နောက်ရက်များအတွင်း၌ ချုံးရှင်းဂိုဏ်း၏ တပည့်အားလုံးမှာ အင်အားအပြည့်ဖြင့် တောင်အောက်သို့ တရုန်းရုန်း ဆင်းသွားခဲ့ကြတော့သည်။
ယွဲ့လင်းသည် အလွန်အမင်း ပြတ်သားပြီး ထက်မြက်လှသော လုပ်ဆောင်နိုင်စွမ်း ရှိသူဖြစ်သည်။ သူမအနေဖြင့် တောက်ပနေသော ဝိညာဉ်ကျောက်တုံးများစွာကို အလကားပေးပစ်ရမည်ဖြစ်၍ နှမြောတသဖြစ်ကာ နှလုံးသားထဲက နာကျင်နေခဲ့ရသော်လည်း... ဂိုဏ်းချုပ်၏ အမိန့်မှာလည်း အလေးအနက်ထား လိုက်နာရမည့်အရာ ဖြစ်ပေသည်။
သူမသည် နက်မှောင်သစ်တောဂိုဏ်းက ချန်ထားခဲ့သော စာရင်းဇယားများနှင့် မှတ်တမ်းအားလုံးကို တစ်ညလုံး မအိပ်ဘဲ သေချာစွာ စစ်ဆေးခဲ့ပြီးနောက်... ဖမ်းဆီးခေါ်ဆောင်လာခဲ့သော အောက်ခြေအလုပ်သမား ခုနစ်ရာကျော်ကို မိမိဂိုဏ်းက တပည့်များနှင့် ပေါင်းစပ်ပေးလိုက်ကာ အုပ်စု ဒါဇင်ပေါင်းများစွာအဖြစ် ခွဲခြမ်းပေးလိုက်ပြီး... ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို သယ်ဆောင်စေလျက် မိုင်တစ်ရာပတ်လည်ရှိ ထောင့်စွန်းတိုင်းဆီသို့ အလျင်အမြန် စေလွှတ်လိုက်တော့သည်။
နက်မှောင်သစ်တောဂိုဏ်း၏ ဖိနှိပ်ခြင်းကို ခံခဲ့ရဖူးသူမှန်သမျှ... ဝိညာဉ်စိုက်ခင်းများကို အဓမ္မသိမ်းပိုက်ခံခဲ့ရသော ဂိုဏ်းငယ်လေးများဖြစ်စေ သို့မဟုတ် အကြွေးများကြောင့် အတင်းအကျပ် နှင်ထုတ်ခံခဲ့ရသော သာမန်လူသားများဖြစ်စေ... အားလုံးကို လျော်ကြေးပေးမည့် စာရင်းအတွင်းသို့ ထည့်သွင်းပေးလိုက်တော့သည်။
ဤကဲ့သို့ဖြင့် ကျင့်ကြံခြင်းလောကကြီးအတွင်း၌ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် “ကျေးလက်တောရွာများဆီသို့ သွားရောက်ပြီး နွေးထွေးမှုများ ပေးအပ်ခြင်း” ဟူသော ကမ်ပိန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
ကြွေလွင့်သစ်ရွက်လျှိုမြောင် ... ဒီလျိုမြောင်က မိုင်တစ်ရာပတ်လည်အတွင်း၌ ကိုးဆင့်မြောက်ဂိုဏ်းအဆင့်သို့ပင် မသတ်မှတ်နိုင်လောက်အောင် အလွန်အမင်း သေးငယ်လွန်းလှသော ဂိုဏ်းငယ်လေးတစ်ခု ဖြစ်ပေသည်။
ဂိုဏ်း၏ တံခါးဝကြီးမှာလည်း ယိုယွင်းပျက်စီးနေခဲ့ပြီး သင့်တော်သော ဆိုင်းဘုတ်တစ်ခုပင် ချိတ်ဆွဲထားနိုင်ခြင်း မရှိရှာဘဲ... ခြောက်သွေ့နေသော သစ်ပင်နှစ်ပင်ကိုသာ တိုင်အဖြစ် အသုံးပြုထားခဲ့ရသည်။
ချန်ကျင်းတောက်သည် ချုံးရှင်းဂိုဏ်း တပည့်ငါးယောက်ကို ဦးဆောင်လျက် ထိုဂိုဏ်း၏ တံခါးဝအပြင်ဘက်တွင် ရပ်တန့်လိုက်သည်။ သူတို့အားလုံးမှာ ထျန်းပေါင်အဆောက်အအုံ ကနေ အထူးမှာယူချုပ်လုပ်ထားခဲ့သော တိမ်တိုက်စီးဆင်းခြင်း ဝိညာဉ်ဝတ်ရုံများကို ဆင်မြန်းထားကြပြီး... ခါးတွင်လည်း အဆင့်မြင့် ဝိညာဉ်လက်နက်များကို ချိတ်ဆွဲထားကြတာမို့ တစ်ကိုယ်လုံး ဝိညာဉ်စွမ်းအင်များနှင့် သွေးသားအရှိန်အဝါများ ပြည့်နှက်နေခဲ့ကြသည်။
ကြွေလွင့်သစ်ရွက်လျှိုမြောင်၏ ဂိုဏ်းချုပ်ဖြစ်သော လီချန်ချင်းသည် မျက်နှာများ ညှိုးငယ်ပြီး ပိန်လှီလှသော သူ၏ တပည့်တစ်ဒါဇင်ခန့်ကို ဦးဆောင်လျက်... ရွှံ့နွံထူထပ်လှသော မြေပြင်ထက်တွင် ဒူးထောက်လိုက်ကြမိရင်း သူတို့၏ ဦးခေါင်းများကိုပင် မော်၍မကြည့်ရဲကြရှာချေ။
