ကောင်းကင်ယံကြီးမှာ ခပ်ဖျော့ဖျော့ လင်းပွင့်လာခဲ့ပြီဖြစ်သော်လည်း နံနက်ခင်း၏ မြူခိုးများမှာမူ ပျယ်လွင့်သွားခြင်း မရှိသေးချေ။
ယွဲ့လင်းသည် ခန့်ညားထည်ဝါလှသော ချုံးရှင်းဂိုဏ်း တပည့်အင်အားစုကြီးကို ဦးဆောင်လျက် နက်မှောင်သစ်တောဂိုဏ်း၏ နယ်မြေအတွင်းသို့ ခြေချလိုက်တော့သည်။
နှစ်ပေါင်းများစွာတိုင်အောင် မိုင်တစ်ရာပတ်လည်ကို စိုးမိုးထားခဲ့သော ဤဂိုဏ်းကြီးမှာ အတိတ်တုန်းကဆိုလျှင် လေလွင့်တစ်ကိုယ်တော် (ဂိုဏ်းမဲ့ကျင့်ကြံသူ) များပင် ဘေးကနေ ပတ်ရှောင်သွားရလောက်သည်အထိ မချဉ်းကပ်ရဲစရာ အရပ်ဖြစ်ခဲ့ပေသည်။
သို့သော်လည်း ယခုအချိန်တွင်မူ... နက်မှောင်သစ်တောဂိုဏ်း၏ သုံးလံခန့် မြင့်မားလှသော ဂိုဏ်းတံခါးကြီးမှာ အဟောင်းသား ပွင့်ဟနေခဲ့ပြီး... တံခါးဝ၌ ကင်းစောင့်နေသည့် အရိပ်အယောင်တစ်ခုမျှပင် ရှာဖွေ၍ မရတော့ချေ။ ဂိုဏ်းအတွင်းရှိ ကျွမ်းကျင်သူအားလုံးကို အပြင်သို့ စေလွှတ်ခဲ့ပြီးနောက် ဂိုဏ်းချုပ်ကြီးပါ သေဆုံးသွားခဲ့ရတာမို့ ဤနေရာကြီးမှာ ကာကွယ်သူမဲ့နေသည့် အခွံအလွတ်ကြီးတစ်ခုအဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
ယွဲ့လင်း လူအုပ်ကြီးကို ရပ်တန့်ရန် လက်ဟန်ပြလိုက်ပြီးနောက်... တစ်ကိုယ်တော်တည်း ရှေ့သို့ လျှောက်လှမ်းသွားကာ သူမ၏ နတ်ဘုရားအာရုံ ကို ဖြန့်ကျက်လျက် တောင်တစ်ခုလုံးကို စစ်ဆေးလိုက်တော့သည်။
ကျန်ရစ်ခဲ့သူများမှာ ကျင့်ကြံခြင်းအဆင့် လုံးဝမရှိကြသည့် အခြေခံအလုပ်သမား တပည့် များနှင့် ချီသန့်စင်ခြင်း ပထမအဆင့်သို့သာ ရောက်ရှိခါစ အပြင်စည်းတပည့် အနည်းငယ်သာ ဖြစ်ပေသည်။ သူတို့အားလုံးမှာ ထောင့်စွန်းများတွင် စုပြုံပုန်းကွယ်နေခဲ့ကြရင်း တုန်တုန်ရင်ရင် ဖြစ်နေကြရှာသည်။
မနေ့ညက... ဂိုဏ်းချုပ်ကြီးက လူအင်အားစုစည်းကာ သတ်ဖြတ်လိုသော အရှိန်အဟုန်များဖြင့် တောင်အောက်သို့ ဆင်းသွားခဲ့စဉ်က... အောက်ခြေအလုပ်သမား တပည့်များမှာ မိမိတို့ဂိုဏ်းကြီး အောင်ပွဲခံပြီးနောက် ရတနာအချို့ ခွဲဝေရရှိမည့် အိပ်မက်များကို မက်မောနေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း မည်သူက တွေးမိပါ့မည်နည်း... အောင်ပွဲသတင်းအစား ချုံးရှင်းဂိုဏ်းက လူအုပ်ကြီးက သူတို့၏ ဂိုဏ်းတံခါးဝဆီသို့ ဝုန်းဒိုင်းကြဲလျက် ရောက်ရှိလာလိမ့်မည်ဟူ၍။
