နက်မှောင်သစ်တောဂိုဏ်း၏ တိုင်ပင်ဆွေးနွေးရာခန်းမကြီးအတွင်း၌ မီးရောင်များ မှိန်ပျပျ လင်းထိန်နေခဲ့သည်။
“ဆရာသခင်... ကျွန်တော်တို့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါဦး"
ချန်ကျင်းတောက်နှင့် အခြားသူများ၏ ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ခံခဲ့ရသော နှာခေါင်းကောက်ကောက်နှင့် လူငယ်သည်... ကျောက်ပြားမြေပြင်ပေါ်တွင် ဒူးထောက်လျက် ဦးခေါင်းကို ကြမ်းပြင်နှင့် စိုက်ထားခဲ့သည်။ သူ၏ ဘေးနားတွင်မူ အခြားသော ထွားကျိုင်းလှသော ကတုံးကြီးကလည်း လဲလျောင်းလျက် အကြိမ်ကြိမ် ဦးခေါင်းညိတ် တောင်းပန်နေခဲ့သည်။
“ဘာကိစ္စလဲ... မြန်မြန် ပြောစမ်း"
ကျောက်ဝူကျိသည် ထုဆစ်ထားသော ရွှေမျှင်နန်းမုသစ်သားကုလားထိုင် ပေါ်တွင် မတ်မတ်ထိုင်လျက်... သူ၏ မုတ်ဆိတ်မွေးများကို သပ်နေခဲ့ပြီး၊ မျက်ဝန်းအစုံမှာမူ ရက်စက်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
“ဆရာသခင်... အဲဒီ ချုံးရှင်းဂိုဏ်းက တော်တော်လေး လွန်လွန်းပါတယ်။ ကျွန်တော်တို့ကို ဒဏ်ရာရအောင် လုပ်ရုံတင်မကဘဲ... ကျွန်တော်တို့ရဲ့ နက်မှောင်သစ်တောဂိုဏ်းကိုလည်း အဆင့်မရှိတဲ့ လူမိုက်ဂိုဏ်းလို့ ရိုင်းရိုင်းစိုင်းစိုင်း စော်ကားခဲ့ပါတယ်" နှာခေါင်းကောက်ကောက်နှင့် လူငယ် မျက်ရည်စက်လက်ဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။
ကျောက်ဝူကျိ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး... သူ၏ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ အားပြင်းပြင်း ချပစ်လိုက်တော့သည်။
“ချုံးရှင်းဂိုဏ်း ဟုတ်လား... ငါ ကြားဖူးပါတယ် ဘာမဟုတ်တဲ့ တောဂိုဏ်းလေးတစ်ခုက... ဒီလောက်အထိ ရိုင်းစိုင်းရဲတယ်ပေါ့"
“ဟုတ်ပါတယ်... ဟုတ်ပါတယ်ဆရာ။ တကယ်လို့ ဆရာသခင်ကိုယ်တိုင်သာ လှုပ်ရှားမယ်ဆိုရင်... သူတို့ကို ချေမှုန်းပစ်ဖို့ရာ အေးဆေးပါပဲ" တပည့်နှစ်ဦးလုံး မြေပြင်ပေါ်၌ အကြိမ်ကြိမ် ဦးခေါင်းညိတ်လိုက်ကြသည်။
“မင်းတို့ ဒဏ်ရာရသွားတာဆိုတော့... ဆရာတစ်ယောက်အနေနဲ့ မင်းတို့အတွက် သေချာပေါက် ကလဲ့စားချေပေးရမှာပေါ့"
ကျောက်ဝူကျိ မြေပြင်ပေါ်က ဒူးထောက်နေသော ပုံရိပ်နှစ်ခုကို ကြည့်ရင်း... မည်သည့် ခံစားချက်မျိုးမျှမရှိသော မျက်နှာထားဖြင့် တိုးတိုးလေး ပြောလိုက်သည်။.
