ဖန်ယွမ်သည် ရှေ့နားတွင် နက်မှောင်သစ်တောဂိုဏ်း၏ ဂိုဏ်းချုပ်မိုယာ ရပ်တန့်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ... အစပိုင်း၌ စိတ်ထဲတွင် အနည်းငယ် ဝမ်းသာသွားခဲ့မိသည်။
သူ့အနေဖြင့် ထိုသူအား တားဆီးကာ ချုံးရှင်းဂိုဏ်းဆီသို့ ပြန်လည်မောင်းနှင်ရန် သို့မဟုတ် စကားနာထိုးဆွပြီး ချုံးရှင်းဂိုဏ်းကို ပြန်သွား၍ ဖျက်ဆီးခိုင်းစေရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း... ဒီမြေခွေးအိုကြီးက အဖွင့်တင်တင် အသက်ဘေးအန္တရာယ်ဖြစ်စေမည့် အဖျက်စွမ်းအားကြီးမားလှသော ‘သေမင်းတမန် တိုက်ကွက်ကြီး’ ကို တိုက်ရိုက် ထုတ်သုံးလာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
အတိုင်းအတာအားဖြင့် ဆယ်လံကျော်ခန့် ကြီးမားလှသော ထိုကျီးကန်းကြီးမှာ... ကောင်းကင်နှင့် လမင်းကြီးကို ကွယ်ပိတ်လျက် အရှိန်အဟုန်ဖြင့် ဖိနှိပ်ကျရောက်လာခဲ့ပြီး...
သူ၏ မျက်နှာထက်သို့ ညှီစော်နံလှသော လေပြင်းများ တိုးဝှေ့လာခဲ့ကာ... သေမင်း၏ ခြိမ်းခြောက်မှုကြီးက သူ၏ နဖူးထက်သို့ တိုက်ရိုက် တိုးဝင်လာခဲ့ချေပြီ
ဖန်ယွမ်တစ်ယောက် ဒီလို အခြေအနေမျိုးကို ဘယ်တုန်းကများ မြင်ဖူးခဲ့လို့လဲ။
သူ့ရဲ့ အတိတ်ဘဝတုန်းက... သူက ကုမ္ပဏီတစ်ခုရဲ့ အောက်ခြေဝန်ထမ်း အလုပ်သမားတစ်ယောက်မျှသာ ဖြစ်ခဲ့ပြီး... ယခုဘဝတွင်လည်း စနစ်ကြောင့်သာ နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေသည့် ‘ကျင့်ကြံသယ’ တစ်ဦးသာ ဖြစ်တာမို့... တိုက်ပွဲဝင် အတွေ့အကြုံဟူ၍ သုညသာ ရှိပေသည်။
သူ အတိတ်က ကျောက်ဝူကျီကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ချက်ချင်း အနိုင်ယူနိုင်ခဲ့ခြင်းမှာ... ထိုသူက ရွှေအမြုတေ အစောပိုင်းအဆင့်၌သာ ရှိနေခဲ့တာမို့ ကျင့်ကြံခြင်းအဆင့်ချင်း အပြတ်အသတ် ကွာခြားလွန်း၍သာ ဖြစ်ပေသည်။
သို့သော်လည်း အခု သူ၏ အရှေ့တွင် ရှိနေသောသူမှာမူ... စစ်မှန်သော နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကြီးတစ်ဦး ဖြစ်သည် သူနှင့် ကျင့်ကြံခြင်းအဆင့်ချင်း တူညီနေခဲ့တာ ဖြစ်ပေသည်
လူတစ်ဦးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည့် အခါမျိုးတွင်... သူတို့၏ ဦးနှောက်မှာ လုံးဝ အလုပ်မလုပ်တော့ဘဲ... ခန္ဓာကိုယ်ကသာ မသိစိတ်၏ လှုံ့ဆော်မှုကြောင့် အလိုအလျောက် တုံ့ပြန်တတ်ကြစမြဲ ဖြစ်သည်။
“အမေရေ... ကယ်ပါဦး ”
ဖန်ယွမ် အားကုန် အော်ဟစ်လိုက်မိရင်း... သူ၏ အသက်ရှင်သန်လိုသော စိတ်ရိုင်းကြီးမှာ အလုံးစုံ ပေါက်ကွဲထွက်ပေါ်လာခဲ့ရတာမို့... ကမန်းကတန်းဖြင့် မိမိ၏ ရင်ဘတ်ကြားထဲသို့ လက်နှိုက်လိုက်တော့သည်။
သူ့ထံတွင် ထျန်းပေါင်နန်းဆောင်ကနေ ဝယ်ယူထားခဲ့ပြီး အသုံးမပြုရသေးသည့် မန္တန်အင်းပြား တစ်ရာခန့် ကျန်ရှိနေသေးကာ... သူတို့အားလုံးမှာ သူ၏ သိုလှောင်အိတ်အတွင်း၌ ရှိနေခဲ့ကြသည်။ သူသည် လှည့်၍ပင် မကြည့်အားတော့ဘဲ... လက်တစ်ဆုပ်စာ အပြည့် ကျုံးနှိုက်ထုတ်ယူလိုက်ရင်း... ရှေ့သို့ ရမ်းသန်း၍ ပစ်ပေါက်ပစ်လိုက်တော့သည်
လက်တစ်ဆုပ်စာ ပစ်ပေါက်ပြီးနောက်တွင်... နောက်ထပ် လက်တစ်ဆုပ်စာ ထပ်မံ၍ နှိုက်ထုတ်ကာ ပစ်ပေါက်ပြန်သည်
ငါးပါးမိုးကြိုးမန္တန်အင်းပြားများ... တောက်လောင်မီးလျှံမန္တန်အင်းပြားများ... ဂန်းသတ္တုဓားဝိညာဉ်မန္တန်အင်းပြားများ... နက်ရှိုင်းရေခဲချပ်ဝတ်ဖောက်ခွဲရေး မန္တန်အင်းပြားများ...