ချန်ကျင်းတောက် လူအနည်းငယ်ကို ဦးဆောင်ကာ လျှောက်လှမ်းလာခဲ့သည်။ ဖြူလျော်ပိန်လှီကာ စုတ်ပြတ်သတ်နေသော အောက်ခြေတပည့်တစ်စုကို ကြည့်ရှုလိုက်မိသောအခါ... သူ တင်းတင်းဆုပ်ကိုင်ထားခဲ့သော ရှည်လျားလှသည့် ဓားကြီးမှာ လေထုထဲတွင်တင် ရပ်တန့်သွားခဲ့ရပြီး အောက်သို့ မခုတ်ပိုင်းရက်နိုင်တော့ချေ။
ဤလူအုပ်စု၏ မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ထုံထိုင်းမှုများသာ ပြည့်နှက်နေခဲ့ပြီး... သူတို့၏ လက်ဖဝါးများပေါ်တွင်လည်း အအေးပတ်နာများနှင့် နှင်တံရာများစွာ ထင်ကျန်နေခဲ့တာမို့... သာမန်လူသား သူတောင်းစားများထက်ပင် ပိုမို၍ ဆိုးရွားနေခဲ့ကြသည်။
ယွဲ့လင်းလည်း သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်မိရင်း... သူမ၏ လှပသော မျက်ခုံးအစုံမှာ အနည်းငယ် ကြုတ်သွားခဲ့ရသည်။
ကျင့်ကြံသူအချင်းချင်း ဖြစ်သော်လည်း အောက်ခြေလူတန်းစားများ၏ ဘဝမှာ တကယ်ကို သနားစဖွယ် ကောင်းလှပေသည်။ သို့သော်လည်း အောက်ခြေအလုပ်သမား တပည့်အများစုအတွက်မူ ဒီလိုအရာက သူတို့ ဖြတ်သန်းနေရသည့် သာမန်ဘဝသက်သက်သာ ဖြစ်ပေသည်။ အဆုံးသတ်တွင်တော့... တကယ်လို့ သူတို့၌သာ ပိုက်ဆံ သို့မဟုတ် နောက်ခံအင်အား ရှိနေခဲ့ပါက... အပြင်စည်းတပည့် သို့မဟုတ် အတွင်းစည်းတပည့်များ ဖြစ်နေခဲ့ကြသည်မှာ ကြာလှချေပြီ။
“သူတို့ကို ဘေးကနန်းဆောင်ထဲမှာ စုစည်းထားလိုက်ပါ... ဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်နဲ့” ယွဲ့လင်း သူမ၏ ပြတ်သားလှသော လေသံဖြင့် အမိန့်ပေးလိုက်တော့သည်။
ဟုန်အာနျို သူ၏ သံဓားကြီးကို ပြန်လည်သိမ်းဆည်းလိုက်မိရင်း... ဂျူနီယာညီငယ်အချို့ကို လက်ဟန်ပြကာ ထိုအောက်ခြေတပည့်များကို စုစည်း၍ နေရာတင်တင် စောင့်ကြပ်ကြည့်ရှုခိုင်းလိုက်သည်။
ထို့နောက်တွင်မူ... စတင်ရှာဖွေကြတော့သည်။
အနောက်ကနေ လိုက်ပါလာခဲ့ကြသော တပည့်များမှာ လက်ထဲတွင် မီးတုတ်များကို ကိုင်ဆောင်ထားခဲ့ကြရင်း အထဲသို့ တရစပ် တိုးဝင်သွားခဲ့ကြတော့သည်။ နက်မှောင်သစ်တောဂိုဏ်း၏ အတွင်းပိုင်း အပြင်အဆင်များကို မြင်တွေ့လိုက်ရသော အခါတွင်မူ... သူတို့အားလုံး ဆွံ့အမှင်တက်သွားခဲ့ကြရတော့သည်။
