ဖန်ယွမ်တစ်ယောက် ဝေခွဲမရဖြစ်ပြီး တိတ်ဆိတ်နေစဉ်မှာပင်။
ဆင်းရဲနွမ်းပါးလှသော စာပေသမား ချန်ကျင်းတောက်၏ မျက်ဝန်းများသည် နောက်ထပ်တစ်ကြိမ် တောက်ပလာခဲ့ပြန်သည်။
ဂိုဏ်းချုပ်ဖန်က လူတိုင်းကို လက်ခံဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပြီးပြီ။ လူတိုင်းကလည်း ဂိုဏ်းဝင်ကြေးတွေကို အသီးသီး ထုတ်ပြနေကြပြီ။ ဒါကို ဂိုဏ်းချုပ်က ဘာဖြစ်လို့ ဘာစကားမှမဆိုဘဲ ငြိမ်သက်နေရတာလဲ။
သူ့ဦးနှောက်ထဲသို့ အတွေးသစ်တစ်ခု လျှပ်ကနဲ ဝင်ရောက်လာခဲ့ပြန်သည်။
သူ နောက်ထပ်တစ်ကြိမ် သဘောပေါက်သွားခဲ့ပြန်ပြီ။
သေချာတယ်…လူတိုင်းပေးတဲ့ ဂိုဏ်းဝင်ကြေးက နည်းလွန်းလို့ ဖြစ်ရမယ်။ အဲဒါကြောင့် ဂိုဏ်းချုပ်ဖန် ဒေါသထွက်နေတာ။
"အားလုံးပဲ… ငါ့စကားကို ခဏလောက် နားထောင်ကြစမ်း"
ချန်ကျင်းတောက်သည် ရှေ့သို့ ထပ်မံတိုးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဂိုဏ်းချုပ်ဖန်က တပည့်လက်ခံတဲ့နေရာမှာ နောက်ခံနဲ့ ပါရမီကို မကြည့်ဘူး... စိတ်ဓာတ်ကိုပဲ ကြည့်တာ… လောကမှာရှိတဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေထဲမှာ ဒီလို ကရုဏာကြီးမားတဲ့ ဂိုဏ်းချုပ်မျိုးက ရှားမှရှားပဲ"
"ဒါပေမဲ့ မင်းတို့ ဒါကို စဉ်းစားဖူးကြလား။ အင်မော်တယ်လမ်းစဉ်ကို လိုက်စားချင်တဲ့သူတွေက မရေမတွက်နိုင်အောင် များပြားလှတာ…ငါတို့က ဂိုဏ်းချုပ်ဖန်ရဲ့ မျက်နှာသာပေးမှုကို ရလို့ ဒီလိုလွယ်လွယ်ကူကူ ဂိုဏ်းထဲဝင်ခွင့်ရတာကို ငါတို့က ဘာပြန်လုပ်ရမှာလဲ"
"ငါတို့က လူမှုရေးနားလည်ပြီး ဂိုဏ်းဝင်ကြေးကို ပိုပြီး ပေးဆောင်ရမှာ မဟုတ်ဘူးလား"
သူသည် စကားကို ခဏဖြတ်ကာ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး ငွေစများနှင့် ဝိညာဉ်ကျောက်တုံးများကို ကိုင်ထားကြသော သူများကို စိတ်ပျက်လက်ပျက်ဖြင့် လက်ညှိုးထိုးပြလိုက်သည်။
"မင်းတို့ကို မင်းတို့ ပြန်ကြည့်ကြစမ်း ငွေပြားအနည်းငယ်လောက်နဲ့ အပြင်စည်းတပည့် ဖြစ်ချင်နေကြတယ် ဟုတ်လား… အနိမ့်စား ဝိညာဉ်ကျောက်တုံးတစ်တုံးတည်းနဲ့ အတွင်းစည်းတပည့် ဖြစ်ဖို့ အိမ်မက်မက်နေကြတယ်ပေါ့"
"ဒါက ဂိုဏ်းချုပ်ဖန်ရဲ့ ကျင့်ကြံခြင်းကျေးဇူးကို တုံ့ပြန်တဲ့ ပုံစံလား… ဒါက ကျေးဇူးကို စော်ကားတာပဲ... ကောင်းမှုကို မကောင်းမှုနဲ့ တုံ့ပြန်တာပဲ"
