ကျန်းရှမြို့ပြင်ရှိ... အနောက်လေညင်း တိုက်ခတ်နေသည့် ရှေးဟောင်းလမ်းမကြီးပေါ်တွင်။
လူပေါင်း ရှစ်ဆယ်ကျော်သည် နဂါးတစ်ကောင်ကဲ့သို့ အစီအရီ လျှောက်လှမ်းလာကြပြီး ဆောင်းဦးနှောင်းပိုင်း၏ ခြောက်သွေ့သော သစ်ရွက်ကြွေများကို နင်းခြေသွားကြသည်။
သူတို့သည် အသက်အရွယ်စုံ... ကျားမစုံ ဖြစ်ကြပြီး အားလုံးက ရိုးရှင်းသော ဝတ်ရုံများကို တညီတညွတ်တည်း ဝတ်ဆင်ထားကြသည်။ သူတို့၏ သက်စောင့်အားအင်များက ပြင်းထန်လှပြီး အသက်ရှူ သံများကလည်း ရှည်လျားကာ တည်ငြိမ်နေခဲ့ရာ... မသိမသာပင် လူကို အသက်ရှူ ကျပ်မတတ် ဖြစ်စေသည့် ဖိအားလှိုင်းကြီး တစ်ခုအဖြစ် စုစည်းနေခဲ့တော့သည်။
ဖြတ်သန်းသွားသော ကုန်သည်ယာဉ်တန်းမှ မြင်းများမှာ ထိတ်လန့်တကြား ဟီမြည်ကုန်ကြပြီး... လုံခြုံရေးအစောင့်များမှာလည်း ဓားရိုးများကို ကိုင်ဆောင်ထားရင်း လက်ချောင်းများ တုန်ရင်နေခဲ့ကြကာ... ပြင်းထန်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်သိုက်ကို ထိတ်လန့်တကြား စိုက်ကြည့်နေမိကြသည်။
"ဒါက... တစ်စုံတစ်ရာသော ဂိုဏ်းကြီးတစ်ခုက အပြင်စည်းတပည့်တွေကို အပြင်ထွက်ပြီး လေ့ကျင့်ခိုင်းလိုက်တာလား မသိဘူး"
အမြင်ကျယ်သော လမ်းသွားလမ်းလာအချို့က တိုးတိုးတိတ်တိတ် ရေရွတ်လိုက်ကြပြီးနောက်... ဆက်ပြီး မကြည့်ဝံ့တော့ဘဲ အဝေးသို့ အလျင်အမြန်ပင် ရှောင်ပြေးသွားကြတော့သည်။
အမှန်တော့... အင်မော်တယ်များနှင့် လူသာမန်များအကြားတွင် ကြီးမားလှသော ကွာခြားချက် ရှိနေပြီး... ကျင့်ကြံသူလောကတွင် အနည်းငယ်မျှ စကားများရုံဖြင့် လူသတ်တတ်သော ကြမ်းကြုတ်သည့် ကျင့်ကြံသူများစွာ ရှိနေသဖြင့် အဝေးဆုံးမှာ နေတာကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ခဏမျှ ဆက်လက် လျှောက်လှမ်းပြီးနောက်... အရှေ့ဆုံးမှ ဦးဆောင်လာသော ချန်ကျင်းတောက်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး... အရှေ့ဘက်ရှိ မြင့်မားလှသော မြို့ရိုးကြီးကို စိုက်ကြည့်ရင်း သူ၏ မျက်ဝန်းများမှာ အနည်းငယ် ဝေဝါးသွားခဲ့ရသည်။
လွန်ခဲ့သော လအနည်းငယ်ခန့်က... သူသည် ဂိုဏ်းတိုင်း၏ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီးနောက်... လေလွင့်ခွေးတစ်ကောင်ကဲ့သို့ အခြေအနေ ပျက်ပြားစွာဖြင့် ဒီကျန်းရှမြို့မှ ထွက်ခွာသွားခဲ့ရဖူးသည်။
