"အားလပ်ရက် ဟုတ်လား…အိမ်ပြန်ပြီး မိသားစုဝင်တွေကို သွားတွေ့ရမယ် ဟုတ်လား"
သိုင်းကွင်းပြင်ကြီးတစ်ခုလုံး မီးသေလောက်အောင် ငြိမ်သက်သွားခဲ့ရသည်။ စောစောကတင် ဖန်ယွမ်ကြောင့် မျက်ရည်ကျလုမတတ် စိတ်လှုပ်ရှားနေခဲ့ကြသော တပည့် ရာပေါင်းများစွာမှာ ယခုအခါတွင် ဆွံ့အ ကြောင်အန်းကုန်ကြချေပြီ။
သူတို့၏ မျက်နှာပေါ်က မျက်ရည်စများပင် မခြောက်သေးသော်လည်း... သူတို့၏ မျက်ဝန်းများထဲတွင်မူ အလွန်အမင်း ဝေခွဲမရဖြစ်ခြင်းများ ပြည့်နှက်နေခဲ့သည်။
ကျင့်ကြံခြင်းလောကတွင် ‘အားလပ်ရက်’ ဟူသော ဝေါဟာရမျိုး တကယ်ကြီး ရှိခဲ့ဖူးလို့လား။
အခြားဂိုဏ်းများတွင်မူ... အပြင်စည်းတပည့်များသည် မိုးမလင်းခင်ကတည်းက ရေခပ်... ထင်းခုတ်... ဝိညာဉ်လယ်ကွင်းများကို ပြုစုပျိုးထောင်ကြရပြီး အတွင်းစည်းတပည့်များမှာလည်း ကံကောင်းခြင်း အခွင့်အရေး အနည်းငယ်ကို လုယူနိုင်ရန်အတွက် သွေးစွန်းသော တိုက်ပွဲများကို ဆင်နွှဲနေကြရသည်။
သုံးနှစ်တစ်ကြိမ် အသေးစားပြိုင်ပွဲ... ငါးနှစ်တစ်ကြိမ် အကြီးစားပြိုင်ပွဲများ ရှိနေပြီး အနည်းငယ်မျှ ပျင်းရိလိုက်သည်နှင့် ဂိုဏ်းမှ ထုတ်ပယ်ခံရကာ လေလွင့်ကျင့်ကြံသူ အဖြစ်သို့ ရောက်ရှိသွားကြရစမြဲ ဖြစ်သည်။
ယခုမူ... ဂိုဏ်းချုပ်က သူတို့ကို တောင်အောက်ဆင်းခိုင်းနေသည် ဟုတ်လား။ အိမ်ပြန်ခိုင်းနေသည် ဟုတ်လား။ ပြီးတော့ သူတို့ ပြန်လာမှာ စိုးလို့ တောင်ကိုပါ ပိတ်ပစ်ဦးမယ် တဲ့။
"ဂိုဏ်းချုပ်" ဟုန်အာနျို ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး... မျှော်စင်ကြီးတစ်ခုလို ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးဖြင့် ဒူးတစ်ဖက် ထောက်ချလိုက်ပြန်ရာ သူ၏ မျက်ဝန်းများမှာ တစ်ဖန် ပြန်လည် နီရဲလာခဲ့သည်….
"ဒီတပည့် ဘယ်မှမသွားပါဘူး ချုံးရှင်းဂိုဏ်းက ကျွန်တော့်ရဲ့ အိမ်ပါ… အသက်ရှင်ရင် ချုံးရှင်းဂိုဏ်းရဲ့ လူဖြစ်ပြီး သေရင်လည်း ချုံးရှင်းဂိုဏ်းရဲ့ သရဲပဲ ဖြစ်ပါ့မယ်"
"ဒီတပည့်လည်း ဘယ်မှမသွားပါဘူး"
"ကျွန်တော်တို့တွေ ဂိုဏ်းတံခါးဝအပြင်မှာပဲ အချိန်အကန့်အသတ်မရှိ ဒူးထောက်နေပါ့မယ်။ ဂိုဏ်းချုပ်အနေနဲ့ ဒီအမိန့်ကို ပြန်ရုပ်သိမ်းပေးဖို့ပဲ တောင်းပန်ချင်ပါတယ်"
ဒုန်း... ဒုန်း...
