ဟုန်ဝူမြို့ပြင်တွင် ညနေခင်း လေပြေက အနည်းငယ် အေးစက်နေခဲ့သည်။ ဖန်ယွမ်သည် ယွဲ့လင်နှင့်အတူ လေထဲတွင် ပျံသန်းရင်း ချုံးရှင်းဂိုဏ်းဆီသို့ ဦးတည်ပြန်သန်းနေခဲ့သည်။
လေထဲတွင် ပျံသန်းနေစဉ်... သူသည် မိမိ၏ ရင်ဘတ်ကြားရှိ သိုလှောင်အိတ်ကို စမ်းသပ်ကြည့်လိုက်ပြီးမှ စိတ်အေးသွားခဲ့ရတော့သည်။
ထိုလက်နက်ရတနာအဆောင်မန္တန်များကို တပည့်များအား ခွဲဝေပေးလိုက်ပြီးနောက်... နက်မှောင်သစ်တောဂိုဏ်းက လာရောက် တိုက်ခိုက်သည့် အခါတွင်၊ ချန်ကျင်းတောက်နှင့် အခြားသူများတွင် မန္တန်အင်းပြား ရာဂဏန်းနှင့် ဝိညာဉ်ရေးရာပစ္စည်း ဆယ်ဂဏန်းကျော်စီ ရှိနေကြမည် ဖြစ်သည်။ သူတို့အနေဖြင့် မျက်စိမှိတ်ပြီး ပစ်ပေါက်လိုက်ရုံဖြင့် တစ်ဖက်လူကို အချိန်အတော်ကြာ တားဆီးထားနိုင်လိမ့်မည်။
သူတို့က နက်မှောင်သစ်တောဂိုဏ်းကို အချိန်ဆွဲထားနိုင်သရွေ့... အချိန်တန်လျှင် လူတိုင်း တောင်နောက်ဘက်က လမ်းကြောင်းငယ်လေးအတိုင်း လစ်ပြေးသွားနိုင်ကြပေလိမ့်မည်။
တပည့်တွေ ဒဏ်ရာရသွားမှာကို စိုးရိမ်နေသလား။ ဖန်ယွမ် ထိုအရာကို လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိချေ။ ဒီလောက်များပြားလှသော ဝိညာဉ်ရေးရာပစ္စည်းများနှင့် မန္တန်အင်းပြားများ ရှိနေပါလျက်နှင့်မှ ဒဏ်ရာရသွားကြဦးမည်ဆိုလျှင်... ဒါက သူတို့ဘာသာသူတို့ ညံ့ဖျင်းလွန်း၍သာ ဖြစ်ပေလိမ့်မည်။
တကယ်လို့ အခြေအနေက တကယ်ပဲ မဟန်တော့ဘူးဆိုရင်လည်း... သူကိုယ်တိုင် ရှေ့ကနေ ဝင်ပိတ်ပေးပြီး သူတို့ကို ခေါ်ကာ ထွက်ပြေးပစ်လိုက်ရုံသာ ရှိသည်။
ဖန်ယွမ် ပျံသန်းရင်း နက်မှောင်သစ်တောဂိုဏ်းကို ရင်ဆိုင်ရန် နည်းဗျူဟာများကို တွေးတောနေစဉ်... သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ၏ စိတ်ထဲ၌ လျှပ်စီးတစ်ချက် ထပ်မံ လက်သွားခဲ့ပြန်ချေပြီ။
နေပါဦး… နက်မှောင်သစ်တောဂိုဏ်းက ချုံးရှင်းဂိုဏ်းကို လာရောက် တိုက်ခိုက်တော့မည် ဖြစ်သည်။ စစ်ပွဲဖြစ်ပွားပြီဆိုကတည်းက ပျက်စီးဆုံးရှုံးမှုများ ရှိလာပေလိမ့်မည်။
