နောက်တစ်နေ့ နံနက်မိုးသောက်ချိန်တွင် နေမင်းက တဖြည်းဖြည်း ချာချာလည်ကာ ထွက်ပြူလာခဲ့သည်။
ဂိုဏ်းချုပ်၏ အင်မော်တယ်ဂူဗိမာန် ကျောက်တံခါးကြီးမှာ လေးလံလှသော အသံကြီးဖြင့် ဖြည်းညှင်းစွာ ပွင့်ဟသွားခဲ့သည်။ ဝတ်ရုံဖြူကို ဆင်မြန်းထားသော ဖန်ယွမ်သည် မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာပေးဖြင့် အပြင်သို့ လှမ်းထွက်လာခဲ့၏။
မနေ့ညက သူ တစ်ညလုံး လုံးဝ အိပ်မပျော်ခဲ့ပေ။ သူ၏ ဦးနှောက်ထဲတွင် အသေအလဲ ကြိုးစားအားထုတ်တတ်သော တပည့်တစ်စုကို မည်သို့ နှိမ်နင်းရမည်ဟူသော နည်းလမ်းများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ အရုဏ်တက်ချိန်ကျမှသာ သူ၏ စီမံကိန်းအသစ်ကို အပြီးသတ် ရေးဆွဲနိုင်ခဲ့တော့သည်။
"ယွဲ့လင်"
ဖန်ယွမ်၏ အသံမှာ အနည်းငယ် အက်ကွဲခြောက်ကပ်နေလျက် ဟင်းလင်းပြင်ထဲသို့ လှမ်းခေါ်လိုက်သည်။ ချက်ချင်းပင် ပန်းရောင်ဝတ်စုံနှင့် လှပသော မိန်းမပျိုတစ်ဦးက သူ့ရှေ့သို့ လေထဲမှ ဝဲပျံကာ ဆင်းသက်လာခဲ့သည်။
ဖန်ယွမ်၏ ဖြူဖျော့နေသော မျက်နှာနှင့် မျက်ဝန်းထဲက သွေးကြောမျှင်လေးများကို ကြည့်ရင်း... ယွဲ့လင်၏ ရင်ထဲတွင် တစ်စုံတစ်ရာကြောင့် တုန်လှုပ်သွားခဲ့ရသည်။
မနေ့က ဖန်ယွမ်သည် တပည့်များ၏ ကျင့်ကြံခြင်းအဆင့်ကို သွားရောက်စစ်ဆေးပြီးနောက် အကြောင်းပြချက်မရှိဘဲ သွေးအန်ခဲ့သည်ဟု သူမ ကြားသိခဲ့ရသည်။ ယနေ့တွင်မူ သူသည် ပိုမို၍ နုံးချိပင်ပန်းနေသည့် ပုံစံ ပေါက်နေခဲ့ချေပြီ။
‘ဂိုဏ်းအတွက်... ပါရမီညံ့ဖျင်းတဲ့ အဲဒီတပည့်တွေအတွက်... တစ်ချိန်က ကပ်စေးနှဲတတ်တဲ့ ဂိုဏ်းချုပ်လို့ သူမ သတ်မှတ်ခဲ့ဖူးတဲ့ ဒီလူဟာ တကယ်ပဲ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးမတတ် အစွမ်းကုန် စွမ်းအင်တွေ ကုန်ခမ်းအောင် ကြိုးစားပေးနေခဲ့တာလား'
"လူအားလုံးကို သိုင်းကွင်းပြင်ကြီးမှာ စုဝေးစေလိုက်ပါ" ဟု ဖန်ယွမ်က သူ၏ နားထင်ကို အသာအယာ နှိပ်နယ်ရင်း တိုးညှင်းစွာ ပြောလိုက်သည် "ဒီဂိုဏ်းချုပ်မှာ ကြေညာစရာ ကြီးမားတဲ့ ကိစ္စတစ်ခု ရှိတယ်"
(၁၅ မိနစ်) ကြာပြီးနောက်... သိုင်းကွင်းပြင်ကြီးတွင်...