နက်မှောင်သစ်တောဂိုဏ်းကြီး ဖျက်ဆီးခံလိုက်ရပြီးခါစ ဖြစ်သဖြင့် ဒီလောက် အစွမ်းထက်လှသော ကျင့်ကြံသူများ မိမိတို့ဆီသို့ ရောက်ရှိလာခြင်းကြောင့်... လီချန်ချင်းအနေဖြင့် မိမိတပည့်များ၏ အသက်ကို ချမ်းသာပေးရန်အတွက်သာ စိတ်ထဲကနေ တုန်လှုပ်စွာ ဆုတောင်းနေမိတော့သည်။
“စီနီယာ အရှင်သခင်တို့... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ… ကျွန်တော် ဒီလအတွက် ကန်တော့ကြေးအဖြစ် ဝိညာဉ်ကျောက်တုံး အနိမ့်စား ငါးဆယ်ကို ရအောင် စုဆောင်းထားပြီးပါပြီ... စီနီယာတို့အနေနဲ့... ကျွန်တော်တို့ကို နောက်ထပ် နှစ်ရက်လောက်ပဲ အချိန်ပေးပါဦး…” လီချန်ချင်း၏ လေသံမှာ တုန်ရီနေခဲ့ပြီး သူ၏ နဖူးကို ကျောက်ခဲကြမ်းပြင်ထက်သို့ ပြင်းထန်စွာ စောင့်လိုက်တာမို့ အရေပြားများပင် ပြဲထွက်သွားခဲ့ရရှာသည်။
ချန်ကျင်းတောက် ရှေ့သို့ တစ်လှမ်းတိုးလာခဲ့ပြီး... လီချန်ချင်းကို သူ၏ လက်နှစ်ဖက်ဖြင့် အသာအယာ မချီမြှောက်ကာ ထူမပေးလိုက်တော့သည်။
လီချန်ချင်းမှာမူ အလွန်အမင်း ကြောက်လန့်သွားခဲ့ရပြီး အနောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားခဲ့မိသည်။
“ဂိုဏ်းချုပ်လီ... တကယ်ပဲ နားလည်မှု လွဲသွားခဲ့ပါပြီ" ချန်ကျင်းတောက် သူ၏ ဝတ်ရုံလက်စအတွင်းကနေ လေးလံလှသော သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူလိုက်ပြီး... အခြားသူ၏ လက်ထဲသို့ အတင်းအကျပ် ထည့်သွင်းပေးလိုက်တော့သည် ...
“နက်မှောင်သစ်တောဂိုဏ်းက သဘာဝတရားရဲ့ လမ်းစဉ်ကို ဆန့်ကျင်ခဲ့လို့... အခု ကျွန်တော်တို့ ချုံးရှင်းဂိုဏ်းကနေ ရှင်းလင်းပစ်လိုက်ပါပြီ။ ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ် ဖန်ယွမ်က တရားမျှတပြီး သဘောထားကြီးမားလှတာမို့... နက်မှောင်သစ်တောဂိုဏ်းက အရင်က အဓမ္မတောင်းခံခဲ့တဲ့ ပိုက်ဆံတွေကို ပြန်လည်ပေးအပ်ဖို့အတွက် ကျွန်တော်တို့ကို တောင်အောက် ဆင်းခိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒီထဲမှာ ဝိညာဉ်ကျောက်တုံး အနိမ့်စား ‘ငါးထောင်’ ရှိပါတယ်... ဒါက ကြွေလွင့်သစ်ရွက်လျှိုမြောင်ဂိုဏ်းအနေနဲ့ နှစ်ပေါင်းများစွာတိုင်အောင် ခံစားခဲ့ရတဲ့ ဒုက္ခတွေအတွက် လျော်ကြေးပဲ ဖြစ်ပါတယ်"
လီချန်ချင်းတစ်ယောက် လုံးဝ ဆွံ့အမှင်တက်သွားခဲ့ရတော့သည်။
သူ သိုလှောင်အိတ်၏ ကြိုးများကို ဖြေလျှော့လိုက်သည့် အခါတွင်မူ... သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များက သူ၏ မျက်နှာထက်သို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။ တောက်ပနေသော ဝိညာဉ်ကျောက်တုံး အနိမ့်စားများမှာ အိတ်အတွင်း၌ တောင်ငယ်လေးတစ်ခုကဲ့သို့ စုပုံနေခဲ့ချေပြီ။
ငါးထောင် ဟုတ်လား ကြွေလွင့်သစ်ရွက်လျှိုမြောင်ကဲ့သို့ နှစ်ပေါင်းတစ်ရာခန့် တည်ထောင်လာခဲ့သော ဂိုဏ်းငယ်လေးတစ်ခုအတွက်မူ... ဒီလောက် ကြီးမားလှသော ပိုက်ဆံအပုံကြီးကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြချေ
“ဒါ... ဒါမျိုးတော့ မဖြစ်နိုင်တာ” လီချန်ချင်း၏ ခြေထောက်များ ပျော့ခွေသွားခဲ့ရပြီး ထပ်မံ၍ ဒူးထောက်ရန် ပြင်ဆင်လိုက်တော့သည်။
“ယူထားလိုက်ပါ" ချန်ကျင်းတောက်၏ လေသံမှာ အလွန်ပင် အေးချမ်းတည်ငြိမ်နေခဲ့သည် ...
“ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီး မိန့်ကြားခဲ့ဖူးပါတယ် ... ကြီးမားတဲ့ အစွမ်းအစဆိုတာ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေနဲ့ အတူတူပါလာတာပဲ တဲ့ အခုကစပြီး... ဒီမိုင်တစ်ရာပတ်လည်အတွင်းမှာ စည်းမျဉ်းတွေက ပြောင်းလဲသွားခဲ့ပါပြီ။ လူတိုင်း အေးအေးဆေးဆေး ကျင့်ကြံနိုင်ကြပါပြီ... မည်သူကမျှ နောက်နောင် ဆက်ကြေး လာရောက်တောင်းခံတော့မှာ မဟုတ်ပါဘူး"
လီချန်ချင်း သိုလှောင်အိတ်ကို တင်းတင်းဆုပ်ကိုင်ထားမိရင်း... သူ၏ အိုမင်းလှသော မျက်နှာထက်တွင် မျက်ရည်များ တဖြာဖြာ စီးကျလာခဲ့တော့သည်။ သူ၏ အနောက်က တပည့်များကလည်း ထိုနည်းတူစွာပင် ဝမ်းသာအားရဖြင့် အော်ဟစ်ငိုကြွေးလိုက်ကြတော့သည်။
“ချုံးရှင်းဂိုဏ်းက တကယ်ကို တရားမျှတပါတယ် ဂိုဏ်းချုပ်ကြီး ဖန်ယွမ်ကတော့... ဒီမိုင်တစ်ရာပတ်လည်ရဲ့ လမ်းပြမီးရှူးတန်ဆောင်ကြီးဖြစ်ပြီး... ဖြောင့်မတ်သော လမ်းစဉ်ရဲ့ အလင်းရောင်စစ်စစ်ကြီးပါပဲ” လီချန်ချင်းတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
ချန်ကျင်းတောက် စုတ်ပြတ်သတ်နေသော ကျင့်ကြံဖော်အုပ်စုကို ကြည့်ရှုလိုက်မိရင်း... မိမိကိုယ်တိုင်လည်း အတိတ်တုန်းက ဂိုဏ်းတစ်ခုအတွင်းသို့ အလုပ်သမားအဖြစ် ဝင်ရောက်ရန်အတွက် နေရာတိုင်းတွင် ငြင်းပယ်ခြင်း ခံခဲ့ရဖူးပြီး အေးစက်လှသော အကြည့်များကို ရင်ဆိုင်ခဲ့ရဖူးသည့် နှစ်ကာလများကို ပြန်လည်အမှတ်ရသွားခဲ့သည်။
သူ ဦးခေါင်းကို လှည့်လျက် ချုံးရှင်းဂိုဏ်းရှိရာ အရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်မိတော့ရာ... သူ၏ မျက်ဝန်းအစုံမှာ အနည်းငယ် နွေးထွေးလာခဲ့ရတော့သည်။
“သာမန်လူ့လောကထဲသို့ ဝင်ရောက်ပြီး သတ္တဝါအပေါင်းတို့ရဲ့ ဘဝတွေကို မမြင်တွေ့ဖူးဘဲနဲ့... ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ တာအိုနှလုံးသား ကို ဘယ်လိုမျိုး နားလည်နိုင်ပါ့မလဲ”
‘ဂိုဏ်းချုပ်ကြီးရဲ့ စီစဉ်ပေးမှု အဆင့်အတန်းကတော့... တကယ်ကို မြင့်မားလွန်းလှပါတယ်’
ကျန်းရှ မြို့၏ အပြင်ဘက်ရှိ ဆင်းရဲသားရပ်ကွက်အတွင်း၌ ...
လင်းမြောင်မြောင်သည် အမျိုးသမီးတပည့်အချို့ကို ဦးဆောင်လျက်... အနံအသက်ဆိုးများ ပြည့်နှက်နေသော ရွှံ့နွံထူထပ်လှသည့် လမ်းကြားလေးများအတွင်းသို့ ဖြတ်သန်းလျှောက်လှမ်းနေခဲ့သည်။
ဒီနေရာတွင် နေထိုင်ကြသော လူများအားလုံးမှာ... နက်မှောင်သစ်တောဂိုဏ်း ကျင့်ကြံသူများ၏ အဓမ္မ လယ်ယာမြေသိမ်းပိုက်ခြင်းကို ခံခဲ့ရသဖြင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဘဝပျက်ခဲ့ကြရရှာသော သာမန်လူသားများ ဖြစ်ကြသည်။
လင်းမြောင်မြောင် ယိုင်နဲ့နေသော သစ်သားတံခါးလေးတစ်ခုကို အသာအယာ တွန်းဖွင့်လိုက်သည်။ အခန်း၏ အတွင်း၌မူ... ပိန်လှီလှသော အမျိုးသမီးတစ်ဦးမှာ သူမ၏ ဖျားနာနေသော ကလေးငယ်ကို ပွေ့ဖက်ထားမိရင်း မျက်ရည်များ ဆမ်းဆမ်းလှုပ် စီးကျနေခဲ့သည်။
“အဒေါ်...” လင်းမြောင်မြောင် ရှေ့သို့ လျှောက်လှမ်းသွားလိုက်ပြီး... ခြေထောက်တစ်ဖက် ကျိုးပျက်နေသော သစ်သားစားပွဲလေးထက်သို့ ငွေစအချို့ ပြည့်နှက်နေသော အိတ်တစ်အိတ်နှင့် အနိမ့်စား ကုသရေး ဆေးလုံးအချို့ကို တင်ထားပေးလိုက်တော့သည် ...