“ဒါက... မိုင်တစ်ရာပတ်လည်မှာ အစွမ်းထက်ဆုံးဂိုဏ်းရဲ့ အခြေခံအုတ်မြစ် ဟုတ်လို့လား” ကျန်းရှောင်ရှန်း မြေပြင်ပေါ်က တရားထိုင်ဖျာတစ်ချပ်ကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်မိရင်း... စက်ဆုပ်ရွံရှာစွာဖြင့် နှုတ်ခမ်းကို မဲ့လိုက်တော့သည် ... “ဒီဖျာကြီးက ကျောက်တုံးလိုမျိုး မာကျောနေတာပဲ... သူတို့က ထိုင်ရတာ မသက်မသာဖြစ်မှာကို မကြောက်ကြဘူးလား ငါတို့ ချုံးရှင်းဂိုဏ်းရဲ့ နူးညံ့လှတဲ့ ဖျာအိအိလေးတွေနဲ့ ယှဉ်လိုက်ရင်... ဒါက အဝေးကြီး ကျန်နေသေးတယ်”
လင်းမြောင်မြောင် နက်မှောင်သစ်တောဂိုဏ်း၏ စားဖိုဆောင်အတွင်းသို့ ပြေးဝင်သွားခဲ့ပြီး... တစ်ပတ်ပတ်ကြည့်ရှုကာ အပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့သည့် အခါတွင်မူ သူမ၏ မျက်နှာထက်တွင် အံ့သြမှင်တက်မှုများ ပြည့်နှက်နေခဲ့ရတော့သည် ...
“ဒါက တရားလွန်လွန်းတယ် သူတို့က တကယ်ပဲ ဆန်ကြမ်းတွေနဲ့ တောဟင်းသီးဟင်းရွက်တွေကို စားသောက်နေကြတာပဲ” သူမ ပျက်စီးနေသော သစ်သားပုံးတစ်ပုံးကို မြှောက်ပြလိုက်ရင်း လူတိုင်းကို ကြည့်ရှုစေလိုက်သည် ...
“ဝိညာဉ်သားရဲအသားရဲ့ ဆီတစ်စက်ကိုတောင် မမြင်ရဘူး သူတို့က ဒီလိုပုံစံနဲ့... ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်မှာလဲ ငါတို့ကတော့ အစားအသောက်စား တိုင်းမှာ ဝိညာဉ်သားရဲအသားတွေကိုပဲ စားနေရတာလေ”
သူတို့၏ ညည်းညူသံများကို နားထောင်ရင်း... ဟုန်အာနျို နက်မှောင်သစ်တောဂိုဏ်း တပည့်များ နေထိုင်ကြသော ပျက်စီးယိုယွင်းနေသည့် သစ်သားအိမ်ငယ်လေးများ၏ ရှေ့တွင် မတ်တပ်ရပ်နေမိကာ... လေတိုးဝင်နေသော ပြတင်းပေါက်ဘောင်များကို စိုက်ကြည့်ရင်း တိတ်ဆိတ်သွားခဲ့ရသည်။
သူ့အနေဖြင့် မိမိ အတိတ်တုန်းက ဂိုဏ်းယုတ်တစ်ခုတွင် ဖြတ်သန်းခဲ့ရသည့် နေ့ရက်များကို ပြန်လည် အမှတ်ရမိသွားခဲ့ပြီး... ထိုစဉ်ကလည်း ဤကဲ့သို့ ပျက်စီးယိုယွင်းနေသော နေရာမျိုး၌သာ နေထိုင်ခဲ့ရခြင်း ဖြစ်ပေသည်။
စင်စစ်အားဖြင့်... ဒီလောကရှိ ဂိုဏ်းအများစုမှာ နက်မှောင်သစ်တောဂိုဏ်းကဲ့သို့ပင် ဖြစ်ကြပေသည်။ ညံ့ဖျင်းလှသော အစားအသောက်... ညံ့ဖျင်းလှသော နေထိုင်မှုစနစ်... အရင်းအမြစ် အများစုမှာ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ၏ လက်ထဲတွင်သာ စုပုံနေခဲ့ကြခြင်း ဖြစ်သည်။
