာပင် စိတ်လှုပ်ရှား ကြည်နူးနေကြခြင်း ဖြစ်၏။
ယခုကဲ့သို့ ‘လူသားဆန်သော စောင့်ရှောက်မှု’ များဖြင့် ပြည့်နှက်နေသည့် ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရခဲ့သည့်အတွက် ဝမ်းမြောက်နေကြခြင်း ဖြစ်သည်။
သို့သော်လည်း...
အဖြူရောင် ကျောက်စိမ်းလှေကားထစ်ထက်တွင် ရပ်နေသော ဖန်ယွမ်သည် ထိုအရာများကို ဘာမျှ ဂရုမစိုက်ချေ။
မည်သို့ပင်ဖြစ်စေ... ဂိုဏ်းကြီးကို ဖျက်ဆီးပစ်ရန်အတွက် သင့်တော်သော အကြောင်းပြချက်တစ်ခု ရှာဖွေတွေ့ရှိသွားလျှင်ပင် ရပါပြီ မဟုတ်ပါလား။
လူတိုင်းက သူ၏ ထူးဆန်းလှသော ညံ့ဖျင်းသူများ ဆုလာဘ်စနစ်ကို စတင်လက်ခံလာကြသည်ကို မြင်ရသောအခါ... သူသည် ဝတ်ရုံအင်္ကျီလက်ထဲမှ သိုလှောင်အိတ် ကို ထုတ်ယူလိုက်ပြီး မြေပြင်ထက်သို့ ဇောက်ထိုး မှောက်ချလိုက်တော့သည်။
ဝုန်း... ဂလုံး..
အနိမ့်စား ဝိညာဉ်ကျောက်တုံး ပေါင်းသောင်းချီတို့သည် တောင်ပုံရာပုံ ထွက်ကျလာခဲ့ပြီး နေရောင်အောက်တွင် စူးရှသော အလင်းတန်းများကို ရောင်ပြန်ဟပ်လျက်... ကျောက်တုံးတောင်ငယ်လေးတစ်ခုပမာ စုပုံသွားတော့သည်။
ဝိညာဉ်ကျောက်တုံးများ အချင်းချင်း ထိခိုက်မိသံသည် မဟာခန်းမဆောင်ကြီး၏ ရင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ဝိညာဉ်ကျောက်တုံးများဆီမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင် များမှာလည်း မြူခိုးများကဲ့သို့ ထင်ရှားစွာ မြင်တွေ့နေရသည်။
"ဒီဝိညာဉ်ကျောက်တုံးတွေကတော့ ပထမဆုံးလအတွက် ထောက်ပံ့ရေး ရန်ပုံငွေတွေပဲ" ဖန်ယွမ်သည် လက်ကို ပုတ်လိုက်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး ဆင်ယင်ကာ... "ယွဲ့လင်... မင်း အရည်အချင်းအဆင့် သတ်မှတ်ချက်ဇယားကို ပြုစုပြီး ဒီနေ့အတွင်းမှာပဲ ဝိညာဉ်ကျောက်တုံးတွေကို အကုန်ဝေငှပေးလိုက်" ဟု မိန့်ကြားလိုက်သည်။
ထို့နောက်တွင်တော့ သူသည် လှည့်ထွက်ရန် ပြင်လိုက်၏။
"ဂိုဏ်းချုပ်... ခေတ္တလောက် နေပါဦး"
