ကောင်းကင်ယံကြီးမှာ တဖြည်းဖြည်း မှောင်မိုက်လာခဲ့ချေပြီ။
ချုံးရှင်းဂိုဏ်း၏ အဓိက နန်းဆောင်ကြီး၏ အရှေ့တွင်မူ... ဖန်ယွမ်သည် ထိုင်ခုံပေါ်၌ ထိုင်နေခဲ့ရင်း သမ်းဝေလိုက်မိသည်။ သူ စောင့်ဆိုင်းနေခဲ့ရသည်မှာ နှစ်နာရီကျော်မျှပင် ရှိသွားခဲ့ချေပြီ။
သဘာ၀ကျကျ ပြောရလျှင်မူ... ဂိုဏ်း၏ သက်ကြီးဝါရင့် အကြီးအကဲတစ်ဦး သေဆုံးသွားခြင်းမှာ အလွန်အမင်း ကြီးမားလှသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
နက်မှောင်သစ်တောဂိုဏ်းက လူတွေကလည်း အနိုင်ကျင့်ရလွယ်သော ပျော့ညံ့သည့် လူစုလူဝေးတစ်ခု မဟုတ်တာမို့... သူတို့အနေဖြင့် ကလဲ့စားချေရန်အတွက် အခုအချိန်လောက်ဆို ရောက်ရှိလာသင့်သည် မဟုတ်ပါလား။ ဘာဖြစ်လို့ ဒီလောက်အထိ အချိန်တွေ ကြာမြင့်နေရတာလဲ။
နက်မှောင်သစ်တောဂိုဏ်း ရောက်ရှိလာမည့်အချိန်ကို စိုးရိမ်တကြီးဖြင့် မျှော်လင့်စောင့်စားနေခဲ့သော ဖန်ယွမ်နှင့် မတူညီသည်ကမူ... လေ့ကျင့်ရေးကွင်းပြင်အတွင်း၌ ရှိနေကြသော ရာဂဏန်းမျှရှိသည့် ချုံးရှင်းဂိုဏ်း၏ တပည့်များမှာမူ၊ ဂိုဏ်းအတွက် အသက်စွန့်ရန် အဆင်သင့်ဖြစ်နေကြသည့် တိုက်ပွဲဝင်ပုံစံဖြင့် ခက်ထန်စွာ မတ်တပ်ရပ်နေခဲ့ကြသည်။
သူတို့အားလုံးသည် အတိတ်က ပင်ပန်းဆင်းရဲလှသော ဘဝများကို ဖြတ်သန်းခဲ့ကြရရှာသူများ ဖြစ်ကြပြီး...
ချုံးရှင်းဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့ပြီးမှသာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် အစားအသောက် ဝလင်စွာ စားသောက်နိုင်ခဲ့ကြကာ၊ ဝိညာဉ် စမ်းရေတွင်းများတွင်ပင် ခန္ဓာကိုယ်ကို စိမ်ပစ်နိုင်လောက်အောင် ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။
အခုအချိန်မှာ တစ်စုံတစ်ယောက်က ဤအရာအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားလာခဲ့သည့် အခါတွင်မူ... ဘယ်သူကများ လက်ခံနိုင်ပါ့မလဲ။
ယခုအချိန်တွင်... လူတိုင်း၏ ခန္ဓာကိုယ်ထက်၌ နှလုံးကာကွယ်ရေး ကြေးမုံများ ဝတ်ဆင်ထားခဲ့ကြပြီး၊ သူတို့၏ ဝတ်ရုံများအတွင်း၌လည်း ထူထဲလှသော မန္တန်အင်းပြားအထပ်လိုက်ကြီးများကို သယ်ဆောင်ထားခဲ့ကြရာ...
