ဝိညာဉ်ကျောက်တုံး ‘တစ်သန်း’ နီးပါးလောက်အထိ တိုးပွားလာခဲ့ပြန်ပြီ။
ဝိညာဉ်ကျောက်တုံး တစ်သန်းနီးပါးလောက်အထိ... တိုးပွားလာခဲ့ပြန်ပြီ…
ထိုစကားလုံးကြီးမှာ ဖန်ယွမ်၏ ဦးနှောက်အတွင်း၌ ကျိန်စာတစ်ခုကဲ့သို့ အဆုံးမရှိ တဝဲလည်လည် ထပ်ခါတလဲလဲ မြည်ဟည်းနေခဲ့တော့သည်။
သူ့အနေဖြင့် အပြင်းအထန် ကြိုးပမ်းအားထုတ်ခဲ့ပြီး... အချိန်အတော်ကြာအောင် အစီအစဉ်များစွာကို စနစ်တကျ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အသုံးမဝင်ဆုံးသော အဆောက်အဦးများကို ဝယ်ယူခဲ့သည်... တစ်ကြိမ်သုံး ဝိညာဉ်လက်နက်များကိုသာ ရွေးချယ်ဝယ်ယူခဲ့သည်... ရန်သူများကို ပိတ်လှောင်ရန်အတွက် အဖျက်စွမ်းအားမရှိသော စစ်ခင်းအစီအရင်များပေါ်တွင် ပိုက်ဆံအမြောက်အမြား အကုန်အကျခံခဲ့သည်။
သူသည် ဂိုဏ်း၏ ပိုင်ဆိုင်မှုအများစုကို ပြောင်စင်အောင် လှည်းပစ်ရန်အတွက် နောက်ဆုံးတွင်တော့ အောင်မြင်လုနီးပါး ဖြစ်ခဲ့ရပြီး... နက်မှောင်သစ်တောဂိုဏ်းက သူတို့၏ ဂိုဏ်းဆီသို့ လာရောက်ကာ အဆောက်အဦးအားလုံးကို ဖျက်ဆီးပစ်ရင်း ပိုင်ဆိုင်မှုအားလုံးကို သုညအဆင့်သို့ ရောက်ရှိသွားအောင် လုပ်ဆောင်ပေးမည့်ရက်ကိုသာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ရလဒ်က ဘာလဲ…
နက်မှောင်သစ်တောဂိုဏ်းက သူတို့၏ ဂိုဏ်းဆီသို့ လာရောက်မဖျက်ဆီးခဲ့သည့်အပြင်... သူ၏ တပည့်များက အစားထိုးအနေဖြင့် နက်မှောင်သစ်တောဂိုဏ်းတစ်ခုလုံးကို ပြောင်စင်အောင် သွားရောက်လုနီးပါး လုယက်ဖျက်ဆီးပစ်ခဲ့ကြသည်။
ဂိုဏ်းကို ဒေဝါလီခံအောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သည့်အပြင်... နောက်ထပ် ဝိညာဉ်ကျောက်တုံး တစ်သန်းနီးပါးကိုပါ ထပ်မံရရှိလာခဲ့သေးတယ် ဟုတ်လား... သေလိုက်ပါတော့…
စနစ်၏ မျက်နှာပြင်မှာ သူ၏ မျက်စိရှေ့မှောက်သို့ ဝုန်းခနဲ့ ပေါ်ထွက်လာခဲ့သည်။
【ဂိုဏ်း၏ ပိုင်ဆိုင်မှုများ အဆမတန် တိုးပွားလာခြင်းကို ထောက်လှမ်းမိပါသဖြင့် ဂိုဏ်း၏ ဂုဏ်သတင်း ကျော်စောလာခဲ့ပြီး တပည့်များ၏ အင်အားလည်း တိုးတက်လာခဲ့ပါသည်】
【ဂိုဏ်း၏ ဘက်စုံအင်အား သတ်မှတ်ချက် အဆင့်အတန်း မြင့်မားသွားခဲ့ပါပြီ။ ဂိုဏ်း၏ အင်အားသတ်မှတ်ချက်အဆင့်: ၁၀၈၂ မှတ် (၇၅၁ မှတ် တိုးတက်သွားခဲ့ပြီး... ခန့်မှန်းခြေ ရရှိမည့် အကျိုးအမြတ် လဲလှယ်မှုနှုန်းမှာ ၀.၀၀၁ ဆ ဖြစ်ပါသည်)】
【လက်ရှိ အသုံးစရိတ် ကုန်ကျမှု တာဝန် တိုးတက်မှုနှုန်း: ၂.၂ သန်း / ၃ သန်း။】
ဖန်ယွမ် ဂိုဏ်း၏ အင်အားသတ်မှတ်ချက်အဆင့်များ တိုးတက်လာသည့် သတင်းကို ကြည့်ရှုလိုက်မိရင်း... ကမ္ဘာကြီးတစ်ခုလုံး ဗြောင်းဆန်ချာလည် သွားခဲ့ရတော့သည်။