တပည့် ရာပေါင်းများစွာသည် စည်းစနစ်ကျနစွာဖြင့် အမှောင်ထုကြီးတစ်ခုလို အုပ်စုလိုက် မတ်တပ်ရပ်နေကြပြီး အငွေ့အသက်မှာ အလွန် တည်ကြည်လေးနက်နေခဲ့သည်။ ဝတ်ရုံဖြူ ဆင်မြန်းထားသော ဖန်ယွမ်သည် ခန်းမဆောင်ကြီး၏ ရှေ့ရှိ လှေကားထစ်များပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်တန့်နေခဲ့၏။
နံနက်ခင်း လေပြေညင်းက သူ၏ ဝတ်ရုံစများကို တဖျန်းဖျန်း မြည်ဟည်းအောင် တိုက်ခတ်နေသည်။ သူသည် အောက်တွင် ရှိနေသော လူအုပ်ကြီးကို ခံစားချက်မဲ့စွာဖြင့် ဝေ့ဝဲကြည့်ရှုလိုက်မိရာ... သူ၏ မျက်ဝန်းများထဲတွင် အခြားသူများ နားမလည်နိုင်သော နက်ရှိုင်းမှုနှင့် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေခဲ့သည်။
"ဂိုဏ်းချုပ်ရဲ့ မျက်နှာက... မနေ့ကထက်တောင် ပိုပြီး ဖြူဖျော့နေပါလား"
တပည့်များသည် ခန်းမရှေ့ရှိ ထိုကျောပြင်ကြီးကို အမျိုးမျိုးသော အမူအရာများဖြင့် ကြည့်ရှုနေကြသော်လည်း... ခြွင်းချက်မရှိဘဲ လူတိုင်း၏ ရင်ထဲတွင် စိုးရိမ်ပူပန်စိတ်များ ဝင်ရောက်လာခဲ့ကြသည်။
ဂိုဏ်းချုပ်သည် မနေ့က ရုပ်ပိုင်းရော စိတ်ပိုင်းပါ အစွမ်းကုန် ပင်ပန်းလွန်းလို့ သွေးအန်ခဲ့ရတာတောင်မှ... ဒီနေ့မှာ ဂိုဏ်းတစ်ခုလုံးကို စုစည်းပြီး ကြီးမားတဲ့ ကိစ္စတစ်ခု ကြေညာတယ်ဆိုတော့... ဂိုဏ်းက ကြီးမားတဲ့ အခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့နေရတာ ဖြစ်ရမယ်။
အတန်း၏ အရှေ့ဆုံးတွင် ရပ်နေသော ယွဲ့လင်သည်လည်း သူမ၏ ရင်ထဲ၌ မကြုံစဖူးသော ခါးသီးမှုလှိုင်းလုံးတစ်ခု တိုးဝှေ့လာခဲ့သည်။
‘ဝိညာဉ်စမ်းရေက နေ့ရောညပါ စီးဆင်းနေပြီး တစ်ရက်ကို ဝိညာဉ်ကျောက်တုံး သောင်းချီ ကုန်ကျနေတာ’ ယွဲ့လင် ရင်ထဲတွင် သက်ပြင်းချလိုက်မိပြီး သူမ၏ လက်ချောင်းလေးများကလည်း ဝတ်ရုံစကို မသိမသာ ဆုပ်ကိုင်ထားမိသည် …
‘ရွှေတောင် ငွေတောင် ရှိရင်တောင်မှ ဒီလိုမျိုး ဖြုန်းတီးမှုကို ခံနိုင်မှာ မဟုတ်ဘူး ဂိုဏ်းချုပ်ရဲ့ မျက်နှာက ဒီနေ့ ဒီလောက်အထိ တည်ကြည်နေတယ်ဆိုတော့... ချုံးရှင်းဂိုဏ်းရဲ့ အခြေခံအုတ်မြစ် ရန်ပုံငွေတွေ... လုံးဝ ကုန်ခမ်းသွားခဲ့ပြီ ထင်တယ်'