ယခုမူ... သူ၏ အိတ်ကပ်ထဲတွင် စည်းစိမ်ဥစ္စာအမြောက်အမြား ရှိနေခဲ့ပြီဖြစ်ပြီး ကျင့်ကြံခြင်းကလည်း ချီသန့်စင်ခြင်းအဆင့် (၈) သို့ ရောက်ရှိလျက် ဂုဏ်သိက္ခာရှိရှိ ပြန်လည် ရောက်ရှိလာခဲ့ချေပြီ။
"စီနီယာအစ်ကိုဟုန်" ချန်ကျင်းတောက် ဘေးသို့ လှည့်လိုက်ပြီး... သူ၏ ဘေးနားရှိ ထွားကျိုင်းလှသော အမျိုးသားကို လက်ယှက် အရိုအသေပေးလိုက်သည်။
သာမန်သံမဏိဖြင့် ပြုလုပ်ထားပြီး အဝတ်စများဖြင့် တင်းတင်းပတ်ထားသော ဓားရှည်ကြီးကို သယ်ဆောင်ထားသည့် ဟုန်အာနျိုက... အောတောတော လေသံဖြင့် မေးလိုက်သည် ... "ဂျူနီယာညီလေးချန်... ဘာကိစ္စရှိလို့လဲ"
"ကျွန်တော်... အမေ့ကို သွားတွေ့ဖို့အတွက် အိမ်ကို အရင်ဆုံး ပြန်ချင်လို့ပါ" ချန်ကျင်းတောက် သူ၏ ဝတ်ရုံထဲမှ ဝိညာဉ်ကျောက်တုံး ဒါဇင်အနည်းငယ်ကို ဆွဲထုတ်လိုက်ပြီး ဟုန်အာနျို၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည် …
"ကျွန်တော်တို့ လမ်းခရီးတစ်လျှောက်လုံး ပင်ပန်းလာခဲ့ကြတာဆိုတော့... ဂိုဏ်းတူ မောင်နှမတွေ အကုန်လုံး နွမ်းနယ်နေကြပြီ။ စီနီယာအစ်ကိုအနေနဲ့ အားလုံးကို မြို့ထဲက အကောင်းဆုံး စားသောက်ဆိုင်ကို ခေါ်သွားပြီး အနားယူစေချင်ပါတယ်"
"ဝိညာဉ်ကျောက်တုံးတွေကို ဘာဖြစ်လို့ အလဟဿ ဖြုန်းတီးနေမှာလဲ မင်းရဲ့ အိမ်မှာပဲ သွားတည်းကြတာပေါ့" ဟုန်အာနျိုက ရယ်မောလျက် ပြောလိုက်သည်။
"အဓိကက... ကျွန်တော့်အိမ်က အိမ်ဝင်းသေးသေးလေးမို့လို့ ဒီလောက် လူအများကြီး ဆံ့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ လမ်းမှာတင် ဂိုဏ်းတူ မောင်နှမတွေကို စားသောက်ဆိုင်မှာပဲ တည်းခိုခိုင်းဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ" ချန်ကျင်းတောက် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်လိုက်မိသည်။
"ဟားဟား... ဒါဆိုရင်လည်း ကောင်းပါပြီ... ငါ သူတို့ကို စားသောက်ဆိုင်ကိုပဲ ခေါ်သွားလိုက်မယ်" ဟုန်အာနျို အများကြီး ဆက်မပြောတော့ဘဲ... မိမိ၏ ခါးတွင် ချိတ်ဆွဲထားသော ဖောင်းပွနေသည့် ပိုက်ဆံအိတ်ကို ပုတ်လိုက်ပြီးနောက်... အဓိက အဖွဲ့ကြီးကို ဦးဆောင်လျက် မြို့ထဲသို့ စည်ကားသိုက်မြိုက်စွာ ဝင်ရောက်သွားခဲ့တော့သည်။