လှုပ်ရှားသွားလာနေကြသော လူသားလက်နက်တိုက်ကြီးများနှင့် အလားသဏ္ဌာန် တူညီနေခဲ့ကြတော့သည်။
ကျန်းရှောင်ရှန်း၏ လည်ပင်းထက်တွင် နှလုံးကာကြေးမုံ ၇ချပ်ခန့် ဆွဲထားခဲ့တာမို့... သူ လျှောက်လှမ်းလိုက်သည့် အခါတိုင်းတွင် တချွင်ချွင်နှင့် အသံများ ထွက်ပေါ်နေခဲ့သည်။
သူ၏ လက်ထဲ၌လည်း ‘တောက်လောင်သောမီးလျှံဓား ’ ကို တင်းတင်းဆုပ်ကိုင်ထားခဲ့ရင်း... ထိုဓားမှာ သုံးကြိမ်အသုံးချပြီးပါက ပျက်စီးသွားမည် ဖြစ်သော်လည်း၊ သူ၏ စွမ်းပကားမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှပေသည်။
“ဟေ့... မင်းတို့၊ ဒီတောက်လောင်သောမီးလျှံဓားက... တကယ်လို့ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို သွားထိမှန်မယ်ဆိုရင် ရန်သူရဲ့ ကာကွယ်ရေးကို ဖျက်ဆီးပစ်နိုင်ပါ့မလား" ကျန်းရှောင်ရှန်း သူ၏ ဘေးနားက လင်းမြောင်မြောင်ကို လှည့်၍ မေးမြန်းလိုက်သည်။
လင်းမြောင်မြောင်မှာမူ... သူမ၏ ရင်ခွင်အတွင်း၌ မီးလျှံမန္တန်အင်းပြား အမြောက်အမြားကို တင်းတင်းပွေ့ပိုက်ထားခဲ့ရင်း၊ သူမ၏ မျက်နှာလေးမှာ တင်းမာနေခဲ့သည် ...
“ကျွန်မလည်း မသိဘူး…ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ကတော့ ဒါတွေကို စိတ်ကြိုက် သုံးစွဲလို့ရတယ်လို့ ပြောထားတာပဲ ခဏနေလို့ အနက်ရောင်အဝတ်အစား ဝတ်ဆင်ထားတဲ့သူတွေကို မြင်တာနဲ့... လက်ထဲက မန္တန်အင်းပြား တစ်ရာလုံးကို သူတို့ဆီ တရစပ် ပစ်ပေါက်ပစ်မှာ"
နက်မှောင်သစ်တောဂိုဏ်းနှင့် ထိပ်တိုက်တွေ့ဆုံရလျှင် ရန်သူကို မည်သို့ သတ်ဖြတ်ရမည်ကို အချင်းချင်း ဆွေးနွေးတိုင်ပင်နေကြသည့် အသံများကို ကြားသိလိုက်ရသောအခါ... ချန်ကျင်းတောက် မိမိ၏ ဂျူနီယာညီငယ် ညီမငယ်များကို လှည့်ကြည့်လိုက်မိရင်း၊ သူ၏ မျက်ဝန်းအစုံမှာ ခံစားချက်များကြောင့် နွေးထွေးလာခဲ့ရတော့သည်။
ဒါတွေအားလုံးက... သူ၏ အပြစ်များသာ ဖြစ်သည်။ အတိတ်က နက်မှောင်သစ်တောဂိုဏ်း၏ အတွင်းစည်းတပည့် နှစ်ယောက်ကို သူ ရိုက်နှက်မောင်းထုတ်ခဲ့သော်လည်း... နောက်ဆက်တွဲ ပြဿနာများကို သေချာစွာ မဖြေရှင်းခဲ့တာမို့၊ အခုအချိန်မှာ လူတိုင်းကို ဒုက္ခရောက်စေခဲ့ရချေပြီ။
“စီနီယာအစ်ကိုတို့၊ စီနီယာအစ်မတို့... ပြီးတော့ ဂျူနီယာညီမလေးတို့၊ ငါ မင်းတို့အားလုံးအပေါ် အကြွေးတင်သွားခဲ့ရပါပြီ"
သူ၏ တုန်ရီနေသော လေသံကို အစွမ်းကုန် ထိန်းချုပ်လိုက်ရင်း... ချန်ကျင်းတောက် သွားကို တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည် ...