‘ငါက... မင်းတို့ဆီကနေ ရလာမယ့် အဲဒီမပြောပလောက်တဲ့ ကျင့်ကြံခြင်း အင်အားတွေကို လိုအပ်နေလို့လားကွ’
“ဂိုဏ်းချုပ်ကြီး”
ဖန်ယွမ်တစ်ယောက် မျက်နှာကြီး ဖြူလျော်မည်းမှောင်နေခဲ့ရင်း အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ... ချန်ကျင်းတောက် အလျင်အမြန်ပင် တိုးညှင်းသော လေသံဖြင့် ခေါ်ယူလိုက်တော့သည်။
“ဂိုဏ်းချုပ်ကြီးအနေနဲ့... ရက်အတော်ကြာအောင် အလုပ်တွေ အလွန်အမင်း ကြိုးစားပန်းစား လုပ်ဆောင်ခဲ့ရတာမို့ သူ၏ ဝိညာဉ်စွမ်းအင်ပင်မအရင်းအမြစ် တွေ ထိခိုက်သွားခဲ့တာလား မသိဘူး” ယွဲ့လင်း ရှေ့သို့ တစ်လှမ်းတိုးလာခဲ့ပြီး စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။
မိမိ၏ အရှေ့တွင် ရှိနေသော “ဂိုဏ်းအတွက် ကြီးကျယ်လှသော သူရဲကောင်းကြီး နှစ်ဦး” ကို ကြည့်ရှုလိုက်မိရင်း... ဖန်ယွမ်၏ လည်ချောင်းဝဆီသို့ ငံပျံပျ အရသာတစ်ခု တိုးဝင်လာခဲ့သည်။
သူ့အနေဖြင့် အစီအစဉ်ဖျက်ဆီးရေးသမား နှစ်ယောက်လုံးကို... လက်ညှိုးတစ်ချက်တည်းဖြင့် သေအောင် ထုရိုက်ပစ်ချင်စိတ်များ ပေါက်ပွားလာခဲ့ရတော့သည်။
တစ်ယောက်ကဆိုလျှင်... တစ်နေ့လုံး ဘာမဟုတ်တာတွေကို အလွန်အမင်း လျှောက်တွေးနေတတ်သည် နောက်တစ်ယောက်ကမူ... တပည့်များကို ဦးဆောင်ကာ အခြားဂိုဏ်းဆီသို့ သွားရောက်လုယက်ခဲ့သည်။
သူတို့နှစ်ယောက်လုံးက... ဂိုဏ်းကို ဒေဝါလီခံစေမည့် သူ၏ ကြီးကျယ်ခမ်းနားလှသော သူ၏ဗျူဟာကြီးကို ဖျက်ဆီးပစ်နေကြခြင်း ဖြစ်ပေသည်
သို့သော်လည်း... သူ့အနေဖြင့် ထိုသို့ လုပ်ဆောင်၍ မရချေ။
စနစ် ၏ စည်းမျဉ်းများအရ... သူ၏ စိတ်တည်ငြိမ်မှုကို အမြဲတစေ ထိန်းသိမ်းထားရမည်ဖြစ်ပြီး... ဂိုဏ်းအပေါ် အလွန်အမင်း ဂရုစိုက်စိုးရိမ်ပူပန်နေသည့် ဟန်ပန်ကို ပြသထားရမည်ဖြစ်ကာ... မိမိဂိုဏ်းကို ပျက်စီးစေချင်နေသည့် သူ၏ ထူးဆန်းလှသော အလိုဆန္ဒကြီးကို မည်သူ့ကိုမျှ သတိမပြုမိစေရန် အစွမ်းကုန် ဖုံးကွယ်ထားရမည် ဖြစ်ပေသည်။
“ကောင်းတယ်... တကယ်ကို ကောင်းတယ်…”
ဖန်ယွမ် သူ၏ သွားများကို တင်းတင်းကြိတ်ထားမိရင်း ဤစကားလုံးများကို အနိုင်နိုင် ညှစ်ထုတ်ပြောဆိုလိုက်ရတာမို့... သူ၏ လေသံမှာ လေထဲတွင်တင် လွင့်စင်ပျောက်ကွယ်သွားတော့မည့်အလား အလွန်အမင်း အားနည်းနေခဲ့သည်။
“မင်းတို့... ပြန်ထွက်သွားကြတော့ ငါ... အနည်းငယ်လောက် အေးအေးဆေးဆေး နေချင်လို့"
ချန်ကျင်းတောက်နှင့် အခြားသူများ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြမိရင်း... တစ်ဦးချင်းစီ၏ မျက်ဝန်းများအတွင်း၌ အတိုင်းအဆမဲ့လှသော ကြည်ညိုလေးစားမှုများကို မြင်တွေ့လိုက်ကြရသည်။