ရာနှင့်ချီသော မန္တန်အင်းပြားများမှာ တရစပ် ထွက်ပေါ်လာခဲ့ကြရပြီး... မိုးသက်မုန်တိုင်းတစ်ခုကဲ့သို့ ကောင်းကင်ယံထက်သို့ ပျံနှံ့သွားခဲ့ကြတော့သည်။
ရောင်စုံမန္တန်အင်းပြား စက္ကူများမှာ ညလေပြင်းအတွင်း၌ တဖျတ်ဖျတ် လှုပ်ခတ်သွားခဲ့ကြရပြီး... ဖန်ယွမ် သူ၏ ခန္ဓာကိုယ်အတွင်းက ဝိညာဉ်စွမ်းအင်များကို အင်းပြားများထက်သို့ အသည်းအသန် လောင်းထည့်လိုက်တော့ရာ... နတ်ဝိညာဉ်အဆင့်၏ လျှံပယ်လှသော ဝိညာဉ်စွမ်းအင်များကြောင့်... မန္တန်အင်းပြားအားလုံးမှာ ချက်ချင်းပင် အသက်ဝင်သွားခဲ့ကြရတော့သည်
ကမ္ဘာမြေကြီး၏ အရောင်အဝါမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရချေပြီ။
ရာနှင့်ချီသော မန္တန်အင်းပြားများမှာ... တစ်ပြိုင်နက်တည်း ဟုန်းခနဲ ပေါက်ကွဲသွားခဲ့ကြတော့သည်
ခရမ်းရောင် မိုးကြိုးများ... ရဲရဲနီသော မီးလျှံများ... ရွှေရောင် ဓားဝိညာဉ်စွမ်းအင်များနှင့် ရေခဲပြာရောင် အေးစက်လှသော အလင်းတန်းများ ... ၎င်းတို့အားလုံးမှာ ရောင်စုံအဖျက်စွမ်းအားလှိုင်းကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့ကြရပြီး... ထိုကြီးမားလှသော ကျီးကန်းကြီး၏ ပုံရိပ်ဆီသို့ ထိပ်တိုက် တိုးဝင်သွားခဲ့ရတော့သည်
ဝုန်း...
ထိုကျီးကန်းကြီး၏ စူးရှလှသော အော်ဟစ်သံကြီးမှာ... ဆက်တိုက် ဖြစ်ပေါ်လာခဲ့သော ပေါက်ကွဲမှုသံကြီးများအောက်တွင် ချက်ချင်းပင် နစ်မြုပ်ကွယ်ပျောက်သွားခဲ့ရတော့သည်။
မန္တန်အင်းပြားများ၏ စွမ်းအင်လှိုင်းကြီးမှာ... ဂိုဏ်းချုပ်မိုယာ၏ နတ်ဆန်သောစွမ်းရည်နှင့် ထိပ်တိုက် တိုးတိုက်မိသွားခဲ့ရချေပြီ အနက်ရောင် ဝိညာဉ်စွမ်းအင်များမှာ ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး... ကျီးကန်းကြီး၏ အတောင်ပံများ ကျိုးပဲ့သွားခဲ့ရကာ... သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ထိုရောင်စုံအလင်းတန်းများအောက်တွင် အပိုင်းပိုင်းအစစ ပြိုလဲပျက်စီးသွားခဲ့ရတော့သည်
“မင်းဆီမှာ... ဘာဖြစ်လို့ မန္တန်အင်းပြားတွေ ဒီလောက်အထိ များနေရတာလဲ” ဂိုဏ်းချုပ်မိုယာ စိတ်ပျက်အားလျော့စွာဖြင့် အော်ဟစ်လိုက်မိတော့သည်။
သူ နှစ်ပေါင်း ငါးဆယ်ကျော်ခန့် ကြိုးပမ်းအားထုတ်ကာ ကျင့်ကြံထားခဲ့ရသော သူ၏ အစွမ်းထက်ဆုံး ဝှက်ဖဲ နတ်ဆန်သော စွမ်းရည်ကြီးမှာ... ရိုးရှင်းလှသော မန္တန်အင်းပြားပုံကြီး၏ ဖိနှိပ်ခြေမှုန်းခြင်းကို ခံလိုက်ရတယ် ဟုတ်လား
ဒါက... အဆင့်မြင့်မန္တန်အင်းပြား ဘယ်နှပြားတောင် ရှိနေလို့လဲ ဒါတွေအတွက်... ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် အကုန်အကျခံထားခဲ့ရတာလဲ။
