ကျောက်စစ်သည် သူ၏ တုတ်ကြီးကို လွှတ်လိုက်ရပြီး... လက်ကောက်ဝတ်တစ်ခုလုံး ပြင်းထန်စွာ နာကျင်လွန်းသဖြင့် မျက်နှာပျက်လျက် သွားများကို တင်းတင်းကြိတ်ထားမိသည်။
မြို့ဆင်ခြေဖုံးအရပ်တွင် ဗိုလ်ကျစိုးမိုးလာခဲ့သည့် သူ့အတွက် ဤကဲ့သို့ အရှက်ခွဲခံရမှုကို မည်သို့မျှ မျိုသိပ်မထားနိုင်ချေ။ သူသည် အက်ကွဲသောအသံဖြင့် အော်ဟစ်လိုက်တော့သည် ... "မင်းတို့အားလုံး မျက်စိကန်းနေကြတာလား အတူတူ တိုက်ကြစမ်း သူ့ကို မသန်မစွမ်းဖြစ်အောင် လုပ်ပစ်ကြစမ်း"
သူ၏ အမိန့်ကို ကြားရသည်နှင့်တစ်ပြိုင်နက်... တုတ်များကို ကိုင်ဆောင်ထားကြသော အစေခံအချို့မှာ ချက်ချင်းပင် ဝိုင်းရံလိုက်ကြပြီး... ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားများဖြင့် ချန်ကျင်းတောက်ဆီသို့ အပြေးအလွှား ခုန်အုပ်လိုက်ကြတော့သည်။
တုတ်ကြီးများက အေးစက်လှသော လေပြင်းကို ဖြတ်သန်းလျက် ချန်ကျင်းတောက်၏ အသက်အန္တရာယ်ရှိသော နေရာများဆီသို့ တည့်တည့်မတ်မတ် ရိုက်ချလာခဲ့ချေပြီ။
ချန်ကျင်းတောက်၏ မျက်နှာထားက တည်ငြိမ်အေးစက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ‘ထာဝရစိမ်းလန်း ဝိညာဉ်လမ်းညွှန်ကျင့်စဉ် ’ က ချက်ချင်း အသက်ဝင်လာခဲ့ပြီး... ချီသန့်စင်ခြင်းအဆင့် (၈) ၏ ကြီးမားလှသော ဝိညာဉ်စွမ်းအင်များက သူ၏ သွေးကြောမျှင်များအတွင်း၌ ပြင်းထန်စွာ ဆူပွက်လာခဲ့တော့သည်။
သူ၏ လှုပ်ရှားမှုများတွင် မည်သည့် ဆန်းပြားသော နည်းစနစ်မျိုးမျှ မပါဝင်သော်လည်း... အဆုံးမဲ့သော အားအင်များ ပြည့်နှက်နေခဲ့ချေပြီ။
ဖုန်း... ဖုန်း...
ပြင်းထန်လှသော ထိခိုက်မိသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အရှေ့ဆုံးမှ ဦးဆောင်လာသော အစေခံနှစ်ဦးမှာ... သူ၏ လက်သီးချက် နှစ်ချက်ကြောင့် တုတ်များနှင့်အတူ အနောက်သို့ လွင့်ထွက်သွားခဲ့ကြပြီး... ပေသုံးဆယ်ကျော် ဝေးကွာသော နေရာရှိ ရေညှိများ တက်နေသည့် အိမ်ဝင်းတံတိုင်းကို ပြင်းထန်စွာ စောင့်မိသွားခဲ့ကြတော့သည်။
ကျန်ရှိနေသော အစေခံအနည်းငယ်မှာမူ... ထိတ်လန့်တကြားဖြင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့ကြပြီး... ခြေထောက်များမှာလည်း တုန်တုန်ရင်ရင် ဖြစ်လာခဲ့ကာ လက်ထဲက တုတ်များမှာ မြေပြင်ပေါ်သို့ အလိုအလျောက် လျှောကျသွားခဲ့ရတော့သည်။
"မင်း... မင်းက တုံ့ပြန်တိုက်ခိုက်ရဲတယ် ဟုတ်လား"
ဒီအခြေအနေကို မြင်လိုက်ရသောအခါ ကျောက်စစ် တစ်ယောက် သွေးလန့်သွားခဲ့ရချေပြီ။ သူသည် မိမိ၏ ကွဲအက်နေသော လက်ဖမိုးကို ဆုပ်ကိုင်ထားရင်း... အနောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာလိုက်မိပြီး အတင်းအကျပ် အားတင်းကာ အော်ဟစ်လိုက်သည် ...