“ဒါပေမဲ့လည်း... မကြာသေးခင်ကမှ ဆရာ့ရဲ့ ကျင့်ကြံခြင်း က အနည်းငယ် လှုပ်ခတ်နေတာကို ခံစားနေရတယ်။ တကယ်လို့ ဆရာက မင်းတို့ရဲ့ ကိစ္စအတွက် အချိန်ပေးလိုက်ရမယ်ဆိုရင်... ဆရာ့ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်သွားမှာ စိုးရိမ်မိတယ်...”
“...”
နှာခေါင်းကောက်ကောက်နှင့် လူငယ် ကျောက်ဝူကျိ၏ စကားလုံးများကို မည်သို့လျှင် နားမလည်ဘဲ ရှိပါ့မလဲ။ ဒါက သူတို့ကို ကူညီပေးမည်ဖြစ်သော်လည်း... ပိုက်ဆံပေးရမည်ဟု အဓိပ္ပာယ်ရနေသည် မဟုတ်ပါလား။
“ဆရာသခင်... ကျွန်တော်တို့ ဒီလအတွက် သင်တန်းကြေး ပေးသွင်းပြီးကတည်းက အိတ်ထဲမှာ ပြားတစ်ချပ်မှ မရှိတော့တာ ဆရာလည်း သိတာပဲ ဒါပေမဲ့... အဲဒီ ချုံးရှင်းဂိုဏ်းက လူတွေကတော့ တအားကို ချမ်းသာကြတာ သူတို့ဆီမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိနေကြတယ်"
“ဟုတ်ပါတယ် ဆရာသခင် သူတို့တွေ ဘယ်လိုနည်းနဲ့ ရရှိခဲ့လဲတော့ မသိဘူး... အတိုင်းအဆမရှိတဲ့ စည်းစိမ်တွေ ရှိနေကြတာ။ အဲဒီအထဲက ကျောင်းသားဝတ်စုံနဲ့ ကောင်ဆိုရင်... သာမန်လူသား မိန်းမတစ်ယောက်ကိုတင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ကို အလွယ်တကူ ပေးပစ်လိုက်တာ။ အခြားတပည့်တွေရဲ့ အိတ်တွေထဲမှာလည်း ဖောင်းကားနေတာပဲ" ထွားကျိုင်းလှသော ကတုံးကြီးလည်း အလျင်အမြန်ပင် ဝင်ရောက်ပြောဆိုလိုက်တော့သည်။
ကျောက်ဝူကျိ လက်ဖက်ရည်သောက်နေခြင်းကို ခဏမျှ ရပ်တန့်လိုက်မိပြီး... သူ၏ မျက်ဝန်းအစုံထဲတွင် လောဘစိတ်အရိပ်အယောင်များ ချက်ချင်း ဖြတ်ပြေးသွားခဲ့ရတော့သည်။
သာမန်လူသား မိန်းမတစ်ဦးကိုတင် ဝိညာဉ်ကျောက်တုံး ငါးဆယ်ကို အလွယ်တကူ ပေးပစ်လိုက်တယ် ဟုတ်လား။
ချုံးရှင်းဂိုဏ်းဟူသည်မှာ သေချာပေါက် ဝိညာဉ်စွမ်းအင်ကြော တစ်ခုခုကို ရှာဖွေတွေ့ရှိထားခဲ့ခြင်း ဖြစ်ရမည်၊ သို့မဟုတ်ပါက အတိတ်က ရှေးဟောင်းအမွေအနှစ် တစ်ခုခုကို ရရှိထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“စည်းကမ်းထိန်းသိမ်းရေးဆောင်က တပည့်တွေကို စုစည်းလိုက်ပြီး... ငါနဲ့အတူ လိုက်ခဲ့ကြစို့ ငါ့ဂိုဏ်းက တပည့်တွေကို ဒဏ်ရာရအောင် လုပ်တဲ့အကြွေးကို... ဝိညာဉ်ကျောက်တုံးတွေနဲ့ပဲ ပြန်လည် ပေးဆပ်စေရမယ်"