ဒီလောက် ကြီးမားလှသော ဓနဥစ္စာအပုံကြီး၏ ရှေ့မှောက်တွင်ပင်... ဂိုဏ်းချုပ်ကြီးအနေဖြင့် စိတ်ဓာတ်ကို လုံးဝ တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ရုံတင်မကဘဲ... စိတ်ဝင်စားမှုမရှိသည့် ဟန်ပန်မျိုးကိုပင် ဖော်ပြနေခဲ့သည် မဟုတ်ပါလား။
ငွေကြေးဓနဥစ္စာများကို မြေမှုန့်ကဲ့သို့ သဘောထားနိုင်သည့် မြင့်မြတ်လှသော ကျင့်ကြံခြင်းအဆင့်အတန်းမျိုးကမူ... ကျင့်ကြံသူများအားလုံး အတုယူရမည့် စံပြပုဂ္ဂိုလ်ကြီးအစစ်အမှန်ပင် ဖြစ်ပေသည်။
ထိုသုံးဦးလုံး ရိုသေစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး... သူတို့၏ အနောက်ကနေ နန်းဆောင်တံခါးကြီးကို ညင်သာစွာ ပိတ်ဆို့ပေးခဲ့ကြတော့သည်။
တံခါးကြီး ပိတ်ဆို့သွားခဲ့သည့် ထိုစက္ကန့်ပိုင်းမှာပင်...
ဖန်ယွမ်တစ်ယောက် သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း လုံးဝ မရှိတော့ချေ။ သူ ခန့်ညားလှသော ကုလားထိုင်ကြီးပေါ်ကနေ လျှောကျသွားခဲ့ရပြီး... အေးစက်လှသော ကြမ်းပြင်ထက်သို့ ပုံရက်သားလဲကျသွားခဲ့ကာ... သူ၏ လက်ဖဝါးနှစ်ဖက်ဖြင့် မိမိ၏ မျက်နှာတစ်ခုလုံးကို တင်းတင်းဆုပ်ကိုင်ထားလိုက်မိတော့သည်။
နန်းဆောင်၏ အပြင်ဘက်တွင်မူ... ဝိညာဉ်လက်နက်များနှင့် ရတနာများကို သယ်ဆောင်လာကြသော တပည့်များ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်အောင်ပွဲခံသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေခဲ့ကြဆဲ ဖြစ်ပေသည်။
“စီနီယာ... ဒီနီမြန်းကြေးနီတုံးကြီးကို ကြည့်စမ်းပါဦး... အရည်အသွေးက တကယ်ကို အကောင်းစားကြီးပဲ”
“ဟားဟား... အခုဆိုရင်တော့ ငါတို့တွေ အစားအသောက်တိုင်းမှာ ဝိညာဉ်သားရဲအသားတွေကိုပဲ စားနေရင်တောင်မှ... ဂိုဏ်းကြီး မွဲတေသွားမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့”
ထိုတပည့်များ၏ အောင်ပွဲခံသံ တစ်ချက်ချင်းစီတိုင်းမှာ... ဖန်ယွမ်၏ နှလုံးသားအတွင်းသို့ တိုက်ရိုက် ထိုးစိုက်လာခဲ့သော စူးရှလှသည့် ဓားသွားများကဲ့သို့ပင် ဖြစ်ပေသည်။
သူ အပင်ပန်းခံကာ ချမှတ်ထားခဲ့သော ဂိုဏ်းဖျက်ဆီးရေး အစီအစဉ်ကြီးမှာ... လုံးဝကို ဟာသတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရချေပြီ။ စနစ်၏ တာဝန်ကြီးမှာ... ဝိညာဉ်ကျောက်တုံး ရှစ်သိန်းခန့် ကွာဟနေဆဲ ဖြစ်ကာ... အဲ့ဒါကို တစ်လအတွင်း၌ အပြီးသတ် သုံးစွဲပစ်ရမည် ဖြစ်ပေသည်။ သို့သော်လည်း အခုအချိန်တွင်မူ... လုယက်မှုကြောင့် ရရှိလာခဲ့သော အဖိုးတန်ရတနာအပုံကြီးမှာ တောင်တစ်လုံးကဲ့သို့ စုပုံနေခဲ့ပြီ ဖြစ်သည်။
ဖန်ယွမ် မိမိ၏ ဆံပင်များကို တင်းတင်းဆွဲနှုတ်လိုက်မိရင်း... ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေခဲ့ရတော့သည်။
“ဒါက... ဘယ်လိုအခြေအနေမျိုးလဲကွာ…”