တကယ်လို့ ဂိုဏ်းရဲ့ အဆောက်အဦးတွေ ပျက်စီးသွားခဲ့မယ်ဆိုရင်... ဒါက ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေ လျော့နည်းသွားတာလို့ သတ်မှတ်လို့ ရမလား။ ဒါက ဂိုဏ်းရဲ့ အင်အားကျဆင်းသွားတာလို့ သတ်မှတ်လို့ ရမလား… သေချာပေါက် ရတာပေါ့
တကယ်လို့ ငါက လူတစ်ယောက်ကို ငှားပြီး ချုံးရှင်းဂိုဏ်းအတွက် ကာကွယ်ရေးအစီအရင်ကို တည်ဆောက်ခိုင်းလိုက်ရင်... ဒါမှမဟုတ် ကာကွယ်ရေးအစီအရင်တစ်ခုခုကို ဝယ်ယူပြီး နက်မှောင်သစ်တောဂိုဏ်းက လူတွေကို ချုံးရှင်းဂိုဏ်းအတွင်းထဲ ရောက်အောင် မျှားခေါ် လမ်းဖွင့်ပေးပြီးမှ အစီအရင်ကို ပိတ်ပစ်လိုက်ရင်ကော။
သူတို့ကို ချုံးရှင်းဂိုဏ်းအတွင်းထဲမှာ ပိတ်မိနေစေပြီး... ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီ အကုန်အကျခံ တည်ဆောက်ထားတဲ့ ရေချိုးခန်းတွေနဲ့ တစ်ယောက်ခန်း အိပ်ဆောင်တွေကို အားရပါးရ ရိုက်ခွဲဖျက်ဆီးခိုင်းလိုက်မယ်ဆိုရင်...
ဒါဆိုရင် ဂိုဏ်းရဲ့ အဆင့်အတန်း သတ်မှတ်ချက်က အောက်ခြေအထိ ထိုးဆင်းသွားမှာ မဟုတ်ဘူးလား။ ဒါက တကယ်ကို ကောင်းကင်ဘုံက ပေးသနားတဲ့ အခွင့်အရေးပဲ
ဖန်ယွမ် တွေးလေလေ ပိုမို စိတ်လှုပ်ရှားလာလေလေ ဖြစ်ရပြီး... သူ၏ မျက်ဝန်းအစုံမှာ အလင်းတန်းများ တောက်ပလာခဲ့တော့သည်။ သူသည် ဘေးနားက ယွဲ့လင်ကို လှည့်ကြည့်ကာ... ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ဂိုဏ်းချုပ်တစ်ဦး၏ အမူအရာကို ဖော်ဆောင်လိုက်သည်။
“ယွဲ့လင်... မင်း ဒီပစ္စည်းတွေကို ယူပြီး ဂိုဏ်းကို အရင်ဆုံး ပြန်နှင့်တော့ ပြီးရင် တပည့်တွေကို ခွဲဝေပေးလိုက်ပါ တစ်ယောက်ကို ဝိညာဉ်ရေးရာပစ္စည်း ဆယ်ခုနဲ့ မန္တန်အင်းပြား တစ်ရာစီ ယူခိုင်းလိုက် အားမနာတမ်း အလွတ်သဘောသာ သုံးစွဲကြဖို့ ပြောလိုက်ပါ... ငါ့အတွက် ပိုက်ဆံ နှမြောမနေကြနဲ့ဦး"
ဖန်ယွမ် ပစ္စည်းများ ပြည့်နှက်နေသော သိုလှောင်အိတ်ကို ယွဲ့လင်ထံသို့ ကမ်းပေးလိုက်သည်။
“ဒါဆိုရင် ဂိုဏ်းချုပ်ကျတော့ကော" ယွဲ့လင် သိုလှောင်အိတ်ကို လှမ်းယူလိုက်ရင်း မတင်မကျ ဖြစ်စွာ မေးမြန်းလိုက်သည်။
“ငါ့မှာ လုပ်ဆောင်စရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးလို့ပါ" ဖန်ယွမ် လက်ဝှေ့ယမ်းလိုက်သည် ... “မင်း အရင်သွားနှင့်တော့... အချိန်မဆွဲနဲ့"
