ကော့ရှောင်ယီတစ်ယောက် အရှေ့ဘက်ဈေးကွက်ရှိ ဆိုင်ခန်းလေးတွင် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း တွေးမိသည်နှင့်တစ်ပြိုင်နက်... ချန်ကျင်းတောက်သည် ခြေလှမ်းများတွင် လေပင့်ထားသကဲ့သို့ အလျင်အမြန်ပင် လှုပ်ရှားလိုက်ပြီး... စည်ကားလှသော လူအုပ်ကြီးကို ဖြတ်သန်းလျက် မြို့၏ အရှေ့ဘက်အရပ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့တော့သည်။
လမ်းများနှင့် လမ်းကြားများကို ဖြတ်သန်းလာခဲ့ပြီးနောက်... ဝေးလံသော နေရာရှိ အရှေ့ဘက်ဈေးကွက်၏ ထောင့်စွန်းတစ်ခုတွင် လူအုပ်ကြီး စုဝေးနေသည်ကို သူ လှမ်းမြင်လိုက်ရသည်။
လူအုပ်ကြီး၏ အလယ်ဗဟိုတွင်မူ... သားမွေးဝတ်ရုံကြီးကို ခြုံလွှမ်းထားသော ကျန်းကျူမင်သည် ခြေထောက်ကို မြှောက်လျက် မိမိအရှေ့က ပန်းထိုးထည် ဆိုင်ခန်းလေးကို အားပြင်းပြင်းဖြင့် ကန်ချလိုက်တော့သည်။
သစ်သားစင်လေး ကျိုးကြေပျက်စီးသွားသော အသံကြီးက လမ်းထောင့်တွင် အလွန်အမင်း နားမခံသာအောင် ထွက်ပေါ်လာခဲ့ပြီး... ကြမ်းကြုတ်လှသည့် အစေခံအချို့ကလည်း ရက်စက်သော မျက်နှာထားများဖြင့် ဝိုင်းရံထားကြသည်။
စင်ပေါ်တွင် သေသပ်စွာ ခင်းကျင်းထားသော ပန်းထိုးအိတ်ငယ်လေးများနှင့် လက်ကိုင်ပဝါလေးများမှာ မြေပြင်ပေါ်သို့ ဖရိုဖရဲ လွင့်စင်ကျသွားခဲ့ရပြီး ညစ်ပတ်လှသော ရုန်းရင်းဆန်ခတ် ရွှံ့ရေများဖြင့် ပေကျံကုန်ကြချေပြီ။
ကော့ရှောင်ယီသည် မြေပြင်ပေါ်တွင် လဲကျနေရှာပြီး... မိမိ၏ ရင်ဘတ်တွင် ကျန်ရှိနေသေးသော ငွေပြားအနည်းငယ်ကို တင်းတင်းဆုပ်ကိုင်ထားရင်း... မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်နှက်နေခဲ့သော်လည်း အတင်းအကျပ် အားတင်းကာ မစီးကျအောင် ထိန်းထားရှာသည်။
"ကော့ရှောင်ယီ... ငါ့ရဲ့ စိတ်ရှည်နိုင်စွမ်းက အကန့်အသတ် ရှိတယ်" ကျန်းကျူ မင် မြေပြင်ပေါ်က ကော့ရှောင်ယီကို ကြည့်ကာ မျက်ခုံးကို အနည်းငယ် ပင့်လျက် လှောင်ပြုံး ပြုံးလိုက်သည် ... "နင့်ရဲ့ အသက်ငင်နေတဲ့ အဖေအိုကြီးက အသက်ဆက်ဖို့ ဆေးဘက်ဝင်အပင်တွေကို မျှော်လင့်ချက်မဲ့စွာ စောင့်နေတုန်းပဲ မဟုတ်လား။ နင်သာ ငါ့နောက်ကို ကောင်းကောင်းမွန်မွန် လိုက်ခဲ့မယ်ဆိုရင်... သူ့ကို ကယ်ဖို့ ပိုက်ဆံရလိမ့်မယ်။ ဒါပေမဲ့ နင်က ငြင်းဆန်နေဦးမယ်ဆိုရင်တော့... ငါ့အနေနဲ့ နင့်ကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားရုံပဲ ရှိတော့တာပေါ့"