သူ မျက်ဝန်းအစုံ ထုံထိုင်းလျက် တစ်ကိုယ်တော်တည်း ရေရွတ်လိုက်မိစဉ်မှာပင်... ရုတ်တရက်ဆိုသလို နန်းဆောင်၏ အပြင်ဘက်ကနေ ဆူညံလှသော အသံအချို့ ထွက်ပေါ်လာခဲ့သည်။
ငိုကြွေးသံများ... အသက်ဘေးကနေ ကယ်တင်ရန် အသနားခံသံများနှင့် ချုံးရှင်းဂိုဏ်း တပည့်များ၏ ဆူပူကြိမ်းမောင်းသံများမှာ... ပေါင်းစပ်လျက် သူ၏ နားစည်အတွင်းသို့ တစ်စစ တိုးဝင်လာခဲ့သည်။
’ဘယ်သူကများ... အပြင်မှာ ဒီလောက်အထိ ဆူညံအောင် လုပ်နေရတာလဲ’
ဖန်ယွမ် စိတ်တိုဒေါသထွက်စွာဖြင့် မတ်တပ်ရပ်လိုက်မိရင်း... သူ၏ ဝတ်ရုံဖြူထက်က ဖုန်မှုန့်များကို အသာအယာ ခါထုတ်လိုက်ကာ... နန်းဆောင်၏ အပြင်ဘက်သို့ လျှောက်လှမ်းသွားလိုက်တော့သည်။
သူ တံခါးဝဆီသို့ မရောက်ရှိသေးမီမှာပင်... တံခါးကြီးမှာ အပြင်ဘက်ကနေ ပွင့်ဟသွားခဲ့ရပြီး... ခုနတင် ထွက်ခွာသွားခဲ့ခါစဖြစ်သော ယွဲ့လင်းတစ်ယောက် အလျင်အမြန် ပြန်လည်ဝင်ရောက်လာခဲ့သည်။
“ဂိုဏ်းချုပ်... ကျွန်မ သတင်းပို့ဖို့အတွက် မေ့လျော့သွားခဲ့တဲ့ ကိစ္စရပ်တစ်ခု ရှိနေပါသေးတယ်"
ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကာ... သူမ၏ မျက်နှာထက်တွင် အနည်းငယ် နီမြန်းမှုများ ထွက်ပေါ်နေခဲ့သော်လည်း... သူမ အလျင်အမြန်ပင် ပုံမှန်အခြေအနေအတိုင်း ပြန်လည်ထိန်းသိမ်းလိုက်တော့သည် ...
“နက်မှောင်သစ်တောဂိုဏ်းကနေ... အောက်ခြေအလုပ်သမားတပည့် ခုနစ်ရာကျော်ကို ကျွန်မတို့ဂိုဏ်းဆီသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်။ အခုအချိန်မှာ သူတို့အားလုံးကို... နန်းဆောင်အပြင်ဘက်က ကွင်းပြင်ကြီးမှာ စုစည်းထားပါတယ်…ဂိုဏ်းချုပ်အနေနဲ့... သူတို့ကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ညွှန်ကြားပေးပါ"
“နက်မှောင်သစ်တောဂိုဏ်းက... အောက်ခြေအလုပ်သမားတပည့် ခုနစ်ရာကျော် ဟုတ်လား”
ဖန်ယွမ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိရင်း... ယွဲ့လင်း၏ ဘေးကနေ ကျော်ဖြတ်ကာ နန်းဆောင်၏ အပြင်ဘက်သို့ လျှောက်လှမ်းထွက်ခွာလာခဲ့တော့သည်။
သူ နန်းဆောင်၏ မြင့်မားလှသော တံခါးကို ကျော်ဖြတ်လိုက်သည့် အခါတွင်မူ... သူ၏ အမြင်အာရုံတစ်ခုလုံး ထိုနေရာရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီးနောက်... ဖန်ယွမ်တစ်ယောက် ဆွံ့အမှင်တက်သွားခဲ့ရကာ သူ၏ ခြေလှမ်းများကို နေရာတင်တင် ရပ်တန့်လိုက်မိတော့သည်။
နန်းဆောင်အရှေ့က ကွင်းပြင်ကြီးနှင့် လေ့ကျင့်ရေးကွင်းပြင်ကြီး၏ အနားသတ်တစ်လျှောက်တွင်မူ... လူအုပ်ကြီးတစ်ခုလုံးမှာ ဒူးထောက်နေခဲ့ကြရပြီး... ကြည့်ရသည်မှာ နက်မှောင်လှသော လူပင်လယ်ကြီးတစ်ခုအလား ထင်မှတ်ရပေသည်။ ဆန်းစစ်ကြည့်ရသရွေ့... လူပေါင်း ခုနစ်ရာကျော်ခန့် ရှိနေခဲ့ပြီး... သူတို့အတွင်း၌ အမျိုးသား... အမျိုးသမီး... လူငယ်နှင့် လူအိုများအပြင် ကလေးငယ်များပင် ပါဝင်နေခဲ့ကြသည်။