လူပေါင်း ရာချီက တညီတညွတ်တည်း ဒူးထောက်ချလိုက်ကြပြီး ဖန်ယွမ်သာ သဘောမတူပါက ကျောက်စစ်မ်းဖြူ လှေကားထစ်များပေါ်တွင် ခေါင်းစောင့်သေမည့် အမူအရာမျိုး ပြုလုပ်နေကြတော့သည်။
စင်မြင့်ထက်တွင် ရပ်နေသော ဖန်ယွမ်သည် အောက်တွင် အချိန်ပိုအလုပ်ဆင်းပြီး ကျင့်ကြံဖို့ပဲ ဇွတ်ပူဆာနေကြသော အသေအလဲ ကြိုးစားအားထုတ်သူတစ်သိုက်ကို ကြည့်ရင်း နားထင်များ ကိုက်ခဲလာခဲ့ရပြန်သည်။
‘ဒီကောင်စုတ်လေးတွေ... ငါက နှင်ထုတ်တာတောင် မသွားကြဘူး ဟုတ်လား'
သူ အသက်ပြင်းပြင်းတစ်ချက် ရှူ လိုက်ရင်း ရင်ထဲက ဒေါသကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။ အကောင်းပြောလို့ မရမှတော့... သူတို့ရဲ့ ကျင့်ကြံခြင်း စိတ်ဓာတ် ကို ပျက်ပြားသွားအောင် ပိုက်ဆံနဲ့ပဲ ပေါက်ပစ်တော့မည်။
အဆင်ပြေချင်တော့ စနစ်ကလည်း ဝိညာဉ်ကျောက်တုံး သုံးသန်း ဖြုန်းတီးရမယ့် အလုပ်တစ်ခု ပေးထားတာဆိုတော့ ဤပိုက်ဆံတွေကို အသုံးမချရင် နှမြောစရာကြီး ဖြစ်ပေလိမ့်မည်။
"ရမ်းကားလှချည်လား"
ဖန်ယွမ်၏ မျက်နှာက ချက်ချင်း ညိုမှောင်သွားခဲ့ပြီး... နတ်ဝိညာဉ်အဆင့်၏ ဖိအားလှိုင်းကြီးက မုန်တိုင်းတစ်ခုလို ဝေ့ဝဲထွက်ပေါ်လာကာ လူတိုင်း၏ အော်ဟစ်သံများကို ချက်ချင်း ဖိနှိပ်ပစ်လိုက်တော့သည်။
"ငါက အားလပ်ရက်လို့ ပြောရင်... ဒါဟာ အားလပ်ရက်ပဲ. ဒါက ဂိုဏ်းချုပ်ရဲ့ အမိန့်… မည်သူမဆို အမိန့်ကို ဖီဆန်ဝံ့ရင်... ဂိုဏ်းကနေ ချက်ချင်း ထုတ်ပယ်ပစ်မယ်"
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်... ကွင်းပြင်တစ်ခုလုံးသည် ဆောင်းတွင်းက ပုစဉ်းရင်ကွဲလေးလို ငြိမ်သက်သွားခဲ့ရတော့သည်။
ဟုန်အာနျိုသည် သွားကို တင်းတင်းကြိတ်ထားမိပြီး နောက်ထပ် စကားတစ်လုံးမျှ မဟဝံ့တော့ချေ။ သူ၏ ဘဝသစ်ကို ပေးသနားခဲ့သော ဤမြင့်မြတ်လှသည့် ဂိုဏ်းတော်ကြီးမှ တကယ်ကြီး မောင်းထုတ်ခံရမှာကို သူ အလွန်အမင်း ကြောက်လန့်နေခဲ့သည်။
လူအုပ်ကြီးကို ဖိနှိပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြင်ရသဖြင့်... ဖန်ယွမ်၏ လေသံမှာ အနည်းငယ် ပြန်လည် ပျော့ပြောင်းသွားခဲ့သည်။ သူသည် ဝတ်ရုံလက်စက္ကို ဝှေ့ယမ်းလိုက်ပြီး ကြီးမားလှသော ဗုံးတစ်လုံးကို ထပ်မံ ဖောက်ခွဲလိုက်ပြန်သည်….