"အကြွေးဆိုတာ ပြန်ဆပ်ရတာ သဘာဝပဲ ဒီအဘွားကြီးက သူဌေးကြီးကျန်းဆီကနေ ပိုက်ဆံချေးထားတာ... ဒါက အဖြူ အမည်း သဲသဲကွဲကွဲ ရေးထားတာ မင်းက အာဏာသုံးပြီး အကြွေးကို မဆပ်ဘဲ နေမလို့လား"
ချန်ကျင်းတောက် သူ၏ မိခင်ဖြစ်သူဘက်သို့ လှည့်လိုက်ပြီး... အခြေအနေကို အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
ထိုအခါမှသာ လွန်ခဲ့သော နှစ်များစွာက မိမိ၏ လမ်းစရိတ်အတွက် မိခင်ဖြစ်သူက ငွေပြား ငါးဆယ်သာ ချေးခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင် အတိုးနှုန်းများကြောင့် ငွေပြား တစ်ထောင်အထိ ဖြစ်သွားရခြင်း ဖြစ်ကြောင်း သူ သိရှိသွားခဲ့ရတော့သည်။
သူ၏ မျက်နှာက တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့် ဒေါသအရိပ်အယောင်မျှ ရှိမနေခဲ့ချေ။ သူသည် မိမိ၏ ဝတ်ရုံထဲသို့ လက်လှမ်းနှိုက်လိုက်ပြီး... တောက်ပလင်းလက်နေသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ဆွဲထုတ်လိုက်သည်။ သူ၏ လက်ကောက်ဝတ်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ... ဝိညာဉ်ကျောက်တုံးများသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျောက်စစ်၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ စောင့်မိသွားခဲ့တော့သည်။
ကျောက်စစ် ဆိုးရွားစွာ အော်ဟစ်လိုက်ရပြီး... သူ၏ မျက်နှာတစ်ခုလုံးတွင် ဒဏ်ရာများ ပြည့်နှက်သွားခဲ့ကာ နှာခေါင်းရိုး ပြိုကျသွားခဲ့ရပြီး နှာခေါင်းသွေးများ ဖြာခနဲ ပန်းထွက်လာခဲ့တော့သည်။ ထို့နောက်တွင်မူ... ထိုဝိညာဉ်ကျောက်တုံးများသည် သူ၏ ခြေရင်းတွင် တဖွဲဖွဲ လွင့်စင်ကျသွားခဲ့ကြသည်။
"ဒါက အရင်းနဲ့ အတိုးပဲ…ကျန်တာက မင်းအတွက် ဆေးဖိုးလို့ သတ်မှတ်လိုက်" ချန်ကျင်းတောက် စကားတစ်လုံးတည်းကိုသာ အေးစက်စွာ ပြောလိုက်သည် ...
