ဖန်ယွမ်၏ နှလုံးသားတစ်ခုလုံး လေးလံထိုင်းမှိုင်းသွားခဲ့ရသည်။
တပည့်များက ဒီလောက်အထိ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်နေကြရာ ဂိုဏ်း၏ အင်အားအဆင့်သတ်မှတ်ချက်မှာ မည်သို့မျှ နိမ့်ပါးနေမည်မဟုတ်ချေ။
စနစ်၏ စည်းမျဉ်းများအရ ဂိုဏ်း၏အင်အား တိုးတက်လာပါက... တိုးတက်လာသော အင်အား၏ တစ်ထောင်ပုံတစ်ပုံကိုသာ ကျင့်ကြံခြင်းစွမ်းအင်အဖြစ် ပြန်လည်ပေးအပ်မည် ဖြစ်သည်။
ဒါက တကယ့်ကို အစအနလေးမျှသာ ရှိပေသည်။
【ဂိုဏ်း၏ အင်အားကို တွက်ချက်နေပါပြီ...】
စနစ်၏ အသံက သူ၏ စိတ်ထဲတွင် တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။ ခဏအကြာတွင်မူ... နောက်ဆုံးရလဒ်က သူ၏မျက်စိရှေ့သို့ ရောက်ရှိလာခဲ့တော့သည်။
【အိမ်ရှင် - ဖန်ယွမ်】
【အိမ်ရှင်၏ ကျင့်ကြံခြင်းအဆင့် - နတ်၀ိညာဥ် အစောပိုင်းအဆင့်】
【လက်ရှိဂိုဏ်းရန်ပုံငွေ - ၃၀,၀၂၃ ဝိညာဉ်ကျောက်တုံး။ (ဝိညာဉ်ကျောက်တုံး နှစ်သန်း ဖြုန်းတီးရမည့် တာဝန်ကို အောင်မြင်စွာ မပြီးမြောက်နိုင်ခဲ့ပါ)】
【လက်ရှိဂိုဏ်းအင်အား - ၃၃၁.၃ (အဆင့်မသတ်မှတ်ရသေးသော ဂိုဏ်းငယ်)】
【ဂိုဏ်း၏ ဘက်စုံအင်အား အဆင့်ပြောင်းလဲမှု - ၂၃၁ မှတ် တိုးတက်လာခဲ့သည်】
"..." စနစ်၏ တွက်ချက်မှုဇယားကို ကြည့်ရင်း ဖန်ယွမ် တစ်ကိုယ်လုံး နုံးချိသွားခဲ့ရသည်။
ဂိုဏ်း၏အင်အား တိုးတက်လာရုံသာမက... သူ ဝိညာဉ်ကျောက်တုံး နှစ်သန်းကို အကုန်အစင် မဖြုန်းတီးနိုင်ခဲ့ဘူးဆိုတာကို သူ လုံးဝ ထင်မထားခဲ့မိပေ။
【ဂိုဏ်းအင်အား တိုးတက်လာမှုကို စစ်ဆေးတွေ့ရှိရသဖြင့်... အိမ်ရှင်သည် တစ်ထောင်ပုံတစ်ပုံသော ကျင့်ကြံခြင်းစွမ်းအင် ပြန်လည်ရရှိပါမည်】
ဝုန်း...
စွမ်းအင်လှိုင်းတစ်ခုက ဖန်ယွမ်၏ ဒန်တျန် အတွင်းသို့ စိမ့်ဝင်လာခဲ့သည်။ သို့သော်လည်း ထိုစွမ်းအင်မှာ မရှိသလောက်နီးပါး အလွန်အမင်း အားနည်းလှပေရာ... သမုဒ္ဒရာကျယ်ကြီးထဲသို့ ရေစက်တစ်စက် ချလိုက်သကဲ့သို့ မည်သည့်ဂယက်လှိုင်းမျှပင် မထွက်ပေါ်စေခဲ့ချေ။ ပင်လယ်ထဲ ရေသွန်ချလိုက်သလိုမျိုး ‘ပါဝင်ဆင်နွှဲခွင့်ရတယ်’ ဆိုတဲ့ ခံစားချက်လောက်သာ ရှိသည်။
သူ၏ နတ်၀ိညာဥ်အစောပိုင်းအဆင့် ကျင့်ကြံခြင်းမှာ လုံးဝ လှုပ်ခတ်သွားခြင်း မရှိပေ။
"ဟ... ဟ…ဟား..."