"အားလပ်ရက်ကာလအတွင်းမှာ... လူတိုင်းရဲ့ လစဉ် ထောက်ပံ့ကြေးတွေကို ပုံမှန်အတိုင်း ဆက်ပြီး ထုတ်ပေးသွားမယ်"
"ဒါ့အပြင်... မင်းတို့တွေ ဂိုဏ်းကို ရောက်ကတည်းက အစွမ်းကုန် ကြိုးစားခဲ့ကြတာကို ထောက်ထားပြီးတော့... ဒီဂိုဏ်းချုပ်က လူတစ်ယောက်ချင်းစီကို ခရီးစရိတ်နဲ့ မိသားစု အသုံးပြုဖို့အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးရာစီ အပိုဆောင်း ထောက်ပံ့ပေးဖို့ ဆုံးဖြတ်လိုက်တယ်"
"အခု... မင်းတို့အားလုံး ချက်ချင်း တောင်အောက်ကို လစ်ကြတော့ လူသားလောကရဲ့ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းကြစမ်း…တစ်လအတွင်းမှာ မည်သူမဆို ဂိုဏ်းကို စောစီးစွာ ပြန်လာဝံ့ရင်... ငါ သူတို့ရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်မယ်"
ငြိမ်သက်ခြင်း…
သေခြင်းတရားကဲ့သို့ ငြိမ်သက်ခြင်း…
သိုင်းကွင်းပြင်ကြီးတွင် လူအုပ်ကြီး၏ ဝတ်ရုံစများကို တိုက်ခတ်သွားသော လေတိုးသံသက်သက်ကိုသာ ကြားရတော့သည်။
ဖန်ယွမ်၏ အနောက်တွင် ရပ်နေသော ယွဲ့လင်မှာမူ... သူမ၏ လှပသော မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့ရပြီး အသက်ရှူ စားဖို့ပင် မေ့လျော့နေခဲ့ရသည်။
‘အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးရာ ဟုတ်လား'
သူမသည် ဦးနှောက်ထဲတွင် အလျင်အမြန်ပင် တွက်ချက်လိုက်မိသည်။ ယန်ရှန့်တိုက်ကြီး၏ လူသားလောကတွင်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ဝက်ခန့်သည် သုံးယောက်စာ မိသားစုတစ်စု တစ်နှစ်ပတ်လုံး ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်နိုင်ရန် လုံလောက်လှသည်။
ဝိညာဉ်ကျောက်တုံး ငါးရာဆိုသည်မှာ... ရွှေပြား တစ်ထောင် သို့မဟုတ် ငွေပြား တစ်သောင်းနှင့် ညီမျှပေသည်။
အခြားဂိုဏ်းများတွင်မူ... အပြင်စည်းတပည့်များသည် တစ်နှစ်ပတ်လုံး အသားကုန် အလုပ်လုပ်ကြရပြီး ဂိုဏ်းကို အခွန်အနည်းငယ် လျှော့ပေးဖို့အတွက် တာဝန်ခံလူကြီးမင်းများကို အကြိမ်ကြိမ် ဦးညွှတ် တောင်းပန်ကြရစမြဲ ဖြစ်သည်။
ချုံးရှင်းဂိုဏ်းကမူ... လူတွေကို တောင်အောက်ဆင်းပြီး ပျော်ပါးဖို့အတွက် ဝိညာဉ်ကျောက်တုံး ငါးရာစီကို တိုက်ရိုက် ထုတ်ပေးနေတာ ဟုတ်လား။
"ဂိုဏ်းချုပ်…မဖြစ်နိုင်တာ" ယွဲ့လင် ချက်ချင်းပင် ရှေ့သို့ တိုးလာခဲ့ပြီး စိုးရိမ်ပူပန်စိတ်များဖြင့် သူမ၏ အသံကို နှိမ့်၍ ပြောလိုက်သည်။
"တပည့် သုံးရာကျော် ရှိနေတာဆိုတော့ တစ်ယောက်ကို ငါးရာစီဆိုရင် ဝိညာဉ်ကျောက်တုံး တစ်သိန်းခွဲနီးပါး ရှိနေပြီ… ဂိုဏ်းက မကြာသေးခင်ကတင် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ဖြုန်းတီးထားခဲ့တာလေ... အခု ဒီလောက်အများကြီးကို ဘယ်ကနေ ထုတ်ပေးမှာလဲ"