ယွဲ့လင်အနေဖြင့် အမိန့်ကို မဖီဆန်ရဲသဖြင့်... သူမ၏ ပျံသန်းခြင်းရတနာကို အသက်သွင်းလျက် အမြန် ထွက်ခွာသွားခဲ့တော့သည်။ ယွဲ့လင်၏ ပုံရိပ် ကောင်းကင်ယံတွင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း... ဖန်ယွမ် လက်နှစ်ဖက်ကို ပွတ်သပ်လျက် လာခဲ့သည့် လမ်းအတိုင်း ပြန်လှည့်လာခဲ့သည်။
သူ ထျန်းပေါင်အဆောင်ဆီသို့ ထပ်မံ၍ ဦးတည်သွားခဲ့ပြန်သည်။
လျိုထောင်အာသည် သူမ၏ ဝန်ထမ်းများကို အမိန့်ပေးလျက် ဗလာကျင်းနေသော ဂိုဒေါင်ကြီး၏ စာရင်းများကို စစ်ဆေးခိုင်းနေစဉ်... ဖန်ယွမ် ပြန်လည် ရောက်ရှိလာကြောင်း ကြားသိလိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ရကာ အလျင်အမြန်ပင် ထွက်၍ ကြိုဆိုလိုက်ရသည်။
“ဂိုဏ်းချုပ်ဖန် ဘာများ ထပ်ပြီး ညွှန်ကြားစရာ ရှိလို့လဲ" သူမ ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးရင်း ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။
“တာ၀န်ခံလျို.. ငါ့ကို ဂိုဏ်းစောင့်အစီအရင် တစ်ခုလောက် ပေးစမ်းပါ"
ဖန်ယွမ် ရေနွေးကြမ်းကို မသောက်ဘဲ... ကောင်တာပေါ်သို့ လက်နှစ်ဖက်ဖြင့် ထောက်လျက် လေသံကို နှိမ့်ချကာ ပြောလိုက်သည် ... “နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို အမွှေးတိုင်တစ်တိုင်စာ အချိန်လောက် အောင့်ခံနိုင်မယ့် အစီအရင်မျိုး လိုချင်တာ…စျေးကြီးလေလေ... ပိုကောင်းလေလေပဲ”
လျိုထောင်အာ ခဏမျှ ကြောင်အသွားခဲ့ရပြီးမှ... ရေနွေးခွက်ကို ပြန်ချလိုက်သည်။ ပထမဆုံး ဝိညာဉ်ရေးရာပစ္စည်းတွေကို ဝယ်ယူခဲ့ပြီး... အခုကျတော့ အစီအရင်တစ်ခုလား၊ သူက တကယ်ပဲ ချုံးရှင်းဂိုဏ်းကို သွားတွေ၊ လက်သည်းတွေနဲ့ ပြည့်နှက်နေအောင် လက်နက်တပ်ဆင်ဖို့ ပြင်ဆင်နေတာပဲ။
သူမ မိမိ၏ စိတ်ထဲ၌ ဂိုဒေါင်စာရင်းကို အမြန် စဉ်းစားလိုက်သည် ... “ထျန်းပေါင်အဆောင်မှာ ‘လိပ်နက်ကောင်းကင်ပိတ်ဆို့ခြင်းအစီအရင်’ ဆိုတာ ရှိပါတယ်… အဲဒါက ကာကွယ်ရေးကိုပဲ အဓိက အာရုံစိုက်ထားတာဖြစ်ပြီး... နတ်ဝိညာဉ်အဆင့် အစောပိုင်းကျင့်ကြံသူတစ်ဦးရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ စျေးနှုန်းကတော့ နည်းနည်း မြင့်မားတယ်ရှင့်... အဲဒါက...”