ကျောက်ဝူကျိ မတ်တပ်ရပ်လိုက်ရာ... သူ၏ ဝတ်ရုံစများမှာ လေမတိုက်ဘဲ လွင့်ပျံသွားခဲ့တော့သည်။
ချုံးရှင်းဂိုဏ်းအတွင်း…
အားလပ်ရက် ခံစားနေခဲ့သော ချုံးရှင်းဂိုဏ်း၏ နောက်ဆုံးသော တပည့်ဖြစ်သည့် ‘ဝမ်အာကော်’ သည်လည်း နောက်ဆုံးတွင် သတင်းစကားကို ရရှိသွားခဲ့ပြီး ဂိုဏ်းသို့ အပြေးအလွှား ပြန်လည် ရောက်ရှိလာခဲ့ချေပြီ။
သူ့အနေဖြင့် အလွန်အမင်း ဒေါသထွက်နေခဲ့ပြီး... ချုံးရှင်းဂိုဏ်းနှင့်အတူ သေအတူ ရှင်အသက် ရှင်ရန် သစ္စာဆိုလျက်၊ ဂိုဏ်း၏ တံခါးဝအရှေ့သို့ ပြေးတက်လာခဲ့ကာ အခြားသော စီနီယာအစ်ကို၊ ဂျူနီယာညီလေးများနှင့်အတူ နက်မှောင်သစ်တောဂိုဏ်းက ကျင့်ကြံသူများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
ဖန်ယွမ်သည် ကုလားထိုင်ကြီးပေါ်တွင် ခြေထောက်တစ်ဖက် ချိတ်လျက် ထိုင်နေခဲ့ပြီး... သူ၏ မျက်ဝန်းအစုံမှာမူ ဂိုဏ်း၏ တံခါးဝဆီသို့ ရံဖန်ရံခါ ဝေ့ဝဲကြည့်ရှုနေခဲ့သည်။
ယွဲ့လင်တစ်ယောက် ဖန်ယွမ်၏ ဘေးနားတွင် မတ်တပ်ရပ်နေခဲ့ပြီး လက်ဖက်ရည်အိုးကို ကိုင်ဆောင်ထားရင်း... မျက်မှောင်ကို တင်းကြပ်စွာ တွန့်ချိုးလျက် အောက်ထပ်က တည်ငြိမ်လေးနက်နေကြသော ဂျူနီယာညီလေးများနှင့် ညီမလေးများကို ငုံ့ကြည့်နေခဲ့သည်။
“ဂိုဏ်းချုပ်... နက်မှောင်သစ်တောဂိုဏ်းရဲ့ လုပ်ဆောင်ချက်တွေက တအားကို ရက်စက်ကြမ်းကြုတ်လှပါတယ်။ သူတို့ရဲ့ ဂိုဏ်းချုပ်က နတ်ဝိညာဉ်အဆင့် မှာ ရှိနေတာဖြစ်ပြီး... ဂိုဏ်းအတွင်းမှာလည်းရွှေအမြုတေအဆင့် အလယ်လတ်အဆင့်ရှိတဲ့ အကြီးအကဲ ဒါဇင်ကျော် ရှိနေပါတယ်။ ငါတို့ဘက်က ကြိုတင်ပြင်ဆင်မှု မရှိဘဲ ဒီအတိုင်း စောင့်နေတာက... သေတွင်းထဲ သက်ဆင်းဖို့ စောင့်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား"
သူမ နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ လှမ်း၍ ပြောဆိုလိုက်မိတော့သည်။ ဖန်ယွမ် လက်ဖက်ရည်ကို တစ်ကျိုက် သောက်လိုက်ပြီးနောက်... လက်ဖက်ရည်ဖတ်များကို ထွေးထုတ်ပစ်လိုက်သည်။
“ဘာတွေ ကြိုတင်ပြင်ဆင်နေရမှာလဲ။ ဧည့်သည်တွေ ရောက်လာတာဆိုတော့... ငါတို့ဘက်ကလည်း သေချာပေါက် ကောင်းကောင်းမွန်မွန် ဧည့်ခံကျွေးမွေးရမှာပေါ့"