သူတို့အားလုံးမှာ စုတ်ပြတ်သတ်နေသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားခဲ့ကြရပြီး... ဆုတ်ဖြဲထားသော လျှော်နားစုတ်များဖြင့်သာ သူတို့၏ ပိန်လှီလှသော ခန္ဓာကိုယ်များကို အနိုင်နိုင် ဖုံးကွယ်ထားခဲ့ကြရခြင်း ဖြစ်သည်။
သူတို့၏ ပေါ်လွင်နေသော အရေပြားထက်တွင်မူ... အအေးဒဏ်နှင့် ခရမ်းရောင် သန်းနေခဲ့သော နှင်တံဒဏ်ရာများစွာ ပြည့်နှက်နေခဲ့ကြပြီး... သူတို့အားလုံးမှာ တစ်ဦးကိုတစ်ဦး ပူးကပ်ထားကြရင်း တုန်တုန်ရင်ရင် ဖြစ်နေခဲ့ကြကာ... သူတို့၏ မျက်ဝန်းများအတွင်း၌လည်း မွဲတေထုံထိုင်းမှုများသာ အထင်အရှား ရှိနေခဲ့ကြတာမို့... ချုံးရှင်းဂိုဏ်း တပည့်များကို မော်၍ကြည့်ရန်အတွက်ပင် သတ္တိ စိုးစဉ်းမျှ မရှိကြရှာချေ။
ဒီလူများက... ကျင့်ကြံခြင်းဂိုဏ်းတစ်ခုက တပည့်များ ဟုတ်လို့လားကွ သူတို့က... ဘေးဒုက္ခကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်အုပ်စုကြီးနဲ့ တကယ်ကို တူညီလွန်းလှပါတယ်
အခြားတစ်ဖက်ကို အစားထိုးလှည့်ကြည့်လိုက်မည်ဆိုပါကမူ... ဘေးနားတွင် ကင်းစောင့်နေကြသော ချုံးရှင်းဂိုဏ်း တပည့်များမှာ...
ကျန်းရှောင်ရှန်းဆိုလျှင် မျက်နှာထက်တွင် နီမြန်းသော အရောင်အဝါများဖြင့် တက်ကြွလန်းဆန်းနေခဲ့သည်... လင်းမြောင်မြောင်၏ ပါးပြင်လေးနှစ်ဖက်မှာ ဖောင်းအိနေခဲ့ပြီး သူမ၏ လက်ထဲတွင် စားလက်စ အသားခြောက်တုံးတစ်ဝက်ကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်...
ချန်ကျင်းတောက်နှင့် အခြားသူများမှာလည်း တောက်ပသန့်ရှင်းလှသော ကျင့်ကြံခြင်း ဝတ်ရုံများကို ဝတ်ဆင်ထားခဲ့ကြတာမို့ တစ်ကိုယ်လုံး အင်အားများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ဒီလူအုပ်စု နှစ်စုကို တစ်နေရာတည်းတွင် ယှဉ်တွဲ၍ ကြည့်ရှုလိုက်မည်ဆိုပါကမူ... သူတို့နှစ်စုလုံးက မတူညီလှသော ကမ္ဘာကြီးနှစ်ခုအတွင်း၌ ရှင်သန်နေကြသည့်အလားပင် ဖြစ်ပေသည်။
“ဒီလူတွေက... နက်မှောင်သစ်တောဂိုဏ်းက တပည့်တွေ ဟုတ်လို့လား…သူတို့က ဘာဖြစ်လို့... ဒုက္ခသည်တွေလိုမျိုး ဖြစ်နေရတာလဲ” ဖန်ယွမ် ထိုအောက်ခြေတပည့်အုပ်စုကြီးကို လက်ညှိုးထိုးပြလိုက်မိရင်း သူ၏ လေသံမှာ အနည်းငယ် ခြောက်သွေ့နေခဲ့သည်။
ယွဲ့လင်း ကဘေးနားသို့ လျှောက်လှမ်းလာခဲ့ပြီး... သူ၏ အကြည့်အတိုင်း မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော အောက်ခြေတပည့်များကို လှမ်း၍ စိုက်ကြည့်လိုက်တော့သည် ...