ဖန်ယွမ်၏ အထီးကျန်လှသော ကျောပြင်ကို ကြည့်ရင်း... သူမ၏ ရင်ထဲတွင် နှမြောတသစိတ်နှင့် သနားဂရုဏာစိတ်များပင် ထွက်ပေါ်လာခဲ့သည်။
ချန်ကျင်းတောက်နှင့် ဟုန်အာနျိုတို့သည် အရှေ့ဆုံးတွင် ရပ်နေကြပြီး... သူတို့နှစ်ဦးမှာ အချင်းချင်း အကြည့်တစ်ချက် ဖလှယ်လိုက်ကြသည်။
"ဂိုဏ်းချုပ်နဲ့ ဂိုဏ်းတူအစ်မရဲ့ မျက်ဝန်းထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်…ဂိုဏ်းက တကယ်ပဲ ဒုက္ခရောက်နေတာ ဖြစ်ရမယ်"
ချန်ကျင်းတောက် နှုတ်ခမ်းကို အသာအယာ လှုပ်ရှားလျက် တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
ဟုန်အာနျိုကမူ စကားတစ်လုံးမျှ မဆိုဘဲ... သူ၏ ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ် ကိုသာ လက်ဖြင့် တိတ်တဆိတ် ဆုပ်ကိုင်ထားမိသည်။
ထိုအိတ်ထဲတွင် သူ စုဆောင်းထားသမျှ ဝိညာဉ်ကျောက်တုံးများ အားလုံး ရှိနေခဲ့သည်။ ပမာဏ အများကြီး မဟုတ်သော်လည်း... ဂိုဏ်းအတွက် အချိန်မရွေး ပေးလှူရန် သူ အသင့်ပြင်ထားခဲ့ချေပြီ။
"လူတွေအားလုံး စုံပြီပဲ"
ဖန်ယွမ် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
သက်ပြင်းချသံက တပည့်များ၏ နားထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရပြီး... သူတို့၏ သံသယကို ပိုမို ခိုင်မာသွားစေခဲ့သည်။
"ငါ မင်းတို့ကို ဒီနေရာမှာ စုခိုင်းရတာက... ဂိုဏ်းရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ကြီးမားတဲ့ ကိစ္စအချို့ကို မင်းတို့နဲ့ ဆွေးနွေးချင်လို့ပဲ..."
"ဂိုဏ်းချုပ်"
ဖန်ယွမ် စကားမဆုံးသေးခင်မှာပင် ချန်ကျင်းတောက် ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုးကာ သူ၏ စကားကို ဖြတ်ပြောလိုက်သည်။
ဤအရင်က ပညာရှိကောင်လေး၏ မျက်ဝန်းများမှာ ယခုအခါတွင် ရဲရဲနီနေခဲ့ပြီ ဖြစ်ပြီး... သူ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေသော်လည်း အလွန်အမင်း ခိုင်မာနေခဲ့သည်။
"ဂိုဏ်းမှာ ဒုက္ခရောက်နေတာကို... ကျွန်တော်တို့ တပည့်တွေက ဘယ်လိုလုပ်ပြီး လက်ပိုက်ကြည့်နေနိုင်မှာလဲ"