“နက်မှောင်သစ်တောဂိုဏ်းက လူတွေ တိုက်ခိုက်လာတဲ့အခါ... ငါ ချန်ကျင်းတောက်၊ ဘယ်တော့မှ နောက်တစ်လှမ်းမှ ဆုတ်မှာ မဟုတ်ဘူး”
“တကယ်လို့ မန္တန်အင်းပြားတွေ ကုန်သွားခဲ့ရင်တောင်... ငါ့ရဲ့ ဝိညာဉ်လက်နက် တွေနဲ့ သူတို့ကို ထုပစ်မယ် တကယ်လို့ ဝိညာဉ်လက်နက်တွေပါ ပျက်စီးသွားခဲ့မယ်ဆိုရင်... ငါ့ရဲ့ သွားတွေနဲ့ သူတို့ကို လိုက်ကိုက်ပစ်မယ် ငါ သေရရင်တောင်မှ... နက်မှောင်သစ်တောဂိုဏ်းက လူတွေကို အပါခေါ်ပြီး ချုံးရှင်းဂိုဏ်းကို အသက်နဲ့လဲပြီး ကာကွယ်သွားမယ်လို့ ကျိန်ဆိုတယ်”
“ဟုတ်တယ် ချုံးရှင်းဂိုဏ်းကို အသက်နဲ့လဲပြီး ကာကွယ်သွားမယ်”
လူအုပ်ကြီးမှာလည်း စိတ်ဓာတ်များ အလွန်အမင်း တက်ကြွလာခဲ့ကြရကာ... ညီညာစွာ အော်ဟစ်အားပေးလိုက်ကြတော့သည်။
ဂိုဏ်းချုပ်ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့သော ဖန်ယွမ်မှာမူ... ဆူညံပွက်လောရိုက်သံများကို ကြားသိလိုက်ရသောအခါ သောက်လက်စ ရေနွေးများပင် သီးမတတ် ဖြစ်သွားခဲ့ရတော့သည်။ သူ စကားမဲ့စွာဖြင့် မိမိ၏ နားထင်ကို ပွတ်သပ်လိုက်မိသည်။
ဒီ ကောင်က... ဘာဖြစ်လို့ ဒီလောက်အထိ ဇာတ်နာအောင် လုပ်နေကြရတာလဲ။ မင်းတို့ကို ဘယ်သူက အသက်နဲ့လဲခိုင်းလို့လဲ။ မင်းတို့ကသာ ချုံးရှင်းဂိုဏ်းကို အသက်နဲ့လဲပြီး ကာကွယ်ကာ သူတို့ကို အကုန် သတ်ဖြတ်ပစ်လိုက်မယ်ဆိုရင်... ဘယ်သူကများ ငါ့ရဲ့ဂိုဏ်းကို လာပြီး ဖျက်ဆီးပေးတော့မှာလဲ။
“ချန်ကျင်းတောက်” ဖန်ယွမ် မနေနိုင်တော့ဘဲ လှမ်း၍ အော်ဟစ်လိုက်သည်။
“တပည့် ရောက်ပါပြီ” ချန်ကျင်းတောက် သူ၏ မန္တန်အင်းပြားများကို ကိုင်ဆောင်ထားခဲ့ရင်း... ရဲရဲနီနေသော မျက်ဝန်းအစုံဖြင့် ရင်ဘတ်ကို မတ်ကာ လျှောက်တင်လိုက်သည်။
“ခဏနေလို့ တိုက်ပွဲစပြီဆိုတာနဲ့... မင်း... မင်း အနည်းငယ်လောက် နောက်ဆုတ်ပေးရမယ်"
ဖန်ယွမ် မိမိ၏ ဉာဏ်ပညာကို အစွမ်းကုန် အသုံးချလျက် ဆင်ခြေတစ်ခုကို ဖန်တီးလိုက်သည် …
“ကောင်းကင်ဘုံမှာ သက်ရှိတွေကို တန်ဖိုးထားတတ်တဲ့ ကောင်းကင်တာအို ရှိတယ်... ငါတို့ ချုံးရှင်းဂိုဏ်းက လူတွေကလည်း အကျိုးအကြောင်း သိတတ်တဲ့သူတွေပဲ။ တကယ်လို့ သူတို့ အတွင်းထဲကို အတင်းအကျပ် တိုးဝင်လာခဲ့မယ်ဆိုရင်... မင်းတို့က တိုက်ခိုက်ရင်းနဲ့ နောက်ဆုတ်ပေးရမယ်၊ အသက်နဲ့လဲပြီး မတိုက်ခိုက်ကြနဲ့ဦး... အထူးသဖြင့် အဲဒီ အဆောက်အဦးတွေကို... တကယ်လို့ သူတို့ ဖျက်ဆီးပစ်ချင်တယ်ဆိုရင်လည်း ဖျက်ဆီးပစ်ခွင့် ပေးလိုက်ပါ။ အဟောင်းတွေ ပျက်စီးသွားမှ... အသစ်တွေ ရောက်ရှိလာမှာပေါ့၊ လူတွေ ဘေးကင်းလုံခြုံနေသရွေ့... အဲဒါက အရေးကြီးဆုံးပဲ"