"ဒါ့အပြင်... စည်းစိမ်ဥစ္စာက လူတွေရဲ့ စိတ်ကို ဆွဲဆောင်တတ်တယ်…သူတို့ရဲ့ ကျင့်ကြံခြင်းက နုနယ်သေးတာဆိုတော့ ဒီလောက်များပြားတဲ့ ပမာဏကို သယ်ပြီး တောင်အောက်ဆင်းသွားရင်... ဘေးအန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ်"
"ဘာမှမဖြစ်ဘူး" ဖန်ယွမ်က ဘာမှ ဂရုမစိုက်သည့် အမူအရာမျိုးဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
‘တစ်သိန်းခွဲက ဘယ်လောက်များလို့လဲ ငါ့အကောင့်ထဲမှာ တစ်လအတွင်း ဖြုန်းတီးပစ်ရမယ့် သုံးသန်း ရှိနေသေးတယ်'‘ဘေးအန္တရာယ်ကို ဖိတ်ခေါ်မယ် ဟုတ်လား' ဖန်ယွမ် အောက်သို့ ဝေ့ဝဲကြည့်လိုက်သည်။
ဒီတပည့်များသည် တင်းယွမ်အဆောင်က ဝိညာဉ်စမ်းရေထဲတွင် နေ့တိုင်း စိမ်ထားကြပြီး အစားအသောက်တွေလည်း အဝစားထားကြတာ ဖြစ်သည်။ သူတို့ ကျင့်ကြံတဲ့ ကျင့်စဉ်တွေက အမှိုက်တွေ ဖြစ်နေသော်လည်း... သူတို့ရဲ့ အသေအလဲ ကြိုးစားအားထုတ်မှုကြောင့် အားလုံး အသားကျနေခဲ့ကြပြီ ဖြစ်သည်။ အခု သူတို့ထဲက ဘယ်သူ့ကိုမဆို ကျပန်းဆွဲထုတ်လိုက်ပါစေဦးတော့... အားလုံးက ချီသန့်စင်ခြင်းအဆင့် ထဲ ရောက်နေကြပြီ ဖြစ်သည်။
ဒီလူအုပ်ကြီး တောင်အောက်ဆင်းသွားရင်... ဒါက အင်မော်တယ်နတ်ဘုရားတွေ လူ့လောကကို ဆင်းသက်လာတာနဲ့ အတူတူပဲ ဖြစ်လိမ့်မည်။ ဘယ်သူက ဘယ်သူ့ကို ဓားပြတိုက်မလဲဆိုတာ မသေချာလှပေ။
"အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံတယ်ဆိုတာ... နှလုံးသားမရှိတဲ့ လူသားဖြစ်အောင် ကျင့်ကြံတာ မဟုတ်ဘူး။ ဆင်းရဲတဲ့ မိသားစုကနေ ထွက်လာရင်တောင်မှ ခရီးသွားတဲ့အခါ ချမ်းသာတဲ့ ပုံစံမျိုး ရှိရမယ်။ မင်းတို့တွေ ပြန်ကြမှာဆိုတော့... ချုံးရှင်းဂိုဏ်းရဲ့ မျက်နှာကိုတော့ မပျက်စေနဲ့" ဖန်ယွမ် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်တန့်နေခဲ့ပြီး သူ၏ အသံမှာ တည်ငြိမ်သော်လည်း ငြင်းဆန်ရန်မလိုသော အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။
စင်မြင့်အောက်တွင်မူ... ချန်ကျင်းတောက်၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရင်နေခဲ့ချေပြီ။ သူသည် မိမိ၏ ခါးတွင် ချိတ်ဆွဲထားသော ဝိညာဉ်စမ်းရေများ ပြည့်နှက်နေသည့် ဘူးသီးခြောက်ဘူးကို ကိုင်တွယ်ရင်း... စင်မြင့်ထက်ရှိ နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်လှသော ဝတ်ရုံဖြူ ကျောပြင်ကြီးကို စိုက်ကြည့်နေမိသည်။
ဝိညာဉ်ကျောက်တုံး ငါးရာ…
လွန်ခဲ့တဲ့ ခုနစ်လက... ဂိုဏ်းတိုင်းရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီးနောက်... သူ၏ ကိုယ်ပေါ်တွင် ငွေပြား တစ်ပြားပင် ပြည့်အောင် မရှိခဲ့ချေ။ လမ်းခရီးတစ်လျှောက်တွင် သူသည် လေလွင့်လျှောက်သွားခဲ့ရပြီး အစားအသောက် အနည်းငယ်ရဖို့အတွက် အခြားသူများကို အကြိမ်ကြိမ် ဦးညွှတ် တောင်းပန်ခဲ့ရဖူးသည်။