“နေဦး" ဖန်ယွမ် လက်မြှောက်ကာ သူမ၏ စကားကို ဖြတ်ပြောလိုက်သည် ... “ငါက အပြင်ကနေ တိုက်ခိုက်လာတာကို ကာကွယ်ချင်တာ မဟုတ်ဘူး... အတွင်းထဲကနေ တိုက်ခိုက်တာကို ကာကွယ်ချင်တာ"
လျိုထောင်အာ ထိုနေရာ၌ပင် ဆွံ့အသွားခဲ့ရတော့သည်။ အတွင်းထဲကနေ တိုက်ခိုက်တာကို ကာကွယ်ချင်တာ ဟုတ်လား။
“ဒါက ဒီလိုမျိုးလေ...” ဖန်ယွမ် လက်ဟန်ခြေဟန်ဖြင့် ရှင်းပြလိုက်သည် ...
“လူတွေကို ဂိုဏ်းထဲကို အရင် ပေးဝင်လိုက်မယ်... ပြီးတော့မှ အစီအရင်ကို အသက်သွင်းပြီး သူတို့ကို အတွင်းထဲမှာ ပိတ်မိနေအောင် လုပ်မှာ…သူတို့က အတွင်းထဲမှာ ဘယ်လောက်ပဲ ရိုက်ခွဲဖျက်ဆီးပါစေ... အစီအရင်ကတော့ ပျက်စီးမသွားရဘူး…အဲလိုမျိုး အစီအရင်မျိုး မင်းတို့ဆီမှာ ရှိလား"
လျိုထောင်အာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပြီး... ထိုစကားလုံးများကို အချိန်အတော်ကြာအောင် နားမလည်နိုင် ဖြစ်နေခဲ့ရသည်။ အခြားသော လူများအားလုံးက ဂိုဏ်း၏ အခြေခံအုတ်မြစ်များကို ကာကွယ်ရန်အတွက် ရန်သူများကို တံခါးအပြင်ဘက်မှာ တားဆီးထားနိုင်မည့် အစီအရင်မျိုးကိုသာ ဝယ်ယူတတ်ကြသည်။ သို့သော်လည်း... ဂိုဏ်းချုပ်ဖန်ကမူ၊ ရန်သူကို အိမ်ထဲအထိ ဖိတ်ခေါ်ပြီး တံခါးပိတ်ကာ ခွေးရိုက်ဖို့ရာ ကြံစည်နေခဲ့သည် မဟုတ်ပါလား။
ဒါပေမဲ့ ဓားလှံတွေက မျက်စိမရှိချေ။ တကယ်လို့ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဂိုဏ်းအတွင်းထဲမှာ အားရပါးရ သောင်းကျန်းဖျက်ဆီးပစ်လိုက်မယ်ဆိုရင်... ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီ အကုန်အကျခံ တည်ဆောက်ထားတဲ့ ဇိမ်ခံနန်းဆောင်တွေနဲ့ တင်းယွီအဆောင်တွေက မြေပြန့်လွင်ပြင်ကြီးအဖြစ် ပြောင်းလဲသွားမှာ မဟုတ်ဘူးလား။
“ဂိုဏ်းချုပ်ဖန်... တကယ်လို့ ရှင်က ရန်သူတွေကို အစီအရင်ထဲကို မျှားခေါ်လိုက်မယ်ဆိုရင်... ရှင့်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်တွေက...” လျိုထောင်အာ သတိပေး စကားပြောဆိုလိုက်သည်။
“အဲဒါကို စိုးရိမ်မနေပါနဲ့... ငါ လိုချင်တာကလည်း အဲဒါပဲ” ဖန်ယွမ် အလျင်အမြန် ပြောလိုက်သည်။
ပေါက်ကရတွေ၊ တကယ်လို့ ငါက သူတို့ကို မဖျက်ဆီးခိုင်းဘူးဆိုရင်... ဂိုဏ်းရဲ့ အဆင့်အတန်း သတ်မှတ်ချက်က ဘယ်လိုလုပ်ပြီး ကျဆင်းသွားမှာလဲ။
သူ၏ စိတ်ပိုင်းဖြတ်မှုကို မြင်တွေ့လိုက်ရသောအခါ... လျိုထောင်အာ ထပ်မံ၍ ဖျောင်းဖျခြင်း မပြုတော့ဘဲ၊ လှည့်ကာ သူမ၏ နောက်ကွယ်က လျှို့ဝှက်အကန့်ထဲကနေ နှင်းဆီသစ်သားသေတ္တာ လေးတစ်ခုကို ထုတ်ယူလိုက်သည်။
သစ်သားသေတ္တာလေးကို ဖွင့်လိုက်သည့် အခါတွင်မူ... အတွင်းထဲ၌ ဖျော့တော့ပြီး ဆန်းကြယ်လှသော အလင်းတန်းများ ထွက်ပေါ်နေသည့် ‘ပါးကွအစီအရင်ကျောက်ပြား ’ လေးတစ်ခုက ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည်။
“ကိုးကွေ့စိတ်အာရုံလှည့်စားခြင်းအစီအရင်ပါ" လျိုထောင်အာ မိတ်ဆက်ပေးလိုက်သည် ...