ဤစကားလုံးများမှာ... ချန်ကျင်းတောက်နှင့် အခြားသော တပည့်များ၏ နားထဲသို့ ရောက်ရှိသွားခဲ့သည့် အခါတွင်မူ၊ ရုတ်တရက်ဆိုသလို လုံးဝကို ကွဲပြားခြားနားလှသော အဓိပ္ပာယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။
‘ဂိုဏ်းချုပ်က ငါတို့ကို စိတ်ပူပေးနေတာပဲ’
သူသည် အဖိုးဖြတ်မနိုင်လှသော ဇိမ်ခံအဆောက်အဦးတွေကို စွန့်လွှတ်ပစ်ဖို့ ဝန်မလေးခဲ့သလို... ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီ အကုန်အကျခံထားတဲ့ တင်းယွမ် ဆောင်ကြီး ပြာပုံအဖြစ် ပြောင်းလဲသွားမှာကိုတောင် ဂရုမစိုက်ဘဲ... ပါရမီညံ့ဖျင်းလှတဲ့ ငါတို့တပည့်တွေ ဒဏ်ရာအနည်းငယ်မျှ ရရှိသွားမှာကိုပင် မလိုလားဘူးတာပဲ။ ဒါက ဘယ်လောက်တောင် ကျယ်ပြောလှတဲ့ စိတ်ထားကြီးလဲ ဒါက ဘယ်လောက်တောင် နက်ရှိုင်းလှတဲ့ မေတ္တာတရားလဲ…
ချန်ကျင်းတောက် မြေပြင်ပေါ်သို့ ဒူးထောက် သွားခဲ့ရကာ... မျက်ရည်များ စီးကျလာခဲ့ရတော့သည်။
“ဂိုဏ်းချုပ်ရဲ့ ကြီးမားလှတဲ့ ကရုဏာကို... တပည့်အနေနဲ့ အကြိမ်ပေါင်း သောင်းချီ သေဆုံးရရင်တောင်မှ ပြန်လည် မပေးဆပ်နိုင်ပါဘူး ကျေးဇူးပြုပြီး စိတ်အေးလက်အေးရှိပါ... တပည့် အသက်ရှူနိုင်သေးသရွေ့တော့၊ နက်မှောင်သစ်တောဂိုဏ်းက လူတွေကို... အဓိက နန်းဆောင်ကြီးဆီသို့ ခြေတစ်လှမ်းမှ မလှမ်းစေရဘူး”
ဖန်ယွမ် တစ်ကိုယ်လုံး ထုံကျင်သွားခဲ့ရချေပြီ။
မင်းတို့ လူစကားကို နားမလည်ကြဘူးလား။ ငါက သူတို့ကို အဓိက နန်းဆောင်ကြီးထဲအထိ ဝင်ခိုင်းစေချင်တာလေ ငါက သူတို့ကို ဂိုဏ်းအစုတ်အပြဲလေးကို မြေလှန်ပစ်စေချင်တာ…
ချန်ကျင်းတောက်၏ သူရဲကောင်းဆန်ဆန် စွန့်လွှတ်အနစ်နာခံလိုသည့် ပုံစံကို ကြည့်ရင်း... ဖန်ယွမ် မည်မျှပင် ရှင်းပြသည်ဖြစ်စေ အရာထင်မည်မဟုတ်ကြောင်း သိရှိနားလည်လိုက်သည်။ ဤတပည့်တစ်စု၏ ဦးနှောက်အတွေးအခေါ်များမှာ... သာမန်လူသားများနှင့် လုံးဝကို လမ်းကြောင်းချင်း တူညီနေခြင်း မရှိပေ။
ယွဲ့လင်သည် အစီအရင်၏ မျက်လုံးနေရာတွင် မတ်တပ်ရပ်နေခဲ့ရင်း... ကိုးကွေ့စိတ်အာရုံလှည့်စားခြင်းအစီအရင်၏ လည်ပတ်မှုကို စောင့်ကြပ်ကြည့်ရှုနေခဲ့သည်။
သူမသည် ဖန်ယွမ်၏ တည်ငြိမ်အေးဆေးလွန်းလှပြီး အိပ်ငိုက်နေသည့် ပုံစံကို ကြည့်ကာ... သူမ၏ နှလုံးသားအတွင်း၌ ခံစားချက်များစွာ ပြည့်နှက်သွားခဲ့ရတော့သည်။