“ဂိုဏ်းချုပ်... ကျင့်ကြံခြင်း ကမ္ဘာကြီးထဲမှာက အားနည်းသူကို အားကြီးသူက ဖိနှိပ်တတ်တာ သဘာဝပါပဲ အောက်ခြေအလုပ်သမား တပည့်အများစုက... မည်သည့်နောက်ခံမှ မရှိကြသလို ပါရမီအရည်အချင်းလည်း မရှိကြရှာဘဲ... ဂိုဏ်းဆီသို့ လာရောက်ပြီး အသက်ရှင်သန်ခွင့် အလင်းတန်းအနည်းငယ်ကိုသာ အသည်းအသန် ကြိုးပမ်းရှာဖွေနေကြရတဲ့ လူသားတွေပဲလေ… ထိုဂိုဏ်းကြီးတွေရဲ့ မျက်ဝန်းထဲမှာတော့... သူတို့က သာမန်လူသားတွေလောက်တောင် အဖိုးမတန်ကြရှာဘဲ... အသုံးချခံ သက်သက်သာ ဖြစ်ကြပါတယ် တကယ်လို့ လူတစ်သုတ် သေဆုံးသွားခဲ့ရင်... သူတို့က သာမန်လူ့လောကထဲကို သွားပြီး နောက်ထပ်လူတစ်သုတ်ကို ထပ်မံစုဆောင်းလိုက်ရုံပါပဲ"
စကားကို ခန ရပ်တန့်လိုက်ကာ သူမ၏ လေသံကို ပုံမှန်အတိုင်း ပြန်လည်ထိန်းသိမ်းပြီးဆက်ပြောလိုက်သည် ...
“နက်မှောင်သစ်တောဂိုဏ်းက... ဒီလိုပုံစံမျိုးပါပဲ ပြီးတော့ ဒီလောကထဲမှာရှိတဲ့ ဂိုဏ်းအများစုကလည်း... ဒီလိုပုံစံမျိုးပါပဲ"
ဖန်ယွမ် မည်သည့်စကားတစ်ခွန်းမျှ ပြန်လည်မပြောဆိုဘဲ... သူ၏ မျက်မှောင်ကိုသာ ပြင်းထန်စွာ ကြုတ်ထားလိုက်မိတော့သည်။
‘အောက်ခြေအလုပ်သမား တပည့်တွေကို... လူသားတွေလိုမျိုး သဘောမထားဘဲ အသုံးချခံသက်သက်အဖြစ်သာ သတ်မှတ်ထားကြတယ် ဟုတ်လား’
သူ မိမိ၏ ကိုယ်ပိုင်ဂိုဏ်းက တပည့်များကို ပြန်လည်လှည့်ကြည့်လိုက်မိတော့သည်... သူတို့အားလုံးမှာ အစားအသောက်တိုင်းတွင် ဝိညာဉ်သားရဲအသားများကို စားသောက်နေကြရပြီး... ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီ အကုန်အကျခံထားသော ဝိညာဉ်စမ်းရေတွင်းများအတွင်း၌ ရေချိုးနေကြရကာ...
နောက်ဆုံးတွင် မိမိကိုယ်တိုင်ကပင် သူတို့ကို အနားယူရန်အတွက် အတင်းအကျပ် အားလပ်ရက်များ ပေးအပ်ထားခဲ့ရခြင်း ဖြစ်ပေသည်။ သို့သော်လည်း အခြားတစ်ဖက်က ဤအောက်ခြေတပည့်များကို လှည့်ကြည့်လိုက်မည်ဆိုပါကမူ... သူတို့မှာ ဝအောင်ပင် မစားသောက်ရရှာချေ။ ကွာခြားချက်ကြီးကမူ... တကယ်ကို ကြီးမားလွန်းလှပေသည်။
လူအုပ်ကြီး၏ အတွင်း၌... သူသည် သက်တမ်းအားဖြင့် ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်ခန့်သာ ရှိသေးပြီး ပိန်လှီလှသော မိန်းကလေးငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်... ပြီးတော့ လက်ချောင်းအနည်းငယ် ပြတ်တောက်နေခဲ့သော အဖိုးအိုတစ်ဦးကိုလည်း မြင်တွေ့လိုက်ရကာ... သေလုမြောပါး ဖြစ်နေသော လူငယ်တစ်ဦးကိုလည်း မြင်တွေ့လိုက်ရသေးသည်။
ပြီးတော့ ထိုလူများမှာ ဖန်ယွမ်၏ စူးစိုက်ကြည့်ရှုနေသော အကြည့်များကို ခံစားမိလိုက်ကြသည့် အခါတွင်မူ... သူတို့အားလုံး သူတို့၏ ဦးခေါင်းများကို မြေပြင်ထက်သို့ ပြင်းထန်စွာ ရိုက်ခွဲလိုက်ကြမိရင်း ကြောက်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြတော့သည် ...