ယွဲ့လင်၏ အသံသည် ဘေးဘက်မှ ထွက်ပေါ်လာခဲ့သည်။ သူမ၏အသံသည် မကျယ်လောင်လှသော်လည်း အမိန့်ကို ဖီဆန်လိုသော အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ သူမသည် မလှုပ်မယှက်ဘဲ မတ်မတ်ရပ်နေဆဲဖြစ်ပြီး လက်ထဲတွင်လည်း ထိုကျောက်စိမ်းပြားကို တင်းတင်းဆုပ်ကိုင်ထားဆဲ ဖြစ်၏။
ဖန်ယွမ် ခြေလှမ်းများ ရပ်တန့်သွားသော်လည်း အနောက်သို့ လှည့်မကြည့်ခဲ့ချေ။
"ဒီတပည့်မ နားမလည်တဲ့ အချက်တစ်ချက် ရှိနေပါတယ် ဂိုဏ်းချုပ်အနေနဲ့ ဉာဏ်အလင်း ဖွင့်ပေးပါဦး"
ယွဲ့လင်၏ လေသံသည် အလွန်တရာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ သူမသည် မိမိရင်ထဲ၌ ဒေါသတကြီး လှုပ်ခတ်နေသော စိတ်ခံစားချက်များကို ဆင်ခြင်တုံတရားဖြင့် အစွမ်းကုန် ဖိနှိပ်ထားရရှာသည်။
"မေးစမ်း"
"ဒီတပည့်မ ရဲရဲဝံ့ဝံ့ မေးပါရစေ... ယခု ‘မူဝါဒ’ ကိုသာ အသက်သွင်းလိုက်မယ်ဆိုရင်... ဂိုဏ်းတော်အတွက် အစွမ်းကုန် ကြိုးစားအားထုတ်ပြီး အကျိုးပြုခဲ့ကြတဲ့ တပည့်တွေဟာ ဘာမှ ရရှိတော့မှာ မဟုတ်ဘူး။ ပြောင်းပြန်အားဖြင့် တစ်နေ့လုံး ဘာမှမလုပ်ဘဲ အနှေးကွေးဆုံး တိုးတက်နေတဲ့သူတွေကသာ... အခြားသူတွေရဲ့ လုပ်အားရလဒ်တွေကို ထိုင်စားနေကြတော့မယ်ပုံ ဖြစ်နေပြီ”
ယွဲ့လင်သည် စကားကို ခေတ္တဖြတ်လိုက်ပြီးမှ သွားကိုတင်းတင်းကြိတ်ကာ ဆက်ပြောလေသည် ...
"ဒါကို... ဂိုဏ်းချုပ်အနေနဲ့ တရားမျှတတယ်လို့ ထင်ပါသလား"
သိုင်းကွင်းပြင်ကြီးတစ်ခုလုံးမှာ လူတိုင်း၏ အသက်ရှူသံကိုပင် အတိုင်းသား ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ရပြီ ဖြစ်သည်။
လူတိုင်း၏ အကြည့်များသည် ဖန်ယွမ်နှင့် ယွဲ့လင်တို့ နှစ်ဦးကြားတွင် အပြန်အလှန် ကူးလူးနေကြတော့သည်။
ဖန်ယွမ် နောက်ဆုံးတွင်တော့ လှည့်ကြည့်လိုက်၏။
သူသည် ယွဲ့လင်ကို တည်ငြိမ်သော မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်ရင်း ... "တရားမျှတမှု မင်းက ဘယ်လိုတရားမျှတမှုမျိုးကို လိုချင်နေတာလဲ" ဟု ပြန်လည် မေးခွန်းထုတ်လိုက်သည်။
ယွဲ့လင်သည် သူ၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်လျက် တစ်လုံးချင်း ပြတ်သားစွာ ပြောလိုက်တော့သည် ...