ဂိုဏ်းတပည့်များအတွက် ကျန်ရှိနေသေးသော မပြောပလောက်သည့် အရင်းအမြစ်အနည်းငယ်မှာလည်း ကျင့်ကြံခြင်းအတွက်သာ အသုံးပြုရတာမို့... သူတို့အနေဖြင့် ကောင်းကောင်းစား... ကောင်းကောင်းနေနိုင်ရန်အတွက် အပိုပိုက်ဆံ ဘယ်မှာ ရှိနိုင်ပါ့မည်နည်း။
ချုံးရှင်းဂိုဏ်းကသာလျှင်... ဤကျင့်ကြံခြင်း လောကကြီးအတွင်းက ထူးခြားဆန်းပြားလှသော ချွင်းချက်တစ်ခု ဖြစ်ပေသည်။
ထိုအချိန်တွင်... ချန်ကျင်းတောက် နက်မှောင်သစ်တောဂိုဏ်း၏ ရတနာတိုက်အတွင်းသို့ ဝင်သွားခဲ့ပြီ ဖြစ်ကာ... စာပွဲပေါ်ရှိ စာရင်းဇယားစာအုပ်ကို လှန်လှော စစ်ဆေးနေခဲ့ချေပြီ။ သူ ပိုမိုဖတ်ရှုလေလေ... သူ၏ မျက်ဝန်းအစုံမှာ ပိုမို၍ နီမြန်းလာခဲ့လေလေ ဖြစ်ပေသည်။
အပြင်က ကျင့်ကြံခြင်း ကမ္ဘာကြီးက... တကယ်ကို ဒီလောက်အထိ ရက်စက်ပြီး မွဲတေနေခဲ့တာ ဟုတ်လား
ထိုစာရင်းဇယားစာအုပ်အတွင်း၌ နက်မှောင်သစ်တောဂိုဏ်းက သူတို့၏ အောက်ခြေတပည့်များကို ဖိနှိပ်ခေါင်းပုံဖြတ်ထားခဲ့သည့် မှတ်တမ်းများဖြင့် ပြည့်နှက်နေခဲ့သည် ... ဂိုဏ်းဝင်ကြေး... သင်ခန်းစာသင်ကြားခ... ဆေးလုံးပျက်စီးမှုအတွက် လျော်ကြေး... သူတို့သည် တောင်တန်းပေါ်ရှိ ဝိညာဉ်စွမ်းအင်များကို ရှူရှိုက်ခွင့်ရရန်အတွက်ပင် လစဉ်ကြေး ပေးဆောင်နေခဲ့ကြရခြင်း ဖြစ်ပေသည်။
ထိုအထက်တန်းလွှာ အကြီးအကဲများနှင့် ဂိုဏ်းချုပ်ကြီးများမှာ... အောက်ခြေတပည့်များကို လူသားများကဲ့သို့ စိုးစဉ်းမျှ သဘောမထားခဲ့ကြဘဲ... အသုံးချခံ ပစ္စည်းများအလား သဘောထားကာ သူတို့၏ သွေးနှင့်ချွေးများကို တရစပ် ညှစ်ထုတ်နေခဲ့ကြခြင်း ဖြစ်သည်။
ပြီးတော့ မိမိတို့ ကျင့်သားရနေခဲ့ပြီဖြစ်သော ဇိမ်ခံဘဝကြီးမှာမူ... ဖန်ယွမ်က မိမိ၏ ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှုများကို အသုံးချလျက်... မိမိ၏ ကိုယ်ပိုင်ရတနာတိုက်ကြီးကိုပင် အကုန်အကျခံကာ လဲလှယ်ပေးအပ်ထားခဲ့ခြင်း ဖြစ်ပေသည်
“ဂိုဏ်းချုပ်ကြီးက... ကျွန်တော်တို့အပေါ်မှာ တောင်တစ်လုံးလိုမျိုး လေးလံလှတဲ့ ကရုဏာတရားတွေ ပေးအပ်ထားခဲ့တာပဲ” ချန်ကျင်းတောက် သူ၏ ရင်ထဲတွင် ခံစားချက်များ ပြင်းထန်လာခဲ့ရတာမို့ နံရံကို လက်သီးဖြင့် ပြင်းထန်စွာ ထုရိုက်လိုက်မိတော့သည် ...