ချန်ကျင်းတောက် သူတို့ ထွက်ခွာသွားသည်ကို စိုက်ကြည့်ရင်း... မိမိ၏ ရိုးရှင်းသော ဝတ်ရုံစများကို သေသပ်အောင် ပြင်ဆင်လိုက်ပြီးနောက်... မြို့ဆင်ခြေဖုံးအရပ်ဆီသို့ တစ်ယောက်တည်း လှည့်ထွက်လာခဲ့တော့သည်။
ကျန်းရှမြို့၏ ဆင်ခြေဖုံးအရပ်... ပျက်စီးယိုယွင်းနေသော ချန်မိသားစု၏ အိမ်ဝင်းဟောင်းလေးအတွင်း၌။
အေးစက်လှသော လေပြင်းများက တဝူးဝူး တဝါးဝါး တိုက်ခတ်နေပြီး... အိမ်ဝင်းတံတိုင်း၏ တစ်ဝက်ခန့်မှာ ပြိုကျပျက်စီးနေခဲ့ကာ ခြောက်သွေ့နေသော ပေါင်းမြက်ဝါကြီးများကလည်း လေထဲတွင် ယိမ်းထိုးနေကြသည်။
ပျက်စီးနေသော ရေတွင်းဟောင်းလေး၏ ဘေးတွင်... ချန်၏ အမေသည် ခါးကို ကုန်းထားမိပြီး... အရိုးကွဲမတတ် အေးစက်လှသော ရေအေးကြီးထဲသို့ လက်နှစ်ဖက်ကို နှစ်လျက် အဝတ်အစားများကို ပင်ပင်ပန်းပန်း လျှော်ဖွတ်နေရှာသည်။
သူမ၏ လက်ဖမိုးများမှာ အေးလွန်းသဖြင့် ညိုမည်းနေခဲ့ပြီး... ကွဲအက်နေကာ သွေးစို့နေသည့် အနာဖေးများဖြင့် ပြည့်နှက်နေခဲ့ချေပြီ။ သူမ အားစိုက်လိုက်သည့် အကြိမ်တိုင်းတွင် နာကျင်မှုကြောင့် မျက်ခုံးအစုံမှာ တွန့်ချိုးသွားခဲ့ရသည်။
"ဟယ်... အဒေါ်ကြီးချန်... အခုထိ အဝတ်လျှော်နေတုန်းပဲလား ဒီလောက် အေးစက်နေတဲ့ ရာသီဥတုကြီးမှာ... အဲဒီ လက်အိုကြီးတွေ အေးခဲသွားမှာကို မကြောက်ဘူးလား တော်"
တံတိုင်းအပြင်ဘက်တွင်... ဖရဲစေ့များကို ကိုက်နေသော အဒေါ်ကြီးဝမ်က ခေါင်းပြူ ထွက်ကြည့်လာခဲ့ပြီး... သူမ၏ မျက်နှာထက်တွင် အမြဲတမ်း ရှိနေကျဖြစ်သော ကောက်ကျစ်သည့် အပြုံးမျိုး ရှိနေခဲ့သည် ...
"ကျွန်မက စကားထဲ ထည့်ပြောချင်လို့တော့ မဟုတ်ပါဘူး... ဒါပေမဲ့ အဒေါ်ကြီးရဲ့ သား ချန်ကျင်းတောက် သုံးနှစ်ရှိပြီ ဘာသတင်းမှ မကြားရတော့တာဆိုတော့... အပြင်မှာ သေတောင် သေနေလောက်ပြီ အဒေါ်ကြီးအနေနဲ့ ဒီပျက်စီးနေတဲ့ အိမ်ဝင်းကိုပဲ ရောင်းပစ်လိုက်ပြီး ဇာတိကို ပြန်တာက ပိုကောင်းလိမ့်မယ်…ဘာဖြစ်လို့ ဒီလောက်အထိ ဆင်းရဲဒုက္ခ ခံနေမှာလဲ"
သူမ၏ ဘေးနားတွင်... သားသတ်သမားလီကလည်း သွားကြားထိုးရင်း ဝင်ပြောလိုက်ပြန်သည် ...