“ဒါက ချုံးရှင်းဂိုဏ်းကနေ ပေးအပ်တဲ့ လျော်ကြေးပိုက်ဆံတွေပါ…နက်မှောင်သစ်တောဂိုဏ်းကတော့ မရှိတော့ပါဘူး... နောက်နောင် ဘယ်သူကမှ အဒေါ်တို့ရဲ့ အစားအသောက်တွေကို လာရောက်လုယူတော့မှာ မဟုတ်ပါဘူး။ ဒီဆေးတွေကို ကလေးကို တိုက်ကျွေးလိုက်ပါ... ဒါဆိုရင် သူ့ရဲ့ ရောဂါက မကြာခင်မှာပဲ သက်သာပျောက်ကင်းသွားပါလိမ့်မယ်"
ထိုအမျိုးသမီးမှာ အချိန်အတော်ကြာအောင် ဆွံ့အသွားခဲ့ရပြီးနောက်... မြေပြင်ထက်သို့ ဒူးထောက်ကာ အဆက်မပြတ် ဦးတိုက်လိုက်တော့သည် ...
“နတ်သမီးလေး... နတ်သမီးလေး လူ့လောကကို ဆင်းသက်လာတာပဲ… ကျွန်မတို့ မိခင်နဲ့ သားရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက်... ကျေးဇူးအထူးတင်ပါတယ် အင်မော်တယ် အရှင်သခင်မလေးရှင်…”
လင်းမြောင်မြောင် အလျင်အမြန်ပင် သူမကို ထူမပေးလိုက်မိရင်း... သူမ၏ မျက်ဝန်းလေးနှစ်ဖက်မှာ နီမြန်းလာခဲ့ရတော့သည်။
သူမလည်း အတိတ်တုန်းက လမ်းပေါ်တွင် လှည့်လည်တောင်းရမ်းစားသောက်ခဲ့ရဖူးပြီး... စုတ်ပြတ်နေသော ပေါက်စီတစ်ဝက်အတွက်နှင့် တောခွေးရိုင်းများ၏ လိုက်လံကိုက်ခဲခြင်းကို ခံခဲ့ရဖူးသည့် နေ့ရက်များကို ပြန်လည်အမှတ်ရသွားခဲ့ခြင်း ဖြစ်ပေသည်။
တကယ်လို့ ထိုအချိန်တုန်းက... ချုံးရှင်းဂိုဏ်းကဲ့သို့သော အင်မော်တယ်ဂိုဏ်းကြီးတစ်ခုသာ ရှိနေခဲ့မည်ဆိုပါက... သူမ၏ မိဘနှစ်ပါးစလုံး ငတ်မွတ်ခေါင်းပါးပြီး သေဆုံးသွားခဲ့ကြရပါမည်နည်း။
နောက်ထပ် လဝက်ခန့်အတွင်း၌... လင်းမြောင်မြောင်သည် ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် မြို့ငယ်ပေါင်း တစ်ဒါဇင်ကျော်ဆီသို့ လှည့်လည်သွားရောက်ခဲ့သည်။ ပိုက်ဆံများ ဝေငှပေးခဲ့သည်... ဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။
သူမ ရောက်ရှိသွားသည့် နေရာတိုင်းတွင်... သာမန်လူသားအားလုံးမှာ အတိုင်းအဆမဲ့လှစွာ ကျေးဇူးတင်ရှိနေခဲ့ကြရှာသည်။ ရွာအများစုမှာဆိုလျှင် လက်သမားဆရာများကို ညတွင်းချင်း ငှားရမ်းလိုက်ကြပြီး... ဖန်ယွမ်အတွက် သက်ရှည်ကျန်းမာစေမည့် သစ်သားဆိုင်းဘုတ် အမှတ်တရပြားများကို ထုဆစ်ကြကာ... နေ့ညမပြတ် အမွှေးတိုင်များ ထွန်းညှိလျက် ဆုတောင်းမေတ္တာ ပို့သပေးနေခဲ့ကြတော့သည်။
ဤကဲ့သို့ဖြင့် “ချုံးရှင်းဂိုဏ်းက အင်မော်တယ် အရှင်သခင်များ” ၏ မွန်မြတ်လှသော ကရုဏာတရား သတင်းကြီးမှာ... သာမန်လူသားများနှင့် လေလွင့်ကျင့်ကြံသူများ၏ နှုတ်ဖျားကနေတစ်ဆင့် နယ်မြေတစ်ခုလုံးဆီသို့ လေပြင်းမုန်တိုင်းတစ်ခုအလား အလျင်အမြန် ပျံ့နှံ့သွားခဲ့တော့သည်။
ချုံးရှင်းဂိုဏ်း တပည့်များ အောက်ခြေအဆင့်အထိ နက်နက်ရှိုင်းရှိုင်း ရောက်ရှိသွားကြစဉ်မှာပင်... သူတို့အားလုံး လူ့လောက၏ ရက်စက်ကြမ်းကြုတ်လှသော အမှန်တရားများကို မိမိတို့၏ မျက်စိဖြင့် အထင်အရှား မြင်တွေ့လိုက်ကြရသည်။
