ချန်ကျင်းတောက် တစ်ယောက် ဆွံ့အသွားသကဲ့သို့ ယွဲ့လင်း... ဟုန်အာနျိုနှင့် အခြားသူများလည်း အံ့အားသင့်သွားကြရသည်။
ရှေးယခင်ကတည်းက ကျင့်ကြံခြင်းလောကမှာ အားနည်းသူကို အားကြီးသူက ဖိနှိပ်ခြင်းမှာ သဘာဝဖြစ်ပြီး အားကြီးသူများက အားနည်းသူများအပေါ် ခေါင်းပုံဖြတ်ခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။ အခြားသူများ တိုးတက်စည်ပင်လာစေရန် ကူညီပေးသည့် ဂိုဏ်းကြီးတစ်ခုအကြောင်းကို မည်သူကများ ကြားဖူးနားဝ ရှိခဲ့ဖူးပါသလဲ။
ဖန်ယွမ် လူတိုင်း၏ အံ့အားသင့်မှုကို လျစ်လျူရှုလိုက်မိရင်း သူ၏ လေသံကို ပိုမိုမြင့်တင်လိုက်ကာ သူ၏ စကားလုံးများမှာ ပိုမို ပြင်းထန်လာခဲ့တော့သည် ...
“ဒါပေမဲ့ သူတို့က ဘာတွေ လုပ်ခဲ့ကြသလဲ သူတို့က သဘာဝတရားရဲ့ လမ်းစဉ်ကို ဆန့်ကျင်ခဲ့ကြတယ် သူတို့စိတ်ကြိုက် သူတို့ လုပ်ချင်ရာ လုပ်ခဲ့ကြတယ် အတွင်းပိုင်းမှာဆိုရင်လည်း တပည့်တွေရဲ့ အရိုးထဲက ရိုးတွင်းခြင်ဆီကို ညှစ်ထုတ်ယူခဲ့ကြပြီး... အောက်ခြေအလုပ်သမား တပည့်တွေကိုတော့ မြက်ပင်လိုလို... အသုံးချခံ ပစ္စည်းလိုလို သဘောထားခဲ့ကြတယ်။ အပြင်ပိုင်းမှာဆိုရင်လည်း တစ်ဖက်သတ် အနိုင်ကျင့် ဗိုလ်ကျခဲ့ကြပြီး... ဂိုဏ်းမဲ့ကျင့်ကြံသူတွေနဲ့ သာမန်လူသားတွေရဲ့ နေထိုင်ရာ နေရာတွေကို အကြောင်းမဲ့ ကျူးကျော်သိမ်းပိုက်ခဲ့ကြတယ် ဒီလို လုပ်ရပ်မျိုးတွေက ကောင်းကင်တာအို အတွက်တော့ လုံးဝသည်းခံနိုင်စရာ မရှိတဲ့ ကိစ္စရပ်တွေပဲ”
“အခု နက်မှောင်သစ်တောဂိုဏ်း ဖျက်ဆီးခံလိုက်ရတာက သူတို့ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ အကျိုးဆက်တွေကြောင့်ပဲ။ ဒါပေမဲ့ ချုံးရှင်းဂိုဏ်းအနေနဲ့ သူတို့ရဲ့ နေရာကို အစားထိုး ဝင်ရောက်လာခဲ့ပြီဖြစ်တဲ့အတွက်... သူတို့လျှောက်လှမ်းခဲ့တဲ့ လမ်းဟောင်းအတိုင်း ငါတို့ ထပ်မံ လျှောက်လှမ်းလို့ မဖြစ်ဘူး ကြီးမားတဲ့ အစွမ်းအစဆိုတာ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေနဲ့ အတူတူပါလာတာပဲ သူတို့ အပြီးမသတ်ခဲ့တဲ့ တာဝန်တွေကို ငါတို့အနေနဲ့ ပခုံးပြောင်း ထမ်းဆောင်သွားရမယ်”
မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းတွင်မူ ဒီစကားများမှာ လူမှုရေးအရ ပြောဆိုလေ့ရှိသော အလေ့အထ စကားလုံးများသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ရက်စက်ပြီး သွေးအေးလှသော ကျင့်ကြံခြင်းလောကထဲတွင်မူ...လုံးဝကို အသစ်စက်စက် အယူအဆသစ်များနှင့် အမြင်သစ်များပင် ဖြစ်ပေသည်