သူ့အနေဖြင့် ဝိညာဉ်ကျောက်တုံး သုံးသန်းကို မည်သို့ ကုန်ဆုံးအောင် သုံးပစ်ရမလဲဆိုတာကို စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။ နက်မှောင်သစ်တောဂိုဏ်းက ကလဲ့စားချေရန် ရောက်ရှိလာခြင်းက... သူတို့အတွက် ဆေးဝါးကုသစရိတ်များနှင့် စိတ်ဒဏ်ရာ နစ်နာကြေးများကို ပေးအပ်ပစ်နိုင်မည့် အကောင်းဆုံးသော အခွင့်အရေးကြီး သာ ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်... နက်မှောင်သစ်တောဂိုဏ်းက လူတွေက ပြဿနာရှာဖို့ လာနေကြတာပါ"
ယွဲ့လင် စိုးရိမ်စိတ်ကြောင့် ခြေဆောင့်လိုက်မိပြီး... ဖန်ယွမ်၏ ဦးခေါင်းကို ရိုက်ခွဲကာ အတွင်းထဲတွင် ဘာတွေ တွေးတောနေသလဲဆိုတာကို ကြည့်ရှုချင်စိတ်များပင် ထွက်ပေါ်နေခဲ့သည်။ ဖန်ယွမ် မိမိ၏ လက်ကို ဝေ့ဝဲလိုက်ပြီး မျက်နှာထက်တွင် အပြုံးများ ပြည့်နှက်သွားခဲ့သည် ...
“စကားမများပါနဲ့ နက်မှောင်သစ်တောဂိုဏ်းက လူတွေ ရောက်လာတဲ့ အခါကျရင်... မင်းတို့ လုံးဝ ဝင်ရောက် တိုက်ခိုက်ခြင်း မပြုရဘူး ငါ့ရဲ့ စီမံခန့်ခွဲမှု အားလုံးကိုပဲ နားထောင်ကြစမ်း"
သူ၏ စကားလုံးများ ဆုံးသွားခဲ့သည့် ခဏတွင်ပင်... ကောင်းကင်ယံထက်မှနေ၍ စူးရှလှသော လေခွဲသံ အမြောက်အမြား ဝုန်းခနဲ ထွက်ပေါ်လာခဲ့တော့သည်။ ဓားအလင်းတန်း ဒါဇင်ကျော်သည် တိမ်တိုက်များကို ဖြတ်သန်းလာခဲ့ကြပြီး... ချုံးရှင်းဂိုဏ်း၏ တံခါးဝအထက် ကောင်းကင်ယံ၌ ဝဲပျံနေခဲ့ကြသည်။
ကျောက်ဝူကျိသည် ပျံသန်းခြင်းဓား ပေါ်တွင် မတ်မတ်ရပ်နေခဲ့ပြီး... အစိမ်းရောင် ပန်းထိုးထည်များပါရှိသော အမည်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားလျက်၊ အထက်စီးမှနေ၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
သူ၏ အနောက်တွင်မူ... သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေကြသော နက်မှောင်သစ်တောဂိုဏ်း၏ အထူးတပည့် နှစ်ဆယ်ကျော် လိုက်ပါလာခဲ့ကြပြီး၊ သူတို့အထဲတွင် ဝက်ခေါင်းဖြစ်အောင် ရိုက်နှက်ခြင်း ခံထားရသော ထိုလူယုတ်မာနှစ်ဦးလည်း ပါဝင်နေခဲ့သည်။
ထိုအချိန်တွင်... ကျောက်ဝူကျိ၏ မျက်ဝန်းအစုံက အောက်ဘက်သို့ ဝေ့ဝဲကြည့်ရှုလိုက်မိပြီး၊ ဒီချုံးရှင်းဂိုဏ်းဟူသည်မှာ ရိုးရှင်းသော ဂိုဏ်းငယ်လေးတစ်ခု မဟုတ်ကြောင်း ချက်ချင်း သိရှိသွားခဲ့ရတော့သည်။