"ကျွန်မရဲ့ စီနီယာအစ်ကို ကျင်းတောက်က အင်မော်တယ်လမ်းစဉ်ကို သွားရှာနေတာ သူ ပြန်လာတဲ့နေ့ကျရင် ကျွန်မကို လက်ထပ်လိမ့်မယ် နင် အဲဒီ စိတ်ကူးကို လုံးဝ စွန့်လွှတ်လိုက်စမ်း"
မိန်းမပျိုလေးသည် မိမိ၏ ဖြူ လျော်နေသော နှုတ်ခမ်းလွှာကို တင်းတင်းကိုက်ထားမိပြီး ခေါင်းမော့လျက် ကျန်းကျူ မင်ကို စိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ချန်ကျင်းတောက် ဟုတ်လား အဲဒီ အကြွေးတွေ တင်နေပြီး ပိုက်ဆံမရှိတဲ့ ပညာရှိစာဆိုအမှိုက်ကောင်ကို ပြောတာလား" ကျန်းကျူ မင် ကမ္ဘာပေါ်တွင် အရီရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ အော်ဟစ်ရယ်မောလိုက်တော့သည် ...
"နင်က အမှန်တရားကို မသိသေးဘူးပဲ... ကျင့်ကြံခြင်းလောကရဲ့ ရေစီးကြောင်းက တအား နက်ရှိုင်းတယ်…သူ့လိုမျိုး ဘာနောက်ခံမှမရှိ... ဘာအရည်အချင်းမှမရှိတဲ့ အမှိုက်ကောင်က... ဂိုဏ်းကြီးတွေမှာ ချေးကျုံးတဲ့ အစေခံတစ်ယောက်ဖြစ်ဖို့တောင် အရည်အချင်း မပြည့်မီဘူး…ငါ လောင်းရဲတယ်... သူ အပြင်က တောကန္တာရ တစ်နေရာရာမှာ သေနေတာ ကြာလှပြီ"
ကော့ရှောင်ယီ၏ မျက်နှာက ချက်ချင်း ဖြူ လျော်သွားခဲ့ရပြီး... လွန်ခဲ့သော အချိန်က မိမိ နောက်ဆုံး မြင်တွေ့ခဲ့ရသည့် ချန်ကျင်းတောက်၏ စိတ်ပျက်အားလျော့နေသော ပုံရိပ်ကို ပြန်လည် တွေးတောမိသွားရှာသည်။ ခဏမျှအတွင်း... သူမ ဘာပြန်ပြောရမှန်း မသိတော့ဘဲ မိမိ၏ ဝတ်ရုံစများကိုသာ တင်းတင်းဆုပ်ကိုင်ထားရင်း လုံခြုံမှုကို ရှာဖွေနေမိသည်။
ဘေးနားရှိ လမ်းသွားလမ်းလာများကလည်း ခေါင်းကို ခါယမ်းလျက် သက်ပြင်းချနေကြသော်လည်း... မည်သူမျှ ရှေ့သို့ထွက်ကာ ဝင်ရောက်မစွက်ဖက်ဝံ့ကြချေ။ ကျန်းကျူ မင်က ကျင့်ကြံသူတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား... ဘယ်သူက သူ့ကို လာပြီး ပြိုင်ဝံ့ပါ့မလဲ။
ကော့ရှောင်ယီက အရှုံးမပေးဘဲ ဇွတ်ငြင်းဆန်နေသည်ကို မြင်ရသောအခါ ကျန်းကျူ မင် လုံးဝ စိတ်မရှည်တော့ဘဲ သူ၏ အစေခံများကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ဒီကောင်မစုတ်ကို အတင်းချည်နှောင်ပြီး ခေါ်သွားကြစမ်း… ဒီနေ့ညပဲ ငါတို့ မင်္ဂလာဦးညကို ဆင်နွှဲရတာပေါ့"
ကြမ်းကြုတ်လှသည့် အစေခံနှစ်ဦးမှာ လက်ဝါးချင်းပွတ်လျက် ရှေ့သို့ တလှမ်းတိုးလာခဲ့ကြပြီး... ကော့ရှောင်ယီ၏ ဆံပင်များကို ဆွဲကိုင်ရန် လက်ကို ဆန့်လိုက်ကြတော့သည်။ သူတို့ စိတ်ထဲတွင် ကျန်းကျူ မင်က သူမကို ရိုးအီသွားသည့် အချိန်ကျရင်... သူတို့လည်း ဒီမိန်းမပျိုလေးကို မြည်းစမ်းခွင့်ရနိုင်လိမ့်မည်ဟု တွေးတောနေကြခြင်း ဖြစ်သည်။