ဖန်ယွမ်သည်မူ... ဂိုဏ်းချုပ်မိုယာအား တွေးတောရန်အတွက် အချိန်ပေးမနေခဲ့ချေ။ မန္တန်အင်းပြားများ၏ စွမ်းအင်လှိုင်းကြီး ဘုန်းခနဲ ပေါက်ကွဲထွက်ပေါ်နေသည့် အချိန်မှာပင်... သူသည်လည်း ကြောက်ရွံ့စိတ်များကြောင့် မသိစိတ်၏ လှုံ့ဆော်မှုအရ ရှေ့သို့ အလိုအလျောက် ပြေးဝင်သွားခဲ့မိသည်။
နတ်ဝိညာဉ်အဆင့်၏ ဝိညာဉ်စွမ်းအင်များမှာ... သူ၏ လက်သီးဆုပ်နှစ်ဖက်ထက်သို့ အထိန်းအကွပ်မဲ့စွာဖြင့် တိုးဝင်လာခဲ့ကြပြီး... သူသည် လမ်းဘေးက လူမိုက်တစ်ယောက်ကဲ့သို့... ဂိုဏ်းချုပ်မိုယာ၏ ခန္ဓာကိုယ်ထက်သို့ သူ၏ လက်သီးများဖြင့် တစ်ချက်ပြီးတစ်ချက် တရစပ် ထိုးချတော့သည်။
မည်သည့် မန္တန်နည်းစနစ်ကိုမျှ အသုံးမပြုသလို... မည်သည့် နတ်ဆန်သော စွမ်းရည်ကိုမျှလည်း ထုတ်ဖော်ခြင်း မရှိချေ။ အစွမ်းထက်ဆုံးနှင့်... သန့်စင်လှသည့် စွမ်းအားသက်သက်ဖြင့်သာ ထုခွဲနေခြင်း ဖြစ်ပေသည်။
ကျရောက်သွားခဲ့သော လက်သီးချက် တစ်ချက်ချင်းစီတိုင်းတွင်... နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းလှသော ဝိညာဉ်စွမ်းအင် လှိုင်းတံပိုးများ လိုက်ပါသွားခဲ့တာမို့... ဂိုဏ်းချုပ်မိုယာ၏ အရိုးများကို တစ်ချောင်းပြီးတစ်ချောင်း ဘုန်းခနဲ မြည်ဟည်းလျက် ကျိုးပဲ့သွားစေခဲ့တော့သည်။
“မလုပ်... ”
ဂိုဏ်းချုပ်မိုယာ အသက်ဘေးကနေ ကယ်တင်ရန်အတွက် ကရုဏာသက်သက်ဖြင့် အသနားခံရန်ပင် စကားမဆုံးနိုင်ခဲ့ရှာချေ။
ဖန်ယွမ်၏ လက်သီးချက်များမှာ စိုးစဉ်းမျှ ရပ်တန့်ခြင်းမရှိဘဲ... သူ၏ စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာ ကျန်ရှိတော့သည် ...ဒီအရှေ့ကလူကို သေအောင် သတ်ပစ်ရမည်... သို့မဟုတ်ပါက မိမိကိုယ်တိုင် သေဆုံးသွားရပေလိမ့်မည်။
လက်သီးတစ်ချက်... ဂိုဏ်းချုပ်မိုယာ၏ မျက်နှာထက်သို့ ကျရောက်သွားခဲ့ရပြီး... သူ၏ ကာကွယ်ရေး စစ်မှန်သောဝိညာဉ်စွမ်းအင်များကို ရိုက်ခွဲပစ်လိုက်သည်။
လက်သီးနှစ်ချက်... သူ၏ ရင်ဘတ်ထက်သို့ ကျရောက်သွားခဲ့ရကာ... သူ၏ နံရိုးများကို ကျိုးပဲ့သွားစေခဲ့သည်။
လက်သီးသုံးချက်... လေးချက်...
ဖန်ယွမ်၏ မျက်ဝန်းအစုံမှာ ရဲရဲနီနေခဲ့ရပြီး... သူသည် ထိုးနေရင်း အားကုန် အော်ဟစ်လိုက်မိတော့သည် …
“ငါက... မင်းကို ငါ့ရဲ့အိမ်ကို လာပြီး ဖျက်ဆီးခိုင်းရုံသက်သက်ပဲလေ မင်းက ဘာဖြစ်လို့ ထွက်ပြေးနေရတာလဲ မင်းက ဘာဖြစ်လို့... အစွမ်းထက်ဆုံး တိုက်ကွက်ကြီးကို ထုတ်သုံးရတာလဲ”
လက်သီးနှင့် အသားသား ထိခိုက်သံများက တရစပ် ထွက်ပေါ်နေခဲ့သည်။ ပိုက်ဆံသုံးထားတဲ့ မန္တန်အင်းပြားပုံကြီးနှင့် ကျင့်ကြံခြင်းအဆင့် တူညီလှသော အင်အားကြီးမားလှသည့် လက်သီးချက်များ၏ ရှေ့မှောက်တွင်မူ... ဂိုဏ်းချုပ်မိုယာအနေဖြင့် ကြံ့ကြံ့ခံနိုင်စွမ်း လုံးဝ မရှိတော့ချေ။
ဘုန်း...