"ဝိညာဉ်ကျောက်တုံးတွေ ကုန်ခမ်းသွားတာပဲဖြစ်ဖြစ်... အားကောင်းတဲ့ ရန်သူတွေ ကျူးကျော်လာတာပဲဖြစ်ဖြစ်... ကျွန်တော်တို့တွေ ချေးငှားတာပဲဖြစ်ဖြစ်... ခိုးယူတာပဲဖြစ်ဖြစ်... အသက်ကို ရင်းရတာပဲဖြစ်ဖြစ် လုပ်ပါ့မယ်။ မိစ္ဆာလမ်းစဉ်ထဲကို ရောက်သွားပါစေဦးတော့... ကျွန်တော်တို့တွေ ဂိုဏ်းနဲ့အတူ အသက်ရှင်ပြီး ဂိုဏ်းနဲ့အတူ သေပွဲဝင်ပါ့မယ်"
"ကျွန်တော် ချုံးရှင်းဂိုဏ်းနဲ့အတူ အသက်ရှင်ပြီး အတူ သေပါ့မယ်"
ဟုန်အာနျိုက ချက်ချင်းပင် လိုက်ပါလျက် ရူးသွပ်စွာ အော်ဟစ်လိုက်တော့သည်။ သူ၏ အနောက်တွင်လည်း တပည့် ရာပေါင်းများစွာက တညီတညွတ်တည်း လိုက်လံ အော်ဟစ်ကြရာ ထိုအသံကြီးက ကောင်းကင်မြေပြင်ကို တုန်ဟည်းသွားစေခဲ့သည်။
ယွဲ့လင်လည်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလျက် တိုးညှင်းစွာ ပြောလိုက်သည် "ဂိုဏ်းချုပ်... တကယ်လို့ အခက်အခဲ ရှိနေတယ်ဆိုရင် ယွဲ့လင် အိမ်ကို ပြန်ပြီး အကူအညီ တောင်းပေးနိုင်ပါတယ်… ဒါဆိုရင် ဂိုဏ်းရဲ့ အရေးပေါ် အကျပ်အတည်းကို ဖြေရှင်းနိုင်လောက်ပါတယ်"
ဖန်ယွမ် "..."
သူသည် ဇာတ်နာအောင် လုပ်နေကြသော တပည့်တစ်သိုက်ကို မျက်မှောင်ကြုတ်လျက် ကြည့်ရှုလိုက်မိရာ သူ၏ ဦးခေါင်းထက်တွင် မေးခွန်းထုတ်စရာ အမှတ်အသားကြီးတစ်ခု ဖြည်းညှင်းစွာ ပုံဖော်လာခဲ့သည်။
‘ဘာအခက်အခဲလဲ ဘာအသက်ရှင်တာ သေတာလဲ'
‘ငါက စည်းမျဉ်းအသစ်အချို့ ထုတ်ပြန်မလို့ဟာကို... မင်းတို့က ဘယ်လိုလုပ်ပြီး ဂိုဏ်းကာကွယ်ရေး စစ်ပွဲအထိ ဇာတ်လမ်းဆင်သွားကြတာလဲ'
‘အကြီးမားဆုံး အခက်အခဲက မင်းတို့တွေ အသေအလဲ ကြိုးစားအားထုတ်နေကြတာပဲ ဖြစ်ရမယ်။ မင်းတို့တွေ တအား ကြိုးစားလွန်းနေကြတာပဲ'
ဖန်ယွမ်က ပြောလိုက်သည်…
"ဘာအခက်အခဲလဲ မင်းတို့တွေ ဘယ်ကနေ သတင်းတွေ ရလာကြတာလဲ"
"ငါတို့ ချုံးရှင်းဂိုဏ်းက ပိုက်ဆံတွေ အများကြီး ရှိတယ် ဒီနေ့ ငါ မင်းတို့ကို စုခိုင်းရတာက ဂိုဏ်းရဲ့ စည်းမျဉ်းအသစ်တွေကို ထုတ်ပြန်မလို့ပဲ ဒါက အသက်ရှင်တာ သေတာတွေနဲ့ ဘာမှ မသက်ဆိုင်ဘူး"
ကွင်းပြင်တစ်ခုလုံး ချက်ချင်းပင် မီးသေလောက်အောင် တိတ်ဆိတ်သွားခဲ့ရသည်။
တပည့်များသည် အချင်းချင်း ဆွံ့အစွာဖြင့် မျက်လုံးချင်း စိုက်ကြည့်နေမိကြသည်။
‘အာ... ဂိုဏ်းက ပျက်စီးတော့မှာ မဟုတ်ဘူးလား'
ဖန်ယွမ်ကမူ သူတို့ကို ရှင်းပြရန် စိတ်မဝင်စားတော့ချေ။ သူသည် သူ၏ ဝတ်ရုံလက်စထဲမှ ကြိုတင်ပြင်ဆင်ထားသော ကျောက်စစ်မ်းပေလွှာကို ထုတ်ယူလျက် ယွဲ့လင်ထံသို့ လှမ်းပစ်ပေးလိုက်သည်။