"ငါတို့တွေ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆင်ခြင်သင့်တယ်"
ချန်ကျင်းတောက်သည် ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှုလိုက်ရာ စိတ်လှုပ်ရှားပြီး ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံများကို ထပ်မံနှိုက်ယူနေကြသူများကို မြင်တွေ့ရသဖြင့် သူ၏မျက်ဝန်းထဲတွင် ထောက်ခံသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
"ဂိုဏ်းချုပ်ဖန် အခုလို တိတ်ဆိတ်နေတာက ငါတို့ရဲ့ 'စိတ်ရင်းမှန်' ကို ဒုတိယအကြိမ် စစ်ဆေးနေတာပဲ… အားလုံးပဲ... ဂိုဏ်းချုပ်ကို စိတ်ပျက်အောင် မလုပ်ကြပါနဲ့"
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် အောက်ဘက်ရှိ လူအုပ်ကြီးသည် အမှန်တရားကို ရုတ်တရက် သဘောပေါက်သွားကြတော့သည်။ လွန်ဆွဲနေခဲ့ကြသော သူများသည်လည်း သူတို့၌ ရှိသမျှ ပိုင်ဆိုင်မှုအားလုံးကို တွန့်ဆုတ်ခြင်းမရှိဘဲ ထုတ်ယူကြတော့သည်။
မှန်ပေသည်…
စိတ်ဓာတ်အဆင့်က အောင်မြင်သွားပြီဆိုတော့ စိတ်ရင်းမှန်မှုကလည်း လိုက်ပါနိုင်ရမည်။
လောကတွင် အလကားရသောအရာ မရှိပေ ဂိုဏ်းချုပ်ဖန်က နောက်ခံနှင့် ပါရမီကို မကြည့်ဘဲ တပည့်လက်ခံနေမှတော့ မိမိတို့ဘက်က ပိုမိုကြီးမားသော တန်ဖိုးကို ဘာကြောင့် မပေးဆပ်နိုင်ရပါမည်နည်း။
"ကျွန်တော့်မှာ ငွေပြား တစ်ရာ ရှိပါတယ်... ဒါ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု အားလုံးပါပဲ"
"ကျွန်တော့်မှာ အနိမ့်စား ဝိညာဉ်ကျောက်တုံးတစ်တုံး ရှိပါတယ်... ဒါက အဖေချန်ထားခဲ့တဲ့ အမွေပါ ဒီနေ့မှာတော့ ဒါကို ဂိုဏ်းထံ ဆက်သပါရစေ"
"ကျွန်မ... ကျွန်မမှာ ဘာမှမရှိပါဘူး... ဒါပေမဲ့ ကျွန်မမှာ ခွန်အားရှိပါတယ်… ကျင့်ကြံခွင့်ရဖို့အတွက်ဆိုရင် ဂိုဏ်းထဲမှာ ကျွန်အဖြစ်နဲ့ဖြစ်ဖြစ် အစေခံအဖြစ်နဲ့ဖြစ်ဖြစ် လုပ်ပါ့မယ်ရှင်"
ပိန်လှီလှသော မိန်းကလေးငယ်လေး လင်းမြောင်မြောင်သည် တခြားသူများ ပစ္စည်းများ ထုတ်ပေးနိုင်ကြသည်ကို မြင်သောအခါ အလွန်အမင်း ပူပန်သွားပြီး မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားခဲ့ရကာ၀င် ပြောသည်။
လူအုပ်ကြီး၏ အခြားတစ်ဖက်တွင်မူ ဟုန်အာနျိုသည် သူ၏ရင်ခွင်ထဲမှ သိုလှောင်အိတ်ငယ်လေးကို တိုးတိုးလေး ထုတ်ယူလိုက်သည်။ ဒါက သူ၏ နောက်ဆုံး စုဆောင်းမှုပင် ဖြစ်သည်။