ရွှေမျှင်နန်းမုသစ်သား များနှင့် ဆောက်လုပ်ထားသော မျှော်စင်ကြီးများ၊ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ကျောက်စိမ်းနွေး များနှင့် ခင်းကျင်းထားသော လမ်းမကြီးများ... ထို့ပြင် လေထုထဲတွင်ပင် ဝိညာဉ်စမ်းရေများ၏ လတ်ဆတ်လှသော အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
သူ၏ အိုမင်းလှသော မျက်ဝန်းအစုံထဲတွင် ဖုံးကွယ်မရနိုင်သော လောဘစိတ်အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာခဲ့တော့သည်။ သတင်းအချက်အလက်များအရ ချုံးရှင်းဂိုဏ်းဟူသည်မှာ ပျက်စီးယိုယွင်းနေပြီး ဆင်းရဲမွဲတေလှသော နေရာတစ်ခုဟု ဆိုထားခဲ့သော်လည်း... သူ၏ အရှေ့က ဇိမ်ခံဆန်လှသော မြင်ကွင်းကမူ နက်မှောင်သစ်တောဂိုဏ်း၏ အဓိကတောင်ထိပ်ထက်ပင် ပိုမို သာလွန်နေခဲ့သေးသည်။
ထိုပျက်စီးနေသော တောဂိုဏ်းလေးသည် သေချာပေါက် ရှေးဟောင်းအပျက်အစီးတစ်ခုခုကို ရှာဖွေတွေ့ရှိထားခဲ့ပြီး စည်းစိမ်တွေ လျှံပယ်နေခဲ့ခြင်း ဖြစ်ရမည်။
စိတ်ပိုင်းဖြတ်ပြီးနောက်... ကျောက်ဝူကျိ အေးစက်စွာ အော်ဟစ်လိုက်တော့သည် ...
“ငါက နက်မှောင်သစ်တောဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ... ‘ကျောက်ဝူကျိ’ ပဲ ချုံးရှင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်မှာလဲ... အခုချက်ချင်း အပြင်ထွက်ပြီး ငါ့ရဲ့ မေးခွန်းကို ပြန်ဖြေစမ်း"
သူ၏ရွှေအမြုတေအဆင့် အစောပိုင်း ၏ ဖိအားလှိုင်းများကို အတိုင်းအဆမရှိ ထုတ်ဖော်လိုက်ရာ... ဘေးပတ်ပတ်လည်ရှိ သစ်ပင်ကြီးများပင် ဝုန်းခနဲ လှုပ်ခတ်သွားခဲ့ရတော့သည်။
ချန်ကျင်းတောက် မိမိ၏ သွားများကို တင်းတင်းကြိတ်ထားမိသလို... ဟုန်အာနျို၏ လက်ချောင်းများကလည်း မိမိ၏ ဓားရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ကြပြီး၊ ယွဲ့လင်သည်လည်း မိမိ၏ ခါးကြားက ဓားအပေါ်သို့ လက်တင်လိုက်ရင်း ကောင်းကင်ယံကို အေးစက်စက် ကြည့်ရှုလိုက်သည်။
ဖန်ယွမ် မတ်တပ်ရပ်လိုက်ပြီး... မိမိ၏ ဝတ်ရုံပေါ်က ဖုန်မှုန့်များကို ခါယမ်းကာ၊ ကောင်းကင်ဘက်သို့ လှည့်ကြည့်လျက် မျက်နှာတစ်ခုလုံးတွင် နွေးထွေးလှသော အပြုံးများ ပြည့်နှက်သွားခဲ့သည် ...