သို့သော်လည်း... ကော့ရှောင်ယီ မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးများကို ပိတ်ထားလိုက်သည့် ခဏတွင်ပင်။
ပြင်းထန်လှသော မိုးကြိုးမုန်တိုင်းကြီးတစ်ခု ကွဲအက်သွားသကဲ့သို့... စည်ကားလှသော ဈေးကွက်ကြီး၏ အလယ်ဗဟိုတွင် ဒေါသတကြီး အော်ဟစ်သံကြီးတစ်ခု ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
"ဘယ်သူက သူမကို လာထိရဲလဲ"
ထိုအသံကြီးတွင် ထူထပ်လှသော ဝိညာဉ်စွမ်းအင် အရှိန်အဝါ များ ပြည့်နှက်နေခဲ့ရာ... ဘေးနားရှိ လမ်းသွားလမ်းလာများ၏ နားစည်များကိုပင် နာကျင်သွားစေခဲ့ပြီး... သူတို့အားလုံး အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြရကာ အသံထွက်ပေါ်လာရာ နေရာဆီသို့ တညီတညွတ်တည်း လှည့်ကြည့်လိုက်မိကြတော့သည်။
ရိုးရှင်းသော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချန်ကျင်းတောက်သည်... ခြေလှမ်းများတွင် လေပင့်ထားသကဲ့သို့ လူအုပ်ကြီးထဲမှ ထွက်ပေါ်လာခဲ့ချေပြီ။
ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ကော့ရှောင်ယီ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကြည့်လိုက်မိသည်။ သူမ၏ အမြင်က ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ဖြတ်သန်းသွားခဲ့ရာ... သူမ နေ့နေ့ညည တမ်းတနေခဲ့ရသော ပုံရိပ်ကြီးကို မြင်တွေ့လိုက်ရတော့သည်။
"အစ်ကို ကျင်းတောက်..." သူမ၏ အော်ဟစ်သံလေးထဲတွင် ကြီးမားလှသော ဝမ်းသာပီတိဖြစ်မှုများ ပြည့်နှက်နေခဲ့ရှာသည်။
ကျန်းကျူ မင် မျက်လုံးများကို မှေးလိုက်ပြီး ရောက်ရှိလာသူကို အထက်အောက် ဝေ့ဝဲကြည့်လိုက်ကာ နှာခေါင်းရှုံ့လိုက်တော့သည် ... "ငါက ဘယ်သူလဲလို့... ချန်မိသားစုက ပိုက်ဆံမရှိတဲ့ အမှိုက်စာဆိုကောင် ဖြစ်နေတာကိုး ဘာလဲ... အပြင်မှာ ထမင်းတောင်းမစားနိုင်လို့... အခု ကျန်းရှမြို့ကို ပြန်လာပြီး အသေခံမလို့လား"
ကျန်းကျူ မင် လက်နှစ်ဖက်ဖြင့် အစီရင်ခံတံဆိပ်များကို ဖော်ဆောင်လိုက်ရာ... သူ၏ ဘေးနားတွင် နောက်ကျိလှသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ သူ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ ခြေအောက်က ကျောက်ပြားလမ်းမကြီးပင် ကွဲအက်သွားခဲ့ရသည်။