သူ့မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိသော်လည်း မျက်ဝန်းများမှာမူ အလွန်ပင် တည်ကြည်နေသည်။
သူသည် ဂိုဏ်းပေါင်းများစွာက တပည့်များထံမှ နည်းမျိုးစုံဖြင့် ပိုက်ဆံညှစ်နေကြသည်ကို မြင်တွေ့ခဲ့ဖူးသည်။ ဂိုဏ်းဝင်ကြေး... ကျင့်စဉ်ကြေး... ဆေးလုံးကြေး... ဟူ၍ မကုန်နိုင်မခမ်းနိုင် ရှိလှသည်။
သူ့အမြင်တွင် ချုံးရှင်းဂိုဏ်း၏ လုပ်ရပ်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်သော်လည်း အနည်းဆုံးတော့... အတန်ငယ် ပွင့်လင်းရိုးသားမှု ရှိပေသည်။
ချန်ကျင်းတောက် ပြောနေသည်ကို ကြားပြီးနောက် စင်မြင့်ထက်ရှိ ဖန်ယွမ်မှာမူ လုံးဝ ဆွံ့အသွားခဲ့ရသည်။
"???"
‘မဟုတ်ဘူးလေ... စိတ်ရင်းမှန် ဟုတ်လား…ဘာစိတ်ရင်းမှန်လဲကွ’
’အဆွေတော်... မင်း ခေါင်းထဲမှာ တစ်ခုခု ချို့ယွင်းနေတာလား’
’ငါက ဂိုဏ်းကို ပျက်စီးအောင် လုပ်မလို့ပါဆို။ ငါက ဝင်ငွေရှာနေတာ မဟုတ်ဘူး’ စိတ်ထဲတွင် ဗလောင်ဆူသွားသည်။
သူ ဘာဖြစ်နေမှန်း သဘောမပေါက်ခင်မှာပင် သူ၏ဘေးနားရှိ ယွဲ့လင်၏ မျက်နှာထက်တွင် "ငါထင်တဲ့အတိုင်းပဲ" ဟူသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
သူမသည် ဖန်ယွမ်ကို ကြည့်လိုက်ရာ သူမ၏မျက်ဝန်းထဲရှိ ဝေခွဲမရခြင်းများသည် ခဏချင်းမှာပင် ပျောက်ကွယ်သွားပြီး ပိုမိုနက်ရှိုင်းသော အထင်သေးမှုများဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။
‘ဟက်... ကောက်ကျစ်လွန်းတယ်’
‘ပထမဆုံး 'စိတ်ဓာတ်သီအိုရီ' ကို သုံးပြီး နောက်ခံတောင့်တင်းပြီး ထိန်းချုပ်ရခက်တဲ့ ပါရမီရှင်တွေကို ဖယ်ထုတ်လိုက်တယ်… ပြီးတော့မှ ပါရမီညံ့ဖျင်းပြီး အားကိုးရာမဲ့နေတဲ့ သာမန်လူတွေကို ဂိုဏ်းထဲ သွင်းလိုက်တာပေါ့’
‘ကျင့်ကြံခွင့်ရဖို့အတွက်ဆိုရင် ဒီလူတွေက သူတို့ရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို ထုတ်ပေးကြမှာ သေချာတယ် ဖန်ယွမ်က သူတို့ရဲ့ သွေးနဲ့ချွေးတွေကို နောက်ဆုံးတစ်စက်အထိ စုပ်ယူဖို့အတွက် အားလုံးက လိုလိုလားလား ရှိနေကြတာပဲ’
‘ဒီအကြံအစည်က တကယ်ကို ရက်စက်လွန်းတယ်’
‘ကပ်စေးနည်းလှတဲ့ ဖန်ယွမ်က ဒီလောက်အထိ အကြံပတ်စက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး’