"လွန်ခဲ့တဲ့ လေးနှစ်က... ဂိုဏ်းရဲ့ သယံဇာတ မလုံလောက်မှုကြောင့် ဒီတပည့်မရဲ့ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပြီး... လွန်ခဲ့တဲ့ ခြောက်လကမှ မနည်း ပြန်လည်နာလန်ထူနိုင်ခဲ့တာ။ အခု ဒီတပည့်မ အဆင့်တက်ဖို့ နီးစပ်နေပြီဖြစ်ပြီး ဒီတပည့်မရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း တစ်ဂိုဏ်းလုံးမှာ အမြင့်ဆုံး ဖြစ်နေတဲ့အချိန်ကျမှ... ဂိုဏ်းချုပ်ရဲ့ ‘ဒီ မူဝါဒ’ ကြောင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကိုတောင် ရပိုင်ခွင့် မရှိတော့ဘူးတဲ့လား..ဒါက... ဒီတပည့်မအပေါ် တရားမျှတမှု ရှိရဲ့လား"
"ကျင့်ကြံခြင်း အနှေးကွေးဆုံး လူတွေမှာ သူတို့နည်းလမ်းနဲ့သူတို့ ရှိတယ်လို့ ဂိုဏ်းချုပ် မိန့်ခဲ့တယ်မလား… ဒါဆိုရင်... အမြန်ဆုံး ကျင့်ကြံနေကြတဲ့ ဒီတပည့်မတို့လို လူတွေအတွက်ကော... ‘နည်းလမ်း’ က ဘယ်မှာလဲ"
သူမသည် စကားကို အလွန်အမင်း နှေးကွေးစွာ ပြောကြားသွားခဲ့သော်လည်း စာသားတိုင်းမှာ ရှင်းလင်းပြတ်သားလှပေသည်။
သို့သော်လည်း သူမ၏ ဓားရိုးကို ဆုပ်ကိုင်ထားသော လက်ကလေးမှာမူ အားစိုက်လွန်းလှသဖြင့် ဖြူဆွတ်နေခဲ့ပြီ ဖြစ်၏။
"ဂိုဏ်းချုပ်... ဒီတပည့်မအနေနဲ့ အဲဒီ ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက်ကို နှမြောနေတာ မဟုတ်ပါဘူး" ယွဲ့လင်က ဆက်ပြောသည် ... "ဒီတပည့်မ စိုးရိမ်တာက... ဂိုဏ်းချုပ် အသက်သွင်းလိုက်တဲ့ မူဝါဒဟာ... ဂိုဏ်းအတွက် အသက်ပေးပြီး ကြိုးစားနေကြတဲ့ ထူးချွန်တပည့်တွေရဲ့ နှလုံးသားကို ရိုက်ချိုးပစ်လိုက်သလို ဖြစ်သွားမှာကိုပဲ ဖြစ်တယ်"
ဝန်းကျင်တစ်ခုလုံး သင်္ချိုင်းကုန်းပမာ ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
ဖန်ယွမ် ယွဲ့လင်ကို ကြည့်လိုက်၏။
သူသည် ဤမေးခွန်းမျိုး ထွက်ပေါ်လာလိမ့်မည်ကို ကြိုတင်တွက်ဆထားခဲ့ပြီးသား ဖြစ်ပေသည်။
’ဟီး…ဟီး…’
’ငါကလည်း... မင်းတို့လို ပါရမီရှင်တွေ... ချန်ကျင်းတောက်တို့... ဟုန်အာနျိုတို့လို ထိပ်သီးသမားတွေရဲ့ နှလုံးသားကို ရိုက်ချိုးပစ်ချင်လို့ ဒီလိုလုပ်တာလေ။ မင်းတို့ နှလုံးသား ကျိုးပျက်သွားမှသာ အလုပ်လုပ်ချင်စိတ် ကုန်ဆုံးပြီး ပျင်းရိလာကြမှာ။ မင်းတို့ ပျင်းရိလာမှသာ... ဂိုဏ်းရဲ့ ဘက်စုံအင်အားက ကျဆင်းသွားမှာ မဟုတ်လား’
သို့သော်လည်း ထိုစကားကို သူထုတ် ပြောမရချေ။
ဖန်ယွမ် သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လိုက်ကာ ...
"ယွဲ့လင်"
"ရှိပါတယ်" ယွဲ့လင် မသိစိတ်ဖြင့် ပြန်လည် ထူးလိုက်မိသည်။
"ထက်မြက်တဲ့ ဓားတစ်ချောင်းဟာ ဓားသွေးကျောက် မလိုဘူး... ဓားတုံးမှသာ ဓားသွေးကျောက် လိုတာ" ဖန်ယွမ် ဖြည်းညင်းစွာ လှည့်ထွက်လိုက်ပြီး ဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းဂူဗိမာန်ရှိရာ ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းရင်း အနောက်သို့ စကားတစ်ခွန်း ပါးလိုက်တော့သည် ...