“နက်မှောင်သစ်တောဂိုဏ်းက တပည့်တွေကို ခေါင်းပုံဖြတ်ပြီး ဓနဥစ္စာတွေကို စုဆောင်းထားခဲ့တာမို့... နောက်ဆုံးတော့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးခြင်းကို ခံလိုက်ရပြီပဲ ငါတို့ရဲ့ ချုံးရှင်းဂိုဏ်းကတော့ အဖွဲ့ဝင်တွေအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကောင်းကင်ဘုံရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းနေတာမို့... သေချာပေါက် ပိုမိုပြီး တိုးတက်စည်ပင်လာတော့မှာပဒ”
“တိုးတက်စည်ပင်လာမှာ” တပည့်များအားလုံး တရားမျှတမှုအတွက် ဒေါသတကြီးဖြင့် စိတ်ဓာတ်များ တက်ကြွသွားခဲ့ကြရတော့သည်။
သူတို့ နက်မှောင်သစ်တောဂိုဏ်းတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် ရှာဖွေကြတော့သည်။ သူတို့ နံရံပေါ်က ဆေးသားလွှာတွေကို ခွာယူကြပြီး... ကြမ်းခင်းကျောက်ပြားတွေကို သုံးပေခန့် အနက်အထိ တူးဆွပစ်ကြသည်။ မပြောပလောက်သည့် ဝိညာဉ်စွမ်းအင် အနည်းငယ်မျှ ရှိနေသော အရာမှန်သမျှကို သိမ်းဆည်းကာ သိုလှောင်အိတ်များအတွင်းသို့ အတင်းအကျပ် ထိုးထည့်ကြတော့သည်။
နက်မှောင်သစ်တောဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းဂူ တံခါးဝတွင် စောင့်ကြပ်နေသည့် ကျောက်ခြင်္သေ့နှစ်ကောင်ကိုပင်... ဟုန်အာနျိုက မကျန်အောင် သိမ်းဆည်းသွားခဲ့သေးသည်။
ကျန်းရှောင်ရှန်းဆိုလျှင် ဂိုဏ်းချုပ်မိုယာ၏ သီးသန့်ကျင့်ကြံခြင်း အခန်းအတွင်းသို့ ခိုးဝင်သွားခဲ့ပြီး... နံရံတွင် ချိတ်ဆွဲထားသော နာမည်ကြီး ပန်းချီကားများနှင့် ရတနာစင်ပေါ်ရှိ ကျောက်စိမ်းပန်းပုများကို သူ၏ အိတ်အတွင်းသို့ အကုန် ထည့်သွင်းသွားခဲ့သည်။
လင်းမြောင်မြောင်ကမူ အမျိုးသမီးတပည့်အချို့ကို ဦးဆောင်လျက် နက်မှောင်သစ်တောဂိုဏ်း၏ ဆေးဘက်ဝင်အပင်ဥယျာဉ်အတွင်းက ဝိညာဉ်ပင်များကို အမြစ်ကနေ ဆွဲနှုတ်ပစ်ကြသည့်အပြင်... ထိုနေရာရှိ မြေဆီလွှာ ကောင်းမွန်လှသော မြေကြီးများကိုပါ လှည်းအပြည့် တင်ဆောင်သွားခဲ့ကြသည်။