ယွဲ့လင်သည် ရင်ထဲတွင် လှောင်ပြုံးပြုံးလိုက်မိသည်။စောစောက ဖန်ယွမ်အပေါ် သူမအမြင်အနည်းငယ် ပြောင်းလဲသွားခဲ့သည်မှာ အလွန်ပင် ရယ်စရာကောင်းလှပေသည်။
သူမသည် ဖန်ယွမ်ကို ကြည့်ပြီး အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဖန်... ယန်ရှန့်တိုက်ကြီးရဲ့ စည်းကမ်းအရ အလုပ်ကြမ်းတပည့်တစ်ယောက်က ငွေပြား ဆယ်ပြား... အပြင်စည်းတပည့်တစ်ယောက်က ငွေပြား တစ်ရာ... အတွင်းစည်းတပည့်တစ်ယောက်က အနည်းဆုံး အနိမ့်စား ဝိညာဉ်ကျောက်တုံး သုံးတုံး ပေးရတာ…အခု သူတို့တွေ စိတ်အားထက်သန်နေကြတာဆိုတော့ ရှင် ပိုက်ဆံအများကြီး ရတော့မှာပဲ"
သူမစကား၏ ဆိုလိုရင်းမှာ - ဖန်ယွမ်... မင်းလို ကပ်စေးနည်းတဲ့ ဂိုဏ်းချုပ်ကတော့ ဒီတစ်ခေါက် တကယ်ကို အမြတ်ကြီးစားလိုက်တာပဲ ဟူ၍ ဖြစ်သည်။
ယွဲ့လင်၏ စကားကို ကြားလိုက်ရသည့်အပြင် အောက်ဘက်ရှိ "အများပြည်သူ လာဘ်ထိုးပွဲကြီး" ပိုမိုပြင်းထန်လာသည်ကို မြင်သောအခါ ဖန်ယွမ်၏ ခေါင်းတစ်ခုလုံး မူးနောက်သွားပြီး သူ၏ထိုင်ခုံမှပင် လွှတ်ခနဲ ထရပ်မိလုနီးပါး ဖြစ်သွားခဲ့သည်။
"ယန်ရှန့်တိုက်ကြီးမှာ တကယ်ပဲ ဒီလို စည်းကမ်းရှိတာလား"
"ဂိုဏ်းထဲဝင်ဖို့ ပိုက်ဆံပေးရတယ် ဟုတ်လား…တပည့်လက်ခံရင်းနဲ့တောင် ပိုက်ဆံရှာလို့ရတယ်ပေါ့"
"ဒါဆိုရင် ငါ့ဂိုဏ်းက ဘယ်လိုလုပ်ပြီး ပျက်စီးမှာလဲ… ငါ ဘယ်လိုလုပ် အင်မော်တယ်အဆင့်ကို ရောက်ပြီး အိမ်ပြန်နားနိုင်တော့မှာလဲ"
’ထွက်သွားကြ… အကုန်လုံး ထွက်သွားကြစမ်း ဖန်းယွမ် ’ရင်ထဲတွင် အော်ဟစ်နေသည်။
ဖန်ယွမ်သည် သူ၏လက်တင်ကို အရှိန်ဖြင့် ရိုက်ချလိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။
"တော်စမ်း"
သူ၏ အဆုံးမဲ့ စိတ်ပျက်မှုနှင့် ဒေါသများ ပါဝင်နေသော အော်ဟစ်သံသည် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ လွင့်ပျံသွားပြီး လူအုပ်ကြီး၏ ဆူညံသံများကို ချက်ချင်း ဖိနှိပ်ပစ်လိုက်သည်။
လူတိုင်း ထိတ်လန့်သွားကြပြီး စင်မြင့်ထက်ကို တုန်တုန်ရင်ရင်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ ကရုဏာကြီးမားလှသော ဂိုဏ်းချုပ်ဖန်က ဘာဖြစ်လို့ ရုတ်တရက် ဒေါသထွက်လာရသနည်းဟူသည်ကို မည်သူမျှ မသိကြပေ။
"ဒါ... ငါတို့ရဲ့ စိတ်ရင်းမှန်မှုက နည်းလွန်းသေးတယ်လို့ သူ ထင်လို့လား"
လူအများအပြား၏ နှလုံးသားများ အေးစက်သွားပြီး မျက်နှာများ ဖြူလျော့ကုန်ကြသည်။