ချန်ကျင်းတောက် သူ၏ ဦးခေါင်းတစ်ခုလုံး မူးဝေသွားခဲ့ရပြီး သွေးများက ဦးနှောက်ဆီသို့ ရုတ်တရက် အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာခဲ့သည်။ သူသည် ပညာရှိသူတော်စင်များ၏ စာအုပ်စာပေများကို အကြိမ်ကြိမ်အခါခါ ဖတ်ရှုခဲ့ဖူးသော်လည်း... မည်သည့် ကျင့်ကြံခြင်း စာပေကျမ်းဂန်ထဲ၌မျှ ဒီလောက် ကြီးကျယ်ခမ်းနားပြီး ကရုဏာသက်ဝင်လှသော အမြင်မျိုးကို တစ်ခါမျှ မဖတ်ရှုခဲ့ဖူးချေ။
ဂိုဏ်းချုပ်ကြီး၏ ဉာဏ်ပညာမှာ... ကျင့်ကြံခြင်းစွမ်းရည်များ ကောင်းကင်ဘုံသို့ ရောက်ရှိနေရုံတင်မကဘဲ... သူ၏ စိတ်ထားအကျယ်အဝန်းမှာလည်း သာမန်လူ့လောက၏ လောဘ... ဒေါသ... မောဟများကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပေသည်။ သူသည် ဂိုဏ်းတစ်ခုတည်း၏ အစွမ်းအစကို အသုံးပြုလျက် ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းများကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပေသည်။
“ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်ကြီးရဲ့ တရားမျှတမှုက တကယ်ကို နက်ရှိုင်းလွန်းလှပါတယ်” ချန်ကျင်းတောက် ဒူးထောက်လိုက်မိရင်း သူ၏ မျက်ဝန်းများမှာ နီမြန်းလာခဲ့ကာ လေသံမှာလည်း တုန်ရီလာခဲ့သည် ... “ကျွန်တော်တို့က ဉာဏ်မမှီပေမယ့် ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်ကို လိုက်နာဖို့ အသင့်ရှိပါတယ် ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာကိုသာ ညွှန်ကြားပေးပါ”
ဖန်ယွမ် ချန်ကျင်းတောက်၏ နားလည်သဘောပေါက်မှုအပေါ် အလွန်ပင် ကျေနပ်နေမိတော့သည်။
“ငါ ဆုံးဖြတ်လိုက်ပြီ... ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုထဲကနေ ဝိညာဉ်ကျောက်တုံး ရှစ်သိန်းကို အထူးလျော်ကြေးအဖြစ် ထုတ်ယူပြီး ဝေငှပေးမယ်”
နေရာတစ်ခုလုံးမှာ သေလူတစ်ယောက်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။ လူတိုင်းမှာ စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ အံ့အားသင့်နေခဲ့ကြရသည်။
ဖန်ယွမ် သူတို့၏ အံ့သြတုန်လှုပ်နေသော အကြည့်များကို လျစ်လျူရှုလိုက်မိရင်း... သီးသန့်အစီအစဉ်ကို ကျယ်လောင်စွာ ကြေညာလိုက်တော့သည်။
“ဒီဝိညာဉ်ကျောက်တုံး ရှစ်သိန်းကို... နက်မှောင်သစ်တောဂိုဏ်းရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရတဲ့ သာမန်လူသားတွေနဲ့ လေလွင့်ကျင့်ကြံသူတွေအပြင်... အခု ဒီမှာရှိနေတဲ့ အောက်ခြေအလုပ်သမား တပည့် ခုနစ်ရာကျော်အတွက် လျော်ကြေးအဖြစ် အသုံးပြုသွားမယ်”