ဂိုဏ်းမဲ့ကျင့်ကြံသူများမှာ ဝိညာဉ်ကျောက်တုံး အနိမ့်စား အနည်းငယ်အတွက်နှင့် အသက်လုကာ ပြင်းထန်စွာ တိုက်ခိုက်နေကြရသည်။
မိသားစုငယ်လေးများမှာဆိုလျှင် ပထမအဆင့် အနိမ့်စား ကျင့်စဉ်တစ်ခုကိုပင်... မိသားစု၏ အဖိုးတန် ရတနာတစ်ပါးကဲ့သို့ အမြတ်တနိုး သိမ်းဆည်းထားကြရရှာသည်။ သာမန်လူသားများမှာမူ တစ်နှစ်ပတ်လုံး ပင်ပန်းကြီးစွာ အလုပ်လုပ်နေကြရသော်လည်း ဝအောင်ပင် တစ်နပ်မျှ မစားသောက်ရရှာချေ။
ဒီလို လက်တွေ့ဘဝ၏ ကြေကွဲဖွယ် မြင်ကွင်းများမှာ... အစွမ်းထက်လှသော ဓားပြားကြီးများအဖြစ် ပြောင်းလဲသွားခဲ့ရပြီး... သူတို့၏ အတိတ်က ကျဉ်းမြောင်းလှသော အတွေးအခေါ် အမြင်များကို တစ်လွှာချင်းစီ ခွာချပစ်လိုက်တော့သည်။
မိမိတို့၏ ကိုယ်ပိုင်ဂိုဏ်းအတွင်းက ခံစားခွင့်များကို ပြန်လည်တွေးတောကြည့်လိုက်မည်ဆိုပါကမူ..
အစားအသောက်တိုင်းတွင် ဝိညာဉ်သားရဲအသားများကို ဝအောင်စားနေကြရသည်... တစ်ကိုယ်ရည် သီးသန့်အခန်းများတွင် နေထိုင်ကြရသည်... ပြီးတော့ ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီ အကုန်အကျခံထားသော ဝိညာဉ်စမ်းရေ များအတွင်း၌ ရေချိုးနေကြရသည်။
ဒါက... ကောင်းကင်ဘုံကို ဆန့်ကျင်လောက်တဲ့အထိ ကြီးမားလှတဲ့ ဆုလာဘ်ကြီး မဟုတ်ပါလား။
ညဘက်တွင် တောရိုင်းမြေရိုင်းတစ်ခု၌ စခန်းချနေကြစဉ်အတွင်း... ချန်ကျင်းတောက်နှင့် အခြားကျင့်ကြံဖော် တပည့်အချို့မှာ မီးပုံဘေးတွင် ဝိုင်းဖွဲ့၍ ထိုင်နေခဲ့ကြသည်။
“ဂျူနီယာ ညီနောင်တို့... မင်းတို့အနေနဲ့ ငါတို့ရဲ့ ဒီတစ်ခေါက် ခရီးစဉ်က အရမ်းကို ပင်ပန်းဆင်းရဲလှတယ်လို့ ခံစားနေရလား” ချန်ကျင်းတောက် မီးတောက်များကို ထင်းစဖြင့် အသာအယာ မွှေနှောက်လိုက်မိရင်း မေးမြန်းလိုက်ရာ... မီးရောင်ခြည်မှာ သူ၏ ပညာတတ်ဆန်ဆန် မျက်နှာထက်သို့ ဖြာကျနေခဲ့သည်။
သူ၏ ဘေးနားတွင်မူ... ကျန်းရှောင်ရှန်း ခြောက်သွေ့နေသော ရိက္ခာများကို ဝါးစားနေမိရင်း ဦးခေါင်းကို အပြင်းအထန် ခါယမ်းလိုက်တော့သည် ...
“မပင်ပန်းပါဘူးအစ်ကိုကြီး ကျွန်တော်တို့ ကူညီပေးနေရတဲ့ လူတွေနဲ့ ယှဉ်လိုက်ရင်... ကျွန်တော်တို့ ခံစားနေရတာတွေက ဘာမှမဟုတ်ပါဘူး"
ချန်ကျင်းတောက် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်မိတော့သည် ... “ကောင်းပြီ…မင်းတို့အနေနဲ့ မပင်ပန်းဘူးလို့ ခံစားရရင်... ဒါက ဂိုဏ်းချုပ်ကြီးရဲ့ မွန်မြတ်လှတဲ့ စေတနာတွေကို အလဟဿ မဖြစ်စေတော့ဘူးပေါ့"
“ဂိုဏ်းချုပ်ကြီးရဲ့ မွန်မြတ်လှတဲ့ စေတနာ ဟုတ်လား” အခြားတပည့်တစ်ဦး ဘေးနားသို့ တိုးကပ်လာခဲ့ပြီး တိုးညှင်းသော လေသံဖြင့် မေးမြန်းလိုက်သည် ...