"လစ်တော့"
ကျောက်စစ် ဆဲဆိုချင်နေခဲ့သော်လည်း... မြေပြင်ပေါ်က ပစ္စည်းများကို သူ သေချာ စိုက်ကြည့်လိုက်မိသောအခါတွင်မူ တစ်ကိုယ်လုံး အလိုအလျောက် တုန်ရင်သွားခဲ့ရချေပြီ။
‘အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ ဟုတ်လား'
သူဌေးကြီးကျန်းအတွက် အလုပ်လုပ်ပေးဖူးသဖြင့် အင်မော်တယ်လောက၏ ရတနာများကို သူ သေချာပေါက် မြင်ဖူးခဲ့သည်။
ဒီအရာများသည် ကျင့်ကြံခြင်းလောက၏ တန်ဖိုးကြီး ငွေကြေးများ မဟုတ်ပါလား။ ဝိညာဉ်ကျောက်တုံး တစ်ဝက်ခန့်သည် သာမန်မိသားစုတစ်စု တစ်နှစ်ပတ်လုံး နေထိုင်စားသောက်ရန် လုံလောက်လှသည်။ ဝိညာဉ်ကျောက်တုံး ဆယ်တုံးဆိုသည်မှာ... သူ၏ အဖိုးနည်းလှသော အသက်ကို ဝယ်ယူရန်ပင် လုံလောက်လှချေပြီ။
ကျောက်စစ် တစ်ယောက် လုံးဝကို သွေးပျက်သွားခဲ့ရချေပြီ။
ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်သောသူသည်... အခြေအနေ ပျက်ပြားနေသော ပညာရှိစာဆိုတစ်ဦး လုံးဝမဟုတ်ဘဲ... တကယ့် နောက်ခံအာဏာရှိသော အင်မော်တယ်ဂိုဏ်းတစ်ခု၏ ‘တပည့်’ ဖြစ်ရမည်ကို သူ ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့သည်။ ထိုကဲ့သို့သော လူမျိုးအတွက် သူ့ကို နင်းခြေသတ်ပစ်ဖို့ရာ ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရတာထက်ပင် လွယ်ကူပေလိမ့်မည်။
"အင်မော်တယ်ဆရာသခင်... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ အင်မော်တယ်ဆရာသခင်... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"
သူ၏ ဒူးများ ချက်ချင်း ပျော့ခွေသွားခဲ့ရပြီး... ကျောက်စစ် မြေပြင်ပေါ်တွင် ဒူးထောက်လျက် အသံထွက်ပေါ်လာသည်အထိ ပြင်းထန်စွာ ဦးညွှတ်တော့သည်။ သူသည် မြေပြင်ပေါ်က ဝိညာဉ်ကျောက်တုံးများကို အလောတကြီး ကောက်ယူလိုက်ပြီးနောက်... သူ၏ အစေခံများနှင့်အတူ ထိတ်လန့်တကြားဖြင့် အိမ်ဝင်းထဲမှ အပြေးအလွှား ထွက်ခွာသွားကြတော့သည်။
တံတိုင်းအပြင်ဘက်တွင်မူ... အခြေအနေကို ပုန်းအောင်းကြည့်ရှုနေကြသော အဒေါ်ကြီးဝမ်နှင့် သားသတ်သမားလီတို့မှာ ဆွံ့အ ကြောင်အန်းကုန်ကြချေပြီ။
ချန်ကျင်းတောက် သေမနေခဲ့ရုံတင်မကဘဲ... မြင့်မြတ်လှသော အင်မော်တယ် ‘ကျင့်ကြံသူ’ တစ်ဦး တောင် ဖြစ်နေခဲ့တာ ဟုတ်လား။
သူတို့နှစ်ဦး အချင်းချင်း မျက်လုံးချင်း ပြန်လည် ဆုံလိုက်ကြပြီးနောက်... အမူအရာများ ချက်ချင်း ပြောင်းလဲသွားခဲ့ကြကာ... ဖားလိုချင်သော အပြုံးများဖြင့် အရိပ်ထဲမှ အပြေးအလွှား ထွက်လာခဲ့ကြတော့သည်။
"အိုမို... ငါကတော့ အမြဲတမ်း ပြောခဲ့သားပဲ... ဒီကလေး ကျင်းတောက်က ငယ်ငယ်ကတည်းက ထူးခြားတဲ့ ပုံစံမျိုး ရှိနေခဲ့တာ... သူက ကောင်းကင်က ဆင်းသက်လာတဲ့ စာပေနတ်မင်းကြီး ဖြစ်ရမယ်"
အဒေါ်ကြီးဝမ် သူမ၏ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း... ယင်ကောင်တစ်ကောင်ကိုပင် ညှပ်ပစ်နိုင်လောက်သည့် အရေးအကြောင်းများ ထင်ကျန်ရစ်သည်အထိ ပြုံးစိစိဖြင့် ပြောလိုက်သည် ...
