ထိုခဏမှာပင်...
လူအုပ်ကြီးထဲမှ မျက်တွင်းဟောက်ပက်နှင့် ပိန်လှီလှသော တပည့်တစ်ဦးက ရုတ်တရက် အတန်းထဲမှ ပြေးထွက်လာခဲ့သည်။
"ဂိုဏ်းချုပ်… ကျွန်တော်မျိုး ဂိုဏ်းစည်းမျဉ်းတွေကို မလိုက်နာချင်ပါဘူး"
ထိုတပည့်သည် ဝုန်းခနဲ ဒူးထောက်ချလိုက်ပြီး မျက်ရည်စက်လက်... နှပ်တရွဲရွဲဖြင့် ပြောရှာသည် "ဒီတပည့်က လူသာမန်ခန္ဓာနဲ့ မွေးဖွားလာပြီး ပါရမီကလည်း ထိုင်းမှိုင်းလှပါတယ်။ ကျွန်တော်သာ အစွမ်းကုန် မကျင့်ကြံရင်... အဲဒီပါရမီရှင်တွေကို ဘယ်လိုလုပ်ပြီး အမီလိုက်နိုင်မှာလဲ"
"အခု ဂိုဏ်းချုပ်က ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းကို ကန့်သတ်လိုက်တာက... ဒါ... ဒါက တပည့်တွေ သန်မာလာမယ့် အင်မော်တယ်လမ်းစဉ်ကို အထင်အရှား ပိတ်ပင်တားဆီးလိုက်တာပဲ မဟုတ်လား"
ထိုခံပြင်းလှသော အော်ဟစ်သံကြီးက လူအုပ်ကြီး၏ စိတ်ခံစားချက်ကို ချက်ချင်းပင် မီးမွှေပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။
"မှန်ပါတယ် ဂိုဏ်းချုပ် ကျွန်တော်တို့တွေ ဆင်းရဲဒုက္ခရောက်မှာကို မကြောက်ပါဘူး ပင်ပန်းနွမ်းနယ်မှာကိုလည်း မကြောက်ပါဘူး"
"ဂိုဏ်းချုပ် ဒီအမိန့်ကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းပန်ပါတယ် ကျွန်တော်တို့ကို ကျင့်ကြံခွင့် ပြုပါ"
"ကျွန်တော် တစ်ရက်ကို ၁၁ နာရီအထိပဲ ကျင့်ကြံ အားထုတ်ပါ့မယ် ဂိုဏ်းချုပ်အနေနဲ့ ဒီဂိုဏ်းစည်းမျဉ်းတွေကို မထုတ်ပြန်ပါနဲ့လို့ပဲ တောင်းပန်ချင်ပါတယ်"
အောက်တွင် အချိန်ပိုအလုပ်ဆင်းပြီး ကျင့်ကြံခွင့်ရဖို့ ငိုယိုအော်ဟစ် ဇွတ်ပူဆာနေကြသော တပည့်များကို ကြည့်ရင်း... ဖန်ယွမ် သူ၏ ဦးခေါင်းတစ်ခုလုံး ကိုက်ခဲလာသလို ခံစားလိုက်ရသည်။
‘ဒီ တပည့်တစ်သိုက်...’