သူ၏ ရုပ်ခန္ဓာကြီးမှာ... လေထုထဲတွင်တင် ဘုန်းခနဲ ပေါက်ကွဲသွားခဲ့ရတော့ရာ... သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။ စုတ်ပြဲနေသော ဝတ်ရုံစများနှင့် သိုလှောင်လက်စွပ် အနည်းငယ်မှာ... မြေပြင်ထက်သို့ တောက်တောက်တောက်တောက်နှင့် လွင့်စင်ကျန်ရစ်ခဲ့ကြတော့သည်။
ညကောင်းကင်ယံကြီးမှာမူ... တစ်ဖန်ပြန်လည်၍ တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ သက်ဆင်းသွားခဲ့ရချေပြီ။
ဖန်ယွမ် လေထုထဲတွင် ဝဲပျံနေခဲ့မိရင်း... သူ၏ လက်သီးချက် ထိုးနေသည့် ပုံစံအတိုင်း မတ်တပ်ရပ်နေမိဆဲ ဖြစ်ကာ... သူ၏ လက်သီးဆုပ်နှစ်ဖက်မှာမူ အနည်းငယ် တုန်ရီနေခဲ့မိသေးသည်။ လန်းဆတ်လှသော သွေးစက်များမှာ... သူ၏ လက်ချောင်းကြားကနေ တစ်စက်ချင်းစီ စီးကျနေခဲ့ကြပြီး... လရောင်အောက်တွင် အလွန်အမင်း ထင်ရှား ဖြာထွက်နေခဲ့ကြသည်။ ထိုအရာမှာ... ဂိုဏ်းချုပ်မိုယာ၏ သွေးစက်များပင် ဖြစ်ပေသည်။
ဖန်ယွမ် မိမိ၏ လက်ဖဝါးနှစ်ဖက်ကို ငေးကြည့်လိုက်မိရင်း... သူ၏ ဦးနှောက်ကြီးတစ်ခုလုံး ဗြောင်းဆန်သွားခဲ့ရတော့သည်။
‘ငါ... နောက်တစ်ယောက်ကို ထပ်ပြီး သတ်မိပြန်ပြီ’
’ငါက... သူ့ကို ဂိုဏ်းကို ပြန်သွားပြီး အဆောက်အဦးတွေကို ဖျက်ဆီးခိုင်းဖို့ပဲ ရည်ရွယ်ခဲ့တာလေ’
’ငါ ဘယ်လိုလုပ်ပြီး... သူ့ကို ထပ်ပြီး သတ်မိသွားရတာလဲ’
ဖန်ယွမ်၏ မျက်ဝန်းအစုံမှာ ဆက်တိုက် လှုပ်ခတ်သွားခဲ့ရပြီး... အတိတ်ကထက် ပိုမိုပြင်းထန်လှသော ကြောက်ရွံ့စိတ်ကြီးတစ်ခုမှာ သူ၏ နှလုံးသားအတွင်းသို့ တိုးဝင်လာခဲ့ပြန်သည်။
‘သူ သေသွားတာကပဲ... ပိုပြီး ကောင်းပါတယ်လေ... သို့မဟုတ်ရင်... သေသွားတဲ့သူက ငါကိုယ်တိုင် ဖြစ်နေမှာ ဒါက... အားနည်းသူကို အားကြီးသူက ဖိနှိပ်တတ်တဲ့ ကျင့်ကြံခြင်း ကမ္ဘာကြီးပဲလေ... ရန်သူတွေရဲ့ သေခြင်းရှင်ခြင်းကို... စိတ်ထဲမှာ အလွန်အမင်း အလေးအနက် ထားမနေနဲ့တော့’
သူ အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်မိရင်း... သူ၏ လက်သီးဆုပ်နှစ်ဖက်ကို ဖြည်းညှင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်ကာ... သူ၏ နောက်ကျောဘက်တွင် ပူးကပ်ထားလိုက်တော့သည်။
အဝေးတစ်နေရာတွင်မူ... ချုံးရှင်းဂိုဏ်း တပည့်များ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေကြရသော နက်မှောင်သစ်တောဂိုဏ်း၏ အကြီးအကဲနှင့် တပည့်များမှာ... ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ နေရာတင်တင် ကျောက်ရုပ်များကဲ့သို့ ဆွံ့အမှင်တက်သွားခဲ့ကြရတော့သည်။
သူတို့၏ လက်ထဲတွင် ရှိနေခဲ့ကြသော ဝိညာဉ်လက်နက်များမှာလည်း မြေပြင်ပေါ်သို့ ကလင်ကလင်နှင့် လွင့်စင်ကျသွားခဲ့ကြရပြီး... သူတို့အားလုံးမှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြမိရင်း သူတို့၏ ဦးခေါင်းများကို တင်းတင်းဆုပ်ကိုင်ထားခဲ့ကြတော့သည်။
ဂိုဏ်းချုပ်မိုယာ... သေဆုံးသွားခဲ့ရချေပြီ။
မိုင်တစ်ရာပတ်လည်တွင် အစွမ်းထက်ဆုံးဖြစ်သော ဂိုဏ်းကြီး၏ ခေါင်းဆောင်ကြီးမှာ... မည်သည့် နောက်ဆုံးစကားတစ်ခွန်းမျှပင် ချန်ထားရစ်ခဲ့နိုင်ခြင်း မရှိဘဲ... ညကောင်းကင်ယံထက်တွင် သွေးမြူခိုးများအဖြစ် ပြောင်းလဲပျက်စီးသွားခဲ့ရချေပြီ။ သူတို့အနေဖြင့်... ဘယ်ကိုများ ထပ်ပြီး ထွက်ပြေးနိုင်ပါ့ဦးမလဲ။
လက်နက်ချ အရှုံးပေးရန်သာ... ရှိတော့သည်။
ပြီးတော့ လိုက်လံတိုက်ခိုက်နေခဲ့ကြသော ချုံးရှင်းဂိုဏ်း၏ တပည့်များမှာလည်း... မိမိတို့၏ ခြေလှမ်းများကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်ကြမိတော့သည်။
သူတို့သည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေခဲ့ကြရပြီး... သူတို့၏ အကြည့်များမှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ လက်နက်ချနေကြသော စစ်သည်တော်များကို ကျော်ဖြတ်လျက်... ညကောင်းကင်ယံထက်က ဝတ်ရုံဖြူပုံရိပ်ဆီသို့ စူးစိုက်ကြည့်ရှုလိုက်ကြမိသည်။
ညကောင်းကင်ယံ၏ အထက်တွင်မူ... သူတို့၏ ဂိုဏ်းချုပ်ကြီးသည် သူ၏ လက်နှစ်ဖက်ကို နောက်ကျောတွင် ပူးကပ်ထားခဲ့ရင်း...