"ယွဲ့လင်... နောက်နောင် မင်း ဝိညာဉ်ကျောက်တုံး အရည်အချင်းစစ်ဆေးမှုနဲ့ ခွဲတမ်းချပေးတဲ့ ကိစ္စတွေကို တာဝန်ယူစရာ မလိုတော့ဘူး"
"ဒီကိစ္စကို ချန်ကျင်းတောက်... မဟုတ်ဘူး... ဟုန်အာနျိုဆီကို လွှဲပြောင်းပေးလိုက်ပါ"
ဖန်ယွမ် ဒီတာဝန်ကို ဟုန်အာနျိုထံသို့ လွှဲပြောင်းပေးရန် ကိုယ်ပိုင်တွေးတောချက် ရှိပေသည်။
ပထမအချက်မှာ... ဟုန်အာနျိုသည် ရိုးရှင်းဖြောင့်မတ်လှပြီး ချန်ကျင်းတောက်ကဲ့သို့ အတွေးအခေါ် လွန်ကဲလွန်းလှသူ မဟုတ်ပေ။ သူက ချန်ကျင်းတောက်အား မိမိ၏ မူဝါဒကို တစ်လွဲ အဓိပ္ပာယ်ပြန်ဆိုပြီး ဉာဏ်ပွင့်ခြင်းမှ ကာကွယ်နိုင်ပေလိမ့်မည်။
ဒုတိယအချက်မှာ... ဟုန်အာနျိုကိုယ်တိုင်သည်လည်း ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး တပည့်များထဲမှ တစ်ဦးဖြစ်ရာ... သူ့အား ဝိညာဉ်ကျောက်တုံးများ လိုက်လံဝေငှခိုင်းခြင်းအားဖြင့် သူ၏ ကျင့်ကြံလိုစိတ်ကို ထပ်မံ၍ ရိုက်ချိုးဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။
ပြောကြားပြီးနောက် ဝတ်ရုံဖြူရှင် ဖန်ယွမ်သည် မဟာခန်းမဆောင် ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့တော့သည်။
ရင်ပြင်ထက်တွင်မူ ယွဲ့လင်သည် ညာလက်ဖြင့် ကျောက်စိမ်းပြားကို တင်းတင်းဆုပ်ကိုင်ထားပြီး... ဘယ်လက်ဖြင့် ဓားရိုးကို ဆုပ်ကိုင်ထားမိရာ... သူမ၏ လက်ဖမိုးထက်ရှိ အကြောပြာကြီးများမှာ အထင်အသား ပေါ်ထွက်နေခဲ့သည်။
သူမသည် ဖန်ယွမ် ထွက်ခွာသွားရာ လမ်းစဆီသို့ မျက်တောင်မခတ် စိုက်ကြည့်နေမိရင်း နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လျက် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ရှာသည်။
လူအုပ်ကြီး၏ ထောင့်စွန်းတစ်နေရာတွင်မူ ဝမ်အာကော်သည် ဝိညာဉ်ကျောက်တုံး တောင်ငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက်... ဒေါသနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေသော စီနီယာအစ်မ ယွဲ့လင်ကို လှမ်းကြည့်လိုက်မိသည်။
သူ၏ ရင်ထဲ၌ အပြစ်မကင်းသည့် ခံစားချက်များ ရုတ်တရက် လှိုင်းလုံးကြီးပမာ ထိုးနှက်လာခဲ့ရတော့သည်။
‘ဒီဝိညာဉ်ကျောက်တုံး တစ်သောင်းကို ငါ့ကို ပေးခဲ့ရင်တောင်... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တစ်ဟုန်ထိုး တက်လာမှာ မဟုတ်ဘူး ဒါပေမဲ့ တကယ်လို့ စီနီယာအစ်မကိုသာ ပေးလိုက်မယ်ဆိုရင်…’
’ဒါဆိုရင်... ချုံးရှင်းဂိုဏ်းမှာ ‘အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်’ ကျင့်ကြံသူ နောက်တစ်ယောက် တိုးလာမှာ မဟုတ်ဘူးလား’
"..."