ဂိုဏ်းချုပ်ရဲ့ တည်ငြိမ်မှုက... တကယ်ကို အံ့ဩစရာကောင်းလွန်းလှပေစွ ရန်သူအင်အားကြီးမားစွာဖြင့် တံခါးဝသို့ ရောက်ရှိလာတော့မည့် အချိန်တွင်ပင်... သူက ဒီလောက်အထိ တည်ငြိမ်ရင့်ကျက်နေနိုင်သေးတယ်။
ဒီလိုမျိုး တောင်ကြီးတစ်တောင် မိမိရှေ့တွင် ပြိုကျပျက်စီးသွားခဲ့လျှင်ပင် မျက်တောင်တစ်ချက် မခတ်တမ်း တည်ငြိမ်နေနိုင်သည့် ပုံစံမျိုးကို... သူမတစ်သက် ဘယ်တော့မှ သင်ယူနိုင်မည် မဟုတ်ပေ။
ဖန်ယွမ်ကတော့ အမှန်တကယ်ပင် တည်ငြိမ်နေခဲ့ခြင်း ဖြစ်သည်။ သူသည် စောင့်ဆိုင်းရလွန်းသဖြင့် စိတ်မရှည်ပင် ဖြစ်လာခဲ့ရချေပြီ။
“နက်မှောင်သစ်တောဂိုဏ်းက လူတွေက လိပ်တွေလား ဘာဖြစ်လို့ အခုထိ ရောက်မလာကြသေးတာလဲ" ဖန်ယွမ် ပိုမို သက်တောင့်သက်သာရှိသော ပုံစံတစ်ခုသို့ ပြောင်းလဲထိုင်လိုက်ရင်း... မိမိ၏ စိတ်ထဲကနေ တိတ်တဆိတ် အော်ဟစ်ညည်းတွားနေခဲ့မိသည်။
သူ အရာအားလုံးကို ကြိုတင်၍ စီစဉ်ထားခဲ့ပြီး ဖြစ်သည်။ နက်မှောင်သစ်တောဂိုဏ်းက လူတွေ ရောက်ရှိလာတာနဲ့တစ်ပြိုင်နက်... သူက ရှုံးနိမ့်သွားသည့် ပုံစံမျိုး ဟန်ဆောင်လိုက်ပြီး၊ အစီအရင်အတွင်း၌ လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးကာ...
ထိုရက်စက်ကြမ်းကြုတ်လှသော လူဆိုးကြီးများကို အတွင်းထဲ ပေးဝင်လိုက်မည်။ ထိုလူအုပ်ကြီး အတွင်းထဲသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်... သူတို့ သေချာပေါက် မျက်စိနီရဲလျက် မြင်သမျှ အရာအားလုံးကို ဖျက်ဆီးပစ်ကြတော့မည်။
ရွှေမျှင်နန်းမုသစ်သား အိပ်ဆောင်တွေ ဟုတ်လား… ဖျက်ဆီးပစ်စမ်း…
ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီ ကုန်ကျထားတဲ့ တင်းယွမ်အဆောင်ကြီး ဟုတ်လား…ဖျက်ဆီးပစ်စမ်း…
လေ့ကျင့်ရေးကွင်းပြင်အတွင်းရှိ ကျောက်ပြားအပြာရောင်အားလုံးကိုပါ ခွာယူပြီး ဖျက်ဆီးပစ်လိုက်နိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
သူတို့ ဖျက်ဆီးခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက်... ဂိုဏ်း၏ အခြေခံပိုင်ဆိုင်မှုများအားလုံး ကွယ်ပျောက်သွားပေလိမ့်မည်။
စနစ်၏ တွက်ချက်မှုအချိန်ကာလ ရောက်ရှိလာသည်နှင့်... အဆင့်အတန်း သတ်မှတ်ချက်က ထိုးဆင်းသွားမှာဖြစ်ပြီး၊ အဆပေါင်းတစ်သောင်း ပြန်လည်ရရှိမည့် ဆုလာဘ်က မိမိ၏ လက်ထဲသို့ ရောက်ရှိလာကာ... သူ ချက်ချင်းပင် အင်မော်တယ်အဖြစ်သို့ ကူးပြောင်းသွားနိုင်ပေလိမ့်မည်။
ထိုအချိန်ကျမှသာ... သူ၏ လက်ညှိုးတစ်ချောင်းတည်းဖြင့် အခမဲ့ အိမ်ဖျက်ဆီးပေးခဲ့ကြသော အလုပ်သမားများကို... မှုန့်မှုန့်ညက်ညက် ကြေမွသွားအောင် ခြေမှုန်းပစ်လိုက်ရုံသာ ရှိတော့သည်။