"ကျင်းတောက်ရေ... ငါ့ရဲ့ သမီးလေးက ဒီနှစ်ထဲမှာပဲ တစ်ဆယ့်ခြောက်နှစ် ပြည့်သွားခဲ့ပြီ... ရုပ်ရည်လေးကလည်း တော်တော်လေး လှတယ်တော် မင်းအနေနဲ့ သဘောကျရင်... သူမကို ခေါ်သွားပြီး အဲဒီ အင်မော်တယ်ဂိုဏ်းမှာ အစေခံမလေးတစ်ယောက်အဖြစ် ထားလိုက်ပါလား"
သားသတ်သမားလီက အဒေါ်ကြီးဝမ်ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး... ဖားလိုချင်သော အပြုံးများဖြင့် ပြောလိုက်ပြန်သည် ... "ညီနောင်ကျင်းတောက်... နောက်နောင်ကျရင် ငါ့ရဲ့ သားသတ်ဆိုင်မှာ ထမင်း လာစားလို့ရတယ်... အလကားပဲ။ ပိုက်ဆံပေးစရာ မလိုဘူး မင်းအနေနဲ့ ငါ့ကို အင်မော်တယ်ကျင့်စဉ် အနည်းငယ်လောက် သင်ပေးလို့ ရမလား"
ချန်ကျင်းတောက် ခေါင်းကို လှည့်လိုက်ပြီး သူတို့နှစ်ဦးကို ဝေ့ဝဲကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ အေးစက်ခြင်းသက်သက်သာ ရှိနေခဲ့သည်။
သူတို့သည် အားနည်းသူများကိုသာ နှိပ်စက်တတ်ပြီး အားသာသူများကို ဖားတတ်ကြသော လူယုတ်မာနှစ်ဦး သာ ဖြစ်သည်။
"လစ်ကြစမ်း"
သူသည် ဤစကားလုံးနှစ်လုံးကိုသာ အေးစက်စွာ ပြောလိုက်ပြီး... တစ်ပြိုင်နက်တည်းမှာပင် သာမန်ဖိအားလှိုင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။ အဒေါ်ကြီးဝမ်နှင့် သားသတ်သမားလီတို့သည် ရုတ်တရက် ရေခဲတိုက်ထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရပြီး... နောက်ထပ် စကားတစ်လုံးမျှ မဟဝံ့တော့ဘဲ အိမ်ဝင်းထဲမှ ကမူးရှူးထိုး ထွက်ပြေးသွားကြတော့သည်။
အိမ်ဝင်းလေးအတွင်း၌ နောက်ဆုံးတွင် တိတ်ဆိတ်သွားခဲ့ရချေပြီ။
ကျင်းတောက် ၏အမေသည် ဤကဲ့သို့ ကြီးမားလှသော ပြောင်းလဲမှုမျိုး ရှိနေသည့် မိမိ၏ သားဖြစ်သူကို ငေးမောကြည့်နေမိသည်။
ထိုကျောရိုးဖြောင့်ဖြောင့်နှင့် ရပ်တည်နေပုံ... ထိုခန့်ညားလှသော အရှိန်အဝါများ... သူသည် လူ့လောကသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးနှင့် တူလှသည်။ သူမသည် ဒါတွေအားလုံးက အိပ်မက်တစ်ခု ဖြစ်နေမှာကို စိုးရိမ်သဖြင့် မိမိ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်စွာ ပွတ်သပ်နေမိရှာသည်။
ချန်ကျင်းတောက် အရှေ့သို့ အလျင်အမြန် လှမ်းလျှောက်လာခဲ့ပြီး... သူ၏ ဒူးနှစ်ဖက်လုံး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့ရတော့သည်။
ဒုန်း... ဒုန်း... ဒုန်း...