သူသည် မိမိကိုယ်မိမိ ဂုဏ်ယူနေခဲ့သော ချီသန့်စင်ခြင်းအဆင့် (၃) ၏ ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုလျက်... လူအများအရှေ့တွင် ပိုက်ဆံမရှိသော စာဆိုကောင်ကို မသန်မစွမ်းဖြစ်အောင် ရိုက်နှက်ပစ်ပြီး... ကော့ရှောင်ယီ၏ မျှော်လင့်ချက်အားလုံးကို လုံးဝ ချေမှုန်းဖျက်ဆီးပစ်ချင်နေခဲ့သည်။
"မင်းလို ဘာမှမသိတဲ့ အကောင်ကို... အင်မော်တယ်နဲ့ လူသာမန်ကြားက ကွာခြားချက်ကို ငါ ပြပေးရတာပေါ့" ကျန်းကျူမင် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာခဲ့ပြီး... ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် လက်သီးကို လွှဲလျက် ချန်ကျင်းတောက်၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် ထိုးချလိုက်တော့သည်။
ချန်ကျင်းတောက် ရှောင်ကွင်းခြင်း လုံးဝမပြုလုပ်ခဲ့ချေ။ သူသည် မိမိ၏ ညာဘက်လက်ကို မြှောက်လိုက်ပြီး လက်ချောင်းများကို ဖြန့်လျက်... ထိုလက်သီးချက်ကို အလွန်အမင်း တည်ငြိမ်အေးဆေးစွာဖြင့် ဖမ်းဆွဲပစ်လိုက်သည်။
ဖတ်…
အသားချင်း ထိခိုက်မိသွားခဲ့သည်။
ပြင်းထန်လှသော ပေါက်ကွဲသံမျိုး ထွက်ပေါ်မလာခဲ့ဘဲ... ကျန်းကျူ မင်၏ လက်သီးချက်သည် ချန်ကျင်းတောက်၏ လက်ဖဝါးအတွင်း၌ ကွက်တိ ရပ်တန့်သွားခဲ့ရပြီး နောက်ထပ် တစ်လက်မမျှပင် ရှေ့တိုးမလာနိုင်တော့ချေ။ သူ အလွန်အမင်း ဂုဏ်ယူနေခဲ့သော ဝိညာဉ်စွမ်းအင်များသည်လည်း ထိတွေ့မိသည့် ခဏတွင်ပင် ပျက်ပြားသွားခဲ့ရပြီး ဘာသဲလွန်စမျှမရှိဘဲ ပျောက်ကွယ်သွားခဲ့ရတော့သည်။
ကျန်းကျူ မင်၏ မျက်သူငယ်အစုံ ကျုံ့ဝင်သွားခဲ့ရပြီး မျက်နှာတစ်ခုလုံးတွင် ထိတ်လန့်တကြားဖြစ်ခြင်းများ ပြည့်နှက်သွားခဲ့ရချေပြီ။ သူသည် မိမိ၏ လက်မောင်းကို ပြန်လည် ဆွဲထုတ်ချင်နေခဲ့သော်လည်း... တစ်ဖက်လူ၏ လက်ဖဝါးက သံညှပ်ကြီးတစ်ခုကဲ့သို့ သူ့ကို တင်းတင်းကြပ်ကြပ် ဖမ်းချုပ်ထားသည်ကို တွေ့ရှိလိုက်ရသည်။
ချန်ကျင်းတောက်တွင်လည်း ကျင့်ကြံခြင်းအဆင့် ရှိနေခဲ့တာပဲ။ ပြီးတော့ သူ့ထက်တောင် ပိုပြီး မြင့်မားနေသေးသည်။
"မင်း ဘယ်လိုလုပ်ပြီး..." ကျန်းကျူ မင် ထိတ်လန့်လွန်းသဖြင့် မျက်နှာ ဖြူ လျော်သွားခဲ့ရသည်။
"ချီသန့်စင်ခြင်းအဆင့် (၃) ဟုတ်လား ဒါက မင်း အပြင်မှာ ဗိုလ်ကျစိုးမိုးနေတဲ့ အစွမ်းလား" ချန်ကျင်းတောက် အေးစက်စွာ မေးမြန်းလိုက်သည်။
သူသည် လက်ကို လွှဲလျက် ကျန်းကျူ မင်၏ မျက်နှာပေါ်သို့ အားပြင်းပြင်းဖြင့် ရိုက်ချလိုက်တော့သည်။
ဖြောင်း...