"ငါတို့ ချုံးရှင်းဂိုဏ်းရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ တပည့်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ... စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်... ငါ သေချာ စဉ်းစားသုံးသပ်ပြီးနောက်... သံမဏိစည်းမျဉ်း သုံးခုကို ချမှတ်လိုက်တယ်။ တပည့်အားလုံး စည်းကမ်းချက်တွေကို ခြွင်းချက်မရှိ လိုက်နာကြရမယ်"
"ဖတ်စမ်း"
ယွဲ့လင်သည် ကျောက်စစ်မ်းပေလွှာကို ဖမ်းကိုင်လိုက်ပြီး သူမ၏ နတ်ဘုရားအာရုံကို ထည့်သွင်း စစ်ဆေးလိုက်သည်။ နောက်စက္ကန့်တွင်မူ... သူမ၏ အေးစက်လှသော မျက်နှာထက်က အမူအရာမှာ ချက်ချင်းပင် ခဲသွားခဲ့ရပြီး မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့သည်။
‘ဒါ... ဒါတွေက ဂိုဏ်းစည်းမျဉ်းတွေလား'‘ဒါက ဘာလိုမျိုး ဂိုဏ်းစည်းမျဉ်းကြီးလဲ'
"ဖတ်လိုက်လေ" ဖန်ယွမ်က တိုက်တွန်းလိုက်သည်။
ယွဲ့လင် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး သူမ၏ ရင်ထဲက ဆန်းပြားလှသော ခံစားချက်ကို အတင်းအကျပ် ဖိနှိပ်လျက်... သူမ၏ သာယာအေးမြသော အသံဖြင့် ကွင်းပြင်တစ်ခုလုံး ကြားရအောင် ဖတ်ကြားလိုက်တော့သည်။
"ချုံးရှင်းဂိုဏ်းရဲ့ စည်းမျဉ်းသစ် အပိုဒ် (၁) - တင်းယွမ်အဆောင်ဆိုတာ ရေချိုးသန့်စင်ဖို့ နေရာသက်သက်ပဲ ဖြစ်တယ် အထဲမှာ မည်သည့်ပုံစံမျိုးနဲ့မဆို ကျင့်ကြံအားထုတ်ခြင်းကို လုံးဝ ပိတ်ပင်တားမြစ်သည်။ စည်းကမ်းဖောက်ဖျက်သူကို သုံးရက်ကြာ အကျဉ်းချပြီး ဝိညာဉ်ကျောက်တုံး တစ်ရာ ဒဏ်ရိုက်မည်"
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်... လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။
"ဘာကြီးလဲ… တင်းယွမ်အဆောင်မှာ ကျင့်ကြံခွင့် မရှိဘူး ဟုတ်လား… ကျင့်ကြံရင် ဒဏ်ရိုက်မယ် ဟုတ်လား"
"ဒါက ကျင့်ကြံခြင်းဆိုင်ရာ မြင့်မြတ်တဲ့ နယ်မြေကြီးလေ… အဲဒီမှာ မကျင့်ကြံရဘူးဆိုရင် အရင်းအမြစ်တွေကို အလဟဿ ဖြုန်းတီးတာနဲ့ အတူတူပဲလေ"
"ဘာဖြစ်လို့လဲ…ကျွန်တော် အဆင့်တက်ဖို့အတွက် အဓိက အုတ်မြစ်ကိုပဲ ထိတွေ့ခါနီးနေပြီဟာကို"