‘ငါက မင်းတို့ကို အနားယူခိုင်းတာကို... မင်းတို့က မကျေနပ်ကြသေးဘူး ဟုတ်လား'
‘မင်းတို့တွေက ဒီလောက်အထိ ကျင့်ကြံချင်နေ ကြတာလား မင်းတို့တွေ သေအောင် ကျင့်ကြံရမှပဲ ပျော်ကြမှာလား'
"မိုက်မဲလိုက်တာ"
ဖန်ယွမ် သူ၏ ဝတ်ရုံလက်စကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ... နတ်ဝိညာဉ်အဆင့် ၏ ဖိအားလှိုင်းကြီး တစ်ချက် ထွက်ပေါ်လာခဲ့ပြီး ကွင်းပြင်တစ်ခုလုံးကို ချက်ချင်းပင် ဆိတ်ငြိမ်သွားစေခဲ့သည်။
သူသည် လှေကားထစ်များအတိုင်း တစ်လှမ်းချင်း ဆင်းသက်လာခဲ့ပြီး... ငိုယိုအော်ဟစ်ကာ ဒူးထောက်နေသော တပည့်၏ ရှေ့သို့ ရောက်ရှိလာကာ အပေါ်စီးမှ စိုက်ကြည့်လိုက်သည်။
"ခေါင်းမော့စမ်း"
ဖန်ယွမ်၏ အကြည့်က ရဲရဲတောက်နေပြီး တစ်ဖက်လူ၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်လျက်... သူ၏ အသံထဲတွင် ရင်နာစိတ်ကြောင့် တုန်ရင်နေသည့် အမူအရာ လျှံထွက်နေခဲ့သည်
"ငါ့ရဲ့ နှလုံးသားထဲမှာ... မင်းတို့ရဲ့ အသက်တွေနဲ့ ကျင့်ကြံခြင်း အုတ်မြစ်တွေဟာ... ယာယီဖြစ်တဲ့ ကျင့်ကြံခြင်းအဆင့်တွေထက် အဆပေါင်းများစွာ ပိုပြီး အရေးကြီးတယ်"
"မင်းတို့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြစမ်းဦး"
ဖန်ယွမ်သည် ဘေးပတ်ပတ်လည်က မျက်တွင်းညိုကာ စိတ်လှုပ်ရှားလွန်းနေကြသော တပည့်များကို လက်ညှိုးထိုးပြလျက် ဒေါသတကြီး ကြိမ်းမောင်းလိုက်တော့သည်…
"ကျင့်ကြံခြင်းအတွက်နဲ့ မင်းတို့တွေ ထမင်းမေ့ ဟင်းမေ့ ဖြစ်နေကြတယ်။ အဆင့်တက်ဖို့အတွက်နဲ့ မင်းတို့ရဲ့ အလားအလာတွေကို အလွန်အကျွံ သုံးစွဲနေကြတယ်"
"လေးကြိုးတစ်ချောင်းက တင်းလွန်းရင် အနှေးနဲ့အမြန် ပြတ်တောက်သွားတတ်စမြဲပဲ လူတစ်ယောက်က ဘယ်ချိန်ရပ်ရမလဲ... ဘယ် ချိန်ဆက်သွားရမလဲဆိုတာ မသိရင်... သူတို့ရဲ့ အခြေခံအုတ်မြစ်က တဖြည်းဖြည်း ပျက်စီးသွားလိမ့်မယ်"
"မင်းတို့က ဒါကို ဝီရိယရှိတယ်လို့ ထင်နေတာလား… မှားတယ်… ဒါက ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင် ဖျက်ဆီးနေတာ"
"ဒီအတိုင်းသာ ဆက်သွားရင်... မင်းတို့တွေ ရွှေအမြုတေအဆင့် သို့မဟုတ် နတ်ဝိညာဉ်အဆင့် ကို ရောက်သွားရင်တောင်မှ... အတွင်းထဲမှာ ဘာမှမရှိတဲ့ သစ်ခေါင်းပွကြီးတွေပဲ ဖြစ်လိမ့်မယ် ဒါက မင်းတို့ အလိုရှိတဲ့ အင်မော်တယ်လမ်းစဉ်လား"