ဒါက လုယက်တာ မဟုတ်တော့ချေ... ကျိုင်းကောင်အုပ်ကြီး ဖြတ်သန်းသွားသည့်အလား ဘာတစ်ခုမျှ မကျန်ရှိတော့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ချုံးရှင်းဂိုဏ်း တပည့်များအတွက်မူ... ဒီအရာအားလုံးက သူတို့ ရထိုက်ရထိုက်သော စစ်သုံ့ပန်း ရတနာများသာ ဖြစ်ပေသည်
တစ်နေ့တာလုံး အပတ်တကုတ် ရှာဖွေပြီးနောက်တွင်မူ... ချုံးရှင်းဂိုဏ်း တပည့်များမှာ ရတနာအပုံလိုက်ကြီးကို သယ်ဆောင်လျက် သူတို့၏ ဂိုဏ်းဆီသို့ အောင်ပွဲခံကာ ပြန်လည်ရောက်ရှိလာခဲ့ကြတော့သည်။
ချုံးရှင်းဂိုဏ်း၏ အဓိကနန်းဆောင်။
ဖန်ယွမ် သူ၏ ကြီးမားလှသော ကုလားထိုင်ကြီးပေါ်တွင် မှီတွဲထိုင်နေခဲ့မိရင်း... မျက်နှာကျက်ကြီးကို ငေးစိုက်ကြည့်နေမိသည်။
သူ တစ်နေ့တာလုံး အစားလည်း မစားနိုင် သလို အိပ်လို့လည်း မပျော်နိုင်ခဲ့ချေ။ ဝိညာဉ်ကျောက်တုံး ရှစ်သိန်းခန့် သုံးပစ်ရန် လိုအပ်နေသေးသည့် ထိုပြဿနာကြီးမှာ... သူ၏ ရင်ဘတ်ထက်သို့ ကြီးမားလှသော တောင်တစ်လုံးကဲ့သို့ ဖိနှိပ်ထားခဲ့သည်။
‘ဝိညာဉ်လက်နက်တွေ ထပ်ဝယ်ရမလား ရန်သူတွေလည်း မရှိတော့တာမို့ ဝယ်ပြီး ဘာလုပ်ရမှာလဲ’တကယ်လို့ထပ် ဝယ်လိုက်မယ်ဆိုရင်လည်း ဂိုဏ်းရဲ့ အင်အားက ပိုပြီး တိုးတက်လာဦးမှာပဲ။
’အဆောက်အဦးတွေ ဆောက်ရမလား ဂိုဏ်းမှာ ရေချိုးဆောင်ကိုတောင် ဆောက်လုပ်ပြီးသွားပြီလေ... နောက်ထပ် ဘာကိုများ ထပ်ဆောက်ရဦးမှာလဲ’
‘တပည့်တွေကို ဆုလာဘ်တွေ ထပ်ခွဲဝေပေးရမလား တပည့်တွေက အခုတင် ပိုက်ဆံတွေ အလွန်အမင်း ချမ်းသာနေကြပြီလေ... တကယ်လို့ ထပ်ပြီး ပေးဝေလိုက်မယ်ဆိုရင် သူတို့ရဲ့ အင်အားတွေက နောက်ထပ်တစ်ကြိမ် ထိုးတက်သွားမှာကို စိုးရိမ်ရသေးတယ်’
သူ့မှာ ဦးနှောက်မီးတောက်မတတ် တွေးတောပူပန်နေစဉ်မှာပင်... အဓိကနန်းဆောင်၏ အပြင်ဘက်ကနေ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
ချန်ကျင်းတောက်... ဟုန်အာနျိုနှင့် ယွဲ့လင်းတို့မှာ မျက်နှာထက်တွင် ပျော်ရွှင်မှုများ ဖြာထွက်နေခဲ့ကြရင်း နန်းဆောင်အတွင်းသို့ လျှောက်လှမ်းလာခဲ့ကြသည်။ နန်းဆောင်အပြင်ဘက်က ကွင်းပြင်ကြီးတွင်မူ... ရာနှင့်ချီသော တပည့်များမှာ သူတို့၏ ဝတ်ရုံကြားကနေ သိုလှောင်အိတ်များကို နှိုက်ထုတ်လိုက်ကြရင်း... လုယက်လာခဲ့သော ပစ္စည်းများကို စိတ်အားထက်သန်စွာဖြင့် ခွဲခြားသိမ်းဆည်းနေခဲ့ကြသည်။