ဖန်ယွမ် ခြောက်ကပ်ကပ် ရယ်မောလိုက်မိရာ ထိုရယ်သံမှာ ငိုနေသည်ထက်ပင် ပိုမို ရင်နာစရာ ကောင်းနေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်... သူ၏ ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ တိုးတက်ချင်ပါက ဂိုဏ်းကို အမြန်ဆုံး ဖျက်ဆီးပစ်ရန်သာ လိုအပ်သည်။ ဂိုဏ်းအင်အား တိုးတက်ပြီးမှ ပြန်လည်ရရှိသည့် ကျင့်ကြံခြင်းစွမ်းအင်က အလွန်အမင်း နည်းပါးလွန်းလှသည်။
ထိုခဏမှာပင်... စနစ်၏ ပြစ်ဒဏ်က ရောက်ရှိလာခဲ့သည်။
【တုန်... အိမ်ရှင်သည် ဝိညာဉ်ကျောက်တုံး နှစ်သန်း ဖြုန်းတီးရမည့် တာဝန်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့သဖြင့်... ကျန်ရှိနေသော ရန်ပုံငွေအပေါ် အခြေခံ၍ ကျင့်ကြံခြင်းစွမ်းအင်ကို ပြန်လည်နှုတ်ယူပါမည်။】
သူ၏ ဒန်ရှန်ထဲမှ အားနည်းသော စုပ်ယူမှုတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြီး... မတိုးတက်လာခဲ့သော သူ၏ ကျင့်ကြံခြင်းစွမ်းအင်ထဲမှ အပိုင်းအစလေးတစ်ခု ထပ်မံ အနှုတ်ခံလိုက်ရပြန်သည်။
တစ်ချက်တိုး တစ်ချက်ဆုတ်နှင့်... အလဟဿ သုံးလတိတိ အလုပ်လုပ်လိုက်ရခြင်းနှင့် တူညီပေသည်။
မဟုတ်သေးဘူး... သူ နည်းနည်းတောင် ရှုံးသွားသေးသည်။
ဖန်ယွမ် သူ၏ သွေးတိုးနှုန်းက ခေါင်းထိပ်အထိ ဆောင့်တက်သွားသလို ခံစားလိုက်ရသည်။ သူသည် သွေးအန်ချင်စိတ်ကို အတင်းအကျပ် အောင့်အည်းးထိန်းချုပ်လိုက်ရင်း ရင်ထဲတွင် တစ်ခုတည်းသော အတွေးသာ ရှိတော့သည်
‘ပြီးသွားပြီ... နောက်ဆုံးတော့ ပြီးသွားပြီ။ နောက်မှ ဂိုဏ်းကို ဖျက်ဆီးဖို့ အစကနေ ပြန်စလို့ရသေးတာပဲ...’