“အစ်ကိုကြီး ကျင်းတောက်... အစ်ကိုကြီးက စာပေဗဟုသုတ အများကြီး ရှိတာဆိုတော့ ကျွန်တော့်ကို ပြောပြပါဦး... ဂိုဏ်းချုပ်ကြီးက ဒီလိုမျိုး ပိုက်ဆံတွေကို အကုန်အကျခံပြီး လိုက်ဝေနေတာက ဘယ်လိုမျိုး မွန်မြတ်တဲ့ စေတနာတွေ ရှိနေလို့လဲ”
ကျန်ရှိနေသော တပည့်အချို့နှင့် ကျန်းရှောင်ရှန်းတို့သည်လည်း... သူတို့၏ လည်ပင်းများကို ဆန့်ထုတ်လိုက်ကြမိရင်း ချန်ကျင်းတောက်ကို စူးစိုက်စွာ ကြည့်ရှုလိုက်ကြတော့သည်။
“မိုက်မဲလိုက်တာ" ချန်ကျင်းတောက် ခြောက်သွေ့နေသော ထင်းစတစ်စကို ကောက်ယူလိုက်ပြီး ထိုတပည့်၏ ဦးခေါင်းကို အသာအယာ တောက်လိုက်တော့သည် ...
“မင်းပြောစမ်း... ဂိုဏ်းချုပ်ကြီးက ငါတို့အပေါ်မှာ ကောင်းလား မကောင်းဘူးလား ပြီးတော့ ဂိုဏ်းထဲမှာ နေရတာရော သက်တောင့်သက်သာ ရှိရဲ့လား”
ထိုတပည့် သူ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်လိုက်မိရင်း... အပြင်းအထန် ခေါင်းညိတ်လိုက်တော့သည်။
ချန်ကျင်းတောက် သူ၏ လေသံကို လျှော့ချလိုက်ပြီး သူ၏ အတွေးအမြင်များကို ဖြည်းညှင်းစွာ ရှင်းပြလိုက်တော့သည် ...
“ဂိုဏ်းချုပ်ကြီး ခံစားမိတာက... ငါတို့တွေ ဂိုဏ်းထဲမှာ သက်တောင့်သက်သာ အခြေအနေတွေအောက်မှာ နေထိုင်လာခဲ့ရတာ အရမ်းကို ကြာမြင့်နေခဲ့ပြီဖြစ်လို့... မာန်မာနတွေ ထောင်လွှားလာတတ်ပြီး... အပျော်အပါးတွေနဲ့ ပျက်စီးသွားတတ်တာကို စိုးရိမ်နေတာ ဖြစ်တယ်။ အဲဒါကြောင့် သူက ငါတို့ကို တောင်အောက်ဆင်းခိုင်းပြီး... ဒီဝိညာဉ်ကျောက်တုံးတွေကို အောက်ခြေအဆင့်အထိ ကိုယ်တိုင်ကိုယ်ကျ လိုက်လံဝေခိုင်းရတာက... ငါတို့တွေကို လူ့လောကရဲ့ ဆင်းရဲဒုက္ခတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေချင်လို့ ဖြစ်တယ်"
“တကယ့် ငရဲဘုံအစစ်အမှန်ကို မြင်တွေ့ဖူးမှသာ... လက်ရှိ ခံစားနေရတဲ့ ကောင်းကင်ဘုံလို အခြေအနေကို ပိုပြီး တန်ဖိုးထားတတ်လာမှာ ဖြစ်တယ်။ ဂိုဏ်းချုပ်ကြီးက ငါတို့ရဲ့ ကျင့်ကြံခြင်း တာအိုနှလုံးသား ကို ပွတ်တိုက် သန့်စင်ပေးနေတာ ဖြစ်ပြီး... လောကကြီးရဲ့ ဆင်းရဲဒုက္ခတွေကို နားလည်စေခြင်းအားဖြင့်... အနာဂတ်မှာ ငါတို့တွေရဲ့ မူလစိတ်ဓာတ်ကို မမေ့လျော့ဘဲ သတ္တဝါအပေါင်းကို ကရုဏာသက်ဝင်နိုင်တဲ့ တကယ့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာအောင် လမ်းပြပေးနေတာ ဖြစ်တယ်"
“တကယ်လို့ မင်းတို့အနေနဲ့ ဒီလောက်အထိ နက်ရှိုင်းလှတဲ့ စေတနာကိုတောင် နားမလည်နိုင်ဘူးဆိုရင်... မင်းက ကျန်းရှောင်ရှန်းလောက်တောင် အဆင့်မရှိတော့ဘူး"
ချန်ကျင်းတောက်၏ ပြောဆိုခြင်းကို ခံလိုက်ရသောအခါ... ထိုတပည့်မှာ ချက်ချင်းပင် မျက်နှာကြီး နီမြန်းသွားခဲ့ရပြီး အလွန်အမင်း ရှက်ရွံ့သွားခဲ့ရတော့သည်။
ပြီးတော့ ဤစကားလုံးများမှာ ကျန်ရှိနေသော ဘေးနားက တပည့်များအတွက်လည်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားစေခဲ့တာမို့... သူတို့အားလုံး ဆွံ့အလျက် နားထောင်နေမိကြတော့သည်။
“ဒါကြောင့်မို့လို့... ဂိုဏ်းချုပ်ကြီးက အစ်မတော်ရဲ့ ကန့်ကွက်မှုကိုတောင် ဂရုမစိုက်ဘဲ ဒီကိစ္စကို မဖြစ်မနေ အတင်းအကျပ် အကောင်အထည်ဖော်ခဲ့တာကိုး"
“ဂိုဏ်းချုပ်ကြီးရဲ့ ရည်ရွယ်ချက်က တကယ်ကို နက်ရှိုင်းလွန်းပါတယ်... ငါတို့တွေက အစတုန်းက သူက ဂိုဏ်းရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဖြုန်းတီးပစ်နေတယ်လို့ ထင်မှတ်ခဲ့မိသေးတယ်။ ငါ... တကယ်ကို သေထိုက်ပါတယ်ကွာ”
ကျန်းရှောင်ရှန်းလည်း ရုတ်တရက် သတိဝင်လာခဲ့ပြီးနောက်... သွားအဖြီးသားဖြင့် ပြုံးလိုက်တော့သည် ...