ပြတ်သားလှသော ပါးရိုက်သံကြီးက လမ်းများနှင့် လမ်းကြားများအတွင်း၌ ဟိန်းဟောက်သွားခဲ့တော့သည်။
လက်ဖဝါးချက်တွင် မည်သည့် ဆန်းပြားသော ကကွက်မျိုးမျှ မပါဝင်ဘဲ... ချီသန့်စင်ခြင်းအဆင့် (၈) ၏ စင်ကြယ်လှပြီး လေးလံလှသော ဝိညာဉ်စွမ်းအားများ စီးဆင်းသွားခြင်း သာ ဖြစ်သည်။
ကျန်းကျူ မင် လေထဲတွင် နှစ်ပတ်ခန့် ဝေ့ဝဲသွားခဲ့ရပြီးနောက်... ရွှံ့ရေများ ပြည့်နှက်နေသည့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့ရတော့သည်။ သူသည် သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရပြီး... ကျိုးကြေသွားသော သွားအချို့မှာလည်း သွေးများနှင့်အတူ လွင့်စင်ကျသွားခဲ့ရသည်။
ကျန်းကျူ မင် ပြန်လည် မတ်တပ်မရပ်နိုင်ခင်မှာတင်...
ချန်ကျင်းတောက် ဝုန်းခနဲ ခုန်တက်လိုက်ပြီး မိမိ၏ ချီသန့်စင်ခြင်းအဆင့် (၈) ၏ စွမ်းအားအားလုံးကို ထုတ်ဖော်လျက်... မမြင်နိုင်သော ကျောက်တုံးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ကျန်းကျူ မင်၏ ကျောရိုးပေါ်သို့ ပြင်းထန်စွာ နင်းချပစ်လိုက်တော့သည်။
ကျွတ်...