ထိုစကားလုံးများမှာ လူတိုင်း၏ နားထဲတွင် ခေါင်းလောင်းကြီးတစ်လုံးကို အားပြင်းပြင်း တီးခတ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရပြီး... နားအုံကို ကွဲထွက်မတတ် ဆွဲနှိုးလိုက်သလို ခံစားလိုက်ရသည်။
မေးခွန်းထုတ်ခဲ့သော တပည့်မှာ ဆွံ့အ ကြောင်အန်းသွားခဲ့ရသည်။
ချန်ကျင်းတောက်လည်း ကြောင်အသွားခဲ့ရသည်။
လူတိုင်းလည်း မှင်သက်သွားခဲ့ရတော့သည်။
ဖန်ယွမ်၏ ‘အပြိုင်အဆိုင် လျှော့ချရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး’ ဟူသော အယူအဆသစ်က... "သေအောင် မကျင့်ရသေးသရွေ့ အစွမ်းကုန် ကျင့်ကြံခြင်းမဟုတ်" ဟူသော အတွေးအခေါ်များဖြင့် ဦးနှောက်ဆေးခြင်း ခံထားရသည့် ဒီဒေသခံ ကျင့်ကြံသူများကို ချက်ချင်းပင် ရုတ်တရက် သဘောပေါက်သွားစေခဲ့သည်။
မှန်ပေသည်... သူတို့သည် အပြိုင်အဆိုင် ကျင့်ကြံဖို့ကိုသာ တွေးတောခဲ့ကြပြီး ကျင့်ကြံခြင်းလောကတွင် သွေးစွန်းခဲ့ရသည့် သင်ခန်းစာများကိုမူ မေ့လျော့နေခဲ့ကြသည်။
ပါရမီရှင် ဘယ်လောက်တောင် အရှိန်အဟုန်ကိုပဲ အလွန်အမင်း လောဘတက်ပြီး အတင်းအကျပ် အဆင့်တက်ဖို့ ကြိုးစားရင်း ခန္ဓာကိုယ် ပေါက်ကွဲသေဆုံးခဲ့ရသလဲ။
ကျင့်ကြံသူ ဘယ်လောက်တောင် အလွန်အကျွံ ကျင့်ကြံရင်း စိတ်မိစ္ဆာ တွေ ဝင်ရောက်လာပြီး သတ်ဖြတ်ခြင်းကိုသာ သိတဲ့ မိစ္ဆာခေါင်းဆောင်ကြီးတွေ ဖြစ်ကုန်ကြရသလဲ။
ဂိုဏ်းအချို့ဆိုရင် တပည့်တွေကို တစ်ရက် ၂၄ နာရီပတ်လုံး ဂိုဏ်းအတွက် အကျိုးအမြတ် ရှာဖွေပေးဖို့ကိုသာ အလိုရှိကြပြီး... မင်းတို့ရဲ့ အခြေခံအုတ်မြစ် ခိုင်မာခြင်း ရှိမရှိ... အနာဂတ်မှာ သွေးစွမ်းအင်တွေ ဖောက်ပြန်ပြီး ရူးသွပ်သွားမလားဆိုတာကို ဘယ်သူကမှ ဂရုမစိုက်ကြချေ။
အဆင့်မြင့် လူကြီးပိုင်းတွေကလည်း ရလဒ်ကိုသာ ကြည့်ကြပြီး ဖြစ်စဉ်ကို ဂရုမစိုက်ကြဘူး မင်းတို့ သန်မာလာသရွေ့... မိစ္ဆာကျင့်စဉ်ကိုပဲ ကျင့်ကျင့်... အသက်ကိုပဲ ရင်းရင်း ဘာမှ ဂရုမစိုက်ကြချေ။
ဒါပေမဲ့ ငါတို့ရဲ့ ဂိုဏ်းချုပ်ကတော့...
သူက ငါတို့တွေ ပင်ပန်းမှာကို တကယ်ကြီး စိုးရိမ်နေတာလား။
သူက ငါတို့ရဲ့ အခြေခံအုတ်မြစ် မခိုင်မာမှာကို တကယ်ကြီး ကြောက်နေတာလား။
ဖန်ယွမ် တစ်ယောက်တည်းသာ သာမန်တပည့်တွေရဲ့ အသက်ကို ကျင့်ကြံခြင်းအဆင့်ထက် ပိုပြီး အလေးထားတာပဲ ဖြစ်ရမည်။
"ဒါ... ဒါက တကယ်ကြီး ဒီလိုမျိုး ဖြစ်နေတာလား..."