သူ ခေါင်းကို သုံးကြိမ်တိုင်တိုင် ပြင်းထန်စွာ ဦးညွှတ်လိုက်သည်။
"အမေ... သား မိခင်အပေါ် မိဘဝတ်တရား မကျေပွန်ခဲ့ပါဘူး ဒီနှစ်တွေတစ်လျှောက်လုံး အမေ့ကို ဆင်းရဲဒုက္ခတွေ အများကြီး ပေးခဲ့မိပြီ"
ချန်ကျင်းတောက် ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး... သူ၏ သိုလှောင်အိတ်ထဲမှ တောက်ပနေသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ဆွဲထုတ်ကာ မိခင်ဖြစ်သူ၏ ရှေ့တွင် ချထားပေးလိုက်သည်။
ဝိညာဉ်ကျောက်တုံးများဆီမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်များသည် လေထုထဲတွင် ပျံ့လွင့်သွားခဲ့ပြီး ပျက်စီးနေသော အိမ်ဝင်းဟောင်းလေးအတွင်း၌ ဝေ့ဝဲနေခဲ့တော့သည်။
"ကျင်းတောက်... ဒါ... ဒါတွေက အင်မော်တယ်ရတနာတွေ မဟုတ်လား မင်း ဒါတွေကို ဘယ်ကနေ ဒီလောက်အများကြီး ရလာတာလဲ" ကျင်းတောက် ၏အမေ ခဏမျှ ပြာယာခတ်သွားခဲ့ရပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေရှာသည်။
"အမေ... ဒါတွေအားလုံးက ဂိုဏ်းချုပ် ‘ဖန်ယွမ်’ က သားကို ပေးသနားခဲ့တာပါ" ချန်ကျင်းတောက် သူ၏ ကျောရိုးကို ဖြောင့်ဖြောင့်ဆန့်လိုက်ပြီး သူ၏ စကားလုံးများထဲတွင် ကြီးမားလှသော ဂုဏ်ယူမှုများ ပြည့်နှက်နေခဲ့သည် ...
"အခု သားက ‘ချုံးရှင်းဂိုဏ်း’ ရဲ့ တရားဝင် တပည့်အရင်းတစ်ယောက် ဖြစ်နေပါပြီ… သားက ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီဆိုတော့... နောက်နောင်ကျရင် အမေ ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်နိုင်ပါပြီ"
ထိုစကားကို ကြားရသောအခါ ကျင်းတောက် ၏အမေ၏ ပိန်လှီလှသော လက်နှစ်ဖက်လုံး ပြင်းထန်စွာ တုန်ရင်သွားခဲ့ရသည်။ သူမသည် တောက်ပနေသော ဝိညာဉ်ကျောက်တုံးများကို ကောက်ကိုင်လိုက်ရင်း မျက်ရည်များ ဝဲလျက် ငိုကြွေးရှာတော့သည်။ မိခင်ဖြစ်သူ ငိုကြွေးနေသည်ကို ကြည့်ရင်း ချန်ကျင်းတောက်၏ ရင်ထဲတွင်လည်း ကြီးမားလှသော ခံစားချက်များ ပြည့်နှက်လာခဲ့ရသည်။
တကယ်လို့သာ ဖန်ယွမ်က သူ့ကို လက်မခံခဲ့ရင်... တကယ်လို့သာ ဖန်ယွမ်က သူတို့လို တပည့်တွေအတွက် ပိုက်ဆံတွေကို အကန့်အသတ်မရှိ သုံးစွဲပြီး မပြုစုပျိုးထောင်ပေးခဲ့ရင်... သူသည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာဖို့ နေနေသာသာ... အပြင်မှာတင် လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက သေဆုံးသွားခဲ့လောက်ချေပြီ။
"ငါ့သားရယ်... မင်း အပြင်မှာ တော်တော်လေး ပင်ပန်းခဲ့ရမှာပဲ မဟုတ်လား" ကျင်းတောက် ၏အမေ လက်ကို ဆန့်လိုက်ပြီး ချန်ကျင်းတောက်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း သူမ၏ မျက်နှာထက်တွင် ရင်နာစိတ်များ ပြည့်နှက်နေခဲ့သည် ...
"အမေ ကြားဖူးတာတော့... အဲဒီ အင်မော်တယ်ဂိုဏ်းတွေမှာ တပည့်တစ်ယောက်ဖြစ်ရတာ တအား ခက်ခဲတယ် တဲ့…လူမှုဆက်ဆံရေးတွေကိုလည်း ဂရုစိုက်ရတယ်... အသက်လုပြီးတော့လည်း ကျင့်ကြံရတယ်... နေ့တိုင်းလည်း အချင်းချင်း လုပ်ကြံဖျက်ဆီးတာတွေကို ရင်ဆိုင်ရတယ် တဲ့… မင်း အဲဒီမှာ အဆင်ပြေရဲ့လား"
ချန်ကျင်းတောက် ပြုံးလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည် ...