“မနက်ဖြန်ကစပြီး... ချုံးရှင်းဂိုဏ်းရဲ့ တရားဝင် တပည့်အားလုံး တစ်ယောက်ချင်းစီကို ဝိညာဉ်ကျောက်တုံး နှစ်ထောင်ငါးရာစီ ထောက်ပံ့ကြေး ပေးအပ်မယ်... ပြီးရင် အားလုံး တောင်အောက်ကို ဆင်းသွားကြရမယ် ပတ်ဝန်းကျင်က မြို့ရွာတွေကို အနီးကပ် လေ့လာပြီး သွားရောက်ကြည့်ရှုကြပါ။ ဒီပိုက်ဆံတွေကို... နက်မှောင်သစ်တောဂိုဏ်းကြောင့် ဒုက္ခရောက်ခဲ့ရသူတွေရဲ့ လက်ထဲကို အမှန်တကယ် ရောက်ရှိသွားအောင် ဝေငှပေးလိုက်ကြပါ”
“တစ်လအတွင်းမှာ... ဒီဝိညာဉ်ကျောက်တုံး ရှစ်သိန်းကို အကုန်အစင် သုံးစွဲပစ်ရမယ် တစ်ခုခုကို ဖုံးကွယ်ထားဖို့ ကြိုးစားတာ ဒါမှမဟုတ် တာဝန်ကို ပေါ့ပေါ့တန်တန် လုပ်ဆောင်တာမျိုး တွေ့ရှိရရင်... ဂိုဏ်းကနေ ချက်ချင်း နှင်ထုတ်ပစ်မယ်”
“ဒါမျိုး လုပ်လို့မရပါဘူး”
ယွဲ့လင်း၏ အေးစက်လှသော အသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့တာမို့... လေ့ကျင့်ရေးကွင်းပြင်ကြီးတစ်ခုလုံး၏ တိတ်ဆိတ်မှုကို ဖြိုခွဲသွားခဲ့သည်။
သူမ ဖန်ယွမ်ဆီသို့ အလျင်အမြန် လျှောက်လှမ်းသွားခဲ့မိပြီး... သူမ၏ ပုံမှန် တည်ငြိမ်မှုကို ဆုံးရှုံးလျက် သူမ၏ လှပလှသော မျက်ခုံးများကို ကြုတ်ထားလိုက်မိရင်း အလွန်အမင်း မြန်ဆန်စွာ ပြောဆိုလိုက်သည်။
“ဂိုဏ်းချုပ်ကြီး ဒီဝိညာဉ်ကျောက်တုံး ရှစ်သိန်းဆိုတာက နက်မှောင်သစ်တောဂိုဏ်းဆီကနေ ကျွန်မတို့ သိမ်းဆည်းရရှိခဲ့တဲ့ စုစုပေါင်းတန်ဖိုးနဲ့ ညီမျှနေတာပါ ဂိုဏ်းမှာ အသုံးစရိတ်တွေက အများကြီး ရှိနေသေးတာမို့... ဒီပိုက်ဆံတွေကို အပြင်လူတွေကို အလကား ဝေငှပေးလိုက်ရင် နောက်အနာဂတ်မှာ ဂိုဏ်းရဲ့ တိုးတက်မှုအတွက် ဘာကို အသုံးပြုရတော့မှာလဲ”
ဟုန်အာနျို သူ၏ သံဓားကြီးကို တင်းတင်းဆုပ်ကိုင်လိုက်မိရင်း... တိတ်ဆိတ်စွာပင် ယွဲ့လင်း၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။
သူ စကားတစ်ခွန်းမျှ မပြောသော်လည်း... သူ၏ ခုခံကာကွယ်မည့် ဟန်ပန်မှာ သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသနေခဲ့သည်။
သူသည် ကျင့်ကြံခြင်းလောက၏ ယုတ်မာကောက်ကျစ်မှုများကို ကြုံတွေ့ခဲ့ဖူးသူဖြစ်သည့်အပြင်... ကျင့်ကြံခြင်းလောကထဲတွင် ဝိညာဉ်ကျောက်တုံးမှာ အသက်ရှင်သန်ခြင်းပင် ဖြစ်ကြောင်း နက်ရှိုင်းစွာ သိရှိထားသူ ဖြစ်သည်။ မိမိ၏ အသက်ကို အခြားသူများကို ပေးလိုက်ခြင်း သူ နားမလည်နိုင်ခဲ့ပေ။
“စီနိယာအစ်မ... အဲဒါက မှားယွင်းပါတယ်”
ချန်ကျင်းတောက် ရုတ်တရက် မတ်တပ်ရပ်လိုက်မိရင်း ယွဲ့လင်း၏ ရှေ့ကို ပိတ်ရပ်ကာ အငြင်းပွားလိုက်တော့သည် ...