“ဒါက တကယ်ကို ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပဲ" ဖန်ယွမ် ရေနွေးခွက်ကို မြှောက်ကာ တစ်ငုံ သောက်လိုက်ရင်း... မျှော်လင့်ချက်များစွာဖြင့် ပြည့်နှက်နေခဲ့မိသည်။
အချိန်များ ကုန်ဆုံးသွားခဲ့ရပြီး... ညမှောင်ရိပ်မှာ ပိုမို ထူထပ်လာခဲ့ချေပြီ။
ချုံးရှင်းဂိုဏ်း၏ လေ့ကျင့်ရေးကွင်းပြင်အတွင်းရှိ တပည့်များမှာ... မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေခဲ့ကြရင်း၊ သူတို့၏ မျက်နှာထက်တွင် တည်ကြည်လေးနက်မှုများ ပြည့်နှက်နေခဲ့ကာ... တိုက်ပွဲအတွက် ပြင်ဆင်ရန် ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်နေခဲ့ကြသည်။ ဖန်ယွမ်မှာမူ... အိပ်ငိုက်လွန်းသဖြင့် လုံးဝကို အိပ်ပျော်တော့မည့် အခြေအနေသို့ ရောက်ရှိနေခဲ့ချေပြီ။
အတိအကျပင် ထိုအချိန်တွင်…
ည လေပြေများမှာ ရုတ်တရက် ပြင်းထန်လာခဲ့ရပြီး... မည်းမှောင်နေသော တိမ်တိုက်ကြီးများက လမင်းကြီးကို ကွယ်ပိတ်ပစ်လိုက်ကြတော့သည်။
ရာဂဏန်းမျှရှိသော ဓားအလင်းတန်းများမှာ... အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များကို သယ်ဆောင်ထားခဲ့ကြရင်း ကောင်းကင်ယံကြီးကို ဆုတ်ဖြဲပစ်လိုက်ကာ၊ ချုံးရှင်းဂိုဏ်း၏ တောင်တံခါးဝ အပြင်ဘက်ဆီသို့ ပျံသန်းရောက်ရှိလာခဲ့ကြတော့သည်
ဂိုဏ်းချုပ်မိုယာသည် ဓားအလင်းတန်း၏ ထိပ်ဆုံးတွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့ပြီး... သူ၏ အနက်နှင့်အနီ ရောယှက်နေသော ဝတ်ရုံကြီးမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေခဲ့သည်။
သူသည် ဆန်းကြယ်လှသော အလင်းတန်းများ လွှမ်းခြုံထားသည့် တောင်ထိပ်ကြီးကို အထက်စီးကနေ ငေးမောကြည့်ရှုလိုက်ရင်း... သူ၏ မျက်ဝန်းအတွင်းရှိ လောဘတရားများမှာ ပိုမို ပြင်းထန်လာခဲ့ရတော့သည်။
“ကိုးကွေ့စိတ်အာရုံလှည့်စားခြင်းအစီအရင် ဟုတ်လား" ဂိုဏ်းချုပ်မိုယာ လှောင်ပြောင်လိုက်မိရင်း... ဂိုဏ်းစောင့်အစီအရင်၏ အရင်းအမြစ်ကို အကြည့်တစ်ချက်တည်းဖြင့်ပင် မှတ်မိသွားခဲ့သည်။
“အရည်မရ အဖတ်မရတဲ့ ဂိုဏ်းအစုတ်အပြဲလေးတစ်ခုက... ဒီလိုမျိုး အစီအရင်တစ်ခုကို တတ်နိုင်နေတယ်ဆိုကတည်းက၊ အဲဒီအုတ်ဂူပျက်ကြီးထဲက ရရှိခဲ့တဲ့ အမွေအနှစ်တွေက ငါ ထင်ထားတာထက်တောင် ပိုပြီး ကြီးမားနေပုံရတယ်”
သူ၏ နောက်ကွယ်က အကြီးအကဲလင်း ရှေ့သို့ တိုးလာခဲ့ရင်း မြှောက်ပင့်ပြောဆိုလိုက်သည် ...