"အမေ... သား အဲဒီမှာ နည်းနည်းလေးမှ မပင်ပန်းပါဘူး"
"ကျွန်တော်တို့ ဂိုဏ်းချုပ်က အပြင်ပန်းမှာ ရိုးရှင်းပုံရပေမဲ့ အတွင်းစိတ်ကတော့ အလွန်အမင်း ဉာဏ်ပညာကြီးမားလှပါတယ်။ သူက ကျွန်တော်တို့လို သာမန်တပည့်တွေရဲ့ အခြေခံအုတ်မြစ်တွေကို မြှင့်တင်ပေးဖို့အတွက် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာကို အကုန်အကျခံပြီး အမြဲတမ်း ဖြုန်းတီးပေးနေတာပါ"
"ကျွန်တော်တို့ ချုံးရှင်းဂိုဏ်းက တပည့်တွေဟာ... တစ်နေ့ကို လေးကြိမ်တောင် ဝိညာဉ်သားရဲ အသားတွေကို စားသောက်ခွင့်ရရုံတင်မကဘဲ... လူတစ်ယောက်ချင်းစီအတွက် သီးသန့် အခန်းတွေနဲ့ ရေချိုးဆောင်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့တွေ နေ့တိုင်း အသက်လုပြီး ကျင့်ကြံစရာလည်း မလိုပါဘူး။ ဒီနေ့ဆိုရင်လည်း... ဂိုဏ်းချုပ်က ကျွန်တော်တို့ တပည့်တွေကို အိမ်ပြန်ပြီး မိသားစုဝင်တွေကို သွားတွေ့ဖို့အတွက် အထူး ခွင့်ပြုချက် ပေးလိုက်တာပါ"
ကျင်းတောက် ၏အမေသည် မိမိ၏ သားဖြစ်သူက ချုံးရှင်းဂိုဏ်း၏ ကောင်းမွန်လှသော အကျိုးခံစားခွင့်များဖြစ်သည့်... အစားအသောက်တိုင်းတွင် ဝိညာဉ်သားရဲအသားများ ပါဝင်ခြင်း... ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီရင်ခံ ထဲတွင် အိပ်စက်ရခြင်းနှင့် နေ့စဉ် မဖြစ်မနေ အနားယူရခြင်းများအကြောင်း ပြောပြနေသည်ကို ကြားရသောအခါ လုံးဝကို ဆွံ့အ ကြောင်အန်းသွားခဲ့ရရှာသည်။
ဒါက ဘယ်လိုမျိုး အင်မော်တယ်ဂိုဏ်းလဲ။ ဒါက အင်မော်တယ်တွေအတွက် ကောင်းကင်ဘုံက နတ်ဗိမာန်ကြီး ဖြစ်နေတာ မဟုတ်ပါလား။
"အိုမို... ငါ့သားရယ်... မင်း တကယ့်ကို ကောင်းမွန်လှတဲ့ ဂိုဏ်းချုပ်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတာပဲ" ကျင်းတောက် ၏အမေ အချိန်အတော်ကြာ နားထောင်ပြီးနောက် နောက်ဆုံးတွင် စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်နိုင်ရှာသည် ... "ဒီလောက်အထိ ကြင်နာတတ်တဲ့ ဂိုဏ်းချုပ်ရှိနေမှတော့... မင်းအနေနဲ့ သူ့စကားကို သေချာပေါက် နားထောင်ရမယ်... ကြိုးကြိုးစားစား ကျင့်ကြံရမယ်... ပြီးတော့ ဂိုဏ်းရဲ့ ကျေးဇူးကိုလည်း ပြန်ဆပ်ရမယ်"