“ဘာပဲဖြစ်ဖြစ်... ဂိုဏ်းချုပ်ကြီး ကျွန်တော့်ကို ဘာပဲလုပ်ခိုင်းလုပ် ကျွန်တော် လုပ်မှာပဲ ဂိုဏ်းချုပ်ကြီးနောက်ကို လိုက်နေသရွေ့... ဘယ်တော့မှ မှားယွင်းမှာ မဟုတ်ဘူး”
အချိန်များ ကုန်ဆုံးလာခဲ့သည်နှင့်အမျှ... ချုံးရှင်းဂိုဏ်းတစ်ခုလုံး၏ စည်းလုံးညီညွတ်မှုမှာ သမိုင်းတစ်လျှောက်တွင် မကြုံစဖူးလောက်အောင် မြင့်မားလှသော အဆင့်အတန်းသို့ ရောက်ရှိသွားခဲ့တော့သည်။
တပည့်အားလုံး သူတို့၏ ကျောပြင်များကို မတ်မတ်ဆန့်လိုက်ကြမိရင်း... မိမိတို့ကိုယ်ကိုယ် ချုံးရှင်းဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ရခြင်းအတွက် အတိုင်းအဆမဲ့လှသော ဂုဏ်ယူဝါကြွားမှုများကို ခံစားနေခဲ့ကြရသည်။
တစ်ချိန်တည်းမှာပင်... သူတို့အားလုံး ပိုက်ဆံများကို ပိုမို၍ ကြိုးပမ်းအားထုတ်ကာ လိုက်လံဝေငှပေးခဲ့ကြပြီး... အနားယူချိန်များကိုပင် ဖျက်သိမ်းလိုက်ကြမိရင်း... ဂိုဏ်းချုပ်ကြီး အပ်နှံထားခဲ့သော တာဝန်များကို အမြန်ဆုံး အပြီးသတ်ကာ ဂိုဏ်းဆီသို့ ပြန်လည်ပြီး ကျင့်ကြံခြင်းများကို အားထုတ်လျက် ဂိုဏ်းကြီးကို ပိုမိုအစွမ်းထက်လာအောင် လုပ်ဆောင်ရန်အတွက်သာ စိတ်အားထက်သန်နေခဲ့ကြတော့သည်။
တပည့်များအားလုံး၏ စိတ်ထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ကြည်ညိုလေးစားခြင်း ခံနေရသော ဖန်ယွမ်မှာမူ... သူ၏ ကျင့်ကြံခြင်းဂူအတွင်းရှိ အိစက်လှသော ခုတင်ကြီးထက်တွင် ဘဝကို အရှုံးပေးထားသော ‘ငါးခြောက်တစ်ကောင်’ ကဲ့သို့ ပက်လက်လှန်လျက် သက်တောင့်သက်သာ အနားယူနေခဲ့သည်။
ကျောက်စားပွဲထက်တွင်မူ... လတ်ဆတ်လှသော ဝိညာဉ်သစ်သီးပြားများစွာ ရှိနေခဲ့ပြီး... သူ၏ ဘေးနားတွင်မူ အသံလွှင့်ကျောက်တုံး တစ်ခု ရှိနေခဲ့သည်။
ထိုအသံလွှင့်ကျောက်တုံးအတွင်းကနေတစ်ဆင့်... ယွဲ့လင်း၏ သတင်းပို့သော အေးစက်စက် အသံလေးမှာ အခါအားလျော်စွာ ထွက်ပေါ်နေခဲ့သည် ...
“ဂိုဏ်းချုပ်ကြီးကို သတင်းပို့ပါတယ်... ဒီနေ့ ချန်ကျင်းတောက်တို့ အဖွဲ့အနေနဲ့ ဝိညာဉ်ကျောက်တုံး သုံးသောင်းကို သုံးစွဲခဲ့ပြီး ဂိုဏ်းငယ်လေး ခြောက်ခုကို လျော်ကြေးပေးခဲ့ပါတယ်"
“ဂိုဏ်းချုပ်ကြီးကို သတင်းပို့ပါတယ်... ဒီနေ့ လင်းမြောင်မြောင်တို့ အဖွဲ့အနေနဲ့ ဝိညာဉ်ကျောက်တုံး ငါးသောင်းကို သုံးစွဲခဲ့ပြီး သာမန်လူသား မြို့ငယ် သုံးခုကို ကူညီပေးခဲ့ပါတယ်"
သူမဆီကနေ ကိန်းဂဏန်းတစ်ခု ကြားလိုက်ရသည့် အကြိမ်တိုင်းတွင်... ဖန်ယွမ်တစ်ယောက် အိစက်လှသော ခုတင်ကြီးထက်တွင် တစ်ပတ်ခန့် လှိမ့်လိုက်မိရင်း... သူ၏ ပါးစပ်ကြီးမှာလည်း ပျော်ရွှင်လွန်းလှသဖြင့် ပိတ်မရလုနီးပါး ဖြစ်နေခဲ့ရတော့သည်။
‘သုံးစမ်း ငါ့အတွက် ဆက်ပြီးတော့... ရက်ရက်စက်စက်ကြီး သုံးစွဲပစ်လိုက်စမ်း’
ဖန်ယွမ် အသံလွှင့်ကျောက်တုံးဆီသို့ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ညွှန်ကြားလိုက်တော့သည် ...