“အိုခေ... ကြည့်စမ်း နက်မှောင်သစ်တောဂိုဏ်းက အကြီးအကဲကျောက် ဖြစ်နေတာပဲ ကျွန်တော် ကြိုတင်ပြီး ထွက်မကြိုဆိုနိုင်ခဲ့တာကို တောင်းပန်ပါတယ်... တောင်းပန်ပါတယ်" ဖန်ယွမ် အလျင်အမြန်ပင် လေ့ကျင့်ရေးကွင်းပြင်ကြီး၏ အလယ်ဗဟိုဆီသို့ လှမ်းလျှောက်လာခဲ့ပြီး... လက်နှစ်ဖက်ကို မြှောက်ကာ အရိုအသေ ပေးလိုက်သည်၊ သူ၏ အမူအရာက အလွန်အမင်း ရိုသေကိုင်းညွတ်လှသည်။
ကျောက်ဝူကျိ မျက်မှောင်ကြုတ်လိုက်မိရင်း ဖန်ယွမ်ကို သေသေချာချာ စိုက်ကြည့်လိုက်မိသည် ဒီဂိုဏ်းချုပ်က သူ ပြဿနာရှာဖို့ လာနေတာကို သိသိကြီးနဲ့... ဘာဖြစ်လို့ ဒီလောက်အထိ ယဉ်ကျေးပျူငှာနေရတာလဲ။
“ဟင်း... ငါ့အရှေ့မှာ လာပြီး ဟန်ဆောင်မနေနဲ့" ကျောက်ဝူကျိ၏ မျက်ဝန်းအစုံက မိုးကြိုးလှိုင်းများကဲ့သို့... ဖန်ယွမ်နှင့် အောက်ထပ်က လူများအပေါ်သို့ ဝေ့ဝဲဖြတ်သန်းသွားခဲ့သည် ...
“မင်းက ချုံးရှင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား မင်းရဲ့ တပည့်တွေက ဘာအကြောင်းပြချက်မျှမရှိဘဲ... ကျန်းရှမြို့မှာ ငါ့ရဲ့ အတွင်းစည်းတပည့်တွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ကြတယ်။ တကယ်လို့ မင်း ဒီနေ့ သေသေချာချာ ရှင်းပြချက် မပေးနိုင်ဘူးဆိုရင်တော့... ငါကိုယ်တိုင် ဒီပျက်စီးနေတဲ့ တောင်ကြီးတစ်ခုလုံးကို မြေလှန်ပစ်မယ်"
ဖန်ယွမ်၏ မျက်ဝန်းတစ်ချက် လှုပ်ခတ်သွားခဲ့ရသည်။
‘တောက်... သူတစ်ပါးက ပြုံးပြနေရင် ပြန်ပြီး မရိုက်နှက်သင့်ဘူးလေ ငါက ပန်းပွင့်လေးတစ်ပွင့်လို လှပစွာ ပြုံးပြနေတာကိုတောင်မှ... ဒီအဘိုးကြီးက တော်တော်လေးကို ဆိုးသွမ်းလွန်းလှတယ်။ ငါသာ တစ်နေ့ကျရင် ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်ပြီး အင်မော်တယ်လမ်းစဉ်ကို အောင်မြင်သွားခဲ့မယ်ဆိုရင်... ပထမဆုံးအနေနဲ့ မင်းတို့တစ်မိသားစုလုံးကို သတ်ပစ်မယ်'
အသက်ကို ပြင်းပြင်းရှူ လိုက်ပြီးနောက်... ဖန်ယွမ် မျက်နှာထက်က အပြုံးများကို ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည် ...