သို့သော်လည်း စနစ်ကမူ သူ့ကို ထိုကဲ့သို့သော အခွင့်အရေးမျိုး ပေးရန် စိတ်ကူးမရှိပုံရပေသည်။
【စက်၀န်းအသစ် တာဝန်ကို ထုတ်ပြန်ပေးလိုက်သည်】
【တာဝန်ရည်မှန်းချက် - ကျေးဇူးပြု၍ သုံးလအတွင်း ဂိုဏ်းရန်ပုံငွေ ဝိညာဉ်ကျောက်တုံး သုံးသန်းကို ကုန်စင်အောင် ဖြုန်းတီးပါ】
【တာဝန်ကန့်သတ်ချက်များ - ဝိညာဉ်ကျောက်တုံးများကို တိုက်ရိုက်လက်ဆောင်ပေးခြင်း... စွန့်ပစ်ခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်းများ မပြုလုပ်ရ။ အကြွေးချခြင်း မရှိစေရ ဂိုဏ်း၏ ကျိုးကြောင်းဆီလျော်သော လုပ်ငန်းလည်ပတ်မှု နည်းလမ်းများဖြင့်သာ ဖြုန်းတီးရမည်။】
စာရင်းထဲတွင် သုံးသန်းသုံးသောင်း ဟူသော ကိန်းဂဏန်းကြီးကို စူးစိုက်ကြည့်ရင်း ဖန်ယွမ်၏ နှလုံးခုန်သံမှာ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရသည်။
‘သုံး... သုံးသန်း ဟုတ်လား'
ပြီးခဲ့တဲ့ ကာလတုန်းက ဝိညာဉ်ကျောက်တုံး နှစ်သန်းအတွက်တင်... သူ ရှိသမျှ အင်အားတွေအကုန်သုံးပြီး အိမ်တွေဖျက်... ရေချိုးဆောင်အကြီးကြီး ဆောက်ခဲ့တာတောင်မှ နောက်ဆုံးမှာ သုံးသောင်းကျော် ကျန်နေသေးသည်။ ယခုအခါတွင်မူ... တိုက်ရိုက် သုံးသန်းအထိ တိုးမြှင့်လိုက်ပြီ ဖြစ်သည်။
သူသာ အကုန်မဖြုန်းနိုင်ရင် ကျင့်ကြံခြင်းစွမ်းအင် ထပ်အနှုတ်ခံရဦးမည်။
‘ဒီစုန်းပြူးစနစ်... မင်း ငါ့ကို သေအောင် သတ်မှ ကျေနပ်မှာလား'
"ဖူး..."
အသက်ရှူ မဝတော့ဘဲ ဖန်ယွမ် လည်ချောင်းထဲတွင် ချိုမြမြ အရသာတစ်ခု ခံစားလိုက်ရပြီး... နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ နှုတ်ခမ်းထောင့်မှ သွေးစအနည်းငယ် စိမ့်ထွက်လာခဲ့တော့သည်။
"ဂိုဏ်းချုပ်"
သူ၏ အနီးဆုံးတွင် ရှိနေသော ချန်ကျင်းတောက် မျက်စိလျင်လှပေသည်။ သူသည် အလန့်တကြား အော်ဟစ်လိုက်ပြီး ဖန်ယွမ်ကို တွဲကူရန် အပြေးအလွှား ရှေ့သို့ တိုးလာခဲ့သည်။
"ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲ ဒဏ်ရာရသွားတာလား"
"ဂိုဏ်းချုပ်က ကျွန်တော်တို့အတွက် သွေးနဲ့ချွေးတွေ အများကြီး ရင်းနှီးပေးခဲ့ရလို့... သွေးစွမ်းအင်တွေ ကမောက်ကမ ဖြစ်သွားရတာ ဖြစ်ရမယ်"
"ကျွန်တော်တို့တွေ အသုံးမကျလို့ ဂိုဏ်းချုပ်ကို ဒုက္ခပေးမိပြီ ကျွန်တော်တို့ သေသင့်ပါတယ်"
အပေါ်ပိုင်းဗလာနှင့် အမျိုးသားတပည့် ရာပေါင်းများစွာမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး မျက်နှာတိုင်းတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နှင့် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ကြသည်။
ဖန်ယွမ်သည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှင့်တင်လျက် နှုတ်ခမ်းထောင့်က သွေးစများကို သုတ်ပစ်လိုက်သည်။
သူသည် မိမိရှေ့တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော တပည့်များကို ကြည့်ရှုလိုက်မိသည်။
ထိုရိုးအေးပြီး ကြည်ညိုလွန်းနေသော မျက်နှာများမှာ... သူ၏ မျက်စိထဲတွင်မူ အနောက်ကနေ ခုန်အုပ်မည့် မြေခွေးများ အသွင်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