ယခုမူ... ဂိုဏ်းချုပ်က သူ့ကို ကံကောင်းခြင်း အခွင့်အရေးတွေ ပေးသနားခဲ့ရုံတင်မကဘဲ... အိမ်ကြီးအိမ်ကောင်းတစ်လုံးကို ဝယ်ယူနိုင်လောက်တဲ့ စည်းစိမ်ဥစ္စာတွေနဲ့အတူ မိခင်ဌာနေသို့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်အောင်ပါ စီစဉ်ပေးနေခဲ့သည် မဟုတ်ပါလား။ နောက်ဆုံးတွင်... မည်သည့်မြင့်မားလှသော ဆုံးမစကားမျိုးမျှ မရှိဘဲ "ဂိုဏ်းရဲ့ မျက်နှာကိုတော့ မပျက်စေနဲ့" ဟူသော စကားလုံးသက်သက်သာ ရှိခဲ့သည်။
ချန်ကျင်းတောက် ရုတ်တရက် ခေါင်းမော့လိုက်ရာ သူ၏ မျက်ဝန်းများမှာ စိုစွတ်နေခဲ့ပြီ ဖြစ်သည်။
"ဂိုဏ်းတူညီနောင်တို့... အားလုံး မတ်တပ်ရပ်ကြစမ်း"
ချန်ကျင်းတောက် ဝုန်းခနဲ ထရပ်လိုက်ပြီး... သူ၏ အနောက်က ညီနောင်အားလုံးကို မျက်နှာမူလျက် အက်ကွဲသော အသံဖြင့် ပြောလိုက်သည်… "ငါတို့တွေ ဒီလိုမျိုး ဒူးထောက်နေတာက... ဂိုဏ်းချုပ်ရဲ့ ကြီးမားလှတဲ့ စေတနာတွေကို စော်ကားသလို ဖြစ်နေလိမ့်မယ်"
ဖန်ယွမ်၏ နှလုံးသားကြီး တစ်ချက် တုန်လှုပ်သွားခဲ့ရသည်။ ‘ငါ့မှာ ဘာစေတနာကြီး ရှိလို့လဲ… ငါက ပိုက်ဆံတွေ တအားများလွန်းလို့ မင်းတို့ကို တောင်အောက်ဆင်းပြီး ပျော်ပါးခိုင်းတာ... အပျော်အပါးတွေထဲမှာ စိတ်ဓာတ်တွေ ပျက်ပြားပြီး ကျင့်ကြံခြင်းကို မေ့လျော့သွားအောင် လုပ်နေတာ'
ထိုခဏတွင်... မြေပြင်ပေါ်၌ ဒူးထောက်နေကြသော ချုံးရှင်းဂိုဏ်း တပည့်များသည်လည်း တညီတညွတ်တည်း ချန်ကျင်းတောက်က်ို မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများထက်တွင် ဝေခွဲမရခြင်းများ ပြည့်နှက်နေခဲ့ကြသည်။
"ဂိုဏ်းတူညီနောင်တို့... ငါတို့အားလုံးဟာ တစ်ချိန်က အင်မော်တယ်ဂိုဏ်းတွေရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတဲ့ လူသားတွေပဲ ကျင့်ကြံသူတွေရဲ့ အောက်စီးက ကြည့်ခြင်းကို ခံခဲ့ရတဲ့ ပုရွက်ဆိတ်တွေပဲ"
"ဂိုဏ်းချုပ်ကသာ ငါတို့ကို မျှော်လင့်ချက်တွေ ပေးခဲ့ပြီး အင်မော်တယ်လမ်းစဉ်ကို လမ်းပြပေးခဲ့တာ"
ချန်ကျင်းတောက်သည် တောင်အောက်ဘက်သို့ လက်ညှိုးထိုးပြလျက်... သူ၏ ရင်ထဲက ဝမ်းနည်းမှုများကြောင့် မျက်ရည်များ ဝဲလျက် ပြောလိုက်သည်။
"ဒါပေမဲ့ ငါထင်တာတော့... ဂိုဏ်းချုပ်က ငါတို့ကို သန်မာလာဖို့ပဲ မျှော်လင့်တာ မဟုတ်ဘူး... ငါတို့ကို သိက္ခာရှိရှိ နေထိုင်သွားဖို့ကိုလည်း မျှော်လင့်နေတာပဲ"
"ဒီဝိညာဉ်ကျောက်တုံး ငါးရာကို ပေးတာက... ဂိုဏ်းချုပ်က ငါတို့ကို ခေါင်းမော့ ရင်ကော့ပြီး ပြန်သွားစေချင်လို့ပဲ ဖြစ်ရမယ်။ တစ်ချိန်က ငါတို့ကို နှိမ်ခဲ့တဲ့ လူတွေကို... ငါတို့တွေ အခု ချုံးရှင်းဂိုဏ်းရဲ့ တပည့်တွေ ဖြစ်နေပြီဆိုတာကို သွားပြောခိုင်းတာပဲ"
"တစ်ချိန်က ငါတို့ကို အထင်သေးခဲ့တဲ့ လူတွေကို... ငါတို့လို သာမန်လူတွေလည်း ထိပ်တန်းကို ရောက်နိုင်တဲ့ နေ့တစ်နေ့ ရှိတယ်ဆိုတာကို သွားပြခိုင်းတာပဲ"
"သူက ငါတို့ကို နောက်နောင် ခေါင်းငုံ့မနေတော့ဘဲ... တစ်သက်လုံး ကျောရိုးဖြောင့်ဖြောင့်နဲ့ နေထိုင်သွားစေချင်တာ"
ဝုန်း...