"မှန်တာပေါ့…မရီးချန်... ကျွန်တော်တို့တွေက အိမ်နီးနားချင်း ဖြစ်ခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိနေပြီဆိုတော့ မရီးအတွက် စေတနာနဲ့ ပြောတာပါ… အိမ်ကို စောစောစီးစီး ပိုက်ဆံပြောင်းလိုက်တာက ပိုကောင်းလိမ့်မယ်... ဒါဆိုရင် မရီး အိုမင်းတဲ့အချိန်မှာ သုံးဖို့အတွက် ငွေစအချို့ ရနိုင်တာပေါ့"
ကျင်းတောက် ၏အမေ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားခဲ့ရပြီး... သူမ၏ လက်နှစ်ဖက်မှာမူ အေးလွန်းသဖြင့် ရဲရဲနီလျက် ညိုမည်းနေခဲ့သည်။ သူမသည် သွားကို တင်းတင်းကြိတ်ထားမိပြီး ခေါင်းမော့မကြည့်ဘဲ လက်ထဲက အဝတ်အစားများကိုသာ အားစိုက်၍ ဆက်လက် လျှော်ဖွတ်နေခဲ့သည်။
"ငါ့ရဲ့ ကျင်းတောက်က ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ။ သူက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး စာဖတ်တာလည်း တအား တော်တာ။ သူသာ ဂိုဏ်းကို ရောက်သွားရင်... အင်မော်တယ်တစ်ပါးပါးရဲ့ မျက်စိကျခြင်းကို ခံရမှာ သေချာပြီး အင်မော်တယ် အရှင်ရဲ့တပည့်တစ်ယောက် ဖြစ်လာမှာပဲ"
သားသတ်သမားလီ ထိုစကားကို ကြားသောအခါ အော်ဟစ်၍ ရယ်မောလိုက်တော့သည် ... "မရီးချန်... အဲဒီ အင်မော်တယ်တွေက ပိုက်ဆံကိုပဲ ကြည့်တာ…အဲဒီ ဂိုဏ်းသေးသေးလေးတွေဆိုရင်တောင်မှ... ချေးထမ်းတဲ့ အစေခံတစ်ယောက် ဖြစ်ဖို့အတွက် ငွေပြား ငါးဆယ် ပေးရတာ... ပြီးတော့ ဂိုဏ်းထဲရောက်သွားရင်လည်း အတွင်းစည်းတပည့်တွေအတွက် နွားလို မြင်းလို အလုပ်လုပ်ပေးရဦးမှာ။ မရီးတို့ မိသားစုက ထမင်းစားဖို့တောင် အနိုင်နိုင် ဖြစ်နေတာကို... အခုထိ အိပ်မက်ယောင်နေတုန်းပဲလား"
ကျင်းတောက် ၏အမေ၏ မျက်ဝန်းများ ချက်ချင်းပင် နီရဲလာခဲ့ရသည်။ ဒီကမ္ဘာကြီးက ဘယ်လိုမျိုးလဲဆိုတာကို သူမ ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ။ ဂိုဏ်းတစ်ခုကို ဝင်ဖို့ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို သူမ ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ။
ကျင်းတောက် ၏အမေ မတ်တပ်ရပ်လိုက်ပြီး... မိမိ၏ လက်များကို ချက်ပြုတ်ရာတွင် သုံးသည့် အဝတ်စဖြင့် သုတ်လိုက်ရင်း... အတင်းအကျပ် အားတင်းကာ ပြောလိုက်သည် ...
"ဆက်မပြောနဲ့တော့ ငါ့သားက ဂိုဏ်းတစ်ခုခုကို တကယ်ကြီး ဝင်သွားနိုင်ခဲ့ပြီး... အထဲမှာ အဆင့်တက်ဖို့အတွက် တံခါးပိတ် ကျင့်ကြံနေတာပဲ ဖြစ်ရမယ် သူ သေချာပေါက် ပြန်လာလိမ့်မယ်"
"ဂိုဏ်းကို ဝင်သွားတယ် ဟုတ်လား" အဒေါ်ကြီးဝမ်က နှာခေါင်းရှုံ့လိုက်သည် ... "တကယ်လို့ သူက အင်မော်တယ် ဖြစ်သွားတာ တကယ်ဆိုရင်... သူက သူ့ရဲ့ အမေအရင်းကြီးကို ဒီနေရာမှာ ပိုက်ဆံအနည်းငယ်အတွက် အဝတ်အစားတွေ လာလျှော်ခိုင်းပါ့မလား တော် အိပ်မက် မက်ပြီးယောင်မနေစမ်းပါနဲ့"