အရိုးများ ကျိုးကြေသွားသော အသံကြီးက သဲသဲကွဲကွဲ ထွက်ပေါ်လာခဲ့သည်။ ကျန်းကျူ မင် ဆိုးရွားစွာ ဟစ်အော်လိုက်ရပြီး... သူ၏ ခါးဆစ်ကျောရိုးမှာ လိမ်တွန့်သွားခဲ့ရကာ ပါးစပ်ထောင့်မှလည်း သွေးများ ချက်ချင်း စီးကျလာခဲ့တော့သည်။
မြေပြင်ပေါ်တွင် လဲကျနေရင်း... ကျန်းကျူ မင် နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး ထုံကျင်နေခဲ့ချေပြီ။ သူသည် မိမိ၏ မျက်လုံးထောင့်မှနေ၍ ချန်ကျင်းတောက်က်ို ထိတ်လန့်တကြား စိုက်ကြည့်နေမိပြီး ဦးနှောက်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေခဲ့ရသည်။
‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ'
သူသည် လွန်ခဲ့သော အချိန်က အဆင့်သုံးဂိုဏ်းငယ်လေးတစ်ခုတွင် ငါးနှစ်တိုင်တိုင် နေထိုင်ခဲ့ဖူးပြီး... အဆင့် (၃) သို့ အနိုင်နိုင် ရောက်ရှိရန်အတွက် အဆုံးမဲ့သော နှိပ်စက်မှုများကို ခံခဲ့ရဖူးသဖြင့် ကျင့်ကြံခြင်းလမ်းစဉ် မည်မျှအထိ ခက်ခဲလဲဆိုတာကို သူ ကောင်းကောင်းကြီး သိသည်။
မိမိအရှေ့က ပိုက်ဆံမရှိသော စာဆိုကောင်သည် မိမိထက် အရည်အချင်း ပိုမကောင်းခဲ့ပါဘဲလျက်... ဘာဖြစ်လို့ နှစ်အနည်းငယ်အတွင်းမှာတင် သူ၏ ကိုယ်ပေါ်က ထွက်ပေါ်နေတဲ့ ဖိအားလှိုင်းက သူ့ကို အသက်ပင် ပြင်းပြင်းမရှူ နိုင်လောက်အောင် ဖြစ်စေရတာလဲ။
သို့သော်လည်း ဘယ်လိုပဲဖြစ်ပါစေ... တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်က သူ့ထက် ပိုမိုမြင့်မားနေခဲ့ချေပြီ။ ကျင့်ကြံခြင်းလောကတွင်... အဆင့်မြင့်မားသောသူက အဆင့်နိမ့်သောသူကို နှိပ်စက်သတ်ပစ်ဖို့ရာ လက်ဖဝါးတစ်ချက် မှောက်လိုက်ရုံထက်ပင် လွယ်ကူပေလိမ့်မည်။
ဒါ့အပြင်... ချန်ကျင်းတောက်နှင့် ထိုတပည့်များသည် ဂိုဏ်းချုပ်ဖန်ယွမ်က ဝိညာဉ်ကျောက်တုံး အမြောက်အမြား အကုန်အကျခံပြီး မွေးမြူ ထားခဲ့သော ကျင့်ကြံသူများ ဖြစ်ကြသည် မဟုတ်ပါလား။
"စီနီယာ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ.. ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"
ကျန်းကျူ မင်သည် မျက်ရည်... နှပ်ချေးများ ထွက်လာသည်အထိ ငိုကြွေး တောင်းပန်နေခဲ့ရပြီး... နာကျင်မှုကြောင့် အော်ဟစ်ဖို့ပင် မတွေးဝံ့တော့ဘဲ အသက်ရှင်သန်ခွင့်ရဖို့ကိုသာ ပထမဆုံး ဦးစားပေး နေခဲ့ရတော့သည်။