ရှိသမျှ တပည့်အားလုံး၏ မျက်ဝန်းများမှာ ချက်ချင်းပင် ရဲရဲနီသွားခဲ့ကြပြီး သူတို့၏ သွေးများမှာလည်း ပြင်းထန်စွာ ဆူပွက်လာခဲ့ကြတော့သည်။
"ဂိုဏ်းချုပ်ရဲ့ ကျေးဇူးတရား ကြီးမားလှပါတယ်"
ခဏမျှအတွင်း... စင်မြင့်အောက်က တပည့်များသည် စိတ်လှုပ်ရှားမှုကြောင့် ဟစ်အော်ကြရာ ကျေးဇူးတင်စကားသံများမှာ အဆုံးမရှိ ထွက်ပေါ်လာခဲ့တော့သည်။
စင်မြင့်ထက်တွင် ရပ်နေသော ဖန်ယွမ်၏ နှလုံးသားမှာမူ... အကြောင်းပြချက်မရှိဘဲ တင်းကျပ်သွားခဲ့ရသည်။ ချန်ကျင်းတောက်၏ စကားများကို ကြားရသောအခါ... သူသည် ကမ္ဘာမြေပေါ်က မရေမတွက်နိုင်သော သာမန်လူသားများကို မသိမသာ တွေးတောမိသွားခဲ့သည်။ တပည့်များနှင့် ထိုလူသားများအကြားတွင် မည်သည့် ကွာခြားချက်မျိုး ရှိနေလို့လဲ။ သေချာပေါက် မရှိလှပေ။
"တော်ပြီ... လျှောက်ပြောမနေနဲ့တော့" ဖန်ယွမ် တကယ်ကြီး ဆက်ပြီး နားမထောင်ဝံ့တော့ချေ။ သူသာ နောက်ထပ် စကားအနည်းငယ် ထပ်ကြားရပါက သူ၏ မျက်ရည်များပင် စီးကျလာမှာကို စိုးရိမ်နေမိသည်… "ယွဲ့လင်... ပိုက်ဆံတွေကို အမြန်ခွဲပေးလိုက် ပြီးရင် သူတို့ကို ချက်ချင်း လစ်ခိုင်းတော့"
ပြောပြီးနောက်တွင်မူ... ဖန်ယွမ် ဝတ်ရုံလက်စကို ဝှေ့ယမ်းလျက် လှည့်ပြန်ခဲ့ပြီး... ဂိုဏ်းချုပ်၏ အင်မော်တယ်ဂူဗိမာန်ဆီသို့ အပြေးအလွှား လှမ်းလျှောက်သွားခဲ့တော့သည်။ သူ၏ ကျောပြင်ကြီးမှ... အလွန်အမင်း စိတ်ပျက်အားလျော့နေသော ခံစားချက်ကို မြင်တွေ့နိုင်ခဲ့သည်။
ချန်ကျင်းတောက်နှင့် အခြားသူများ၏ မျက်ဝန်းထဲတွင်မူ... သူတို့အတွက် စိတ်ရောလူပါ အစွမ်းကုန် ပေးဆပ်နေခဲ့သော ဖန်ယွမ်၏ အထီးကျန်လှသည့် ကျောပြင်ကြီးအဖြစ်သာ မြင်တွေ့နေခဲ့ကြရသည်။
ဂိုဏ်ချုပ်သက်တော်ရာကျော် ရှည်ပါစေ ။
ကောင်းကင်မြေပြင်ကို တုန်ဟည်းသွားစေသော အော်ဟစ်သံကြီးက... ချုံးရှင်းဂိုဏ်းတစ်ခုလုံးတွင် ဝဲပျံနေခဲ့တော့သည်။
...
နာရီဝက်ခန့် ကြာပြီးနောက်...
ဂိုဏ်းတံခါးဝ အပြင်ဘက်တွင်။
တပည့် ရာပေါင်းများစွာသည် သူတို့၏ ဝိညာဉ်ကျောက်တုံးများကို လက်ခံရရှိခဲ့ကြပြီး... အရပ်ဝတ်လဲလှယ်လျက်... အထုပ်အပိုးများကို သယ်ဆောင်ကာ အုပ်စုအနည်းငယ်စီခွဲ၍ တောင်အောက်သို့ ဆင်းရန် ပြင်ဆင်နေကြသည်။
သို့သော်လည်း... လူအုပ်ကြီးထဲတွင် တပည့် ဒါဇင်အနည်းငယ်ခန့်မှာ ရပ်တန့်နေဆဲဖြစ်ပြီး တိတ်တဆိတ် ငိုကြွေးနေကြဆဲ ဖြစ်သည်။
လင်းမြောင်မြောင်သည် မိမိ၏ အရပ်ထက်ပင် မြင့်မားလှသော အထုပ်ကြီးတစ်ထုပ်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်။
ထိုအိတ်ထဲတွင် စားသောက်ဆောင်မှ သူမ ထုပ်ပိုးလာခဲ့သော ရိက္ခာခြောက်များနှင့် ဝိညာဉ်သားရဲအသားအချို့ ရှိနေခဲ့သည်။ သူမသည် ခေါင်းကို ငုံ့ထားမိပြီး ခြေချောင်းလေးများဖြင့် မြေပြင်ပေါ်တွင် ဝေခွဲမရစွာ စက်ဝိုင်းပုံစံ ဆွဲနေမိသည်။
"မြောင်မြောင်... မင်း ဘာဖြစ်လို့ မသွားသေးတာလဲ" ချန်ကျင်းတောက် လှမ်းလျှောက်လာခဲ့ပြီး ညင်သာစွာ မေးမြန်းလိုက်သည်။