"မှန်တာပေါ့" သားသတ်သမားလီကလည်း အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ကွက်တိဆိုသလိုပင်... လမ်းကြားဝဆီမှ ရုတ်တရက် ဆူညံလှသော ခြေသံများနှင့် ဆဲဆိုသံများ ထွက်ပေါ်လာခဲ့တော့သည်။
"လစ်ကြစမ်း…အားလုံး ငါ့ရှေ့က ဖယ်ကြစမ်း"
"သူဌေးကြီးကျန်းက အလုပ်ကိစ္စ လာလုပ်တာဆိုတော့... မသက်ဆိုင်တဲ့ လူတွေအကုန်လုံး ဖယ်ကြစမ်း"
အဒေါ်ကြီးဝမ်နှင့် သားသတ်သမားလီတို့သည် နောက်ထပ် စကားအနည်းငယ် ထပ်ပြောရန် ရည်ရွယ်ထားခဲ့သော်လည်း... အမူအရာများ ချက်ချင်း ပြောင်းလဲသွားခဲ့ကြပြီး... လည်ပင်းကို ကျုံ့လျက် မိမိတို့၏ အိမ်ဝင်းများထဲသို့ အပြေးအလွှား ဝင်ရောက် ပုန်းအောင်းသွားကြတော့သည်။
အပြာရောင် ဝတ်စုံကျပ်များကို ဝတ်ဆင်ထားပြီး... လက်ထဲတွင် တုတ်များကို ကိုင်ဆောင်ထားကြသော ကြမ်းကြုတ်လှသည့် အစေခံ ငါးယောက် ခြောက်ယောက်ခန့်မှာ... ချန်မိသားစု၏ အိမ်ဝင်းတံခါးဝရှေ့သို့ ခြိမ်းခြောက်သည့် အမူအရာမျိုးဖြင့် ပြေးဝင်လာကြသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအထဲမှ ဦးဆောင်လာသူမှာ... မျက်နှာတွင် ကျောက်ပေါက်မာများ ရှိနေသည့် အစေခံတစ်ဦးဖြစ်ပြီး သူ့အမည်မှာ ‘ကျောက်စစ်’ ဖြစ်သည်။ သူသည် မည်သည့် စကားတစ်လုံးမျှ မဟဘဲ ခြေထောက်ကို မြှောက်လျက် ချန်မိသားစု၏ အိမ်ဝင်းတံခါးကို အားပြင်းပြင်း ကန်ချလိုက်တော့သည်။
ဝုန်း...
ပျက်စီးနေသော သစ်သားတံခါးချပ် နှစ်ချပ်လုံးမှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရပြီး ဖုန်မှုန့်များ တထောင်းထောင်း ထသွားခဲ့ရသည်။
"နင်... နင်တို့ ဘာလုပ်တာလဲ" ချန်၏ အမေက ထိတ်လန့်တကြားဖြင့် တစ်ကိုယ်လုံး တုန်ရင်လာခဲ့ပြီး အနောက်သို့ အလျင်အမြန်ပင် ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်မိသည်။
ကျောက်စစ်သည် လဲကျနေသော တံခါးချပ်ပေါ်သို့ နင်းလျက် အိမ်ဝင်းထဲသို့ လှမ်းလျှောက်လာခဲ့ပြီး... သူ၏ လက်ထဲက ဝါကျင့်ကျင့် ဖြစ်နေသော အကြွေးစာချုပ်ကို ဝှေ့ယမ်းလျက် ကြမ်းကြုတ်စွာ ပြုံးလိုက်သည်... "ဘာလုပ်တာလဲ ဟုတ်လား အဘွားကြီးချန်... သုံးနှစ် ကာလသတ်မှတ်ချက်က ပြည့်သွားပြီ ခင်ဗျား သူဌေးကြီးကျန်းဆီကနေ ချေးထားတဲ့ ငွေပြား တစ်ထောင်ကို ပြန်ဆပ်မှာလား... မဆပ်ဘူးလား တကယ်လို့ ခင်ဗျား ဒီနေ့ ပြန်မဆပ်နိုင်ရင်... ငါတို့ ဒီအိမ်ကို သိမ်းရလိမ့်မယ်"
ချန်၏ အမေ ခဏမျှ ကြောင်အသွားခဲ့ရပြီးနောက်... လွန်ခဲ့သော သုံးနှစ်က မိမိအနေဖြင့် ဒေသခံလူမိုက် သူဌေးကြီးကျန်းဆီမှ ပိုက်ဆံ ချေးခဲ့ဖူးသည်ကို နောက်ဆုံးတွင် ပြန်လည် သတိရသွားခဲ့တော့သည်။