ဟင်းလင်းပြင်ကြီးအတွင်း၌ တစ်ကိုယ်တော်တည်း မတ်တပ်ရပ်နေခဲ့သည်။ လေပြင်းများက ဖန်ယွမ်၏ ဝတ်ရုံစများကို တိုးဝှေ့တိုက်ခတ်နေခဲ့တာမို့...
သွေးစွန်းနေသော ဝတ်ရုံအနားသတ်များမှာ ညကောင်းကင်ယံထက်တွင် ညင်သာစွာ လှုပ်ခတ်နေခဲ့ကြသည်။ ကမ္ဘာမြေပြင်ပေါ်သို့ သက်ဆင်းလာခဲ့သော... မြင့်မြတ်လှပြီး အေးစက်လွန်းလှသည့် အင်မော်တယ် တစ်ပါးကဲ့သို့ပင် ဖြစ်ပေသည်
ထိုမြင်ကွင်းမှာ... သူတို့၏ မျက်ဝန်းအစုံ၏ အနက်ရှိုင်းဆုံးနေရာတွင် အစားထိုးမရနိုင်အောင် ရိုက်နှိပ်ခြင်း ခံလိုက်ရပြီး... သူတို့၏ စိတ်အာရုံအတွင်း၌ အမြဲတစေ စွဲထင်ကျန်ရစ်ခဲ့ရတော့သည်။
“ဂိုဏ်းချုပ်ကြီး... သက်တော်ရာကျော်... အောင်မြင်ပါစေ”
မည်သူက စတင်၍ အော်ဟစ်လိုက်မှန်း မသိရချေ။ သို့သော်လည်း ချက်ချင်းဆိုသလိုပင်... ရာနှင့်ချီသော အော်ဟစ်သံကြီးများမှာ စွမ်းအင်လှိုင်းကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့ရပြီး ညကောင်းကင်ယံကြီးကို ဖောက်ထွက်သွားခဲ့တော့သည် ...
“ဂိုဏ်းချုပ်ကြီး သက်တော်ရာကျော်ရှည်ပြီး အောင်မြင်ပါစေ ဂိုဏ်းချုပ်ကြီး သက်တော်ရာကျော်ရှည်ပြီး အောင်မြင်ပါစေ”
ချုံးရှင်းဂိုဏ်း၏ တပည့်အချို့မှာ မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြမိရင်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် စီးကျလာခဲ့ကြရကာ... အချို့မှာမူ စိတ်ဓာတ်များ တက်ကြွလွန်းလှသဖြင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့ကြရှာသည်။
လူတိုင်း၏ နှလုံးသားအတွင်း၌ ဖန်ယွမ်အပေါ် အတိုင်းအဆမဲ့လှသော ကြည်ညိုလေးစားမှုများ ပြည့်နှက်သွားခဲ့ရချေပြီ။ ဖန်ယွမ်သည် သူတို့၏ ဂိုဏ်းချုပ်ကြီးသာမကဘဲ... သူတို့၏ နှလုံးသားအတွင်းက နတ်တစ်ပါးလည်း ဖြစ်ပေသည်။
ယွဲ့လင်း လေထုထဲတွင် ဝဲပျံနေခဲ့မိရင်း... ထိုဝတ်ရုံဖြူပုံရိပ်ကို ငေးကြည့်လိုက်မိသည်။ ဒီစက္ကန့်ပိုင်းတွင်... ဖန်ယွမ်ကို ကြည့်ရသည်မှာ အလွန်အမင်း အထီးကျန်နေခဲ့ပြီး... လေးလံလွန်းလှသည့်အလား ထင်မှတ်ရပေသည်။ ဂိုဏ်းတစ်ခုလုံး၏ အလေးအပင်ကြီးကို... သူတစ်ဦးတည်း၏ ပုခုံးထက်တွင် ထမ်းပိုးထားရသည့်အလားပင် ဖြစ်ပေသည်။
‘နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို တစ်ကိုယ်တော်တည်း ရင်ဆိုင်ခဲ့ပြီး... အန္တရာယ်အရှိဆုံး ရန်သူကို အဝေးသို့ ဆွဲခေါ်သွားခဲ့ကာ... ဒီအသက်ဘေးအန္တရာယ်ရှိတဲ့ တိုက်ပွဲကြီးကို သူတစ်ယောက်တည်း ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တာပဲ’
ယွဲ့လင်း၏ နှလုံးသားတစ်ခုလုံး တင်းကျပ်သွားခဲ့ရပြီး... သူမ၏ မျက်ဝန်းအစုံမှာလည်း ရဲရန်းလာခဲ့ရတာမို့... သူမ၏ ဦးခေါင်းကို အသာအယာ လွဲဖယ်လိုက်မိတော့သည် ...