“အင်မော်တယ် အရှင်သခင်ကြီး... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ… ကျေးဇူးပြုပြီး... အင်မော်တယ် အရှင်သခင်ကြီး... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ…”
ဖန်ယွမ် စိတ်ထဲကနေ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိရင်း သူ၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။
ထိုဂိုဏ်းကြီးများအနေဖြင့်... ဒီလောက် သနားစဖွယ်ကောင်းလှသော လူသားများကို မည်ကဲ့သို့သော သွေးအေးလှသည့် စိတ်ဓာတ်မျိုးဖြင့် ရက်စက်စွာ ရင်ဆိုင်နိုင်ကြသည်ကို သူ လုံးဝ နားမလည်နိုင်တော့ချေ။ မိမိကဲ့သို့ ဂိုဏ်းကို ပျက်စီးစေချင်နေသည့်သူတစ်ဦးပင်လျှင်... ဒီလိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ နှလုံးသားအတွင်း၌ သနားကရုဏာစိတ်များ အနည်းငယ် ပေါက်ပွားလာခဲ့ရသည် မဟုတ်ပါလား။
ဒီလောက် တိတ်ဆိတ်ငြိမ်သက်နေသည့် အချိန်အတွင်းမှာပင်... ဖန်ယွမ်၏ ဦးနှောက်အတွင်း၌ ဉာဏ်အလင်းတစ်ခု လျှပ်ခနဲ ပေါ်လာခဲ့တော့သည်။
စနစ် ၏ တာဝန်ကြီးကို အပြီးသတ်ရန်အတွက် ဝိညာဉ်ကျောက်တုံး ရှစ်သိန်းခန့် သုံးစွဲပစ်ရန် လိုအပ်နေသေးသည်။
အခြားတစ်ဖက်တွင်လည်း ဒုက္ခသည်များကဲ့သို့ သနားစဖွယ်ကောင်းလှသော အောက်ခြေအလုပ်သမား တပည့် ခုနစ်ရာကျော် ရှိနေခဲ့သည်။
ပြီးတော့ မိမိ၏ ဂိုဏ်းအတွင်း၌လည်း တစ်နေ့လုံး ကျင့်ကြံခြင်းကိုသာ အပတ်တကုတ် အားထုတ်နေကြပြီး အားလပ်ချိန် လုံးဝမရှိကြသော မိမိ၏ တလွဲလုပ်တဲ့ တပည့်တစ်စု ရှိနေခဲ့သေးသည်
ဒီသုံးခုစလုံးကို တစ်ပြိုင်နက်တည်း ပေါင်းစပ်ဖြေရှင်းပေးနိုင်မည့်... ထူးကဲဆန်းပြားလှသော အစီအစဉ်ကြီးတစ်ခုကို သူ စဉ်းစားမိသွားခဲ့ချေပြီ။
ဒါက ဘာလဲဆိုတော့... ‘ပရဟိတ’ ပင် ဖြစ်သည်။
ထိုအချိန်ကျလျှင်... တစ်နေ့လုံး အလုပ်လုပ်ချင်နေကြသော သူ့တပည့်အားလုံးကို အပြင်သို့ စေလွှတ်လိုက်ပြီး... ဆင်းရဲသားများကို ပိုက်ဆံများ လိုက်လံဝေငှခိုင်းလိုက်ရုံသက်သက်ပင် ဖြစ်သည်။
ဒီလိုနည်းလမ်းအားဖြင့်... သူသည် ထိုဝိညာဉ်ကျောက်တုံး ရှစ်သိန်းကို လူသိရှင်ကြား အလျင်အမြန် သုံးစွဲပစ်နိုင်မည်ဖြစ်ပြီး... အခြားတစ်ဖက်တွင်လည်း ထိုတပည့်များကို ဂိုဏ်းအတွင်း၌ အချိန်ပြည့်ကျင့်ကြံရင်း အင်အားများ ထပ်မံထိုးတက်မလာစေရန်အတွက် အလုပ်များခိုင်းထား နိုင်မည်ဖြစ်ကာ... နောက်ဆုံးအနေဖြင့် ဆင်းရဲနွမ်းပါးလှသော လူသားများကိုပါ ကူညီပေးနိုင်မည် မဟုတ်ပါလား။
မြားတစ်စင်းတည်းဖြင့် ငှက်သုံးကောင်ကို တစ်ပြိုင်နက်တည်း ပစ်ချနိုင်မည့်... အနှိုင်းမဲ့လှသော အစီအစဉ်ကြီးအစစ်အမှန်ပင် ဖြစ်ပေသည်။
ဖန်ယွမ် မိမိကိုယ်ကိုယ် တကယ်ကို ပါရမီထူးချွန်လွန်းလှသည်ဟု တွေးတောမိကာ...ဒီအကြံကို ချက်ချင်းပင် လက်တွေ့အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်တော့သည်။
ဖန်ယွမ် သူ၏ လည်ချောင်းကို အသာအယာ ရှင်းလင်းလိုက်ကာ... သူ၏ ခန္ဓာကိုယ်အတွင်းက စစ်မှန်သောဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်လိုက်ရာ... သူ၏ လေသံကြီးမှာ တစ်ကွင်းလုံးရှိ ဆူညံသံအားလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့တော့သည် ...