"စီနီယာအစ်ကိုချန်..." လင်းမြောင်မြောင် ခေါင်းမော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ နီရဲနေခဲ့သည် "ကျွန်မ... ကျွန်မမှာ ပြန်စရာအိမ်မရှိဘူး.. ကျွန်မတို့ရဲ့ ရွာက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဂိုဏ်းကြီးတစ်ခုရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး မိဘတွေလည်း ငတ်ပြတ်ပြီး သေဆုံးသွားခဲ့ကြပြီ။ ကျွန်မ ဘယ်ကိုသွားရမလဲ မသိတော့ဘူး"
ဘေးနားရှိ တပည့်အချို့လည်း တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချလိုက်ကြသည်။ အချို့က မိဘမဲ့များ ဖြစ်ကြပြီး အချို့ကမူ စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်ကြသည်။ ချုံးရှင်းဂိုဏ်းမှလွဲ၍...ကျယ်ပြောလှသော ကမ္ဘာကြီးထဲတွင် သူတို့ တကယ်ကြီး သွားစရာ နေရာမရှိကြချေ။
ဤဂိုဏ်းတူ ညီနောင် ညီမငယ်များကို ကြည့်ရင်း... ချန်ကျင်းတောက်၏ မျက်ဝန်းထဲတွင် ရင်နာစိတ်များ ဖြတ်ပြေးသွားခဲ့သည်။ သူသည် မိမိ၏ ကျောရိုးကို ဖြောင့်ဖြောင့်ဆန့်လိုက်ပြီး ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်သည်…
"ငါတို့တွေ ချုံးရှင်းဂိုဏ်းကို အတူတူ ဝင်ခဲ့ကြကတည်းက... ငါတို့အားလုံးက မိသားစုဝင်တွေပဲ ဂိုဏ်းချုပ်က ငါတို့ကို လက်ခံပေးထားတာဆိုတော့... ငါတို့တွေလည်း အချင်းချင်း ကူညီကြရမယ်…ငါ့ရဲ့ ဇာတိက ‘ကျန်းရှမြို့ မှာ ရှိတယ် ငါ့မှာ ပိုက်ဆံနဲ့ အာဏာ မရှိပေမဲ့... ပျက်စီးယိုယွင်းနေတဲ့ အိမ်ဝင်းဟောင်းလေးတစ်ခုတော့ ရှိသေးတယ်"
"တကယ်လို့ ဘယ် ဂိုဏ်းတူမောင်နှမ မဆို သွားစရာ နေရာမရှိရင်... ငါနဲ့အတူ ငါ့ရဲ့ ဇာတိကို လိုက်ခဲ့ကြပါ… ဒီတစ်လအတွင်းမှာ ကျန်းရှမြို့မှာ... ငါတို့တွေဟာ မိသားစုဝင်တွေအဖြစ် အတူနေကြတာပေါ့"
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်... လင်းမြောင်မြောင်နှင့် အခြားသူများ၏ မျက်ဝန်းများမှာ ချက်ချင်းပင် လင်းလက်သွားခဲ့ကြတော့သည်။
"စီနီယာအစ်ကိုချန်... ဒါက တကယ်ကြီး အဆင်ပြေရဲ့လား"
"ကျွန်တော့်ကိုပါ ထည့်လိုက်ဦး ကျွန်တော့်မှာ အားအင်တွေ ရှိတယ်... ကျန်းရှမြို့ကို ရောက်ရင် စီနီယာအစ်ကိုအတွက် ရေခပ်... ထင်းခုတ်ပေးမယ်" ကျန်းရှောင်ရှန်းလည်း အနားသို့ တိုးဝှေ့လာခဲ့သည်။
"ကျွန်တော့်ကိုပါ ထည့်လိုက်ဦး" ဟုန်အာနျိုလည်း သာမန်သံမဏိဖြင့် ပြုလုပ်ထားသော ဓားရှည်ကြီးကို သယ်ဆောင်လျက် တိတ်တဆိတ် လှမ်းလျှောက်လာခဲ့သည် ... "ကျွန်တော့်မှာ အိမ်ရှိပေမဲ့... အဲဒီနေရာက မသွားတာပဲ ကောင်းပါတယ် ငါတို့ ညီနောင်တွေ အတူတူရှိနေပြီး အချင်းချင်း စောင့်ရှောက်ကြတာက ပိုပြီး ကောင်းမွန်ပါတယ်"
မကြာမီ... သွားစရာ နေရာမရှိသော တပည့်ပေါင်း ရှစ်ဆယ်ကျော်ခန့်မှာ ချန်ကျင်းတောက်နှင့်အတူ ကျန်းရှမြို့သို့ လိုက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ချန်ကျင်းတောက်သည် လူအုပ်ကြီး၏ အရှေ့ဆုံးတွင် ရပ်တန့်နေခဲ့ပြီး... သူ၏ ဝတ်ရုံထဲသို့ လက်လှမ်းနှိုက်လိုက်သည်။ သူ၏ လက်ချောင်းလေးများက... အနားသတ်များ ပွန်းပဲ့နေပြီး အနည်းငယ် ကြမ်းတမ်းနေသော ‘သစ်သားဆံထိုးလေး’ ကို ထိတွေ့မိသွားခဲ့သည်။