ချန်ကျင်းတောက်၏ တစ်ကိုယ်လုံး တုန်ရင်လာခဲ့ပြီး မျက်ဝန်းအစုံမှ ကြည်လင်သော မျက်ရည်များ ချက်ချင်း စီးကျလာခဲ့တော့သည်။
"ကျွန်တော်တို့က ရှေ့မှောက်က အဆင့်တွေကိုပဲ မြင်ခဲ့ကြပေမဲ့... ဂိုဏ်းချုပ်ကတော့ ကျွန်တော်တို့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်တွေကို မြင်နေခဲ့တာပဲ"
"ဝါး..."
လူအုပ်ကြီးထဲမှ တစ်စုံတစ်ဦးက ပထမဆုံးအကြိမ်အဖြစ် အသံထွက်၍ ငိုချလိုက်သည်။ ချက်ချင်းပင်... ကြီးမားလှသော ငိုသံလှိုင်းကြီးတစ်ခု ကွင်းပြင်တစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့တော့သည်။
ဒုန်း...
စောစောက ဖန်ယွမ်ကို မေးခွန်းထုတ်ခဲ့သော တပည့်သည် မိမိကိုယ်မိမိ ပါးစပ်ကို ဖြတ်ခနဲ နှစ်ချက် ရိုက်ပစ်လိုက်ပြီး... နဖူးကို မြေပြင်ပေါ်သို့ အားပြင်းပြင်း စောင့်ချလျက် အရိုအသေပေးရာ သွေးများပင် စိမ့်ထွက်လာခဲ့သည် "ဒီတပည့် မိုက်မဲခဲ့ပါတယ် ဒီတပည့် သေထိုက်ပါတယ်။ ကျွန်တော်မျိုးက ဂိုဏ်းချုပ်ရဲ့ ကြီးမားလှတဲ့ စေတနာတွေကို နားလည်မှု လွဲခဲ့မိတယ်"
"ဂိုဏ်းချုပ်ရဲ့ မေတ္တာတရားက အတိုင်းအဆမရှိ ကြီးမားလှပါတယ် ကျွန်တော်တို့... ကျွန်တော်တို့တွေ တကယ့်ကို ဝက်တွေ ခွေးတွေထက်တောင် မကောင်းပါဘူး"
"ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ... ကျွန်တော်တို့ ဂိုဏ်းချုပ်လိုမျိုး တပည့်တွေကို ဒီလောက်အထိ ချစ်ခင်ဂရုစိုက်တဲ့ ဒုတိယမြောက် ဂိုဏ်းချုပ်မျိုးကို ဘယ်တော့မှ ရှာတွေ့နိုင်တော့မှာ မဟုတ်ပါဘူး"
တပည့် ရာပေါင်းများစွာသည် တညီတညွတ်တည်း ဒူးထောက်လိုက်ကြပြီး သူတို့၏ ငိုကြွေးသံကြီးက ကောင်းကင်မြေပြင်ကို တုန်လှုပ်စေခဲ့၏။ ၎င်းက စိတ်လှုပ်ရှားခြင်း... အပြစ်ရှိသလို ခံစားရခြင်းနှင့်... ဂိုဏ်းချုပ်အပေါ် အသက်လဲဝံ့သည့် သစ္စာစောင့်သိမှုများဖြင့် ပြည့်နှက်နေခဲ့ချေပြီ။
အမြဲတမ်း ဆင်ခြင်တုံတရားရှိလှသော ယွဲ့လင်ပင်လျှင် ယခုအခါတွင် သူမ၏ လှပသော မျက်ဝန်းအစုံမှာ တုန်ရင်နေလျက်... လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ရပ်နေသော ထိုအမျိုးသားကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေမိတော့သည်။
ဒီလိုမျိုး အတွေးအခေါ်မျိုးက... ကျင့်ကြံခြင်းလောကတွင် တစ်ခါမှ မကြားဖူးခဲ့ချေ။ သို့သော်လည်း သေချာ စဉ်းစားကြည့်ပါက ဒါက ကောင်းကင်ဘုံတာအို၏ သဘာဝနိယာမနှင့် တိတ်တဆိတ် ကိုက်ညီနေခဲ့သည်။