ချန်ကျင်းတောက် မိမိ၏ ခြေအောက်တွင် ခွေးတစ်ကောင်လို အသက်ချမ်းသာရဖို့ တောင်းပန်နေသော ကျန်းကျူ မင်ကို အေးစက်စွာ စိုက်ကြည့်နေမိသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သူ၏ ခြေထောက်ကို ပြန်လည် ရုပ်သိမ်းလိုက်တော့သည်။
"ကျေးဇူးတင်ပါတယ် ဘိုးဘိုးကြီးရယ် ကျေးဇူးတင်ပါတယ် ဘိုးဘိုးကြီးရယ်"
ကျန်းကျူ မင် အလွန်အမင်း ဝမ်းသာသွားခဲ့ရပြီး... မိမိ၏ အစေခံများကို သူ့အား အမြန်တွဲခေါ်သွားရန် အော်ဟစ်လိုက်တော့သည်။ အစေခံအချို့ လူအုပ်ကြီးထဲမှ အပြေးအလွှား ထွက်လာခဲ့ကြပြီး အခြေအနေ ပျက်ပြားစွာဖြင့် ထွက်ပြေးသွားကြတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး မီးသေလောက်အောင် ငြိမ်သက်သွားခဲ့ရချေပြီ။
ချန်ကျင်းတောက် မိမိ၏ ခန္ဓာကိုယ်ပေါ်က ကြောက်မက်ဖွယ်ကောင်းသော ဖိအားလှိုင်းများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး နှေးကွေးစွာ လှည့်ပြန်ခဲ့သည်။ သူ၏ ထက်မြက်လှသော မျက်ဝန်းအစုံမှာ... ရွှံ့နွံထဲက မိန်းမပျိုလေးနှင့် ထိတွေ့မိသွားသည့် ခဏတွင်ပင် ချက်ချင်း နူးညံ့ပျော့ပြောင်းသွားခဲ့ရတော့သည်။
သူ ကော့ရှောင်ယီ၏ ဘေးနားသို့ လှမ်းလျှောက်လာခဲ့ပြီး ခါးကို ညွတ်လိုက်ကာ... သူမ၏ ဆံပင်ပေါ်က ရွှံ့နွံများကို သေသေသပ်သပ် ဖယ်ရှားပေးလျက် သူမကို တွဲထူပေးလိုက်သည်။
ကော့ရှောင်ယီ သူ့ကို ငေးမောကြည့်နေမိရှာပြီး နှုတ်ခမ်းလေးများ လှုပ်ရှားနေခဲ့သော်လည်း မည်သည့် အသံမျိုးမျှ ထွက်ပေါ်မလာခဲ့ချေ။ ချန်ကျင်းတောက်၏ လက်ဖဝါးဆီမှ နွေးထွေးမှုများကို ခံစားလိုက်ရသည့် အချိန်ကျမှသာ... သူမ အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်သွားခဲ့ရသည်။
မျက်ရည်များမှာ တံတိုင်းပြိုကျသကဲ့သို့ စီးကျလာခဲ့ရပြီး... သူမ သူ၏ ရင်ခွင်ထဲသို့ တိုးဝှေ့လျက် အော်ဟစ်ငိုကြွေးမိတော့သည်။
ချန်ကျင်းတောက် သူမ၏ ကျောပြင်လေးကို ညင်သာစွာ ပုတ်ပေးနေခဲ့ပြီး... သူမ၏ မျက်ရည်များက သူ၏ ဝတ်ရုံကို စိုစွတ်သွားစေခဲ့သည်။ သူမ၏ စိတ်ခံစားချက်များ အနည်းငယ် တည်ငြိမ်သွားသည့် အချိန်ကျမှသာ... ချန်ကျင်းတောက် မိမိ၏ ခါးတွင် ချိတ်ဆွဲထားသော အိတ်ကို ဖြုတ်လိုက်ပြီး လက်ကောက်ဝတ်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ဂလောက်... ဂလောက်...