ထိုဆံထိုးလေးက လွန်ခဲ့သော သုံးနှစ်က သူမအပေါ် ထားရှိခဲ့သော သူ၏ ကတိကဝတ်တစ်ခု ဖြစ်သည်။
{စီနီယာအစ်ကို ကျင်းတောက်... အင်မော်တယ်လမ်းစဉ်ကို သွားရှာပါ။ ရှောင်ယီက မြို့ထဲမှာ အစ်ကို့ကို စောင့်နေပါ့မယ်... အစ်ကို အင်မော်တယ်ဖြစ်ပြီး ကျွန်မကို ပြန်လာခေါ်မယ့် အချိန်အထိစောင့်နေပါ့မယ်}
{စီနီယာအစ်ကို ကျင်းတောက်... ဒါက တကယ်ကြီး အစ်ကိုလား အစ်ကိုက မိုင်ပေါင်းထောင်ချီ ဝေးကွာတဲ့ ဝူဟွမ်မြို့ကို သွားပြီး အင်မော်တယ်ဂိုဏ်းကို ဝင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား}
{စီနီယာအစ်ကို ကျင်းတောက်... အင်မော်တယ်လမ်းစဉ်ကို ရှာမနေတော့ဘဲ ရပ်လိုက်ရင် ကောင်းမလား။ အစ်ကိုက စာပေမှာ ဒီလောက် တော်တာပဲ... မြို့ထဲမှာ ဆရာတစ်ယောက်ပဲ လုပ်ပါလား}
{အင်း... ဒါဆိုရင် ရှောင်ယီက ဆက်ပြီး စောင့်နေပါ့မယ်…}
...
ပြုံးချိုနေသော မိန်းမပျိုလေး၏ ပုံရိပ်မှာ... ချန်ကျင်းတောက်၏ ဦးနှောက်ထဲတွင် ထင်ရှားစွာ ပုံဖော်လာခဲ့သည်။ သူမ ပြောခဲ့ဖူးသော စကားလုံးများမှာလည်း သူ၏ နားထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေခဲ့သည်။
လွန်ခဲ့သော သုံးလက... သူမကို နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်က... သူသည် ချုံးရှင်းဂိုဏ်းမှာ ကံစမ်းမလို့ပါဟု မုသာဝါဒ သုံးခဲ့ဖူးသည်။ သူသည် သူမကို နောက်ထပ်တစ်ကြိမ်ပင် သေချာမကြည့်ဝံ့တော့ဘဲ ပျာပျာသလဲ ထွက်ပြေးခဲ့ရဖူးသည်။ ထိုအချိန်တုန်းက... သူသည် လေလွင့်ခွေးတစ်ကောင်ကဲ့သို့ အခြေအနေ ပျက်နေခဲ့သည်။
သို့သော်လည်း ယခုမူ...
ချန်ကျင်းတောက်သည် သူ၏ သိုလှောင်အိတ်ထဲက လေးလံလှသော ဝိညာဉ်ကျောက်တုံး ငါးရာနှင့်... သူ၏ ခန္ဓာကိုယ်ထဲတွင် မြစ်တစ်စင်းလို စီးဆင်းနေသည့် ချီသန့်စင်ခြင်းအဆင့် (၈) ၏ စွမ်းအားများကို ခံစားလိုက်မိသည်။ ပြီးနောက် သူ၏ အနောက်က ချီစွမ်းအင်များ ပြင်းထန်လှပြီး အားလုံး ချီသန့်စင်ခြင်းအဆင့်ထဲ ရောက်နေကြပြီဖြစ်သော ဂိုဏ်းတူ မောင်နှမ ရှစ်ဆယ်ကျော်ကို လှည့်ကြည့်လိုက်သည်။
သူ အသက်ပြင်းပြင်းတစ်ချက် ရှူ လိုက်ပြီး... တောင်အောက်သို့ ကွေ့ကောက်နေသော ရှေးဟောင်းလမ်းမကြီးဘက်သို့ စိုက်ကြည့်လိုက်တော့သည်။
"ညီမလေး ရှောင်ယီ"
"နင့်ရဲ့ စီနီယာအစ်ကို ကျင်းတောက်... နောက်ဆုံးတော့ အောင်မြင်မှုတွေ ရရှိခဲ့ပြီ"
"ထွက်ခွာကြမယ်…ဦးတည်ရာ ကျန်းရှမြို့"
ချန်ကျင်းတောက် လက်ကို ဝှေ့ယမ်းလိုက်ရာ... ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ရှစ်ဆယ်ကျော်ဖြင့် ဖွဲ့စည်းထားသော အိမ်ပြန်မည့် အဖွဲ့ကြီးမှာ အလွန် စည်ကားသိုက်မြိုက်စွာဖြင့် တောင်အောက်သို့ စတင် ဆင်းသက်သွားခဲ့ကြတော့သည်။