“အကြီးအကဲကျောက် ပြောတာ မှန်ပါတယ် ကျွန်တော့်ဘက်က သေသေချာချာ မဆုံးမခဲ့မိလို့သာ... ဒီကလေးတွေက ဒီလောက်အထိ ကြီးမားတဲ့ ကပ်ဘေးတစ်ခုကို ဖန်တီးခဲ့မိကြတာပါ ကလေးတွေက ဘာမှမသိနားမလည်ကြသေးတာဆိုတော့... တိုက်ခိုက်တဲ့ အခါမှာလည်း အတိုင်းအဆမရှိဘဲ ဖြစ်သွားခဲ့ပြီး အကြီးအကဲရဲ့ အဖိုးတန်တပည့်တွေကို ဒဏ်ရာရအောင် လုပ်မိခဲ့ကြတာပါ..ကျွန်တော် ကိုယ်တိုင်လည်း အလွန်အမင်း ရှက်ရွံ့မိရပါတယ်"
“ဒါနဲ့... အကြီးအကဲကျောက် အနေနဲ့ ဒီကိစ္စကို ဘယ်လိုမျိုး ဖြေရှင်းချင်သလဲဆိုတာကို ပြောကြားပေးလို့ ရမလား"
ကျောက်ဝူကျိ လှောင်ပြုံး ပြုံးလိုက်သည် ... “မင်း အပြစ်ကို ဝန်ခံတယ်ဆိုတော့လည်း ပိုပြီး လွယ်ကူသွားတာပေါ့ မင်းတို့ဘက်က ငါတို့ဂိုဏ်းရဲ့ နစ်နာမှုတွေအားလုံးကို လျော်ကြေးပေးလျော်နိုင်သရွေ့... ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်လို့ ရပါတယ်"
ဖန်ယွမ်၏ မျက်ဝန်းအစုံ ချက်ချင်း လင်းလက်သွားခဲ့ရတော့သည် ... ဒါက သူ စောင့်ဆိုင်းနေခဲ့သော အခွင့်အရေးကြီး သာ ဖြစ်ပေလိမ့်မည်။
“လျော်ကြေးပေးရမယ်... သေချာပေါက် လျော်ကြေးပေးရမှာပေါ့ အကြီးအကဲကျောက်... ဈေးနှုန်းကိုသာ ပြောကြားပေးပါ သင့်ဂိုဏ်းရဲ့ နစ်နာမှုတွေကို ကုစားနိုင်သရွေ့... ကျွန်တော့်ဘက်က ဝိညာဉ်ကျောက်တုံး ဘယ်လောက်များများ ဖြစ်ဖြစ် အကုန်အကျခံပြီး ပေးလျော်ဖို့ အသင့်ပါပဲ" ဖန်ယွမ် မိမိ၏ ရင်ဘတ်ကို ပုတ်လျက် ရဲရဲဝံ့ဝံ့ အာမခံလိုက်တော့သည်။
ကျောက်ဝူကျိ ကြောင်အသွားခဲ့ရပြန်သည်။ သူ တွေးတောထားခဲ့မိသည်မှာ အခြားတစ်ဖက်က ခေါင်းမာစွာဖြင့် ပြန်လည် ခုခံလိမ့်မည်ဟု ဖြစ်ပြီး... ချုံးရှင်းဂိုဏ်းကို အင်အားသုံး၍ ခြေမှုန်းပစ်ရန်အတွက်ပင် ကြိုတင် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ဒီဂိုဏ်းချုပ်က ဒီလောက်အထိ ပျော့ညံ့လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
ဘာပဲပြောပြော... သတင်းအချက်အလက်များအရ ဒီဂိုဏ်းငယ်လေး၏ ဂိုဏ်းချုပ်သည်ရွှေအမြုတေအဆင့် အစောပိုင်းမျှသာ ရှိသေးသဖြင့်၊ နက်မှောင်သစ်တောဂိုဏ်း၏ အကြီးအကဲဖြစ်သော မိမိကို မြင်တွေ့ရသည့် အခါတွင် ထိတ်လန့်ခြောက်ခြားသွားခြင်းက ပုံမှန်ပင် ဖြစ်ပေလိမ့်မည်။
“ဟင်း... မင်းက အခြေအနေကို တော်တော်လေး သိတတ်တာပဲ" ကျောက်ဝူကျိ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး... သူ၏ မျက်ဝန်းအစုံကို ဝေ့ဝဲလျက်၊ ဒီအခွင့်အရေးကို အသုံးချကာ ဈေးနှုန်းကို တိုးမြှင့်ရန် ပြင်ဆင်လိုက်တော့သည် ... “ငါ့ရဲ့ ဒီတပည့်နှစ်ယောက်က... သူတို့ရဲ့ ကျင့်ကြံခြင်း အခြေခံအုတ်မြစ် တွေပါ ပျက်စီးသွားခဲ့ရတာဆိုတော့၊ ပြန်လည် ကုသနိုင်ဖို့အတွက် ကောင်းကင်နဲ့ မြေပြင်က ရတနာအမြောက်အမြား လိုအပ်လိမ့်မယ်…မင်းတို့ဘက်က ‘အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်း’ ထုတ်ပေးလိုက်ရင်... ဒီကိစ္စ ပြီးသွားပြီ"