ကြည်လင်တောက်ပနေသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်တိတိက ထိုအဝတ်အိတ်လေးအတွင်း၌ ပြည့်နှက်နေခဲ့ကာ ထွက်ပေါ်လာသော ထူထပ်လှသည့် ဝိညာဉ်စွမ်းအင်များကြောင့်... လူအုပ်ကြီးထဲတွင် ပုန်းအောင်းနေကြသော လေလွင့်ကျင့်ကြံသူ အချို့မှာ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြရပြီး အသက်ရှူ ဖို့ပင် မေ့လျော့နေခဲ့ကြရသည်။
‘အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ် ဟုတ်လား'
သာမန်ဂိုဏ်းတစ်ခု၏ အပြင်စည်းတပည့်တစ်ဦးဆိုလျှင်... သုံးနှစ်တိုင်တိုင် အသားကုန် အလုပ်လုပ်ရင်တောင်မှ ဤကဲ့သို့သော ဝိညာဉ်ကျောက်တုံး အပြည့်အစုံကို စုဆောင်းနိုင်ဖို့ မသေချာလှပေ။ ဒီပညာရှိစာဆိုသည် ဘယ်လိုမျိုး အင်မော်တယ် ဂိုဏ်းကြီးကို ဝင်ရောက်နိုင်ခဲ့လို့... ဒီလောက်အထိ သုံးစွဲနိုင်ရတာလဲ။
"ဒါ... ဒါက..." ကော့ရှောင်ယီသည် သာမန်လူသားတစ်ဦး ဖြစ်သော်လည်း တောက်ပနေသော ကျောက်တုံးများသည် သာမန်ပစ္စည်းများ မဟုတ်ကြောင်း သိရှိသဖြင့် ထိတ်လန့်တကြားဖြင့် လက်ကို အကြိမ်ကြိမ် ခါယမ်းလိုက်မိသည်။
"ယူထားလိုက်ပါ" ချန်ကျင်းတောက် ထိုအဝတ်အိတ်လေးကို သူမ၏ ရင်ခွင်ထဲသို့ အတင်းထည့်ပေးလိုက်ပြီး သူ၏ လေသံမှာ အလွန်အမင်း နူးညံ့နေခဲ့သည် ...
"အခု အစ်ကိုက ‘ချုံးရှင်းဂိုဏ်း’ မှာ ကျင့်ကြံနေတာ... ဂိုဏ်းချုပ်က ငါ့အပေါ် တအား ကောင်းပါတယ် ဒါက ဂိုဏ်းကနေ လစဉ် ထုတ်ပေးတဲ့ ထောက်ပံ့ကြေးပဲ မင်း ဒါကို ယူထားပြီး ငွေပြားတွေနဲ့ လဲလှယ်လိုက်ပါ... ဦးလေးရဲ့ ရောဂါကို ကုသပြီး အိမ်ဟောင်းကိုလည်း ပြန်ရွေးလိုက်ပါ"
သူ ခဏမျှ ရပ်တန့်လိုက်ပြီး... သူမ၏ နားထင်ဘက်က ရှုပ်ပွနေသော ဆံနွယ်လေးများကို သေသေသပ်သပ် ပြင်ဆင်ပေးလိုက်သည်။
"နောက်နောင်ကျရင်... အစ်ကိုက မင်းကို သုခချမ်းသာတွေပဲ ခံစားစေရမယ်"
ကော့ရှောင်ယီ လေးလံလှသော ဝိညာဉ်ကျောက်တုံးများကို ပိုက်ထားမိရင်း သူမ၏ ရင်ထဲတွင် နွေးထွေးမှုများ ပြည့်နှက်သွားခဲ့ရပြီး... နောက်ဆုံးတွင် မျက်နှာထက်၌ မျက်ရည်များ စီးကျလျက် ခေါင်းကို အားပြင်းပြင်း ညိတ်လိုက်မိတော့သည်။ သူမ ငိုကြွေးနေရခြင်းမှာ မိမိ၏ ဖခင်ဖြစ်သူ နောက်ဆုံးတွင် ကယ်တင်ခြင်း ခံလိုက်ရ၍သာ မဟုတ်ချေ။
ဒါ့ထက် ပိုမိုအရေးကြီးသည်မှာ... မိမိ၏ အစ်ကို ကျင်းတောက်သည် တကယ့် မြင့်မားလှသော အင်မော်တယ်တစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့ပြီး မိမိကို ရှာဖွေဖို့အတွက် အမှန်တကယ် ပြန်လည် ရောက်ရှိလာခဲ့ခြင်းကြောင့် သာ ဖြစ်သည်။
နှစ်ပေါင်းများစွာ ပင်ပန်းကြီးစွာ စောင့်ဆိုင်းခဲ့ရမှုများသည်... နောက်ဆုံးတွင် အကောင်းဆုံးသော ရလဒ်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ချေပြီ။