တပည့်များသည် ချက်ချင်းပင် ပွက်ပွက်ညံသွားခဲ့ကြပြီး လူတိုင်း မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ လူတိုင်း ထိုသတင်းကို အစာမကြေသေးခင်မှာပင်... ယွဲ့လင်၏ အနည်းငယ် တုန်ရင်နေသော အသံက ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
"အပိုဒ် (၂) - တပည့်အားလုံးသည် တစ်ရက်လျှင် ၄ ဗဟို (ရှစ်နာရီ) ထက် ပိုမို၍ ကျင့်ကြံခြင်း မပြုရ။ ဂိုဏ်းကနေပြီးတော့ ၂၄ နာရီပတ်လုံး အဆက်မပြတ် ကင်းလှည့် စစ်ဆေးမယ့် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး... ခွင့်ပြုချက်မရှိဘဲ အချိန်ပို ကျင့်ကြံသူများကို အလေးအနက် ရှာဖွေစစ်ဆေးသွားမည်။
စည်းကမ်းဖောက်ဖျက်သူကို ထိုလအတွက် ရှိသမျှ ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် လစဉ် ထောက်ပံ့ကြေးအားလုံးကို နှုတ်ပစ်မည်"
၄ ဗဟို ဟုတ်လား… ဒါက ရှစ်နာရီပဲရှိတာလေ တစ်ရက်ကို ရှစ်နာရီပဲ ကျင့်ရမှာလား။
ကျင့်ကြံခြင်းလောကတွင်... မည်သည့်ကျင့်ကြံသူမဆို တစ်ရက်ကို ၂၄ နာရီထက် ပိုပြီး အချိန်တွေ အများကြီး ရချင်နေကြတာ မဟုတ်ဘူးလား။
"ဆံပင်ကို အမိုးထုတ်တန်းမှာ ချည်... ပေါင်ကို အပ်နဲ့ထိုး" ပြီး "သေအောင် မကျင့်ရသေးသရွေ့ အစွမ်းကုန် ကျင့်ကြံခြင်း" ဆိုတာက ကျင့်ကြံခြင်းလောကရဲ့ သာမန် ဖြစ်စဉ်တစ်ခုပဲလေ။ အားကောင်းတဲ့ စီနီယာကြီးအချို့ဆိုရင် နှစ်ပေါင်းရာချီ တရားထိုင်ပြီး ဂူအောင်းတတ်ကြသေးသည်။
ယခုအခါတွင်မူ... ဂိုဏ်းချုပ်က သူတို့ကို တစ်ရက်ကို ရှစ်နာရီပဲ ကျင့်ကြံခိုင်းတယ် ဟုတ်လား။ ကျန်တဲ့ အချိန်တွေမှာ သူတို့ ဘာလုပ်ရမှာလဲ ပုရွက်ဆိတ်တွေ ရေတွက်နေရမှာလား။
ယွဲ့လင်သည် ခေါင်းကို မော့လျက် ဖန်ယွမ်ကို ကြည့်ရှုလိုက်မိသည်။ ဖန်ယွမ်ကမူ တည်ငြိမ်စွာဖြင့် သူကိုယ်တိုင် ခေါင်းညိတ်ပြနေပြီး စည်းမျဉ်းသစ်များအပေါ် အလွန် ကျေနပ်နေသည့် ပုံစံ ပေါက်နေခဲ့ချေပြီ။
"ဆက်ဖတ်လေ" ဖန်ယွမ်က ယွဲ့လင်ကို ကြည့်လျက် အေးစက်စွာ ပြောလိုက်သည်။
ယွဲ့လင် သူမ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကျောက်စစ်မ်းပေလွှာပေါ်ရှိ နောက်ဆုံး စည်းမျဉ်းကို ကြည့်ရှုလိုက်သည်။ သူမ၏ လည်ချောင်းမှာ ခြောက်ကပ်နေသဖြင့် အခက်အခဲများစွာဖြင့် ဖတ်ကြားလိုက်ရတော့သည်။