“ဂိုဏ်းချုပ်ကြီးရဲ့ လုပ်ရပ်က ကောင်းကင်ဘုံရဲ့ လမ်းစဉ်နဲ့အညီ ဖြစ်ပြီး... ကရုဏာတရားကို ဖြန့်ဝေကာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နေတာပါ နက်မှောင်သစ်တောဂိုဏ်းက တရားမဝင် ရရှိလာတဲ့ ဓနဥစ္စာတွေကို စုဆောင်းထားခဲ့လို့... အခုလိုမျိုး တရားမျှတတဲ့ ကျွန်တော်တို့ ချုံးရှင်းဂိုဏ်းက ဖယ်ရှားပစ်လိုက်တာပဲ တကယ်လို့ ကျွန်တော်တို့က ဒီပိုက်ဆံတွေကို ကိုယ့်အတွက် သိမ်းထားမယ်ဆိုရင်... နက်မှောင်သစ်တောဂိုဏ်းနဲ့ ဘာကွာခြားသွားမှာလဲ ဂိုဏ်းချုပ်ကြီးက ကျွန်တော်တို့ရဲ့ ကံကြမ္မာတွေကို သန့်စင်ပေးနေတာပါ”
လင်းမြောင်မြောင်လည်း သတ္တိမွေးကာ ရှေ့သို့ ထွက်လာခဲ့ပြီး... စုတ်ပြတ်သတ်နေသော အောက်ခြေတပည့်များကို ကြည့်ရှုရင်း သူမ၏ မျက်ဝန်းထောင့်စွန်းတွင် မျက်ရည်များ ဝဲလာခဲ့သည်။
“အစ်မတော်... သူတို့က တကယ်ကို သနားစရာ ကောင်းလွန်းပါတယ် သမီးလည်း အရင်က နေ့တိုင်းလိုလို ဆာလောင်မှုကို ခံစားခဲ့ရဖူးတာမို့...ဆာလောင်မှု ခံစားချက်ကို သိပါတယ်။ ဂိုဏ်းချုပ်ကြီးက လူကောင်းတစ်ယောက်ပါ... ဂိုဏ်းချုပ်ကြီးရဲ့ စကားကိုပဲ နားထောင်လိုက်ကြရအောင်ပါ"
နှစ်ဖက်လုံးမှာ သူတို့၏ အမြင်များကို ကိုယ်စီ ထိန်းထားကြသည်။ ချုံးရှင်းဂိုဏ်း တည်ထောင်ပြီးနောက်ပိုင်း... ဒီလောက် ပြင်းထန်လှသော အတွေးအခေါ်ပိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုမျိုး ဖြစ်ပေါ်လာခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။
တစ်ဖက်တွင်မူ ဂိုဏ်း၏ ရှင်သန်မှုနှင့် တိုးတက်မှုအတွက် ဂရုတစိုက် တွက်ချက်နေကြသော လက်တွေ့သမားများ... နောက်တစ်ဖက်တွင်မူ ဖန်ယွမ်၏ တရားမျှတမှုအပေါ် အပြည့်အဝ ယုံကြည်သွားကြသော စိတ်ကူးယဉ်ဝါဒီများ။
ဖန်ယွမ် လှေကားထစ်ပေါ်တွင် ရပ်နေခဲ့မိရင်း... အောက်တွင် အငြင်းပွားနေကြသော တပည့်များကို ကြည့်ရှုလျက် တစ်ကိုယ်တော်တည်း ရေရွတ်လိုက်မိသည်။
‘ကံကြမ္မာတွေကို သန့်စင်ပေးတယ် ဟုတ်လား ကံကြမ္မာတွေကို စုဆောင်းပေးတယ် ဟုတ်လား’
‘ချန်ကျင်းတောက်ရဲ့ ဦးနှောက်က ဘယ်လိုမျိုး ကြီးထွားလာခဲ့လို့... ဘာမဆို အကြောင်းပြချက် ပေးနိုင်နေရတာလဲ’