‘ဂိုဏ်းချုပ်... ရှင်က တကယ်ပဲ ပြောင်းလဲသွားခဲ့တာပဲလား…:
လေထုထဲတွင်မူ... ဖန်ယွမ်၏ ခန္ဓာကိုယ်မှာ ဖြည်းညှင်းစွာ မြေပြင်ပေါ်သို့ သက်ဆင်းလာခဲ့သည်။
တပည့်များအားလုံးမှာ အရူးအမူး ဖြစ်သွားခဲ့ကြရပြီး ရှေ့သို့ တိုးဝင်လာခဲ့ကြကာ... သူတို့၏ ပြိုင်ဘက်ကင်း ဂိုဏ်းချုပ်ကြီး၏ အနားသို့ အသည်းအသန် ချဉ်းကပ်ရန် ကြိုးပမ်းကြတော့သည်။
သို့သော်လည်း... လူအုပ်ကြီး၏ အလယ်တွင် မတ်တပ်ရပ်နေခဲ့သော ဖန်ယွမ်မှာမူ... မိမိ စိတ်ကူးတွေးတောထားခဲ့ဖူးသော ပျော်ရွှင်မှုမျိုးကို စိုးစဉ်းမျှ မခံစားရချေ။
သူသည် မန္တန်အင်းပြားလှိုင်းကြီးနှင့် မိမိ၏ လက်သီးချက်များကြောင့် ဘုန်းခနဲ ပေါက်ကွဲထွက်ပေါ်သွားခဲ့ရသော ကြီးမားလှသည့် ချိုင့်ခွက်ကြီးကို စိုက်ကြည့်နေမိရင်း... သူ၏ မျက်နှာထက်က အမူအရာမှာ... စိတ်သက်သာရာရမှုလား သို့မဟုတ် စိတ်ပျက်အားလျော့မှုလားဆိုတာကို ခွဲခြားရန် အလွန်အမင်း ခက်ခဲလှပေသည်။
ရန်သူကို ဆွဲခေါ်လာပြီး ချုံးရှင်းဂိုဏ်းကို ပျက်စီးစေမည့် သူ၏ အစီအစဉ်ကြီးမှာ... နောက်ဆုံးတွင်တော့ ကျဆုံးသွားခဲ့ရချေပြီ။ ဂိုဏ်း၏ အဆောက်အဦးများဆီက ဆံပင်တစ်ချောင်းစာမျှသော အစိတ်အပိုင်းပင်လျှင်... ပျောက်ဆုံးသွားခဲ့ခြင်း မရှိချေ။ ဝိညာဉ်ကျောက်တုံး သုံးသန်းဖိုး အကုန်အကျခံရမည့် တာဝန်ကြီးမှာလည်း... အခုအချိန်အထိ ရှစ်သိန်းခန့် လိုအပ်နေဆဲ ဖြစ်ပေသည်။
ညလေပြင်းများ တိုးဝှေ့တိုက်ခတ်လာခဲ့ပြီး... ဖန်ယွမ် သူ၏ မျက်ဝန်းအစုံကို စုံမှိတ်ထားလိုက်မိကာ... သူ၏ ဦးခေါင်းကို နောက်သို့ အနည်းငယ် လှန်လိုက်ရင်း... အသံကျယ်ကျယ်ဖြင့် ငိုကြွေးမမိစေရန်အတွက် အစွမ်းကုန် အောင့်အည်းသည်းခံထားလိုက်ရတော့သည်။
“ဂိုဏ်းချုပ်ကြီး” ချန်ကျင်းတောက် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ မြန်ဆန်လှသောအရှိန်ဖြင့် ဖန်ယွမ်၏ ခြေလှမ်းအနားသို့ ဒူးထောက်လျက် တိုးဝင်လာခဲ့ပြီး... ရှိုက်ကြီးတငင် ငိုကြွေးရင်း သူ၏ ခြေထောက်ကို တင်းတင်းဖက်ထားလိုက်တော့သည် ...