“သူတို့ကို ပြောလိုက်... ပိုက်ဆံတွေကို ကပ်စေးနှဲမနေကြနဲ့လို့ တကယ်လို့ တကယ်ကို ဆင်းရဲဒုက္ခရောက်နေတဲ့ လူတွေကို တွေ့ရင် ပိုပြီးတော့တောင် ပေးပစ်လိုက်ဦး တစ်ယောက်ယောက်က... ဝိညာဉ်ကျောက်တုံး တစ်တုံးကို ဂိုဏ်းဆီသို့ ပြန်လည်သယ်ဆောင်လာရဲတာ တွေ့ရင်... ငါ သူ့ရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်”
အသံလွှင့်ခြင်းကို ဖြတ်တောက်လိုက်ပြီးနောက်... ဖန်ယွမ် ဝိညာဉ်သစ်သီးတစ်ပြားကို ကောက်ယူကာ သူ၏ ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်မိရင်း မြိန်ယှက်စွာဖြင့် ဝါးစားလိုက်တော့သည်။
ဝိညာဉ်ကျောက်တုံး ရှစ်သိန်းခန့် ကွာဟနေဆဲဖြစ်သော စနစ်၏ ကွက်လပ်ကြီးမှာ… ဒီမြေးခွေးလိုတပည့်များကြောင့် မကြာခင်မှာပဲ ပြည့်မြောက်သွားတော့မည် ဖြစ်ပေသည်။
ပြီးတော့ ပိုမို၍ ကောင်းမွန်လှသည့် အချက်က ဘာလဲဆိုတော့... အလွန်အမင်း အလုပ်လုပ်ချင်နေကြသော တလွဲတပည့်တစ်စုလုံးမှာ တစ်နေ့လုံး အပြင်ဘက်တွင် စုံစမ်းစစ်ဆေးခြင်း... လေ့လာခြင်းနှင့် ပိုက်ဆံဝေခြင်းများကြောင့် အိပ်ရန်အတွက်ပင် အချိန်မလောက်မငှ ဖြစ်နေခဲ့ကြရတာမို့... သူတို့အနေဖြင့် ဘယ်လို ကျင့်ကြံနိုင်ကြပါဦးမည်နည်း။
သူတို့ ကျင့်ကြံခြင်းကို အားမထုတ်နိုင်ကြမှတော့... သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းများ မြင့်တက်လာစရာ အကြောင်းမရှိချေ။
သူတို့၏ ကျင့်ကြံခြင်းအဆင့်များ မြင့်တက်မလာခဲ့ရင်... ဂိုဏ်း၏ ဘက်စုံအင်အား သတ်မှတ်ချက် အဆင့်အတန်းမှာလည်း လက်ရှိနေရာမှာတင် ဆက်လက်ပြီး ရပ်တန့်နေခဲ့ရတော့မည် မဟုတ်ပါလား။
‘ငါကတော့... တကယ်ကို ပါရမီရှင်အစစ်အမှန်ပဲကွာ…’
ဖန်ယွမ် သူ၏ လက်နှစ်ဖက်ကို ခေါင်းအုံးအဖြစ် အသုံးပြုလိုက်ရင်း... ခြေထောက်နှစ်ဖက်ကို ချိတ်ကာ... သူ့အတိတ်ဘဝက ခေတ်စားခဲ့သော သီချင်းတစ်ပုဒ်ကို စိတ်အေးချမ်းသာစွာဖြင့် ညည်းဆိုနေမိတော့သည်။
ပိုက်ဆံများကိုလည်း အကုန်အစင် သုံးစွဲပစ်နိုင်ခဲ့ပြီ... စနစ် ၏ တာဝန်ကြီးကိုလည်း အောင်မြင်စွာ ပြီးဆုံးတော့မည် ဖြစ်ပေရာ... ကျင့်ကြံခြင်းအဆင့်အတန်းများ လျှော့ချခံရမည့် ဘေးအန္တရာယ်မှလည်း လုံးဝ ကင်းဝေးသွားခဲ့ရချေပြီ။
နောက်ထပ် ပေါ်ထွက်လာမည့် တာဝန် စက်ဝန်းအသစ်အတွင်း၌လည်း... သူသည် ဒီလို ပိုင်ဆိုင်မှု ဖြုန်းတီးရေး စည်းချက်အတိုင်းသာ ဆက်လက်ထိန်းသိမ်းသွားနိုင်မည်ဆိုပါက... ကောင်းကင်ဘုံ၏ လမ်းစဉ်ကို ရရှိပြီး အင်မော်တယ်အဆင့်သို့ ရောက်ရှိရန်မှာ... သူ့အတွက် အိတ်ထဲက ပစ္စည်းကို နှိုက်ယူရသကဲ့သို့ အလွန်အမင်း လွယ်ကူလွန်းလှသည် မဟုတ်ပါလား။