“ဂိုဏ်းချုပ်ကြီးကို သတင်းပို့ပါတယ်”
ချန်ကျင်းတောက် စာပွဲခုံအနားသို့ ခြေလှမ်းအနည်းငယ်ဖြင့် ပြေးဝင်လာခဲ့ပြီး... ထူထဲလှသော စာရင်းဇယားစာအုပ်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးအပ်လိုက်တော့သည်။
“နက်မှောင်သစ်တောဂိုဏ်းတစ်ခုလုံး... ကျွန်တော်တို့ရဲ့ လုယက်ခြင်းကို ခံလိုက်ရပါပြီ သူတို့ရဲ့ ဂိုဏ်းစောင့်အစီအရင်ကြီးကလည်း တိုက်ခိုက်စရာမလိုဘဲ အလိုအလျောက် ပြိုလဲသွားခဲ့တာမို့... ကျွန်တော်တို့ သူတို့ရဲ့ ရတနာတိုက်ကြီးတစ်ခုလုံးကို ပြောင်စင်အောင် သိမ်းဆည်းလာခဲ့ပါတယ်”
ဖန်ယွမ်၏ မျက်ဝန်းထောင့်စွန်းမှာ ဆက်တိုက် လှုပ်ခတ်သွားခဲ့ရပြီး... သူ၏ နှလုံးသားအတွင်း၌ မကောင်းသော နိမိတ်ဆိုးကြီးတစ်ခု တိုးဝင်လာခဲ့သည်။
‘ဒီမြေခွေးလေးတွေ’
သူ ထိုစာအုပ်ကို လှမ်း၍ မယူဘဲ... ခြောက်သွေ့လှသော လေသံဖြင့် မေးမြန်းလိုက်တော့သည် ... “မင်းတို့... ဘာတွေ လုယက်လာခဲ့လို့လဲ”
ချန်ကျင်းတောက် စာရင်းဇယားစာအုပ်၏ ပထမဆုံး စာမျက်နှာကို လှန်လိုက်မိရင်း... သူ၏ လေသံမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေခဲ့မိတော့သည် ...
“အနိမ့်စား ဝိညာဉ်ကျောက်တုံး... တစ်သိန်းငါးသောင်းရှစ်ထောင် အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး... နှစ်ထောင်”
ဖန်ယွမ် အသက်ရှူပင် မှားသွားခဲ့ရသည်။
“အခြေခံအုတ်မြစ်အဆင့် ကျင့်စဉ်... ငါးစောင်... ရွှေအမြုတေအဆင့် ကျင့်စဉ်... နှစ်စောင် အခြားသော မန္တန်နည်းစနစ် လျှို့ဝှက်လက်စွဲစာအုပ်... သုံးဆယ်ကျော်”
ဖန်ယွမ်၏ လက်ဖဝါးနှစ်ဖက်မှာ စတင်၍ တုန်ရီလာခဲ့ရချေပြီ။
“ပထမအဆင့်နဲ့ ဒုတိယအဆင့်ရှိတဲ့ ဝိညာဉ်ပင်... ထောင်နဲ့ချီ ပြီးတော့... ရာစုနှစ်ချီ သက်တမ်းရှိပြီဖြစ်တဲ့ ‘နက်မှောင်သံရိုင်း ’ နဲ့ ‘ကြေးနီ’ လိုမျိုး ဝိညာဉ်လက်နက် သွန်းလုပ်ရေး အဆင့်မြင့်ကုန်ကြမ်းတွေ ပြည့်နှက်နေတဲ့ သိုလှောင်အိတ်... ဆယ်အိတ်ကျော်”
ချန်ကျင်းတောက် ဖတ်ရှုလေလေ ပိုမို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ပြီး... ဖန်ယွမ်၏ မျက်နှာကြီးမှာ တစ်စစ ဖြူလျော်မည်းမှောင်လာနေသည်ကို စိုးစဉ်းမျှ သတိမပြုမိခဲ့ရှာချေ။