ထိုအချိန်တုန်းက... သူမအနေဖြင့် မိမိ၏ သားဖြစ်သူ ဝေးလံသော နေရာသို့ သွားရမည်ဖြစ်သဖြင့် လမ်းခရီးတွင် ဆင်းရဲဒုက္ခ မရောက်စေရန်အတွက် ပိုက်ဆံအနည်းငယ် ပိုပေးချင်ခဲ့ခြင်း သာ ဖြစ်သည်။ သို့သော်လည်း... ထိုအချိန်တုန်းက သူမ ချေးခဲ့သည်မှာ ငွေပြား ငါးဆယ် သာ ဖြစ်သည် မဟုတ်ပါလား။
"ငွေပြား တစ်ထောင် ဟုတ်လား" ကျင်းတောက် အမေ၏ မျက်နှာက ချက်ချင်းပင် သွေးဆုတ်ဖြူ လျော်သွားခဲ့ရသည် ... "ဒါ... ဒါက မဟုတ်သေးပါဘူး... ငါ နင်တို့ဆီကနေ ငွေပြား ငါးဆယ်ပဲ ချေးခဲ့တာလေ... ဒါက ဘယ်လိုလုပ်ပြီး ငွေပြား တစ်ထောင် ဖြစ်သွားရတာလဲ"
"စကားအပိုတွေ ပြောမနေနဲ့ ဒါက အဖြူ အမည်း သဲသဲကွဲကွဲ ရေးထားတာပဲ... အတိုးနှုန်းတွေက ပုံမှန်အတိုင်းပဲ တွက်ချက်ထားတာ" ကျောက်စစ် စိတ်မရှည်သည့် အမူအရာမျိုးဖြင့် လက်ထဲက တုတ်ကို ဝှေ့ယမ်းလိုက်သည် ...
"ပိုက်ဆံဆပ်မလား... ဒါမှမဟုတ်အသေခံမလား ညီနောင်တို့... ဖျက်ဆီးကြစမ်း ဒီအဘွားကြီးကို အပြင်ကို လွှင့်ပစ်လိုက်ကြစမ်း"
ကြမ်းကြုတ်လှသည့် အစေခံအချို့မှာ အမိန့်ရသည်နှင့်တစ်ပြိုင်နက်... ဝံပုလွေများနှင့် ကျားသစ်များကဲ့သို့... သတိမဝင်သေးသော ကျင်းတောက်၏ အမေဆီသို့ အပြေးအလွှား ခုန်အုပ်လိုက်ကြတော့သည်။
"မလုပ်ပါနဲ့…ဒါက ကျင်းတောက်ရဲ့ အဖေက သူ့အတွက် ချန်ထားခဲ့တဲ့ အိမ် နင်တို့ ဒါကို လာပြီး မထိနဲ့"
ကျင်းတောက် ၏အမေသည် ဘယ်ကနေ အားအင်တွေ ထွက်ပေါ်လာမှန်းမသိဘဲ... မသိစိတ်အရ အိမ်တံခါးဝက တိုင်လုံးကြီးကို တင်းတင်းကြပ်ကြပ် ဖက်ထားမိပြီး အော်ဟစ်လိုက်တော့သည်။
"အဘွားကြီး... ကောင်းကောင်းပြောလို့မရရင်တော့ နာရတော့မှာပဲ"
ကျောက်စစ်၏ မျက်ဝန်းထဲတွင် ရက်စက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ပြီး... သူ၏ လက်ထဲက တုတ်ကြီးကို မြှောက်လျက် ကျင်းတောက် ၏အမေ၏ ပိန်လှီလှသော ပုခုံးပေါ်သို့ အားပြင်းပြင်း လွှဲရိုက်ချလိုက်တော့သည် ... "ခင်ဗျားက သေချင်နေမှတော့... ငါက ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
လေထဲတွင် တုတ်ကြီး ဖြတ်သန်းသွားသော လေတိုးသံကြီး ထွက်ပေါ်လာခဲ့သည်။ ကျင်းတောက် ၏အမေ မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးများကို ပိတ်ထားမိလိုက်တော့သည်။
အိမ်နီးနားချင်းများဖြစ်ကြသော အဒေါ်ကြီးဝမ်နှင့် သားသတ်သမားလီတို့မှာ တံတိုင်းအနောက်တွင် ပုန်းအောင်းနေကြပြီး... အသက်ပင် ပြင်းပြင်းမရှူ ဝံ့ကြဘဲ... ချန်မိသားစုတော့ လုံးဝ ပျက်စီးသွားခဲ့ချေပြီဟု စိတ်ထဲတွင် သက်ပြင်းချနေမိကြသည်။
အလွန် အရေးကြီးလှသော အချိန်အခါတွင်...
ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက လေထဲမှ ဆင်းသက်လာခဲ့ပြီး အိမ်ဝင်းအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ကြီးမားလှသော ဟိန်းဟောက်သံမျိုး မရှိခဲ့သလို... ဆန်းပြားလှသော လှုပ်ရှားမှုမျိုးလည်း မရှိခဲ့ချေ။
ထိုပုံရိပ်သည် သူမ၏ ရှေ့တွင် တည်ငြိမ်စွာ ရပ်လိုက်ပြီး... ပိန်လှီလှသော်လည်း ဖြူ စင်သော လက်ဖဝါးတစ်ဖက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ရုံသာ ရှိခဲ့သည်။
ဖုန်း...
အရိုးများကို ကျိုးကြေစေနိုင်ပြီး ကျောက်တုံးများကိုပင် ပေါက်ကွဲစေနိုင်သော ထိုတုတ်ကြီးကို... ထိုလက်ဖဝါးဖြင့် လုံးဝ လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်စွာ ဖမ်းဆွဲခြင်း ခံလိုက်ရတော့သည်။
ကျောက်စစ်သည် မိမိ၏ လက်ကောက်ဝတ်တစ်ခုလုံး ပြင်းထန်စွာ တုန်ရင်သွားသလို ခံစားလိုက်ရပြီး... လက်မနှင့် လက်ညှိုးအကြားက အရေပြားမှာ ချက်ချင်းပင် ကွဲအက်သွားခဲ့ရကာ... သူ၏ လက်မောင်းတစ်ခုလုံးသည် ကျောက်တုံးကြီးတစ်ခုကို အားပြင်းပြင်း စောင့်မိသကဲ့သို့ ထုံကျင်သွားခဲ့ရပြီး မည်သည့် ခံစားချက်မျိုးမျှ မရှိတော့ချေ။
"ဘယ်သူလဲ" ကျောက်စစ် ထိတ်လန့်တကြားဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
သူ၏ မျက်စိထဲတွင် မြင်တွေ့လိုက်ရသည်မှာ... ပိန်လှီလှသော လူငယ်တစ်ဦး၏ မျက်နှာ ဖြစ်သည်။ ထိုသူသည် လျှော်ဖွတ်ထားသဖြင့် အရောင်လွင့်နေသော အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး... ကြက်တစ်ကောင်ကိုပင် ဖမ်းနိုင်စွမ်းမရှိသည့် အားနည်းလှသော ပညာရှိစာဆိုတစ်ဦးနှင့် တူလှသည်။
ထိုပညာရှိစာဆိုသည် ကျောက်စစ်ကို နောက်ထပ်တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ... သူ၏ ခေါင်းကို လှည့်လိုက်ပြီး သူ၏ အနောက်က ကို ပြောလိုက်သည် ...
"အမေ... သား မိခင်အပေါ် မိဘဝတ်တရား မကျေပွန်ခဲ့ပါဘူး... သား ပြန်လာတာ နောက်ကျသွားခဲ့တယ်"
သူမရှေ့က လူ၏ မျက်နှာကို သဲသဲကွဲကွဲ မြင်လိုက်ရသောအခါ... သူမ၏ အိုမင်းလှသော မျက်နှာထက်တွင် မျက်ရည်များ ချက်ချင်း စီးကျလာခဲ့တော့သည် ... "ကျင်းတောက်... ငါ့သား... မင်း နောက်ဆုံးတော့ ပြန်လာနိုင်ခဲ့ပြီပဲ... အမေ မင်းကို တအား လွမ်းနေခဲ့တာ..."