“လူတိုင်း... လက်ထဲမှာ လုပ်နေတဲ့ အလုပ်မှန်သမျှကို ခေတ္တရပ်တန့်လိုက်ကြစမ်း။ ငါ့မှာ... ပြောစရာ စကားအချို့ ရှိတယ်"
ဆူညံနေခဲ့သော လေ့ကျင့်ရေးကွင်းပြင်ကြီးတစ်ခုလုံးမှာ... စက္ကန့်ပိုင်းအတွင်းမှာတင် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ သက်ဆင်းသွားခဲ့ရတော့သည်။
ရတနာများကို စာရင်းမှတ်တမ်းတင်နေကြသော တပည့်များအားလုံး လက်ထဲက ပစ္စည်းများကို အလျင်အမြန် ချထားလိုက်ကြမိရင်း မတ်တပ်ရပ်လိုက်ကြတော့သည်။ ဒူးထောက်နေကြသော အောက်ခြေတပည့် ခုနစ်ရာကျော်မှာမူ ပိုမို၍ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရပြီး... သူတို့၏ ဦးခေါင်းများကို မြေပြင်ထက်သို့ တင်းတင်းစိုက်ထားလိုက်ကြမိရင်း တစ်ကိုယ်လုံး ကောက်ပင်အနုကဲ့သို့ ဆက်ဆက်တုန်နေခဲ့ကြရှာသည်။
ဖန်ယွမ် သူ၏ လက်နှစ်ဖက်ကို နောက်ကျောပစ်ကာ.. အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ပြီး... ထို့နောက်တွင်မူ စိတ်မကောင်းဖြစ်နေသည့် လေသံမျိုးဖြင့် အားလုံးကို မိန့်ကြားလိုက်တော့သည် ...
“နက်မှောင်သစ်တောဂိုဏ်းက... နှစ်ပေါင်းများစွာတိုင်အောင် ဒီမိုင်တစ်ရာပတ်လည်ကို စိုးမိုးထားခဲ့ပြီး... မိမိကိုယ်ကိုယ် အစွမ်းထက်ဆုံး ဂိုဏ်းကြီးအဖြစ် သတ်မှတ်ထားခဲ့ကြတာ ဖြစ်တယ်။ သူတို့အနေနဲ့... ဂိုဏ်းကြီးတစ်ခုရဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်သင့်ကြပြီး... အဖွဲအစည်းအားလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးကာ... ဂိုဏ်းအချင်းချင်းကြားက စည်းစနစ်တွေကို ထိန်းသိမ်းပေးလျက်... ပတ်ဝန်းကျင်က ဂိုဏ်းငယ်တွေနဲ့ သာမန်လူသားတွေအားလုံး သာတူညီမျှ တိုးတက်စည်ပင်လာစေဖို့အတွက် ရှေ့ဆောင်လမ်းပြပေးရင်း... အားလုံး သဟဇာတဖြစ်ဖြစ် တိုးတက်ဖွံ့ဖြိုးလာမယ့် နယ်မြေတစ်ခုအဖြစ်... ဖန်တီးတည်ဆောက်ပေးခဲ့သင့်တာ ဖြစ်တယ်”
သူ၏ စကားလုံးများကို ကြားလိုက်ရသောအခါ... ကွင်းပြင်တစ်ခုလုံးရှိ လူတိုင်းမှာ ချက်ချင်းပင် ဆွံ့အမှင်တက်သွားခဲ့ကြရတော့သည်။