မှန်ပါသည်... သူ ဒဏ်ရာရသွားခဲ့သည်။ သို့သော် ဒဏ်ရာရသွားသောအရာက ခန္ဓာကိုယ်မဟုတ်ဘဲ... ဤကောက်ကျစ်လှသော မြေခွေးလို တပည့်များ၏ အနောက်ကနေ ဓားနဲ့ထိုးမှုကြောင့် အပေါက်ပေါင်းများစွာ ဖြစ်ပေါ်သွားရသည့် သူ၏ နှလုံးသားသာ ဖြစ်ပေသည်။
"ဘာမှမဖြစ်ဘူး"
ဖန်ယွမ်၏ အသံမှာ အလွန်အမင်း အက်ကွဲခြောက်ကပ်နေခဲ့သည်။ သူသည် ချန်ကျင်းတောက်၏ လက်ကို အသာအယာ ဖယ်ရှားလိုက်ပြီး ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူ၏ အကြည့်က လူတိုင်းအပေါ်သို့ ဝေ့ဝဲသွားခဲ့ရာ... သူ၏မျက်ဝန်းများမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး မည်သည့်ခံစားချက်မျှ ရှိမနေခဲ့ပေ။
ဒီအရာက စိတ်ဝိညာဉ် သေဆုံးသွားပြီးနောက်မှ ရရှိလာသော တည်ငြိမ်မှုမျိုး ဖြစ်သည်။
"မင်းတို့... အားလုံး ကောင်းကြပါတယ်"
ထိုစကားလေးလုံးကို ပြောပြီးနောက်... သူသည် အခြားစကားတစ်လုံးမျှ ထပ်မံ မပြောလိုတော့ဘဲ... လှည့်ပြန်လျက် တင်းယွမ်အဆောင်ပြင်ပသို့ တစ်လှမ်းချင်း လှမ်းထွက်သွားခဲ့တော့သည်။
လူတိုင်း၏ မျက်စိထဲတွင်မူ... သူ၏ ကျောပြင်ကြီးမှာ အလွန်အမင်း အထီးကျန် ဆိတ်ငြိမ်ပြီး ညှိုးငယ်လွန်းနေခဲ့သည်။ ဒါက လူသားလောကအတွက် မိမိ၏ နောက်ဆုံးသော သွေးနှင့်ချွေးများကို ရင်းနှီးပေးဆပ်ခဲ့ပြီး... ပင်ပန်းနွမ်းနယ်မှု အပြည့်ဖြင့် ဇာတ်ခုံပေါ်မှ အနားယူရန် လှမ်းထွက်သွားသော သူတော်စင်ကြီးတစ်ဦး၏ အသွင်အပြင်နှင့် တထေရာတည်း တူညီလှပေသည်။
ချန်ကျင်းတောက်သည် ဂိုဏ်းချုပ် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း... လက်သီးကို တင်းတင်းဆုပ်ကာ မျက်ဝန်းများ ရဲတက်လာခဲ့သည်။
"မင်းတို့ မြင်လိုက်ကြလား" သူသည် တုန်ရင်နေသောအသံဖြင့် လူအုပ်ကြီးကို လှည့်ပြောလိုက်သည်။
"ဂိုဏ်းချုပ် သွေးအန်သွားတယ်..."
"သူက ငါတို့အတွက် အင်မော်တယ်လမ်းစဉ်ကို ခင်းကျင်းပေးခဲ့ပြီး ကောင်းကင်ဘုံရဲ့ ကံကြမ္မာကို ဆန့်ကျင်ပြောင်းလဲပေးခဲ့တယ်... သူ တကယ်ပဲ ရုပ်ပိုင်းရော စိတ်ပိုင်းပါ အစွမ်းကုန် ကုန်ခမ်းနေခဲ့ပြီ"
"ဒါပေမဲ့ ငါတို့ကကော... ငါတို့ရဲ့ အနည်းငယ်မျှသော တိုးတက်မှုက ဂိုဏ်းချုပ်ရဲ့ ကြီးမားလှတဲ့ မျှော်လင့်ချက်တွေနဲ့ ယှဉ်ရင် ဘာမှပြောပလောက်တာ မဟုတ်ဘူး"
"ဂိုဏ်းချုပ် နောက်ဆုံးပြောသွားတဲ့ ‘မင်းတို့ အားလုံး ကောင်းကြပါတယ်’ ဆိုတဲ့ စကားက ချီးမွမ်းတာ မဟုတ်ဘူး။ ဒါက စိတ်ပျက်သွားတာပဲ…ငါတို့တွေ သူဖြစ်စေချင်သလို ဖြစ်မလာလို့ စိတ်မကောင်းဖြစ်သွားတာပဲ"
ဟုန်အာနျိုသည် ရေမျက်နှာပြင်ကို ဒေါသတကြီး ဗြုန်းခနဲ လက်သီးဖြင့် ထိုးချလိုက်ရာ ရေလှိုင်းအမြောက်အမြား စင်ထွက်သွားခဲ့သည်။
"ဒီနေ့ကစပြီး... ငါ တစ်နေ့ကို တစ်နာရီပဲ အိပ်တော့မယ် ကျန်တဲ့ အချိန်တွေအကုန်လုံး ဒီနေရာမှာပဲ ကျင့်ကြံတော့မယ်"
"ငါ မိနစ်သုံးဆယ်ပဲ အိပ်မယ်"
"ငါ လုံးဝ မအိပ်တော့ဘူး"
ထိုခဏတွင် တင်းယွမ်အဆောင်အတွင်းရှိ လူအုပ်ကြီးမှာ စိတ်ဓာတ်များ ပြင်းထန်စွာ ထက်သန်လာခဲ့ကြပြီး... ကျင့်ကြံခြင်း အငွေ့အသက်မှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန် လောင်ကျွမ်းသွားခဲ့တော့သည်။
...