သူ လက်ညှိုးတစ်ချောင်းကို မြှောက်လျက်... သူ၏ စိတ်ထဲတွင် အလွန်အမင်း များပြားလှသည်ဟု ထင်မှတ်ထားသော ဈေးနှုန်းတစ်ခုကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
‘တစ်သန်းတည်း ဟုတ်လား'
ဖန်ယွမ်ကမူ ရာခိုင်နှုန်းအပြည့်ဖြင့် မကျေမနပ် ဖြစ်သွားခဲ့ရကာစိတ်ထဲရေရွတ်လိုက်သည်။
‘ငါ့အကောင့်ထဲမှာ ကုန်အောင် သုံးပစ်ရမယ့် ပိုက်ဆံ သုံးသန်း ရှိနေတာကို... မင်းက တစ်သန်းပဲ တောင်းတယ် ဟုတ်လား မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ'
“အကြီးအကဲကျောက်... တစ်သန်းတည်းနဲ့ ဘယ်လိုလုပ်ပြီး လုံလောက်ပါ့မလဲ" ဖန်ယွမ် မိမိ၏ ပေါင်ကို ဖြတ်ရိုက်လိုက်မိရင်း ရိုးသားလှသော မျက်နှာထားဖြင့် ပြောလိုက်တော့သည် …
“အကြီးအကဲရဲ့ ဒီအဖိုးတန်တပည့်နှစ်ယောက်က နက်မှောင်သစ်တောဂိုဏ်းရဲ့ အနာဂတ် ကြယ်ပွင့်လေးတွေပဲ မဟုတ်လား…သူတို့ ဒီလောက်အထိ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိထားခဲ့ရတာကို... တစ်သန်းတည်း ပေးလျော်တာက သူတို့ကို စော်ကားရာ ရောက်ပါတယ်”
“ဒီလိုလုပ်ပါ... ကျွန်တော့်ဘက်က ‘ဝိညာဉ်ကျောက်တုံး နှစ်သန်း’ အပြင်၊ ‘အဆင့် (၁) ဝိညာဉ်သားရဲအသား ပေါင်ချိန် တစ်သိန်း’ ပါ ထပ်မံပြီး လျော်ကြေးပေးပါ့မယ်... ဘယ်လိုလဲ တကယ်လို့ မလုံလောက်သေးဘူး ဆိုရင်လည်း... ကျွန်တော် ထပ်ပြီး တိုးပေးပါ့မယ်"
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်... ရင်ပြင်ကြီးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့ရတော့သည်။
ယွဲ့လင်နှင့် အခြားသော တပည့်များအားလုံး ဆွံ့အ ကြောင်အန်းသွားခဲ့ကြရချေပြီ။
‘ဂိုဏ်းချုပ်က ရူးသွားပြီလား ဒီကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းချင်တယ်ဆိုရင်တောင်မှ... မိမိဘာသာ မိမိ ဈေးနှုန်းကို တမင်တကာ တိုးမြှင့်ပေးရမယ့် အကြောင်းပြချက် မရှိဘူးလေ'
ကျောက်ဝူကျိသည်လည်း လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့ရတော့သည်။ သူသည် မိမိ၏ ဘဝတစ်လျှောက်လုံးတွင် သူတစ်ပါးကို ခြိမ်းခြောက်ပြီး ငွေညှစ်ခြင်း လုပ်ငန်းများကို အမြောက်အမြား လုပ်ဆောင်ခဲ့ဖူးသော်လည်း... မိမိဘာသာ မိမိ ပိုက်ဆံ ပိုပေးပါရစေဟု အတင်းအကျပ် တောင်းဆိုနေသည့် ဒီလို လူအမျိုးအစားကိုမူ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း သာ ဖြစ်သည်။
‘ဒီကောင် ဘာလှည့်ကွက်တွေ သုံးနေတာလဲ'