‘ဒါက ဖန်ယွမ်ရဲ့ တကယ့် အတွေးအခေါ်အမှန်လား'
‘သူက ကျင့်ကြံခြင်းရဲ့ အနှစ်သာရကို ကြိုတင်မြင်ရုံတင်မကဘဲ... အဲဒါကြောင့်မို့လို့ ဒီလောက်အထိ ထူးခြားဆန်းပြားနေရတာလား'
ဖန်ယွမ်သည် မျက်ရည်စက်လက်ဖြင့် ငိုယိုနေကြသော တပည့်များကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားခဲ့သည်။
ဖြစ်စဉ်က အနည်းငယ် ရှုပ်ထွေးသွားခဲ့သော်လည်း အနည်းဆုံးတော့ စည်းမျဉ်းတွေကို သတ်မှတ်နိုင်ခဲ့ချေပြီ။ သူတို့သာ စည်းမျဉ်းအတိုင်း လိုက်နာပြီး တစ်ရက်ကို ရှစ်နာရီပဲ ကျင့်ကြံကြကာ ကျန်တဲ့အချိန်တွေမှာ ထမင်းစား... ရေသောက်... ပျော်ပါးနေကြမယ်ဆိုရင်... ဂိုဏ်းရဲ့ အင်အားက ဧကန်မုချ ကျဆင်းသွားရပေလိမ့်မည်။
သို့သော်လည်း...
ဖန်ယွမ် အခြေအနေတွေ အားလုံး အဆင်ပြေသွားပြီဟု ထင်မှတ်လိုက်သည့် ခဏမှာပင်... သူ့ကို အခေါင်းကိုက်ဆုံးဖြစ်အောင် လုပ်တတ်သော အမျိုးသားဖြစ်သည့် ‘ချန်ကျင်းတောက်’ က မြေပြင်မှ ဖြည်းညှင်းစွာ မတ်တပ်ရပ်လာခဲ့သည်။
သူသည် မျက်နှာပေါ်က မျက်ရည်များကို သုတ်ပစ်လိုက်ပြီး... သူ၏ မျက်ဝန်းထဲတွင် "ရုန်းကန်တိုက်ပွဲဝင်ခြင်း" ဟူသော မီးတောက်နှစ်ခု ပြင်းထန်စွာ တောက်လောင်လာခဲ့ချေပြီ။
"ဂိုဏ်းချုပ်…ကျွန်တော် နားလည်ပါပြီ"
ဖန်ယွမ်၏ နှလုံးသားကြီး တစ်ချက် တွန့်ခနဲ ဖြစ်သွားခဲ့ရကာ ရင်ထဲတွင်ဗလောင်ဆူသွားသည်။
‘နားမလည်နဲ့… ငါ မင်းကို တောင်းပန်ပါတယ်။ ဘာကိုမှ လာပြီး နားမလည်လိုက်နဲ့ဦး'
ချန်ကျင်းတောက် လှည့်ပြန်လိုက်ပြီး သူ၏ ဂိုဏ်းတူညီငယ်အားလုံးကို မျက်နှာမူလျက်... သူ၏ အသံကို အလွန်အမင်း စိတ်အားထက်သန်စွာဖြင့် ဟစ်အော်လိုက်တော့သည်။
"ဂိုဏ်းတူညီနောင်တို့…ဂိုဏ်းချုပ်က ကျွန်တော်တို့အတွက် သူ့ရဲ့ နှလုံးသားတစ်ခုလုံးကို အစွမ်းကုန် ပေးဆပ်နေခဲ့တာ"
"ဂိုဏ်းချုပ်က ငါတို့ကို တစ်ရက်ကို ရှစ်နာရီပဲ ကျင့်ကြံခွင့်ပြုတယ်ဆိုမှတော့...ငါတို့တွေ အဲဒီ ရှစ်နာရီအတွင်းမှာ ယခင်က ၁၂ နာရီစာ ကျင့်ကြံခြင်းရဲ့ စွမ်းဆောင်ရည်မျိုး ထွက်ပေါ်လာအောင် အစွမ်းကုန် ပေါက်ကွဲပစ်ရမယ်"
"ငါတို့ ပိုပြီး အာရုံစိုက်ရမယ် ပိုပြီး ကြိုးစားရမယ်"
"အရင်တုန်းက ငါတို့တွေ အချိန်တွေကို စုဆောင်းပြီး ကျင့်ကြံခဲ့ကြပေမဲ့... အခုကစပြီး စွမ်းဆောင်ရည်မြင့်မားမှကို သုံးပြီး အနိုင်ယူရမယ်"