အခြားတစ်ဖက်တွင်မူ...
ဖန်ယွမ်သည် စိတ်ဓာတ်ကျစွာဖြင့် မိမိ၏ အင်မော်တယ်ဂူဗိမာန်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဒုန်း...
သူ ကျောက်တံခါးကြီးကို ကန်ချလိုက်ရာ လေးလံလှသော ကျောက်တံခါးကြီး ပိတ်သွားခဲ့ပြီး ပြင်ပလောကရှိ အရာအားလုံးကို ဖြတ်တောက်လိုက်တော့သည်။
"သုံးသန်း... သုံးသန်းကြီးများတောင်"
သူသည် မျက်ဝန်းများ နီမြန်းလျက်... လမ်းပျောက်နေသော သားရဲတစ်ကောင်ကဲ့သို့ ဂူဗိမာန်အတွင်း ဟိုဟိုဒီဒီ ရူးသွပ်စွာ လျှောက်လှမ်းနေမိသည်။
"ဘာဖြစ်လို့လဲ"
"ငါ သူတို့ကို အမှိုက်ကျင့်စဉ်တွေ ပေးခဲ့တာကို... သူတို့အားလုံးက ဝိညာဉ်စွမ်းအင်ကို အောင်မြင်စွာ စုပ်ယူနိုင်ကြတယ်"
"ငါ သူတို့ကို အချင်းချင်း အဆက်အသွယ်ပြတ်အောင် သီးသန့်အိပ်ဆောင်တွေ ဆောက်ပေးခဲ့တာကို... ရလဒ်က ဘာလဲ။ သူတို့က ဒါက သူတို့ရဲ့ စိတ်နှလုံးကို တည်ငြိမ်စေတယ်... သတိဝီရိယရှိစေတယ်... တာအိုကို ပိုပြီး သဘောပေါက်စေတယ်လို့ ပြောကြတယ်"
"ငါ သူတို့ကို ခမ်းနားတဲ့ ရေချိုးဆောင် ဆောက်ပေးပြီး အပျော်အပါးမက်အောင် လုပ်ခဲ့တာကို... သူတို့က အထဲမှာ အစုအဖွဲ့လိုက် ကျင့်ကြံပြီး အကျိုးအာနိသင်ကို နှစ်ဆတောင် ဖြစ်စေခဲ့တယ်... တောက်..."