“ဒီအစီအရင်က ထျန်းပေါင်အဆောင်ရဲ့ အဖိုးတန်ရတနာတွေထဲက တစ်ခု ဖြစ်ပါတယ်။ အဲဒါက အံ့အားသင့်စရာကောင်းတဲ့ ကာကွယ်ရေးစွမ်းအား ရှိရုံတင်မကဘဲ... အလွန်အမင်း ပြင်းထန်လှတဲ့ စိတ်အာရုံလှည့်စားခြင်း အာနိသင်လည်း ရှိပါတယ်။ အသက်သွင်းလိုက်တာနဲ့... အစီအရင်ထဲကို ဝင်ရောက်လာသူတွေက သူတို့ရဲ့ အာရုံငါးပါးလုံး ပိတ်ဆို့ခြင်းခံလိုက်ရမှာဖြစ်ပြီး၊ ဝင်္ကပါတစ်ခုထဲမှာ ပိတ်မိနေသလို ခံစားရစေမှာပါ။ တကယ်လို့ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်က အစီအရင်ရဲ့ ပြောင်းလဲမှုတွေကို နားမလည်ဘူးဆိုရင်... အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာ လုံးဝ ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး”
ဖန်ယွမ် မိမိ၏ ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်မိပြီး... ပျော်လွန်းသဖြင့် ခုန်မိတော့မတတ် ဖြစ်သွားခဲ့ရသည်။ ပြည့်စုံလွန်းလှပေစွ…
နက်မှောင်သစ်တောဂိုဏ်းက လူတွေကို အတွင်းထဲ ပေးဝင်လိုက်မယ်... ပြီးရင် အစီအရင်ထဲမှာ ပိတ်မိနေစေပြီး၊ သူကတော့ တပည့်တွေကို ခေါ်ကာ တောင်နောက်ဘက်က လျှို့ဝှက်လမ်းကြောင်းအတိုင်း ထွက်ပြေးပစ်လိုက်မည်။
နက်မှောင်သစ်တောဂိုဏ်းက လူတွေကို စိတ်အာရုံလှည့်စားမှုတွေကြားထဲမှာ အားရပါးရ ပေါက်ကွဲဖျက်ဆီးခိုင်းလိုက်ပြီး... ချုံးရှင်းဂိုဏ်းရဲ့ အဆောက်အဦးတွေကို မှုန့်မှုန့်ညက်ညက် ကြေမွသွားအောင် လုပ်ဆောင်ခိုင်းလိုက်မည်။
ထိုအချိန်ကျလျှင်... ရေချိုးခန်းလည်း ရှိတော့မည်မဟုတ်၊ အိပ်ဆောင်တွေလည်း ရှိတော့မည်မဟုတ်၊ လေ့ကျင့်ရေးကွင်းပြင်ကြီးပင်လျှင် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်တာမို့... ဂိုဏ်းရဲ့ အင်အားအဆင့်အတန်းက တိုက်ရိုက်ကို ထိုးဆင်းသွားပေလိမ့်မည် ထိုအချိန်ကျမှ ဂိုဏ်းအဆင့်အတန်း ထိုးကျသွားသည့်အတွက်... သူ နောက်ထပ် ဝိညာဉ်ကျောက်တုံးတွေကို ထပ်မံ သုံးဖြုန်းပစ်ရုံသာ ရှိသည်။ ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ် သာ ဖြစ်ချေသည်။