“ဒါတွေအပြင်... ဟုန်အာနျိုက... သူတို့ရဲ့ အဓိကနန်းဆောင်မှာ ရှိတဲ့ ရာစုနှစ်ချီ သက်တမ်းရှိပြီး မိုးကြိုးပစ်ခတ်ခြင်း ခံထားရတဲ့ ‘မိုးကြိုးထိမှန်သစ်သားတိုင်’ တွေကိုပါ မကျန်အောင် ဖြုတ်ယူလာခဲ့ပါသေးတယ်... အဲဒီအရာတွေကို... ဂိုဏ်းချုပ်ကြီးအတွက် ကုတင်အသစ်တစ်လုံး လုပ်ဖို့ အသုံးပြုနိုင်တယ်လို့ သူက ပြောပါတယ်”
“ပြီးတော့ ကျန်းရှောင်ရှန်းကလည်း... ဂိုဏ်းချုပ်မိုယာ သီးသန့်သိမ်းဆည်းထားခဲ့တဲ့ ရာစုနှစ်ချီ သက်တမ်းရှိတဲ့ ‘လမင်းတောက်ပပုလဲ’ ကို ခွာယူလာခဲ့ပါသေးတယ်... ၎င်းက လက်သီးဆုပ်တစ်ခုစာလောက် ကြီးမားတာမို့ ညဘက်ဆိုရင် အဓိကနန်းဆောင်တစ်ခုလုံးကို လင်းသွားစေနိုင်ပါတယ်”
“ဂိုဏ်းချုပ်ကြီး ကျွန်တော်တို့တွေ... ပိုက်ဆံအပုံလိုက်ကြီး ရလာခဲ့ပြီ”
ချန်ကျင်းတောက် စာရင်းဇယားစာအုပ်ကို ပိတ်လိုက်မိရင်း မြေပြင်ပေါ်သို့ အားရပါးရ ဦးတိုက်လိုက်တော့သည် ...
“ကျွန်တော်တို့ ချုံးရှင်းဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေက... တစ်ညတာအတွင်းမှာတင် ဝိညာဉ်ကျောက်တုံး ‘တစ်သန်း’ နီးပါးလောက်အထိ တိုးတက်သွားခဲ့ရပါပြီ”
“အချိန်အနည်းငယ်အတွင်းမှာတင်... ကျွန်တော်တို့ သေချာပေါက် နက်မှောင်သစ်တောဂိုဏ်းရဲ့ နေရာကို အစားထိုးနိုင်တော့မှာဖြစ်ပြီး... မိုင်တစ်ရာပတ်လည်မှာ... အစွမ်းထက်ဆုံး ဂိုဏ်းကြီးအဖြစ် ပြောင်းလဲသွားတော့မှာပါ”
အဓိကနန်းဆောင်ကြီးအတွင်း၌... သေလူတစ်ယောက်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်းများ လွှမ်းခြုံသွားခဲ့ရတော့သည်။
ဟုန်အာနျို လူအကြီးတစ်ယောက်ကဲ့သို့ ဖြူစင်စွာ ပြုံးနေခဲ့မိသည်။ ယွဲ့လင်း၏ မျက်ဝန်းအစုံတွင်လည်း ကျေနပ်အားရမှုများ ပြည့်နှက်နေခဲ့ရပြီး... သူမ နောက်ဆုံးတွင်တော့ ဂိုဏ်းကြီး အရှိန်အဟုန်ဖြင့် တိုးတက်လာမည့် မျှော်လင့်ချက်အလင်းတန်းကို မြင်တွေ့လိုက်ရချေပြီ။
သို့သော်လည်း... ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေခဲ့သော ဖန်ယွမ်တစ်ဦးတည်းသာလျှင်... မိမိ၏ လက်ဖဝါးနှင့် ခြေဖဝါးများအားလုံး တစ်စစ အေးစက်လာခဲ့ရတော့သည်။