ဖန်ယွမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ နက်နဲလှသော ပုံစံကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားလိုက်သည်။ သူ၏ လျှပ်စီးကဲ့သို့ စူးရှသော အကြည့်များသည် အောက်ဘက်ရှိ ထိတ်လန့်နေသော မျက်နှာတိုင်းကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
သူသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။ သူ၏အသံမှာ မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားခဲ့သည်။
"မင်းတို့ကို ဘယ်သူက ပိုက်ဆံပေးဖို့ ခွင့်ပြုလို့လဲ"
လူအုပ်ကြီး ဆွံ့အသွားခဲ့ရသည်။
ဖန်ယွမ်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ဝတ်ရုံသည် လေမတိုက်ဘဲ လွင့်ပျံနေသည်။ သူ၌ ကျင့်ကြံခြင်းအဆင့် မရှိသော်လည်း မမြင်နိုင်သော ဖိအားတစ်ခုက ရင်ပြင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။
"ချုံးရှင်းဂိုဏ်းက တပည့်လက်ခံတဲ့နေရာမှာ နှလုံးသားရဲ့ စိတ်ရင်းမှန်မှုကိုပဲ ကြည့်တာ... ဓမ္မလမ်းစဉ်ကိုပဲ ရှာဖွေတာ… ဒါတွေက ဘယ်တုန်းကများ ဒီလို ညစ်ပတ်တဲ့ အရာတွေနဲ့ သက်ဆိုင်သွားလို့လဲ"
"မင်းတို့က ကျင့်ကြံခြင်း မဟာတာအိုလမ်းစဉ်ကြီးကို ဘာမှတ်နေလဲ…ရွှေငွေတွေနဲ့ တိုင်းတာလို့ရတဲ့ စီးပွားရေးတစ်ခုလို့ မှတ်နေကြတာလား"
"ဒါက 'လမ်းစဉ်' နဲ့ 'တာအို' ဆိုတဲ့ စကားလုံးတွေကို လုံးဝ စော်ကားလိုက်တာပဲ"
စကားလုံးတိုင်းက နှလုံးသားကို ထိုးစိုက်နေသည်။
စကားလုံးတိုင်းက မိုးကြိုးပစ်လိုက်သလို ဖြစ်နေသည်။
ရင်ပြင်ရှိ လူပေါင်း ထောင်ချောက်ခန့်သည် ထိုစကားများကြောင့် လုံးဝ အံ့အားသင့် ဆွံ့အကုန်ကြသည်။
ယွဲ့လင်သည်လည်း လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။ သူမသည် ဖန်ယွမ်၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ ဦးနှောက်မှာ လုံးဝ အသုံးမဝင်တော့သလို ခံစားလိုက်ရသည်။
"သူ... သူက ပိုက်ဆံအတွက် လုပ်နေတာ မဟုတ်ဘူးလား"
ဖန်ယွမ်သည် အောက်ဘက်ရှိ တုန်လှုပ်နေသော မျက်နှာများကို ဖြည်းညှင်းစွာ ကြည့်ရှုလိုက်ပြီး စကားတစ်ခွန်းချင်းစီကို ပြတ်သားစွာ ဆက်ပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်းတို့ ငါ့ဂိုဏ်းထဲ ဝင်လာရင် မင်းတို့က ချုံးရှင်းဂိုဏ်းရဲ့ မိသားစုဝင်တွေပဲ"
"မိသားစုဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က အရှုံးအမြတ်တွေကို တွက်ချက်မနေတာ... ဘယ်လို ပေးဆပ်မှုကိုမှ တောင်းဆိုမနေတာပဲ ငါတို့က နှလုံးသားကိုပဲ ပြောကြမယ်… မိသားစုကို ချစ်တဲ့ အဲဒီနှလုံးသားတစ်ခုတည်းကိုပဲ ကြည့်မယ်"
"မင်းတို့က ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်ရင်တောင်... မင်းတို့အားလုံးက အသုံးမကျတဲ့ အမှိုက်တွေ ဖြစ်နေပြီး ကျင့်ကြံခြင်းအဆင့် တက်မလာရင်တောင် ငါ မင်းတို့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး… ဘာဖြစ်လို့လဲဆိုတော့ အခုကစပြီး ငါတို့က မိသားစုဝင်တွေ ဖြစ်သွားကြပြီမလို့ပဲ"
ဖန်ယွမ်သည် လက်ကို ဝေ့ယမ်းလျက် စိတ်အားထက်သန်စွာ ပြောဆိုလိုက်ပြီး သူ အလိုချင်ဆုံးသော အနာဂတ်ကို လုံးဝ ထုတ်ဖော်ပြသလိုက်တော့သည်။
ငါ လူတွေအများကြီး ခေါ်လိုက်တာက အရင်းအမြစ်တွေကို ဖြုန်းတီးဖို့... ဂိုဏ်းကို ပျက်စီးအောင် လုပ်ဖို့ပဲ။
မင်းတို့တွေ မျက်နှာပြောင်ပြောင် ထားကြစမ်း... ဘာမှ အားနာမနေနဲ့... အားရပါးရသာ ဖြုန်းတီးပစ်ကြ။
ဒီဂိုဏ်းချုပ်က အရှုံးပေါ်တာပဲ လိုချင်တာ။
ဖန်ယွမ်၏ စကားကို ကြားလိုက်ရသောအခါ စောစောက အပြိုင်အဆိုင် ပိုက်ဆံပေးရန် ကြိုးစားခဲ့ကြသူများသည် ချက်ချင်း မျက်နှာများ နီမြန်းသွားကြပြီး မြေကြီးထဲသို့သာ ငုံ့ဝင်သွားချင်စိတ် ပေါက်သွားကြတော့သည်။
လူတိုင်း တုန်လှုပ် စိတ်လှုပ်ရှားနေကြစဉ်မှာပင် ဖန်ယွမ်က ပိုမိုကျယ်လောင်သော အသံဖြင့် ထပ်မံ ပြောကြားလိုက်ပြန်သည်။
"ငါ ချုံးရှင်းဂိုဏ်းရဲ့ ဖန်ယွမ်ကနေ ဒီနေရာတင် သစ္စာဆိုလိုက်တယ်"
"ဒီနေ့ကစပြီး ငါ့ရဲ့ ချုံးရှင်းဂိုဏ်းထဲ ဝင်လာတဲ့သူ မှန်သမျှ အတွင်းစည်းပဲဖြစ်ဖြစ်... အပြင်စည်းပဲဖြစ်ဖြစ်... အလုပ်ကြမ်းတပည့်ပဲဖြစ်ဖြစ် အားလုံးက ချုံးရှင်းဂိုဏ်းရဲ့ တပည့်တွေပဲ"
"ဂိုဏ်းအနေနဲ့ တပည့်တွေဆီကနေ တစ်ပြားတစ်ချပ်မှ ကောက်ခံမှာ မဟုတ်ဘူး"
"ကောက်ခံမှာ မဟုတ်ရုံတင်မကဘူး... ချုံးရှင်းဂိုဏ်းသားတစ်ယောက် ဂိုဏ်းထဲ ဝင်လာတဲ့ နေ့ကစပြီး အဝတ်အစား... အစားအသောက်... နေထိုင်မှု... သွားလာမှုနဲ့ ကျင့်ကြံခြင်း အရင်းအမြစ် အားလုံးအတွက် ကုန်ကျစရိတ်တွေကို ဂိုဏ်းကနေပဲ အပြည့်အဝ တာဝန်ယူ ပေးဆောင်သွားမယ်"