“ဘယ်လောက်လဲ" ဖန်ယွမ် မိမိ၏ နှလုံးသားထဲက အရူးအမူး ပျော်ရွှင်မှုများကို ဖုံးကွယ်လျက်... တတ်နိုင်သမျှ တည်ငြိမ်သော လေသံဖြင့် မေးမြန်းလိုက်သည်။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်းပါရှင့်"
ဖန်ယွမ်၏ နှုတ်ခမ်းအစုံမှာ ရယ်မောလိုစိတ်ကြောင့် ထိန်းမနိုင်အောင် တုန်ရီသွားခဲ့ရတော့သည်။ ငါးသိန်း ဟုတ်လား အစောပိုင်းက သုံးစွဲခဲ့သော ၂.၂ သန်းနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက... ဝိညာဉ်ကျောက်တုံး သုံးသန်းသုံးရမည့် တာဝန်ကြီးက ပြီးမြောက်လုနီးပါး ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား အလွန်ကောင်းလှပေစွ…
ဖန်ယွမ် စကားမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ... လျိုထောင်အာက သူ စျေးကြီးလွန်းသည်ဟု ထင်မှတ်နေသည်ဟု ယူဆလိုက်မိသည်။
ဘာပဲဖြစ်ဖြစ်... အစောပိုင်းကတင် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို သုံးစွဲထားခဲ့ပြီးပြီ ဖြစ်တာမို့၊ ဂိုဏ်းကြီးတစ်ခုအတွက်ပင်လျှင် သူတို့၏ လက်ကျန်ငွေမှာ အောက်ခြေအထိ ရောက်ရှိနေလောက်ချေပြီ။
သူမ သွားကို တင်းတင်းကြိတ်လိုက်ရင်း ပြောဆိုလိုက်သည် ... “ဂိုဏ်းချုပ်ဖန်... ရှင်က ဒီနေ့ ထျန်းပေါင်အဆောင်ရဲ့ ကုန်ပစ္စည်းအိတ်ဇောတွေကို ကူညီပြီး ရှင်းလင်းပေးခဲ့တာမို့... ကျွန်မ ဒါကို စိတ်ထဲမှာ မှတ်ထားမှာပါ။ ဒီဝိညာဉ်ကျောက်တုံး ငါးသိန်းနဲ့ ပတ်သက်ပြီးတော့... ကျွန်မရဲ့ လက်ထောက်တာ၀န်ခံ ရာထူးအာဏာနဲ့၊ ကျွန်မရဲ့ ကိုယ်ပိုင် ဂိုဏ်းကော်မရှင်ခတွေကို အသုံးချပြီး ရှင့်ကို လျှော့စျေးပေးပါ့မယ် ရှင်က ဝိညာဉ်ကျောက်တုံး လေးသိန်းပဲ ပေးချေဖို့ လိုအပ်ပါတယ်"
ဒါက သူမ လုပ်ဆောင်ပေးနိုင်သည့် အမြင့်မားဆုံးသော ကန့်သတ်ချက်ပင် ဖြစ်သည်။
သူမ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက်... ဖန်ယွမ်၏ မျက်နှာကြီး ချက်ချင်းပင် မည်းမှောင်သွားခဲ့ရတော့သည်။
“တော်စမ်း”
လျိုထောင်အာ ကြောင်အသွားခဲ့ရသည်။
“မင်းက ဘယ်သူ့ကို လာပြီးအထင်သေးနေတာလဲ"