"ငါတို့တွေ အချင်းချင်း ကူညီကြရမယ်... အတွေ့အကြုံတွေကို စုစည်းရမယ်... အဲဒီ ရှစ်နာရီရဲ့ မိနစ်တိုင်း စက္ကန့်တိုင်းကို လုံးဝ အလဟဿ မဖြစ်စေရဘူး"
"လူတိုင်း... ငါပြောတာ မှန်တယ် မဟုတ်လား"
ဤစကားလုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ပူလောင်နေသော ခြောက်ကပ်လှသည့် ထင်းပုံကြီးထဲသို့ မီးပွားတစ်ခု ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရကာ တပည့်များ၏ ကျေးဇူးသိတတ်သော စိတ်ကို ပိုမို၍ ရူးသွပ်လှသော တိုက်ပွဲဝင်စိတ်ဓာတ်အဖြစ် ချက်ချင်းပင် မီးမွှေပေးလိုက်တော့သည်။
"မှန်တယ်"
"စွမ်းဆောင်ရည်… စွမ်းဆောင်ရည်…စွမ်းဆောင်ရည်"
"ရှစ်နာရီအတွင်း အင်မော်တယ်လမ်းစဉ်ရဲ့ မဟာတာအိုကို ကျင့်ကြံကြမယ်"
အရင်က လယ်သမားဖြစ်ခဲ့သော ဝမ်အာကော်သည် ဓားမြှောင်တစ်ချောင်းကို တိုက်ရိုက်ဆွဲထုတ်လျက် မိမိ၏ ဆံပင်တစ်စုကို ဖြတ်ပစ်လိုက်သည်။
"ငါ ဝမ်အာကော် သစ္စာဆိုပါတယ် ဒီနေ့ကစပြီး... ငါ ထမင်းစားရင် သုံးကြိမ်ပဲ အသက်ရှူ စားတော့မယ် အိပ်ရင်လည်း သုံးနာရီပဲ အိပ်မယ် ကျန်တဲ့ အချိန်တွေအကုန်လုံး ကျင့်စဉ်တွေကို လေ့လာဆန်းစစ်ဖို့အတွက်ပဲ သုံးပြီး... အဲဒီ ရှစ်နာရီ ကျင့်ကြံခြင်း အချိန်ရောက်လာတာနဲ့ တစ်ပြိုင်နက် အစွမ်းကုန် အားနဲ့ ပြေးတက်တော့မယ်"
စင်မြင့်ထက်တွင် ရပ်နေသော ဖန်ယွမ်သည် အောက်တွင် ကြက်သွေးထိုးထားသလိုမျိုး ရူးသွပ်နေကြသော တပည့်တစ်သိုက်ကို ကြည့်ရင်း... ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရပြီး မျက်စိထဲတွင်လည်း မှောင်မိုက်သွားခဲ့ရတော့သည်။
‘ဒါက ဘာလိုမျိုး ယုတ္တိဗေဒကြီးလဲ'
‘ငါ မင်းတို့ကို အနားယူခိုင်းတာကို... မင်းတို့က ငါ့ကို ပိုမို စွမ်းဆောင်ရည်မြင့်မားအောင် ကျင့်ကြံတဲ့ နည်းဗျူဟာတွေ လာလုပ်ပြနေတာလား ကျင့်ကြံခြင်း စွမ်းဆောင်ရည်ကို တိုးမြှင့်မယ် ဟုတ်လား'
‘ပြီးတော့ ရှစ်နာရီအတွင်းမှာ ၁၂ နာရီစာ အကျိုးသက်ရောက်မှုကို ရယူချင်တယ် ဟုတ်လား'
‘မင်းတို့တွေက မိစ္ဆာကောင်တွေလား'
သာမန်နည်းလမ်းတွေကတော့ လုံးဝ ပျက်စီးသွားခဲ့ချေပြီ အသေအလဲ ကြိုးစားအားထုတ်တတ်သော တပည့်တစ်စုမှာ ရောဂါကျွမ်းနေခဲ့ပြီ ဖြစ်ရာ ကုသ၍ ရနိုင်တော့မည် မဟုတ်ချေ။ ဖန်ယွမ် အသက်ပြင်းပြင်းတစ်ချက် ရှူ လိုက်ရင်း မိမိ၏ ခန္ဓာကိုယ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရသည်။
‘မင်းတို့ကို ဂိုဏ်းထဲမှာ ကျင့်ကြံခွင့် မပေးနိုင်အောင် တားဆီးလို့ မရဘူးဆိုမှတော့...’