သို့သော်လည်း... အခုအချိန်တွင်မူ ငြင်းခုံနေရန် အချိန်မရှိချေ။ ဝိညာဉ်ကျောက်တုံး ရှစ်သိန်းကို မဖြစ်မနေ သုံးစွဲပစ်ရမည်...ဒါက အထူးအမိန့်တစ်ရပ်ပင် ဖြစ်ပေသည်
သူ နောက်ထပ် ရှင်းပြနေရန်အတွက် အချိန်မဖြုန်းချင်တော့ချေ။ သူ၏ အမူအရာမှာ မှောင်မည်းသွားခဲ့ပြီး... သူ၏ ‘အစောပိုင်းအဆင့် နတ်ဝိညာဉ် ’ ၏ ဖိအားကို အပြည့်အဝ ထုတ်လွှတ်လိုက်တော့သည်။
မမြင်နိုင်သော ဖိအားကြီးမှာ ဘုန်းခနဲ ကျရောက်လာခဲ့ပြီး... လေ့ကျင့်ရေးကွင်းပြင်အတွင်းက အငြင်းပွားသံများအားလုံး ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရသည်။
လူတိုင်းမှာ ဖန်ယွမ်၏ ဖိအားကို ခံစားလိုက်ရပြီး... စက္ကန့်ပိုင်းအတွင်းမှာတင် စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ချေ
အစွမ်းအစဖြင့် လုံးဝ ဖိနှိပ်ခြင်း။
ဖန်ယွမ် သူ၏ ရင်ဘတ်အတွင်းက ဝိညာဉ်ကျောက်တုံး ရှစ်သိန်း ပြည့်နှက်နေသည့် သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်ပြီး... ယွဲ့လင်း၏ လက်ထဲသို့ အေးဆေးစွာ ပစ်ပေးလိုက်သည်။ ထိုလက်စွပ်မှာ လေထဲတွင် လှည့်ပတ်သွားခဲ့ပြီး... ယွဲ့လင်း၏ လက်ဖဝါးအတွင်းသို့ တည်ငြိမ်စွာ ကျရောက်သွားခဲ့သည်။
“ငါဆုံးဖြတ် ပြီးပြီ”
ဖန်ယွမ် သူတို့ကို အပေါ်စီးမှ ကြည့်ရှုလိုက်မိရင်း... သူ၏ လေသံမှာ အေးစက်ပြီး ဆန့်ကျင်၍ မရနိုင်လောက်အောင် ဖြစ်နေသည်။
“မင်းတို့အနေနဲ့... အမိန့်အတိုင်း ဆက်လုပ်ဆောင်ကြရမယ် တကယ်လို့ မင်းတို့ထဲမှာ မကျေနပ်တဲ့သူ ရှိရင်... ဂိုဏ်းကနေ ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားနိုင်တယ်”
အေးစက်ပြီး ပြတ်သားလှသော အမိန့်ကို ချမှတ်ခဲ့ပြီးနောက်... ဖန်ယွမ် သူ၏ ကျယ်ပြန့်လှသော ဝတ်ရုံဖြူလက်စကို ဝှေ့ယမ်းလိုက်မိရင်း တောင်အနောက်ဘက်ရှိ ကျင့်ကြံခြင်းဂူဆီသို့ လှည့်ထွက်သွားခဲ့တော့သည်။
သူ၏ ကျောပြင်မှာ တောင်တစ်လုံးကဲ့သို့ ထည်ဝါနေခဲ့ပြီး... နေရောင်ခြည်အောက်တွင် တောက်ပနေကာ... မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ပြတ်သားလှသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ဖိအားကြီးမှာ ပျံ့လွင့်သွားခဲ့သည်။