ဖန်ယွမ် ကောင်တာပေါ်သို့ ဘုန်းခနဲ ရိုက်ချလိုက်သဖြင့်... ရေနွေးခွက်များပင် တုန်ခါသွားခဲ့ရသည် ... “ငါ့မှာ အဲဒီ ဝိညာဉ်ကျောက်တုံး တစ်သိန်း မရှိဘူးလို့ မင်း ထင်နေတာလား။ မူလစျေးအတိုင်းပဲ ပေးမယ် တစ်ပြားတစ်ချပ်မှ မလျှော့နဲ့ တကယ်လို့ မင်းက ငါ့ကို လျှော့စျေးပေးဖို့ ကြိုးစားဦးမယ်ဆိုရင်... ငါ နောက်နောင် ထျန်းပေါင်အဆောင်ကို ဘယ်တော့မှ လာပြီး ပစ္စည်းဝယ်တော့မှာ မဟုတ်ဘူး”
“ဒါပဲ... သွားပြီ နှုတ်ဆက်ပါတယ်”
ဤစကားလုံးများကို ချန်ထားခဲ့ပြီးနောက်... ဖန်ယွမ် ဝိညာဉ်ကျောက်တုံး ငါးသိန်းပါရှိသော သိုလှောင်အိတ်ကို ပစ်ချပေးလိုက်ကာ၊ နှင်းဆီသစ်သားသေတ္တာလေးကို ဆွဲယူလျက် နောက်သို့ လှည့်မကြည့်တော့ဘဲ တံခါးပြင်ပသို့ အပြေးအလွှား ထွက်ခွာသွားခဲ့တော့သည်။
လျိုထောင်အာ ထိုနေရာ၌ပင် မတ်တပ်ရပ်ကျန်ခဲ့ရင်း... စားပွဲပေါ်က သိုလှောင်အိတ်ကို ကြည့်ကာ လုံးဝကို ဝေခွဲမရ ဖြစ်သွားခဲ့ရတော့သည်။ သူမအနေဖြင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်အတွက်နှင့် အသက်လု သတ်ဖြတ်တတ်ကြသော ‘တစ်ကိုယ်တော်ကျင့်ကြံသူ’ များကို မြင်တွေ့ဖူးခဲ့သလို... သုည ဒသမ ငါးရာခိုင်နှုန်းသော လျှော့စျေးလေးအတွက်နှင့် သူမကို အတင်းအကျပ် လာရောက် ပူဆာတတ်ကြသော မင်းစိုးရာဇာ မိသားစုဝင်များကိုလည်း မြင်တွေ့ဖူးခဲ့သည်။
သို့သော်လည်း... ရောင်းချသူကို မူလစျေးအတိုင်းသာ အတင်းအကျပ် လက်ခံခိုင်းပြီး၊ အပြည့်အဝ မပေးချေရလျှင် ဒေါသထွက်တတ်သော အရူးတစ်ယောက်ကိုမူ... သမိုင်းတစ်လျှောက်တွင် ဒါက ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။
သူမ တံခါးပြင်ပတွင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်သော ပုံရိပ်ဆီသို့ မျှော်လင့်ချက် မျက်ဝန်းများဖြင့် ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“ရုပ်ရည်ကလည်း ချောမောတယ်၊ ပိုက်ဆံကိုလည်း ရက်ရက်ရောရော သုံးစွဲတတ်တယ်၊ ပြီးတော့ သူ့ရဲ့ တပည့်တွေအပေါ်မှာလည်း အလွန်အမင်း ကောင်းမွန်လွန်းတယ်... ဒါပေမဲ့ သူ့ရဲ့ ဒီဦးနှောက်ကတော့ တကယ်ပဲ ထူးဆန်းလွန်းတာပဲ"
ချုံးရှင်းဂိုဏ်း…ရင်ပြင်။
ယွဲ့လင်သည် ထိုဆယ်လုံးကျော်မျှရှိသော သိုလှောင်အိတ်များထဲက ပစ္စည်းများအားလုံးကို တပည့်များကို ခွဲဝေပေးပြီးသွားခဲ့ပြီ ဖြစ်သည်။