“ဂိုဏ်းချုပ်က တကယ်ကို ပညာရှိလှပါတယ် ဒါပေမဲ့ ဒီအစီအရင်က အစွမ်းထက်တယ်ဆိုပေမယ့်လည်း... သူ့မှာ အားနည်းချက်တစ်ခု ရှိနေခဲ့တယ်"
သူသည် အစီအရင်၏ အလင်းဒိုင်းကြီး အောက်ခြေက နေရာတစ်ခုကို ညွှန်ပြလိုက်ရာ... ထိုနေရာတွင် သုံးလံခန့် ကျယ်ဝန်းလှသော အက်ကြောင်းတစ်ခု ရှိနေခဲ့ပြီး၊ ဝိညာဉ်စွမ်းအင်များ စီးဆင်းမှုမှာလည်း သိသာထင်ရှားစွာ ပြတ်တောက်နေခဲ့သည်။
ဒါကတော့... ဖန်ယွမ်က နက်မှောင်သစ်တောဂိုဏ်းက လူတွေ အတွင်းထဲကို မဝင်ရောက်နိုင်မှာ စိုးရိမ်လွန်းသဖြင့် တမင်တကာ ချန်ထားခဲ့သော လျှို့ဝှက်တံခါးပေါက်ပင် ဖြစ်ပေသည်။
ဂိုဏ်းချုပ်မိုယာ အထောက်အထားမဲ့စွာဖြင့် ပြုံးလိုက်မိသည် ... “ရုတ်တရက် ချမ်းသာလာတဲ့ ကောင်တွေဆိုတော့လည်း ငပေါကောင်တွေပါပဲ... ပြည့်စုံတဲ့ အစီအရင်တစ်ခုကိုတောင် သေချာ မပြင်ဆင်တတ်ကြဘူး …ဆွန်းဟူ”
“တပည့် ရောက်ပါပြီ” အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ရှိပြီး... မျက်နှာထက်တွင် အသားစိုင်များ ပြည့်နှက်နေသော ဒုတိယအဆင့် တာဝန်ခံတစ်ဦးမှာ၊ ကွင်းကိုးကွင်းပါသော ဓားကြီးကို ကိုင်ဆောင်ထားခဲ့ရင်း လူအုပ်ကြီးထဲကနေ ရှေ့သို့ တက်လှမ်းလာခဲ့သည်။
“မင်းရဲ့ စစ်ကြောင်းကို ဦးဆောင်ပြီး... အဲဒီအက်ကြောင်းကနေ အတွင်းထဲကို တိုက်ခိုက်ဝင်ရောက်ပစ်စမ်း။ တကယ်လို့ သက်ရှိတစ်စုံတစ်ယောက်ကိုမဆို တွေ့ရှိရမယ်ဆိုရင်... ဘယ်သူ့ကိုမှ မညှာမတာ သတ်ဖြတ်ပစ်ကြစမ်း သူတို့ရဲ့ဂိုဏ်းကို ငါ့အတွက် ဖျက်ဆီးပစ်ကြစမ်း” ဂိုဏ်းချုပ်မိုယာ အမိန့်ပေးလိုက်တော့သည်။
“နားလည်ပါပြီ” ဆွန်းဟူ ရက်စက်ကြမ်းကြုတ်စွာဖြင့် ပြုံးလိုက်ရင်း သူ၏ ဓားကြီးကို ဝှေ့ယမ်းလိုက်သည် ...