ယွဲ့လင်း သိုလှောင်လက်စွပ်ကို တင်းတင်းဆုပ်ကိုင်ထားမိရင်း... ဖန်ယွမ်၏ ပြန်လည်ထွက်ခွာသွားသော ပုံရိပ်ကို ငေးကြည့်လျက် သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်တော့သည်။
သူမသည် ငယ်စဉ်ကတည်းက မှန်ကန်လှသော ကျင့်ကြံခြင်း ပညာရပ်များကို သင်ယူခဲ့ရသူ ဖြစ်သည်။ အားနည်းသူကို အားကြီးသူက ဖိနှိပ်ခြင်းနှင့် အကျိုးအမြတ်က အရေးကြီးဆုံးဖြစ်ခြင်းဟူသော တရားဥပဒေမှာ သူမ၏ အရိုးထဲအထိ စွဲမြဲနေခဲ့သည်။ ပြီးတော့ အရင်က ဖန်ယွမ်သည်လည်း သူမကို... ထိုအတိုင်းပင် ဆက်ဆံခဲ့ခြင်း ဖြစ်ပေသည်
အခုအချိန်တွင်မူ... ဖန်ယွမ်၏ ပိုင်ဆိုင်မှုများကို ပျံ့လွင့်သွားအောင် ပြုလုပ်နေသည့် လုပ်ရပ်များမှာ... သူမ၏ နားလည်မှုများကို လုံးဝ ပြောင်းပြန် ဖြစ်သွားစေခဲ့သည်။
သို့သော်လည်း... “သဘာဝတရားရဲ့ လမ်းစဉ်ကို ဆန့်ကျင်တယ်” နှင့် “ကြီးမားတဲ့ အစွမ်းအစဆိုတာ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေနဲ့ အတူတူပါလာတာပဲ” ဟု ပြောဆိုခဲ့စဉ်က သူ၏ အမူအရာတွင်မူ... မည်သည့် ဟန်ဆောင်မှုမျိုးမျှ ရှိမနေခဲ့ချေ။
‘သူက တကယ်ပဲ... ဝိညာဉ်ကျောက်တုံးတွေကို မြေမှုန့်ကဲ့သို့ သဘောထားပြီး ကျင့်ကြံခြင်းရဲ့ နှလုံးသားကို ရှာဖွေနေတဲ့ အဆင့်ကို ရောက်ရှိသွားခဲ့တာ များလား’
သူမ၏ အနောက်တွင်မူ... ချန်ကျင်းတောက် တစ်ယောက် ဒူးထောက်သွားခဲ့ရပြီး... ဖန်ယွမ်၏ ထွက်ခွာသွားသော ပုံရိပ်ကို အားရပါးရ ဦးတိုက်လိုက်တော့သည်။
“ဂိုဏ်းချုပ်ကြီးက သဘောထား ပြည့်ဝပြီး တရားမျှတပါတယ်... ဒီတပည့်က အရမ်းကို ကြည်ညိုပါတယ်”
လင်းမြောင်မြောင် သူမ၏ မျက်ရည်များကို သုတ်လိုက်ရင်း ဒူးထောက်လိုက်ပြန်သည်။ ကျန်းရှောင်ရှန်း ဒူးထောက်သည်... ဝမ်အာကော် ဒူးထောက်သည်... တစ်ယောက်ပြီးတစ်ယောက်... တပည့်ရာနှင့်ချီ ဒူးထောက်သွားကြသည်။
ဟုန်အာနျို အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သော်လည်း... နောက်ဆုံးတွင်မူ သူ၏ ဂျူနီယာညီငယ်များ... ညီမငယ်များနောက်သို့ လိုက်ပါကာ ဒူးထောက်ပြီး ဦးတိုက်လိုက်တော့သည်။