‘ငါ ဘာစည်းမျဉ်းပဲ ထုတ်ထုတ် မင်းတို့တွေက ပြိုင်ဆိုင်ဖို့ နည်းလမ်းကို ရှာတွေ့နိုင်ကြသေးတာဆိုတော့...’
‘ဒါဆိုရင် ငါ့ရဲ့ နောက်ဆုံး ကတ်ပြားကို ထုတ်သုံးတာကိုတော့ လာပြီး အပြစ်မတင်နဲ့တော့'
‘ငါ မင်းတို့ကို ဂိုဏ်းထဲမှာ လုံးဝ ပေးမနေတော့ဘူး... ဒါဆိုရင် ဘယ်လိုလဲ'
‘ငါ မင်းတို့ကို အပြင်ထွက်ပြီး လျှောက်လည်ခိုင်းမယ်... ဒါဆိုရင် မင်းတို့တွေ ဘယ်လိုမျိုး ထပ်ပြီး ကျင့်ကြံကြဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့'
"တိတ်ကြစမ်း…နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
ဖန်ယွမ် ချောင်းကို အားပြင်းပြင်း ဆိုးလိုက်ရင်း လူအုပ်ကြီး၏ အော်ဟစ်သံများကို ဖိနှိပ်လိုက်သည်။
"မင်းတို့တွေ မကြာသေးခင်က ကျင့်ကြံခြင်းမှာ တအား ကြိုးစားခဲ့ကြတာကို ထောက်ထားပြီးတော့... စည်းမျဉ်းအသစ်တွေကလည်း ခုမှ ချမှတ်ထားတာဆိုတော့ မင်းတို့တွေ အသားကျဖို့ အချိန်လိုသေးတယ်"
ဖန်ယွမ် အသက်ပြင်းပြင်းတစ်ချက် ရှူ လိုက်ရင်း ရင်ထဲက ကမောက်ကမ ဖြစ်နေသော သွေးစွမ်းအင်များကို အတင်းအကျပ် ဖိနှိပ်လျက်... ပင်ပန်းနွမ်းနယ်သော်လည်း ကျေနပ်အားရနေသည့် လေသံမျိုးဖြင့် ကြေညာလိုက်တော့သည်
"ငါ ဆုံးဖြတ်လိုက်ပြီ ဒီနေ့ကစပြီး... ဂိုဏ်းတစ်ခုလုံးကို တစ်လကြာ အားလပ်ရက် ပေးလိုက်မယ်"
"တပည့်အားလုံး ချက်ချင်း တောင်အောက်ကို ဆင်းကြရမယ် အိမ်ပြန်ပြီး မိသားစုဝင်တွေကို သွားတွေ့ကြ"
"ဂိုဏ်းကနေ တောင်ကို ပိတ်ပစ်မှာဖြစ်လို့ ဘယ်သူမျှ နေခဲ့ခွင့် မရှိဘူး"
"အခုပဲ… ချက်ချင်းပဲ… တစ်ပြိုင်နက်တည်း…မင်းတို့အားလုံး... အမြန်ဆုံး လစ်ကြစမ်း"