“ နက်မှောင်သစ်တောဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သေပြီ... ဒီလို ကြီးကျယ်ခမ်းနားလှတဲ့ အောင်မြင်မှုကြီးက... သေချာပေါက် မိုင်တစ်ရာပတ်လည်မှာ ပျံနှံ့သွားတော့မှာပဲ ကျွန်တော်တို့ရဲ့ ချုံးရှင်းဂိုဏ်းက... အခုအချိန်ကစပြီး သေချာပေါက် ကျော်ကြားလာတော့မှာ”
“လက်ကို လွှတ်စမ်း"
ဖန်ယွမ် မိမိ၏ ပေါင်ကို ဖက်၍ ငိုကြွေးနေသော ချန်ကျင်းတောက်ကို ငုံ့ကြည့်လိုက်မိရင်း... သူ၏ လေသံမှာ အလွန်အမင်း မောပန်းနွမ်းနယ်နေခဲ့ချေပြီ။
‘ကျော်ကြားလာတာက ကောင်းတဲ့အရာ ဟုတ်လို့လားကွာ အဲဒီလို ကျော်ကြားလာရင်... ဂိုဏ်းရဲ့ အင်အားက ပိုပြီးတော့တောင် တိုးတက်လာဦးမှာလေ…’
သူ ချန်ကျင်းတောက်ကို ခြေထောက်ဖြင့် ကန်ကျောက်၍ ဖယ်ရှားပစ်ရန် ပြင်ဆင်လိုက်စဉ်မှာပင်... တပည့်ဖြစ်သူ ဟုန်အာနျိုသည် ဓားတစ်စင်းကို ကိုင်ဆောင်လျက် လျှောက်လှမ်းလာခဲ့သည်။
“ဂိုဏ်းချုပ်... နက်မှောင်သစ်တောဂိုဏ်းက လူအုပ်ကြီးတစ်ခုလုံး လက်နက်ချ အရှုံးပေးလိုက်ကြပါပြီ။ ကျွန်တော်တို့ သူတို့ကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းရမလဲ”
ဖန်ယွမ် သက်ပြင်းတစ်ချက် အားရပါးရ ချလိုက်မိရင်း... အဝေးတစ်နေရာတွင် ဒူးထောက်နေကြသော နက်မှောင်သစ်တောဂိုဏ်း၏ ကျန်ရှိနေသေးသော လူအုပ်ကြီးကို လှမ်း၍ ကြည့်ရှုလိုက်ကာ... သူ၏ စိတ်ထဲ ဗြောင်းဆန်နေခဲ့ရချေပြီ။
“သူတို့ကို စစ်ဆေးမေးမြန်းလိုက်ပါ။ တကယ်လို့ သူတို့မှာ ပြစ်မှုတွေ ကျူးလွန်ထားခဲ့တာ ရှိရင်... သတ်ပစ်လိုက်ပါ။ တကယ်လို့ သူတို့က ဘာမကောင်းမှုမှ မလုပ်ထားခဲ့ဘူးဆိုရင်တော့... လွှတ်ပေးလိုက်ပါ"
ဟုန်အာနျို ခေါင်းညိတ်လိုက်မိရင်း... လှည့်ထွက်သွားခဲ့ကာ... တပည့် အနည်းငယ်ကို ဦးဆောင်လျက် လက်နက်ချထားသော နက်မှောင်သစ်တောဂိုဏ်းက လူများဆီသို့ လျှောက်လှမ်းသွားခဲ့တော့ရာ... မကြာမီမှာပင် ထိုနေရာ၌ သွေးစွန်းသော စစ်ဆေးမှုများ ဖြစ်ပေါ်လာခဲ့တော့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင်... ယွဲ့လင်း လေထုထဲကနေ ဆင်းသက်လာခဲ့ပြီး ဖန်ယွမ်၏ အရှေ့သို့ တိုက်ရိုက် လျှောက်လှမ်းလာခဲ့သည်။ သူမ အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်မိရင်း... သူမ၏ သာမန်အချိန်ကကဲ့သို့ တည်ငြိမ်အေးဆေးလှသော ပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်တော့သည် ...
“ဂိုဏ်းချုပ်... ကျင့်ကြံခြင်း ကမ္ဘာကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ... ကျွန်မတို့ဘက်က နက်မှောင်သစ်တောဂိုဏ်းကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာမို့... ကျွန်မတို့အနေနဲ့ နက်မှောင်သစ်တောဂိုဏ်းရဲ့ နယ်မြေနဲ့ ရတနာအားလုံးကို သိမ်းပိုက်ပိုင်ခွင့် ရှိပါတယ်။ ဂိုဏ်းချုပ်အနေနဲ့ ဘာများ မိန့်ကြားချင်ပါသလဲ...”