ရှေ့ဆုံးတန်းတွင် ဒူးထောက်နေကြသော နက်မှောင်သစ်တောဂိုဏ်း၏ အောက်ခြေတပည့်များမှာမူ... ဤအရာအားလုံးကို ကြည့်ရှုရင်း ဆွံ့အသွားခဲ့ကြရပြီး... သူတို့ မယုံကြည်နိုင် ဖြစ်နေကြရသည်။ သူတို့အနေဖြင့် ရန်သူ့လက်ထဲသို့ ကျရောက်သွားပြီဆိုလျှင်... အကောင်းဆုံး ရလဒ်မှာ ကျွန်အဖြစ် ဆက်လက်နေထိုင်ရခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။
ဝတ်ရုံဖြူ ဂိုဏ်းချုပ်ကြီးအနေဖြင့် သူတို့ကို အသက်မသတ်ရုံတင်မကဘဲ... ကူညီပေးလိမ့်မည်ဟု မည်သူကများ တွေးမိပါ့မည်နည်း
“အသက်ရှင်နေတဲ့ နတ်ဘုရားတစ်ပါးပါပဲ ချုံးရှင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက... ကမ္ဘာမြေကို ဆင်းသက်လာတဲ့ အသက်ရှင်နေတဲ့ နတ်ဘုရားတစ်ပါးပါ”
ပထမဆုံးလူတစ်ဦးက သတိဝင်လာခဲ့ပြီး အော်ဟစ်လိုက်သည့် အခါတွင်မူ... ကျန်သူများကလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ပါအော်ဟစ်လာကြကာ... ဖန်ယွမ်ထွက်ခွာသွားရာ အရပ်ဆီသို့ အရူးအမူး ဦးတိုက်နေကြတော့သည်။
သူတို့၏ နဖူးများမှာ... ကျောက်ပြားကြမ်းပြင်ထက်သို့ တဒိုင်းဒိုင်း မြည်ဟည်းသွားသည်အထိ စိုက်ဝင်နေခဲ့ကြပြီး... သွေးများ စီးကျနေသည်ကိုပင် သူတို့ လုံးဝ မသိရှိလိုက်ကြချေ။
ယွဲ့လင်း သူမ၏ အနောက်ဘက်က ဆူညံသံများကို နားထောင်လိုက်မိရင်း... သိုလှောင်လက်စွပ်ကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။
သူမ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိရင်း... သူမ၏ ရင်ထဲရှိ အားပြိုင်မှုကို ဖိနှိပ်ထားကာ... နောက်ဆုံးတွင်တော့ လူအုပ်ကြီးကို ရင်ဆိုင်ရန်အတွက် လှည့်လိုက်တော့သည်။
“အားလုံး... ထကြပါတော့”
သူမ၏ လေသံမှာ သူမ၏ ပုံမှန် အေးစက်စက် လေသံအတိုင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။
“ဂိုဏ်းချုပ်ရဲ့ အမိန့်ဖြစ်တဲ့အတွက်... ကျွန်မတို့ အကောင်အထည် ဖော်ကြမယ်”
“ချုံးရှင်းဂိုဏ်း တပည့်အားလုံး... ငါ့အမိန့်ကို နားထောင်ကြ တောင်အောက်ကို ဆင်းသွားကြ နက်မှောင်သစ်တောဂိုဏ်းကြောင့် ဒုက္ခရောက်ခဲ့ရသူတွေကို ကူညီကြ”