အချိန်အတော်ကြာ ဖြတ်သန်းသွားခဲ့ပြီးနောက်... ယွဲ့လင် နောက်ဆုံးတွင်တော့ တင်းတင်းဆုပ်ထားသော လက်ကလေးကို ဖြေလျှော့လိုက်ရရှာသည်။
ကျောက်စိမ်းပြားလေးသည် သူမ၏ လက်ဖဝါးထဲမှ လျှောကျသွားခဲ့ပြီး ကျောက်ပြားကြမ်းပြင်ထက်သို့ ကျရောက်ကာ ပြတ်သားသော အသံလေး တစ်ချက် ထွက်ပေါ်သွားခဲ့သည်။
သူမ ဘာစကားမျှ ထပ်မပြောတော့ဘဲ ပန်းရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အနောက်ဘက်တောင်တန်းရှိ ကျင့်ကြံခြင်းဂူဆီသို့ တည့်တည့်မတ်မတ် ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
တပည့်များအားလုံး ရှုပ်ထွေးလှသော စိတ်ခံစားချက်များဖြင့် သူမ ထွက်ခွာသွားသည်ကို ငေးကြည့်နေခဲ့ကြသည်။
ကျန်းရှောင်ရှန်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်မိရင်း သူမနောက်သို့ လိုက်လံဖျောင်းဖျရန် ပြင်လိုက်၏။
"ရပ်လိုက်စမ်း"
ချန်ကျင်းတောက် ရှေ့မှဆီးကာ တားဆီးလိုက်ပြီး သူ၏ အသံမှာလည်း အနည်းငယ် အက်ရှနေခဲ့သည် ...
"အစ်ကို ကျင်းတောက်... စီနီယာအစ်မက..."
"မသွားနဲ့" ချန်ကျင်းတောက် ခေါင်းခါပြလိုက်သည်။
သူသည် ယွဲ့လင် ပျောက်ကွယ်သွားရာ လမ်းစဆီသို့ စူးစိုက်ကြည့်ရှုရင်း မျက်မှောင်ကြုတ်လျက်... အတိတ်တုန်းကကဲ့သို့ပင် ဂိုဏ်းချုပ်၏ လုပ်ရပ်နောက်ကွယ်က လေးနက်လှသော အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိရန်အတွက် သူ၏ ဉာဏ်ပညာကို အစွမ်းကုန် အသုံးချကာ ရူးသွပ်စွာ စဉ်းစားနေမိတော့သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ... သူ ဘယ်လိုမှ တွေး၍မရတော့ချေ။
စီနီယာအစ်မ ပြောခဲ့သည်မှာ မှန်ကန်လှပေသည်။
အသက်လုပြီး ကြိုးစားနေကြသူများက ဘာမှမရဘဲ... အောက်ခြေကလူများကသာ အချိုစမ်းနေရသည်မှာ မည်သည့်ဂိုဏ်းတွင်မဆို မဖြစ်နိုင်သောအရာပင်။
သို့သော်လည်း ဂိုဏ်းချုပ်သည် ဉာဏ်အမြော်အမြင် ကင်းမဲ့သူတစ်ဦး မဟုတ်သည်မှာ သေချာသည်။
သူသည် တပည့်များကို မိသားစုကဲ့သို့ စောင့်ရှောက်ခဲ့သည်... နက်မှောင်သစ်တောဂိုဏ်းချုပ်ကို သတ်ဖြတ်ခဲ့သည်... ပြီးလျှင် လူသားများကို ကယ်ဆယ်ရန် ပိုင်ဆိုင်မှုများကို ဖြုန်းတီးခဲ့သည်... အရာရာတိုင်းမှာ ကြီးမြတ်လှသော အမြော်အမြင်ရှိသူများသာ လုပ်ဆောင်နိုင်သည့် အရာများ မဟုတ်ပါလား။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ထူးတစ်ယောက်က ယခုကဲ့သို့ အမှားမျိုးကို ပြုလုပ်ပါ့မည်လော။
ချန်ကျင်းတောက် ဘယ်လိုမှ စဉ်းစား၍ မရတော့ချေ။
ချုံးရှင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့သည့် အချိန်မှစ၍... ဒါက သူသည် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်း ဝေခွဲမရသော ဇဝေဇဝါဖြစ်မှုပင် ဖြစ်သည်။
*********
ဖတ်ရတာကြိုက်နှစ်သက်ရင် 5starreview လေးတွေပေးခဲ့ပါဦး။
*********