ဖန်ယွမ်၏ မျက်ခွံများ ဆက်တိုက် တုန်ရီသွားခဲ့ရသည်။
‘သိမ်းပိုက်မယ် ဟုတ်လား’
‘သိမ်းပိုက်စရာ ရှိတာကို သွားသိမ်းလိုက်စမ်းပါကွာ’
‘ငါက... ငါ့ရဲ့ကိုယ်ပိုင်ဂိုဏ်းကိုတောင် ကောင်းကောင်း မစီမံနိုင်သေးဘူး... မင်းတို့လိုမျိုး မြေးခွေးလိုကောက်ကျစ်လှတဲ့ တပည့်တစ်စုကလည်း... ငါ့အတွက် ပြဿနာတွေကို အမြဲတစေ ရှာဖွေပေးနေကြပြီး... ငါ့ရဲ့ အင်အားကို တရစပ် ထိုးတက်အောင် လုပ်နေကြတာလေ... ဒါကို ငါ့မှာ... အခြားဂိုဏ်းတစ်ခုကို စီမံခန့်ခွဲဖို့အတွက် အချိန်အား ရှိနေဦးမှာတဲ့လား’
‘ငါ... တကယ်ကို ပင်ပန်းနေပြီ’
“သိမ်းပိုက်ဖို့ မလိုအပ်ပါဘူး… ကျန်တဲ့ ကိစ္စရပ်တွေကို... မင်းတို့ဘာသာ မင်းတို့ ဆုံးဖြတ်ချက် ချလိုက်ကြပါ… ငါ... အရင်ဆုံး ဂိုဏ်းကို ပြန်နှင့်မယ်"
ဤစကားလုံးများကို ချန်ထားရစ်ခဲ့ပြီးနောက်... ဖန်ယွမ် သူ၏ မောပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲခေါ်လိုက်ရင်း... ချုံးရှင်းဂိုဏ်း တည်ရှိရာ အရပ်မျက်နှာဆီသို့ ခြေလှမ်းတစ်လှမ်းချင်းစီ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့တော့သည်။
သူ၏ နောက်ကျောပုံရိပ်မှာမူ... တပည့်များ၏ မျက်ဝန်းထဲတွင်... “ကိစ္စရပ်အားလုံး ပြီးမြောက်သွားခဲ့ပြီးနောက်တွင်... မိမိ၏ အမည်နာမနှင့် ရုပ်ပုံကို ဖျောက်ကွယ်လျက် ဆုတ်ခွာသွားခဲ့သော” အနှိုင်းမဲ့ ကျွမ်းကျင်သူကြီးတစ်ဦး၏ ခန့်ညားထည်ဝါလှသော ဟန်ပန်အမူအရာအဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။
ယွဲ့လင်း အမိန့်ကို လက်ခံရရှိလိုက်ပြီးနောက်... ခေတ္တမျှ တွေးတောမိလိုက်ကာ... ထို့နောက်တွင်မူ စိတ်လှုပ်ရှားနေကြဆဲဖြစ်သော တပည့်များကို လှည့်၍ ကြည့်ရှုလိုက်တော့သည် ...
“ဟုန်အာနျို …ချန်ကျင်းတောက်”
“ရှိပါတယ်” ထိုနှစ်ဦးလုံး တညီတညွတ်တည်း ပြန်လည် ထူးလိုက်ကြသည်။
“လူတွေကို စုစည်းလိုက်ကြပြီး... ငါနဲ့အတူ နက်မှောင်သစ်တောဂိုဏ်းဆီသို့ လိုက်ခဲ့ကြစမ်း” ယွဲ့လင်း သူမ၏ ရှည်လျားလှသော ဓားကြီးကို ဆွဲထုတ်လိုက်မိရင်း... ဓား၏ ထိပ်ဖျားကို ညကောင်းကင်ယံထက်သို့ တိုက်ရိုက် ပစ်မှတ်ထားလိုက်တော့သည် ... “ဂိုဏ်းချုပ်ကြီးက... နက်မှောင်သစ်တောဂိုဏ်းကို သိမ်းပိုက်ဖို့ စိတ်မဝင်စားဘူးဆိုမှတော့... ငါတို့တွေ... နက်မှောင်သစ်တောဂိုဏ်းရဲ့ အိမ်ကို သွားပြီး ဓားပြတိုက် (လုယက်) ကြရအောင်”
“ဓားပြတိုက်ကြမယ်”
တပည့်များအားလုံး၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများ ဖြာထွက်သွားခဲ့ရပြီး... သူတို့အားလုံး အားကုန် ဟစ်အော်ကြရင်း... တစ်ညတာအတွင်းမှာပင် နက်မှောင်သစ်တောဂိုဏ်း တည်ရှိရာ အရပ်မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ကြတော့သည်။
အခြားတစ်ဖက်တွင်မူ... ချုံးရှင်းဂိုဏ်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သော ဖန်ယွမ်သည်... လေ့ကျင့်ရေးကွင်းပြင်ကြီး၏ အလယ်တွင် တစ်ကိုယ်တော်တည်း စိတ်ပျက်အားလျော့စွာဖြင့် ထိုင်နေခဲ့မိသည်။
တစ်ခုတည်းသော အစိတ်အပိုင်းမျှပင် ပျက်စီးခြင်းမရှိဘဲ အကောင်းပကတိအတိုင်း တည်ရှိနေဆဲဖြစ်သော ဂိုဏ်း၏ အဓိကနန်းဆောင်များနှင့် တင်းယွီအဆောင်တို့ကို ငေးကြည့်လိုက်မိရင်း... သူသည် တစ်ကိုယ်တော်တည်း စိတ်ဒဏ်ရာ ရနေတော့သည်...
တကယ်လို့သာ... သူ့အနေဖြင့် မိမိ၏ မြေခွေးလို တပည့်တစ်စုမှာ... နက်မှောင်သစ်တောဂိုဏ်းဆီသို့ သွားရောက်ကာ ရတနာအားလုံးကို လုယက်ရန် ပြင်ဆင်နေကြကြောင်း ကြိုတင်သိရှိထားခဲ့ပါက... သူ သေချာပေါက် သူတို့အားလုံးကို တားဆီးမိမည် ဖြစ်ပေသည်။
သို့သော်လည်း... ဝမ်းနည်းစရာကောင်းလှသည်မှာ... သူ ကြိုတင်၍ လုံးဝ မသိရှိထားခဲ့မိချေ။