"ငါတို့ မိသားစုက ဂုဏ်သရေရှိ မျိုးနွယ်စုကြီး မဟုတ်ပေမဲ့... ငါတို့မှာ ယဉ်ကျေးမှု ရှိတယ်... ကျေးဇူးတရားကို သိတတ်တယ် မင်း ဂိုဏ်းကို ပြန်ရောက်သွားရင်... အလုပ်တွေကို ပိုပြီး ကူညီလုပ်ပေးရမယ်... စီနီယာအစ်ကိုတွေကိုလည်း ကူညီပေးရမယ်... ကြားလား"
"အမေ... စိတ်ချပါ"
ချန်ကျင်းတောက် ခေါင်းကို အားပြင်းပြင်း ညိတ်လိုက်ပြီး... ဒါက သူကိုယ်တိုင်လည်း လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အရာတစ်ခုဖြစ်ကြောင်း စိတ်ထဲတွင် တွေးတောမိလိုက်သည်။
အိမ်တွင် ခဏမျှ ထိုင်ကာ... မိခင်ဖြစ်သူကို သေချာစွာ စီစဉ်ပေးပြီးနောက်... ဝိညာဉ်ကျောက်တုံးများကိုလည်း လုံခြုံသော နေရာတွင် ဝှက်ထားခဲ့ပြီး... ချန်ကျင်းတောက် အိမ်ထဲမှ ထွက်ခွာလာခဲ့တော့သည်။
အိမ်ဝင်းတံခါးဝရှေ့တွင် ရပ်တန့်နေရင်း... သူသည် မိမိ၏ ဝတ်ရုံထဲက အဝတ်အစားများ ဟောင်းနွမ်းနေသည့် သစ်သားဆံထိုးလေးကို ထိတွေ့မိလိုက်ရာ... လှပလှသော မိန်းမပျိုလေး၏ ပုံရိပ်က သူ၏ မျက်ဝန်းထဲတွင် ထင်ရှားစွာ ပုံဖော်လာခဲ့ပြန်သည်။
လွန်ခဲ့သော သုံးနှစ်ကတည်းက သူ့ကို စောင့်စားနေခဲ့သော မိန်းမပျိုလေးကို သွားရောက်ရှာဖွေရမည့် အချိန်သို့ ရောက်ရှိလာခဲ့ချေပြီ။
ရင်းနှီးနေသော လမ်းများနှင့် လမ်းကြားအချို့ကို ဖြတ်သန်းပြီးနောက်... ချန်ကျင်းတောက် ‘ကော့မိသားစု ’ ၏ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ အိမ်ဝင်းတံခါးကြီးမှာ တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့ပြီး... တံခါးက ကြေးကွင်းကြီးပေါ်တွင်လည်း ထူထပ်လှသော ပင့်ကူအိမ်များ ပြည့်နှက်နေခဲ့ချေပြီ။
ချန်ကျင်းတောက်၏ နှလုံးသားကြီး တစ်ချက် တုန်လှုပ်သွားခဲ့ရသည်။ သူသည် ဘေးနားရှိ အိမ်နီးနားချင်းများကို အလောတကြီး မေးမြန်းလိုက်ရာ... ကော့မိသားစုသည် ကြီးမားလှသော အပြောင်းအလဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရကြောင်း သိရှိသွားခဲ့ရတော့သည်။
လွန်ခဲ့သော အနှစ်ဝက်ခန့်က... ကော့မိသားစု ခေါင်းဆောင်သည် ပြင်းထန်သော ရောဂါဝေဒနာတစ်ခုကို ခံစားခဲ့ရပြီး အသက်ဆက်နိုင်ရန်အတွက် အနှစ်တစ်ရာသက်တမ်းရှိသော ဆေးဘက်ဝင်အပင်များကို အရေးတကြီး လိုအပ်ခဲ့သည်။
သူဌေးကြီးကျန်း၏ သားဖြစ်သူ ‘ကျန်းကျူ မင် ’ ကမူ... ဂိုဏ်းငယ်လေးတစ်ခုမှ ထွက်လာခဲ့ဖူးသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူသည် သူ၏ အနည်းငယ်မျှသော ကျင့်ကြံခြင်းအဆင့်ကို အားကိုးလျက် မြို့ဆင်ခြေဖုံးအရပ်တွင် ဗိုလ်ကျစိုးမိုးနေခဲ့သည်။