တောင်တစ်တောင်ကဲ့သို့ ပုံကျနေသော မန္တန်အင်းပြားများနှင့် ဝိညာဉ်ရေးရာပစ္စည်းများကို ကြည့်ရင်း... ရာဂဏန်းမျှရှိသော တပည့်များအားလုံး လုံးဝကို ဆွံ့အမှင်တက်နေခဲ့ကြရပြီ ဖြစ်သည်။
ချန်ကျင်းတောက်သည် သူ၏ လက်ထဲ၌ ထူထဲလှသော ‘ပေါက်ကွဲမီးလျှံမန္တန်အင်းပြား’ အထပ်ကြီးကို ကိုင်ဆောင်ထားခဲ့ပြီး... အကြမ်းဖျင်း ရေတွက်ကြည့်ရုံဖြင့်ပင် အနည်းဆုံး တစ်ရာခန့် ရှိနေခဲ့သည်။
သူသည် ဘေးနားက ဟုန်အာနျိုကို လှည့်ကြည့်လိုက်ရာ... ဟုန်အာနျိုသည် သံမဏိဖြင့် သွန်းလုပ်ထားသော ဝိညာဉ်ဓား သုံးလက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့ပြီး... သူ၏ ခါးကြားတွင်လည်း နှလုံးသားကာကွယ်ရေးမှန်ချပ် ငါးချပ်ကို ချိတ်ဆွဲထားခဲ့သည်ကို မြင်တွေ့လိုက်ရသည်။
“ဒါတွေက... ဒါတွေအကုန်လုံးက တကယ်ပဲ တစ်ကြိမ်သုံး ဝိညာဉ်ရေးရာပစ္စည်းတွေလား" ကျန်းရှောင်ရှန်း တံတွေးကို မျိုချလိုက်မိရင်း တုန်ရီနေသော လေသံဖြင့် မေးမြန်းလိုက်သည်။
အခြားသော ဂိုဏ်းများတွင်မူ... အပြင်စည်းတပည့်များမှာ သံချေးတက်နေသော သံဓားတစ်လက်အတွက်နှင့် ဦးခေါင်းများ ပေါက်ကွဲထွက်သွားမတတ် အလုအယက် တိုက်ခိုက်ကြရသည်။
သို့သော်လည်း သူတို့ဆီမှာမူ... ဝိညာဉ်ရေးရာပစ္စည်းများကို ရေတွက်ပင်မနေ အလေးချိန်အလိုက် ခွဲဝေပေးနေခဲ့ကြပြီး... မန္တန်အင်းပြားများကို အထပ်လိုက် ခွဲဝေပေးနေခဲ့ကြသည် မဟုတ်ပါလား။
လူတိုင်း ထိတ်လန့်တုန်လှုပ်မှုများထဲတွင် ရှိနေကြစဉ်... ဖန်ယွမ်သည် ဓားကို စီးနင်းလျက် ဆင်းသက်လာခဲ့သည်။
“ဂိုဏ်းချုပ်” လူတိုင်း ညီညာစွာ ဦးညွှတ်လိုက်ကြသည်။
ဖန်ယွမ် သူတို့ကို ဂရုမစိုက်ဘဲ... ယွဲ့လင်ထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားကာ၊ သူမ၏ ရင်ခွင်ထဲသို့ နှင်းဆီသစ်သားသေတ္တာလေးကို အတင်းအကျပ် ထိုးထည့်ပေးလိုက်သည်။
“ကိုးကွေ့စိတ်အာရုံလှည့်စားခြင်းအစီအရင် ကျောက်ပြားပဲ။ ဝိညာဉ်ကျောက်တုံး ငါးသိန်းနဲ့ ဝယ်ယူခဲ့တာ" ဖန်ယွမ် သူ၏ အင်္ကျီလက်စများကို ခါထုတ်လိုက်သည် ... “ငါ ပင်ပန်းနေပြီ ဒီအစီအရင်ကို နေရာချထားဖို့ရာနဲ့ ကြမ်းတမ်းတဲ့ အလုပ်တွေကိုတော့... မင်းတို့ဆီပဲ လွှဲအပ်လိုက်တော့မယ်"