“ညီနောင်တို့... ငါ့နောက်ကို လိုက်ခဲ့ကြစမ်း စည်းစိမ်ဥစ္စာတွေကို လုယက်ကြမယ်... စားနပ်ရိက္ခာတွေကို လုယက်ကြမယ်... ပြီးတော့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးခေါ်ဆောင်ကြမယ်ဟေ့”
နက်မှောင်သစ်တောဂိုဏ်း၏ ချီသန့်စင်ခြင်းအဆင့် အထူးတပည့်ပေါင်း ငါးဆယ်ကျော်မှာ... ဝံပုလွေများနှင့် ကျားသစ်များကဲ့သို့ ထိုလမ်းကြောင်းမှတစ်ဆင့် ချုံးရှင်းဂိုဏ်း၏ ရင်ပြင်အတွင်းသို့ အတင်း တိုးဝင်လာခဲ့ကြတော့သည်။
အတိအကျပင်... ချုံးရှင်းဂိုဏ်းအတွင်းတွင် ဖြစ်သည်။
ဂိုဏ်း၏ အပြင်ဘက်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကြသော ကျင့်ကြံသူ အမြောက်အမြား၏ အရှိန်အဝါများကို အာရုံခံမိလိုက်ရသောအခါ... ဖန်ယွမ် တစ်ကိုယ်လုံး လှုပ်ခါသွားခဲ့ရပြီး ထိုင်ခုံပေါ်ကနေ မတ်မတ် ထိုင်လိုက်မိတော့သည်
သူတို့ သေချာပေါက် ရောက်ရှိလာခဲ့ကြချေပြီ
သူသည် တောက်လောင်နေသော မျက်ဝန်းအစုံဖြင့် ဝေးကွာလှသော တောင်တံခါးဝဆီသို့ စူးစိုက်ကြည့်ရှုလိုက်မိရင်း... သူ၏ နှလုံးခုန်သံများမှာလည်း မြန်ဆန်လာခဲ့ရတော့သည် သုံးနာရီကျော်မျှ စောင့်ဆိုင်းခဲ့ရပြီးနောက်... အိမ်ဖျက်ဆီးပေးမည့် အခမဲ့အလုပ်သမား အဖွဲ့ကြီးမှာ နောက်ဆုံးတော့ ရောက်ရှိလာခဲ့ချေပြီ။
ထိုလူအုပ်ကြီး အတွင်းသို့ တိုးဝင်လာပြီး ဂိုဏ်းကို အပိုင်းပိုင်း ဖျက်ဆီးပစ်လိုက်တာနဲ့... သူက တပည့်တွေကို ဦးဆောင်ပြီး တောင်နောက်ဘက်ကနေ လစ်ပြေးပစ်လိုက်ရုံသာ ရှိတော့သည်ဖြစ်ရာ၊ ဂိုဏ်းရဲ့ အဆင့်အတန်း သတ်မှတ်ချက်ကလည်း ချက်ချင်းပင် သုညအဖြစ် ပြောင်းလဲသွားပေလိမ့်မည် ပြည့်စုံလွန်းလှပေစွ…
သို့သော်လည်း... သူ စက္ကန့်အနည်းငယ်မျှ ပျော်ရွှင်ရုံသာ ရှိသေးသော်လည်း၊ တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ရုတ်တရက် အာရုံခံမိလိုက်ရပြန်သည်။
“ဘာတွေ ဖြစ်နေတာလဲ… ဘာဖြစ်လို့ လူငါးဆယ်လောက်ပဲ အတွင်းထဲကို တိုးဝင်လာကြတာလဲ… ပြီးတော့... သူတို့အားလုံးရဲ့ အရှိန်အဝါကလည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်လောက်ပဲ ရှိနေကြတာလား"
ထိုခဏ၌... လေ့ကျင့်ရေးကွင်းပြင်အတွင်းရှိ တပည့်များ၏ မျက်နှာထက်တွင်လည်း တည်ကြည်လေးနက်မှုများ ပြည့်နှက်သွားခဲ့ရပြီး... သူတို့အားလုံးမှာ ထိုကျူးကျော်ဝင်ရောက်လာကြသူများဆီသို့ တညီတညွတ်တည်း ဦးတည်လျက် ပြေးဝင်သွားခဲ့ကြတော့သည်