သူသည် ‘ကော့ရှောင်ယီ ’ ၏ ရုပ်ရည်သွင်ပြင်ကို မက်မောနေခဲ့ပြီး... သူတို့ မိသားစု၏ ဒုက္ခရောက်နေသော အခြေအနေကို အခွင့်ကောင်းယူလျက်... ကော့ရှောင်ယီသာ မိမိ၏ အိမ်သို့ မယားငယ်အဖြစ် ဝင်ရောက်လာပါက ဆေးဖိုးဝါးခအားလုံးကို အကုန်အကျခံပေးမည်ဟု ပြောဆိုခဲ့ဖူးသည်။
ရှောင်ယီ၏ စိတ်ဓာတ်က ပြင်းထန်လှပြီး သေရင်သေပါစေဦးတော့ လုံးဝ အရှုံးမပေးခဲ့ချေ။ သူမသည် ဆေးဝယ်ရန် ပိုက်ဆံရရှိဖို့အတွက် အိမ်ဟောင်းကြီးကို အတင်းအကျပ် ရောင်းချပစ်ခဲ့သည်။
ယခုအခါတွင်မူ... သူမသည် အရှေ့ဘက်ဈေးကွက်၏ ထောင့်စွန်းတစ်ခုတွင် နေ့တိုင်း ပန်းထိုးထည်များကို ရောင်းချသည့် ဆိုင်ခန်းလေးတစ်ခု ဖွင့်လှစ်ထားခဲ့ပြီး... ဆေးဖိုးအတွက် ပိုက်ဆံများကို ငွေစတစ်ပြားချင်းစီ စုဆောင်းနေခဲ့ရှာသည်။
ချန်ကျင်းတောက် မိမိ၏ လက်သီးများကို တင်းတင်းဆုပ်ထားမိလိုက်သည် ... ‘သူဌေးကြီးကျန်း... တစ်ဖန် ပြန်လည်ပြီး ဒီလူ ဖြစ်နေပြန်ပြီလား'
သူတို့ မိသားစုက ငွေပြား ငါးဆယ်တန် အကြွေးစာချုပ်ကို ငွေပြား တစ်ထောင်အထိ ဘာဖြစ်လို့ အတင်းအကျပ် တိုးမြှင့်ရဲရသလဲဆိုတာ အံ့သြစရာ မရှိတော့ချေ။ သူတို့ မိသားစုထဲတွင် ကျင့်ကြံသူတစ်ဦး ရှိနေခဲ့ခြင်းကြောင့် သာ မဟုတ်ပါလား။
သို့သော်လည်း... ချန်ကျင်းတောက်သည် သူ၏ လမ်းခရီးတစ်လျှောက်တွင် ကျန်းကျူ မင်ကဲ့သို့သော လူမျိုးများကို အမြောက်အမြား မြင်တွေ့ဖူးခဲ့သည်။
ထိုလူအများစုမှာ... မိမိတို့၏ အရည်အချင်း က အလွန်အမင်း ညံ့ဖျင်းလွန်းသဖြင့်... သို့သော်လည်း အနည်းငယ်မျှသော အရင်းအနှီး သို့မဟုတ် နောက်ခံအာဏာ ရှိနေသဖြင့်... ဂိုဏ်းအတွင်း၌ ကျင့်ကြံခြင်းအဆင့် အနည်းငယ်ကို အနိုင်နိုင် စုဆောင်းနိုင်ခဲ့ကြခြင်း သာ ဖြစ်သည်။ သူတို့၏ အသုံးချနိုင်စွမ်း တန်ဖိုးအားလုံး ကုန်ဆုံးသွားသည်နှင့်တစ်ပြိုင်နက်... ဂိုဏ်းမှ ထုတ်ပယ်ခြင်းကို ခံခဲ့ကြရရှာသည်။
ထိုကဲ့သို့သော လူမျိုးများသည် အထက်မရောက် အောက်မရောက် အဆင့်အတန်းမျိုးသာ ဖြစ်ကြပြီး... တကယ့် အင်မော်တယ်ကျင့်ကြံသူများကိုလည်း မပြိုင်ဝံ့ကြသလို... ဂုဏ်သရေရှိ မျိုးနွယ်စုကြီးများကိုလည်း မပြိုင်ဝံ့ကြသဖြင့်... သာမန် လူသားများကိုသာ ဗိုလ်ကျစိုးမိုးနိုင်ကြခြင်း သာ ဖြစ်သည်။