ဖန်ယွမ် မိမိ၏ ဆံပင်များကို ဆွဲဖွတ်လိုက်မိပြီး ရူးသွပ်လုနီးပါး ခံစားလိုက်ရသည်။
နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပြီ။ ပြဿနာက ကျင့်စဉ်တွေကြောင့် မဟုတ်သလို... ပတ်ဝန်းကျင်ကြောင့်လည်း မဟုတ်ချေ။
ပြဿနာက ဒီတပည့်တွေရဲ့ ဦးနှောက်ထဲမှာ ရှိနေတာပဲ။ သူတို့ရဲ့ အတွေးအခေါ်တွေက သာမန်လူတွေနဲ့ လုံးဝ မတူကြဘူး။
သူ ဘာပဲလုပ်လုပ်... သူတို့အားလုံးက "ကြိုးစားပြီး ကျင့်ကြံခြင်း" အဖြစ် ပြောင်းလဲ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြသည်။
ဒါက ကုသဖို့ လိုအပ်နေတဲ့ ရောဂါတစ်ခုပဲ ဖြစ်ရမည်။
သာမန်နည်းလမ်းတွေကတော့ ထပ်ပြီး အသုံးဝင်မှာ မဟုတ်တော့ချေ။ သူတို့ကို ထပ်ပြီး သန်မာမလာစေချင်ဘူးဆိုရင်... ထူးခြားဆန်းပြားတဲ့ နည်းလမ်းတွေကို သုံးရတော့မည်။ သူတို့ရဲ့ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်နေတဲ့ အမြစ်တွယ်မှုကို လုံးဝ ဖြတ်တောက်ပစ်ရမည်။
ဖန်ယွမ် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်ဝန်းထဲတွင် ရူးသွပ်မှု အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။
‘မင်းတို့က ကျင့်ကြံရတာကို ဒီလောက်အထိ ကြိုက်နေကြတာဆိုတော့... ငါ့အနေနဲ့ မင်းတို့ကို မကျင့်ကြံနိုင်အောင် တားဆီးဖို့ ဂိုဏ်းစည်းမျဉ်းတွေ ထုတ်ရတော့မှာပေါ့'
‘ငါက ချုံးရှင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ'
‘ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့... ငါ့ရဲ့ တပည့်တွေကို ဂရုစိုက်ဖို့အတွက် ဂိုဏ်းစည်းမျဉ်းအချို့ ထုတ်ပြန်တာက ဘာမှ ပြဿနာမရှိဘူး မဟုတ်လား'
ကျင့်ကြံခြင်းလောကတွင် အရှိဆုံးသော "စေတနာအရှိဆုံး" ဂိုဏ်းစည်းမျဉ်းများသည် သူ၏ ဦးနှောက်ထဲတွင် တစ်ခုပြီးတစ်ခု ပုံဖော်လာခဲ့သည်။ သူသည် စာရေးခုံဆီသို့ အပြေးအလွှား သွားရောက်ကာ ကျောက်စစ်မ်းပေလွှာတစ်ခုကို ဖမ်းကိုင်လိုက်ပြီး... သူ၏ နတ်ဘုရားအာရုံကို ထည့်သွင်းလျက် ရူးသွပ်စွာ စာရေးသားလိုက်တော့သည်။
ခဏအကြာတွင်မူ... သူ စိတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကျောက်စစ်မ်းပေလွှာပေါ်ရှိ လတ်လတ်ဆတ်ဆတ် ထွက်ပေါ်လာသော ဂိုဏ်းစည်းမျဉ်းသစ်များကို ကြည့်ကာ... နောက်ဆုံးတွင် ကျေနပ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
"ငါ မယုံဘူး…ဒီလိုမျိုး လုပ်လိုက်တာတောင်မှ... မင်းတို့တွေ ဆက်ပြီး ပြိုင်ဆိုင်နိုင်ဦးမလား... ဆက်ပြီး ရူးရူးသွပ်သွပ် ကျင့်ကြံနိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့"
သူသည် သူ၏ ဝတ်ရုံလက်စ ကိုဝှေ့ယမ်းလိုက်ပြီး ကျောက်စစ်မ်းပေလွှာကို လက်ထဲတွင် ဆုပ်ကိုင်လျက် ဂူဗိမာန်ပြင်ပသို့ လှမ်းထွက်လိုက်တော့သည်။
ဒီတစ်ကြိမ်တွင်မူ... ကျင့်ကြံခြင်းလောက၏ သမိုင်းစာမျက်နှာတွင် မှတ်တမ်းတင်ထိုက်သော မွန်မြတ်လှသည့် ဂိုဏ်းစည်းမျဉ်းသစ်များကို လူတိုင်း၏ ရှေ့မှောက်တွင် သူကိုယ်တိုင် ကိုယ်ကျ ထုတ်ပြန်ကြေညာတော့မည် ဖြစ်သည်။