"အပိုဒ် (၃) - တစ်ရက်ကို လေးနပ် စားရမည်။ မည်သူမျှ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပျက်ကွက်ခြင်း မရှိစေရ။ စည်းကမ်းဖောက်ဖျက်သူကို ‘ထာ၀ရစိမ်းလန်း ဝိညာဉ် လမ်းညွှန်ကျင့်စဉ် ’ ကို အကြိမ်တစ်ရာ ကူးရေးစေပြီး ပြစ်ဒဏ်ပေးမည်"
ဖတ်ပြီးနောက်တွင်မူ ယွဲ့လင် ကျောက်စစ်မ်းပေလွှာကို ချထားလိုက်ပြီး အလွန် ရှုပ်ထွေးလှသော မျက်ဝန်းများဖြင့် ဖန်ယွမ်ကို စိုက်ကြည့်နေမိတော့သည်။
ဤစည်းမျဉ်းသုံးခုသာ အပြင်လောကသို့ ပြန့်နှံ့သွားပါက... ကျင့်ကြံခြင်းလောကတစ်ခုလုံးက လူတွေ ရယ်မောလွန်းလို့ အူတက်ကုန်ကြပေလိမ့်မည်။
ကျင့်ကြံခွင့် မပေးဘူး ဟုတ်လား။ ကျင့်ကြံချိန်ကို ကန့်သတ်ထားတယ် ဟုတ်လား။ အတင်းအကျပ်တောင် ထမင်းစားခိုင်းသေးတယ် ဟုတ်လား။
ဒါက ဘယ်လိုမျိုး ကျင့်ကြံခြင်းဂိုဏ်းလဲ။ ဒါက လူသားလောကက သူဌေးတွေရဲ့ ပျော်ပါးရုံ စည်းစိမ်ခံတဲ့ ဘဝထက်တောင် ပိုပြီး စည်းစိမ်ရှိနေသေးတယ်။
မြင့်မားလှသော စင်မြင့်ထက်တွင် ရပ်နေသော ဖန်ယွမ်သည် အောက်တွင် ဆွံ့အ ကြောင်အမတ်တက်နေကြသော တပည့်များကို ကြည့်ရင်း ရင်ထဲတွင် တဟားဟား ရယ်မောလိုက်မိသည်။
‘ထိတ်လန့်သွားကြပြီ မဟုတ်လား'
‘ကြောင်အသွားကြပြီ မဟုတ်လား'
‘ဒါက ဒီဂိုဏ်းချုပ်က မင်းတို့အတွက် သီးသန့် ဖန်တီးပေးထားတဲ့ "စည်းစိမ်ခံ စီမံကိန်း" ပဲ '
ငါ မင်းတို့ကို ရေချိုးဆောင်ထဲမှာ ကျင့်ကြံခွင့် မပေးတော့ဘူး... ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေကိုတော့ အရင်အတိုင်း ဆက်ပြီး ဖြုန်းတီးပစ်ဦးမှာပဲ။ မင်းတို့တွေ ဘယ်လိုလုပ်ပြီး အသေအလဲ ကြိုးစားအားထုတ်နိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။
အချိန်ကို ရှစ်နာရီပဲ ကန့်သတ်ထားမယ်... ပြီးရင် လူလွှတ်ပြီး စစ်ဆေးခိုင်းမယ်။ စစ်ဆေးရေးအဖွဲ့ကိုလည်း ထောက်ပံ့ကြေးတွေ ထပ်ပေးမယ်… ဒါက နောက်ထပ် ကုန်ကျစရိတ်တစ်ခုပဲ။
မကျင့်ကြံဘဲ ထမင်းပဲ ထိုင်စားနေကြရင်... မင်းတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေ လျော့နည်းသွားပြီး လူပျင်းတွေ ဖြစ်ကုန်ကြလိမ့်မယ်။
တကယ့်ကို ပြည့်စုံလွန်းလှပေသည်။